ခုတလော မောင်ကေတို့တိုင်းပြည်မှာ လူရယ်စရာကိစ္စရပ်များ အတော်များနေသလားလို့။ မောင်ကေဆို အူတွေတက်၊ အူတွေနာတဲ့ အထိဖြစ်ရတယ်ဆိုရင် ပိုလွန်ရန်ကောဟု ထင်ကြလေမလား။
အကြောင်းရင်းကိုသိမှ ဒေါင်းနင်းခံ(အဲလေ) အပေါင်းအသင်းမှန် (တော်ကြာ ဒေါင်းဆိုလို့ မယ်မယ့်ရန်သူ ထင်မှာလည်း ကြောက်ရသေး။) ဆိုတာကတော့ ကိုယ်မြင်တာလည်း မျှရမှာပေါ့လေ။
မကြာသေးမီရက်အတွင်း မတ်လ၊၂၂ရက်နံနက် ၇နာရီအချိန် မန္တလာရွှေမြို့တော်ကြီးမှာ ဆိုင်ကယ်တက္ကစီသမား ဦးရဲဝင်း ခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ ကွယ်လွန်ခဲ့တယ်ဆိုတာတော့ မောင်ကေ မပြောလည်း မောင်ကေ့အမျိုးတွေ သိပြီးရောပေါ့။ အနည်းဆုံး ရွှေပြည်ကြီးရဲ့တရာတန်၊ တရာ့ငါးဆယ်တန်၊ နှစ်ရာကျပ်တန် ဈေးအမျိုးမျိုးနဲ့ နေ့စဉ်ထုတ်သတင်းစာများဖတ် တယ်ကြားတယ်ဆိုရင်ပေါ့လေ။
ဒါမှမဟုတ်လည်း ဖေ့ဘုတ်ဟုခေါ်တွင်သော လူမှုကွန်ရက်ကြီးပေါ် ဇူကာဘတ်ပျော်ရန် မူယာတို့ တို့တက်ကြတယ်ဆိုရင် ဖြင့် အနှီသတင်းကြီးကို သိကြမှာမလွဲ။ သြော် လူငယ်ဘာ၀ ဆိုင်ကယ်သမားအချင်းချင်း (သို့) ဦးရဲဝင်းနဲ့ရန်ဘက် တ ယောက်က ပစ်ခတ်လိုက်တယ်လို့ သာမန်ကာလျှံမျှ တွေးတောယူဆပြစ်လိုက်ရင်တော့ မှားလေသတည်း မှားလေသ တည်းလို့ ပြောရချေတော့မှာဖြစ်ပါတယ်။
အဘယ်ကြောင့် မင်းက ငါတို့ယူဆချက်မှားလေသတည်းလို့ ပြောရတာတုန်း။ ဆန္ဒမစောပါနဲ့။ (နဝတခေါင်းဆောင်တဦး ဗိုလ်စောမောင်ရဲ့စကားသုံးတာ မဟုတ်ရပါ)။
မတ်လ၂၃ရက်မှာတော့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အနှီတာဝန်ရှိသူပုဂ္ဂိုလ်က ပြောလိုက်တဲ့ စကားကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
“ကျနော်တို့ ကြည့်တဲ့အနေအထားကတော့ အက်ဆီးဒင့်(မတော်တဆမှု)ပါ။ ကျည်ဆန်က တနေရာရာကနေပြီးတော့ Twist ဖြစ်ပြီး မတော်တဆ လာမှန်တာ။ ဟိုလို ပစ်ခတ်လုပ်ကြံတာတော့ မဟုတ်ဘူး”။
ဒီမှာ မောင်ကေက အတွေးခေါင်သူမို့ ဟိုလိုဆိုတဲ့စကားကို ထပ်စဉ်းစားနေမိသေးတော့ ဟိုလိုဆိုတာ ဦးကိုနီလုပ်ကြံခံရ မှုကို ရည်ညွန်းတာလားပေါ့။ မောင်ကေတို့မိုက်မဲပုံများ ပြောတာပါ။ လုပ်ကြံခံရမှုဆိုတာလည်း မောင်ကေတို့က ပြောတာ ပါ။ တာဝန်ရှိသူများသုံးတာကတော့ ဒီလို ဘယ်ဟုတ်ပါ့မလဲ။ “လူငယ်ပီပီ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်”ကြောင့်ပါတဲ့။
လှလိုက်တဲ့စကားလုံး။ မောင်ကကလည်း ကဗျာလေး ဘာလေးဝါသနာပါတော့ ကဗျာဆန်လိုက်တဲ့စကား။ ဘယ်ကဗျာ၊ ဘယ်စာမှမဖတ်ခဲ့ဖူးဘူး။ ညံ့ချက်က နိုင်းလောက်မကဘူးနော့။
ဦးကိုနီကိစ္စကို သတင်းစာရှင်းလင်းပွဲလုပ်တော့မယ် ဆိုသော အချိန်ကာလကဆို မောင်ကေတို့တယောက် နေ့မအိပ် ညမ အိပ်မျှော်မိခဲ့တာပေါ့။ ငါတို့တွေ တာဝန်ရှိသူတွေကို တသက်လုံး (အသက်နဲ့ချီ ပြောရမှာက တခါမှ အထင်မကြီးခဲ့လို့) အား မကိုးခဲ့တဲ့သူတွေ ဒီတခါတော့ ကူညီပါရစေဆိုတာ တကယ်လို့ထင်မှတ်ခဲ့ကြတယ်။
မြန်မာစကားမှာ ခဲလေသမျှ သဲရေကျဆိုတာရှိပါတယ်။ မောင်ကေ့အထင် အားခဲထားသမျှ ရေက သဲထဲကျသွားတော့ ပြန် မြင်စရာမရှိတော့လောက်အောင် မျှော်လင့်ချက်မဲ့တဲ့အဖြစ်ကို ညွှန်းတယ်လို့ထင်တာကြောင့် ဘယ်သူ့အတွက် လက်နက် ကိုင်တာလဲလို့တောင် မောင်ကေ မေးမိချင်တာ။
တာဝန်ရှိကြီးက တာဝန်ခံပြောဆိုလိုက်ပုံလည်း ကြည့်ပါ။
“အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးတို့က မော်ဒန်လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ဦးကိုနီ အကြောင်း ဆွေးနွေးကြရင်းနဲ့ လူငယ် သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီကနေ ထပြန်လာအပြီး လမ်းမှာ ဦးကိုနီကို ရှင်းပစ်ဖို့ ပြော ခဲ့ကြတာ။ ဒီကြားထဲမှာ ဦးကိုနီရဲ့အိမ်၊ ၃၂ လမ်း၊ ၄၂ လမ်းနဲ့ MGW Tower အနားမှာ ကားနဲ့ ချောင်းမြောင်းနေခဲ့ပေမယ့် အခွင့်မသာခဲ့ဘူး။ လတ်တလော တွေ့ရှိချက်တွေအရ လူငယ်ပီပီ ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်တွေကြောင့်ပါ”။
ကဲ ..မောင်ကေဆို ရှင်းတာမှ ရှင်းရှင်းလင်းလင်းကို သိရှိသွားတာ။
ဒါပေါ့။ လူငယ်ပီပီ ဆိုတာ မောင်ကေတို့အရွယ်တောင် မဟုတ်ဘဲ။အရာရှိ၊အရာခံ စီးပွားရေးသမား၊ ဘုရားခိုးဖူးသူ၊ ပြစ် ဒဏ်များကြောင့် နှစ်ရှည်ထောင်ကျဖူးသူ၊ ဘုရားတရားပွဲတော်မှာ တွေ့ရသူစသဖြင့် ဘွဲ့တံဆိပ်တွေနဲ့သူတွေ (ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်တို့ညီအကိုတသိုက်)ကိုခေါ်မှန်း သိလိုက်ရလို့ပါ။
လူငယ်ဆိုတာ ရုံးထုတ်လာတဲ့ပုံတွေကြည့်ရင်း သြော် ဒါ လူငယ်တွေဆိုပြီး မှင်တက် အံ့သြရတာပေါ့လေ။
နိုင်ငံတော်အဆင့်ခရီးစဉ်က ပြန်လာတဲ့ဦးကိုနီက လူငယ်ဘဝနဲ့အစွန်းရောက်မျိုးချစ်စိတ်ကြောင့် အသတ်ခံလိုက်ရပါ ပေါ့ လား။ ဒီလိုနဲ့ ကြီးသည့်အမှု ငယ်လိုက်ကြရပါတယ်။ လူငယ်ဆိုတော့ လူငယ်ပြုပြင်ရေးကျောင်းလောက်ဆိုရင် ဦးကိုနီနဲ့ တက္ကစီသမားကြီးဦးနေဝင်းတို့အတွက် တာဝန်ကျေနိုင်ကောင်းပါရဲ့လို့ မောင်ကေ တွေးမိတယ်။
ခု မန္တလေးရွှေမြို့တော်ကြီးက ဆိုင်ကယ်တက္ကစီယာဉ်မောင်း ဦးရဲဝင်းလို လူငယ်တို့ဘာ၀ များရှိနေမလားလို့ မောင်ကေတို့ တွေးတောငေးမောနေကြစဉ်မှာပဲ မတ်လ၂၃ရက်နေ့မှာ တာဝန်ရှိစကားကတော့ “ကျည်ဆန်က တနေရာရာကနေပြီးတော့ Twist ဖြစ်ပြီး မတော်တဆ လာမှန်တာ”ပါတဲ့။
ရွှေမြို့တော်ကြီး မလုံခြုံဘူးလို့ ဘယ်သူတွေပြောတာလဲ။ သိပ် အစိုးရိမ်လွန်ရန်ကောလို့မောင်ကေတော့ ပြောပလိုက်ချင် တယ်။ မတော်တဆ Twist ဖြစ်တာကို။ ကျည်ဆန်ဆိုတာက မျက်စိမှ မပါတာ။ သူ လာချင်လာမှာပေါ့။
နောက်ထပ်စကားတခွန်းကို မောင်ကေထပ်ကြားသလို မောင်ကေအမျိုးတွေပါ သိစေချင်လို့ပြောပြပါ့မယ်။ “အဲ့နားမှာ ဘာပစ်ခတ်သံမှလည်း မကြားရဘူး။ သူ့ကို လာပြီးတော့ သေနတ်နဲ့ပစ်တာ မဟုတ်ဘူး။ တနေရာကနေ Twist ဖြစ်ပြီး လာထိတဲ့သဘောလို့ ထင်တယ်”
လူမှုကွန်ရက်ပေါ်မှာ ကောမက်လေးတခုကို မောင်ကေသတိရမိတယ်။တယောက်ယောက်က လိမ်စဉ်တခုလုပ်တင်ထားရင် ဟာသသဘောနဲ့ အေးလေအေးလေဆိုတဲ့စကားပါ။
ဦးရဲဝင်းဟာ သေနတ်အပစ်ခံရတာမဟုတ်ဘူး။ ကျည်ဆန်မှန်လို့သေတာ။ အေးလေ အေးလေ။
တနေရာဆိုတော့ တနေရာပေါ့။ အေးလေ အေးလေ။
မတော်တဆ သေတာ။ အေးလေ အေးလေ။
Twist ဖြစ်တာ။ အေးလေ အေးလေ။
ဒါနဲ့မောင်ကေလည်း Twist ဆိုတဲ့စကားလုံးလေးကို အဘိဓာန်အားကိုးနဲ့ဖတ်ကြည့်တော့ မောင်ကေတို့ဘောလုံးပွဲစကားလို သုံးခဲ့ကြတဲ့ Twistက nအနေနဲ့လိမ်ခြင်း၊ vအနေနဲ့ ရစ်လို့ အဓိပၸာယ်ထွက်ပါသတဲ့။ သြော် nအနေနဲ့ လိမ်ခြင်းဆိုတာ ခုမှ မောင်ကေတယောက် သိရတော့တယ်။
ဆက်လက်ပြီး တာဝန်ရှိကြီးက ရန်ကုန်မှာလည်း ဦးရဲဝင်းဖြစ်စဉ်လို Twist ရှိဖူးကြောင်း “ရန်ကုန်မှာလည်း တခါဖြစ်ဖူး ပါတယ်။ တက္ကစီဒရိုင်ဘာတယောက် လက်ကို ကျည်ဆန်မှန်သွားတာ သိတောင် မသိဘူး။ ခွဲလိုက်တော့မှ အထဲမှာ ကျည်ဆန်ဖူးထွက်လာမှ သိတယ်။ အဲလိုမျိုး တနေရာကနေ Twist နဲ့လာတာ” ။
ကျည်ဆန်တွေ လမ်းလျှောက် လေမှာပျံသန်းတတ်ကြောင်း မောင်ကေတို့သိလိုက်ကြရပြီလေ။
ဟိုတနေ့ကလည်း ရန်ကုန်က အိုလံပစ်ဟိုတယ်အခန်းထဲမှာ သေနတ်နဲ့ကျည်ဆန်တွေမိတာကိုပဲ သည်းသည်း လှုပ်နေကြသတဲ့။ ကျည်ဆန်နဲ့သေနတ် လူငယ်ဘာ၀ ချိန်းတွေ့တာများ ကြောက်နေသေးတာ။
မောင်ကေတို့ကတော့ မကြောက်ရေးချ မကြောက်။
အုတ်နီခဲကျိုး ခါးထိုးပြီး တက္ကစီယာဉ်မောင်းဆရာ ဦးနေဝင်းထုံး နှလုံးမူထားတာကိုး။ ။