ပြီးခဲ့သည့် မတ်လ ၂၃ ရက်က ငြိမ်းချမ်းရေး ဖခင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း သက်ရှိ ထင်ရှား ရှိမည်ဆိုလျှင် အသက် ၁၄၁ နှစ်ပြည့်ပြီ ဖြစ်သည်။ ဆရာကြီး မွေးဖွားခဲ့သည်မှာ ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက် က ဖြစ်ပါသည်။
ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ ယခုကဲ့သို့သော မွေးနေ့ အခါသမယတွင် အမှတ်ရစရာများစွာထဲမှ ဆရာကြီး ကိုယ်တိုင် ရေးသား ခဲ့သော လက်ရေးမူ စာလေးတစောင်ကို အမှတ်ရမိပါသည်။
၁၉၅၀ ပြည့်နှစ် ကျော်လောက်တွင် ဆရာကြီး သခင် ကိုယ်တော်မှိုင်းသည် “ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့”ကို ကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ကာ ဖွဲ့စည်းခဲ့သည်။
နာယကကြီး အဖြစ် ရန်ကုန်မြို့ ဗားကရာ ဥယျာဉ်တိုက်တွင် ရှိသည့် “ပါဠိသိပ္ပံ ကျောင်းတိုက်” မှ ဆရာတော် ဦးပါမောက္ခ ကို ခန့်အပ် ပါသည်။
ထိုသို့ ခန့်အပ်ပြီး ၁၉၅၄ ခုနှစ်တွင် ဆရာကြီးသည် ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ နိုင်ငံလုံး ဆိုင်ရာ အစည်းအဝေး ကျင်းပရန် အတွက် စာတစောင် ရေးပြီး ဆရာတော် ဦးပါမောက္ခအား လျှောက်ထား ဖိတ်ကြားခဲ့လေသည်။
ဆရာတော် ဦးပါမောက္ခ ပျံလွန်တော် မမူခင်က ထိုစာကို မိမိရရှိလိုက်သည့်အတွက် ဆရာကြီး ဖိတ်ကြားသည့် ဖိတ်စာ လက်ရေး မူရင်းကိုလည်း အမှတ်တရ ဖော်ပြလိုက်ပါသည်။ စာပါ အကြောင်း အရာမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
ဆရာတော် ဘုရား
ပူးတွဲပါ အစီအစဉ်အရ
နိုင်ငံရေး ဆိုင်ရာ ကိုယ်စားလည်
အစည်းအဝေး ပြုလုပ်မည် ဖြစ်ပါ၍
ကြွရောက် ချီးမြှင့်တော်မူပါရန်
လျှောက်ထားပါသည် ဘုရား။
တပည့်တော်လည်း နယ်သွားနေ၍
ကြိုတင် မပင့်ရသည်ကို ခွင့်ပြုပါ ဘုရား။
သခင်ကိုယ်တော်မှိုင်း (လက်မှတ် ဖြစ်ပါသည်)
၁၂ – ၅ – ၅၄
ဟူ၍ ဖြစ်ပါသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ပြည်တွင်းငြိမ်းချမ်းရေး နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ပါဝင် လှုပ်ရှား ဦးစီးဦးဆောင် ပြုခဲ့သည့် ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။
ဆရာကြီး၏ တပည့်များပါဝင်သည့် ဖဆပလ အဖွဲ့ချုပ်ကြီးနှစ်ခြမ်းကွဲတာ ကွန်မြူနစ်ပါတီကို ဖဆပလမှ ထုတ်ပယ် လိုက် သည်။ ၁၉၄၈ ခုတွင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဖဆပလ အစိုးရတို့ တိုက်ခိုက်ကြပြီး ပြည်တွင်း စစ် ကြီး ဖြစ်ခဲ့သည်။
ထို့ကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးစီးသည့် ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ကြီးသည် ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် “သူမနာ ကိုယ်မနာနည်း နဲ့ ပြည်တွင်းစစ် ရပ်စဲပါ”ဟု နှစ်ဦးနှစ်ဖက်ကို တောင်းဆိုခဲ့ပါ သည်။
ဆရာကြီးကိုယ်တိုင်လည်း “ပြည်တွင်းစစ် မပြီးသမျှ ဆရာတော့ အသေဖြောင့်မယ် မထင်ဘူး” ဟု ဆိုကာ မြန်မာ တပြည် လုံး လှည့်လည်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး တရားကို ဟောကြားကာ ပြည်သူတရပ်လုံးကို လိုက်လံ စည်းရုံးခဲ့သည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အားကြီးသူထက် အားငယ်အားနည်းသူ ဘက်က အမြဲလိုဦးစားပေးကာ ဘက် လိုက် လေ့ ရှိသည်။ ဖိနှိပ်သူနှင့် အဖိနှိပ်ခံနှစ်ဦးတွင် အဖိနှိပ်ခံဘက်က ရပ်တည်ကာကွယ်လေ့ရှိသည်။
နမူနာအားဖြင့် အင်္ဂလိပ်ခေတ်က ဆရာကြီး၏ လုပ်ရပ်တခုကို ကြားသိမိသည့်အတိုင်း ပြန်လည်ဖောက်သည်ချပါရစေ။
သာစည် မဲတောရွာသား တောပုန်းကြီးစံဖဲကို အင်္ဂလိပ်အစိုးရက ဖမ်းမိ၍ ရုံးတင်တရားစွဲချိန်က ဖြစ်သည်။ ဆရာကြီးသည် နောက်ဆုံးတွင် တောပုန်းကြီးစံဖဲအား ကြိုးမိန့်ပေးလိုက်သည်ကို သနားကရုဏာသက်ကာ ဘိလပ်ပရိဗီ ကောင်စီ သို့ တက် ၍ အယူခံသည်။ အယူခံစရိတ်ကိုလည်း ကိုယ်တိုင် အလှူလိုက်ခံကာ စံဖဲအား ချုပ်နှောင်ထားရာ မြင်းခြံထောင် သို့ သွား၍ ကြည့်ရှုအားပေးခဲ့သည်။
ဆရာကြီး၏ တပည့်များက “စံဖဲ အလကားကောင်ပါ” ဟု ပြန်ပြောလိုက်သည်။ နောက်ဆုံးတွင် အစိုးရက စံဖဲအား သေဒဏ် ပေးလိုက်သည်။
မြင်းခြံထောင်မှ ပြန်လာသောအခါတွင်ကား ဆရာကြီး သည် ရယ်ရယ်မောမောနှင့် “ခွေးမသား သေရမယ်ဆိုတော့ ကြောက်ချေးတွေပါလို့၊ အလကားကောင်ရှော်ပဲ” ဟု သတ္တိနည်းမူကို စက်ဆုပ်ဟန်ဖြင့် ကရုဏာဒေါသော ပြောလိုက်သည်။
ဤကဲ့သို့ပင် ဆရာကြီးသည် အားနည်းသူ ဘက်မှ လိုက်ကာ ကူညီစောင်မခဲ့ပေသည်။
၁၉၂၀ ပြည့်နှစ်များအတွင်း မြန်မာတနိုင်ငံလုံး အမျိုးသားပညာရေးစနစ် အုတ်မြစ်ချရန် မြန်မာတမျိုးသားလုံး ကြိုးပမ်း နေချိန် ဖြစ်သည်။
ဇာတ်သဘင်ပညာရှင် ဦးဖိုးစိန်သည် အင်္ဂလိပ်ဘုရင်ခံ ချီးမြှင့်သော တိုင်းကျိုးပြည်ကျိုးဆောင် (တီပီအက်စ်) ဘွဲ့တံဆိပ်ကို ရရှိခဲ့သည်။ ဗြိတိသျှအုပ်ချုပ်ရေးနှင့် ပြည်သူများ၏ အမျိုးသားပညာရေးဟူသော ဆန့်ကျင်ဘက်နှစ်ခုကြား ဖိုးစိန် အပေါ် ပြည်သူ ရဟန်းသံဃာနှင့် ကျောင်းသားတို့က သပိတ်မှောက်ကြသည့် အခြေအနေ ဖြစ်လာသည်။
ဤအချိန်တွင် ဆရာကြီးက ကြားဝင်၍ မေတ္တာရပ်ခံခဲ့ခြင်းကြောင့် အတိုက်အခံများ ကင်းရှင်းသွားပြီး တီပီအက် ဦးဖိုးစိန် အဖြစ်မှ ဂရိတ်ဦးဖိုးစိန် ဖြစ်လာခဲ့လေသည်။
၁၉၂၁ ခုနှစ်တွင် ဗြိတိသျှ ဂျော့ဘုရင်၏ သားကြီး ဝေလမင်းသား အင်ပိုင်ယာအတွင်း လှည့်လည်ရာ အိန္ဒိယမှ တဆင့် မြန်မာပြည်သို့ ရောက်လာမည်။ ထိုရောက်လာမည့် ဝေလမင်းသားကို ဂုဏ်ပြုချီးကျူး ကြိုဆိုရန် ရတုပိုင်ဒ်စုံတပုဒ် ရေးပြီး ချီးမြှင့်ဖို့ပေါ်လာသည်။
ဆရာကြီးထံတွင် မြန်မာစာသင်ယူဖူးသည့် တပည့်ဖြစ်သူရှေ့နေကြီး ဦးမေအောင်က ဆရာကြီး ဆင်းရဲနေခိုက် ကူညီလို၍ ဉာဏ်ပူဇော်ခ ငွေ ၁၀၀၀ ချီးမြှင့်ပါမည်ဟု ကတိပြုပန်ကြားသည်။
ဤတွင် ဆရာကြီးက ငါ့မှာ သားသမီးတွေ တာဝန်အတွက် ပြေးနိုင်၊ လွှားနိုင်၊ ရေးနိုင်မှ ထမင်းအနိုင်နိုင် နပ်မှန်သည်။ ငွေ ၁၀၀၀ ဆိုတာ ငါလည်းမကိုင်ဖူးဘူး၊ ဒီလိုလွယ်လွယ်နဲ့ ရနိုင်လိမ့်မယ်လို့လည်း ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး။ ငွေ ၁၀၀၀ ကိုတော့ မင်းစေတနာအရ ငါလိုချင်ပါတယ်။ လိမ်မပြောပါ။
ဒါပေမယ့် င့ါရှေ့တွင် မင်းနှစ်ပါး (သီပေါမင်း နှင့် ဖိဖုရား) ကိုဖမ်းပြီး တပြည်လုံး ကျွန်လုပ်ခဲ့တဲ့ အင်္ဂလိပ် ဘုရင်မရဲ့ မြေး မင်းသား ကို ချီးကျူးတဲ့ဟာမျိုး ငါ့လက်နဲ့ ရေးမပစ်ခဲ့နိုင်ဘူး။ တခြားလူကိုသာ ရေးခိုင်းပါ မောင်မေအောင် ဟု တည်ကြည် ခိုင်မာစွာ ငြင်းဆိုခဲ့ပေသည်။
တပည့်ဖြစ်သူ အစိုးရရှေ့နေကြီး ဦးမေအောင်မှာ စိတ်မကောင်းကြီးစွာဖြစ်ပြီး အခြား မြန်မာပညာရှိ တဦးဖြစ်သူ ဆရာ ပွားကြီးအား ဉာဏ်ပူဇော်ခငွေ ၁၀၀၀ ပေးပြီး အရေးခိုင်းရလေသည်။
ဆရာကြီးသည် မည်မျှပင် ဆင်းရဲသော်လည်း မိမိ၏ခိုင်မာသော မျိုးချစ်စိတ်ကို အစွန်းအထင်းမခံသည့် အာဇာနည် ပုဂ္ဂိုလ်ကြီး တဦးဖြစ်ပေသည်။
၁၉၆၀-၆၁ ခုနှစ်တွင် ကမောက်ကမ ပညာရေးစနစ် ဖျက်သိမ်းရေး အတွက် ဗ.က.သ၊ တ.က.သ၊ ရ.က.သ ကျောင်းသား သမဂ္ဂကြီး ၃ ခုမှ ဦးစီးကျင်းပသည့် “နာရီ ၅၀ ကြာ အစာငတ်ခံ ဆန္ဒပြပွဲ” ကို ဆူးလေဘုရားလမ်းနှင့် အနော်ရထာ လမ်း ထောင့် (ယခင် အာမေနီယံ သချုႋးဟောင်း) နေရာတွင် ပြုလုပ်ခဲ့ကြသည်။
နာရီ ၅၀ အစာငတ်ခံ ဆန္ဒပြပွဲတွင် ကျောင်းသား ၅၂ ဦး ဆန္ဒပြပါဝင်ကြသည်။ ဆန္ဒပြပွဲအပြီးတွင် မိမိတို့ ကျောင်းသားများ ကားဖြင့် ဆရာကြီး နေထိုင်ရာ စမ်းချောင်း၊ ချမ်းသာလမ်းသို့ သွားရောက် ဂါရဝပြုကြသည်။
ဆရာကြီးသည် ထိုင်နေကျ အိမ်ရှေ့သီးသန့် နေထိုင်သည့် ဧည့်ခန်းတွင် ကွမ်းတမြံ့ုမြံ့ုဝါးရင်း ဧည့်ခံတွေ့ဆုံသည်။ လူငယ် များ ညီညွတ်စည်းလုံးကြဖို့ တိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားအတွက် လုပ်ကြဖို့ တိုက်တွန်းရင်း မိမိတို့ကို သြဝါဒပေးခဲ့ သည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ၁၈၉၈ ခုနှစ်ကစ၍ မော်လမြိုင်မြို့ မြန်မာတိုင်းမ် သတင်းစာတွင် “ပဏ္ဍိလေး” ကလောင် အမည်ဖြင့် ကဗျာများ၊ စာများစတင်ရေးသားခဲ့သည်။ ၁၉၀၂ ခုတွင် ရန်ကုန်မြို့ မြန်မာပိုင် ဇမ္ဗူကျက်သရေ ပုံနှိပ်တိုက်မှ ညီတော် မင်းနန်ချွတ်ခန်း (ဟောစာတမ်း) စာအုပ်ကို ရွှေတောင်ဆရာလွန်း အမည်ဖြင့် ရေးသားထုတ်ဝေခဲ့ သည်။
၁၉၀၃ ခုနှစ်တွင် ဆရာလွန်း၏ ပထမဦးဆုံးပြဇာတ်စာအုပ်ဖြစ်သည့် “ရွှေတိဂုံဘုရားအမှူးကို ကျားအဖူးတက်သော ဇာတ်” ကို စတင်ရေးသားသည်။ ဆရာလွန်းသည် ပြဇာတ်စာအုပ်ပေါင်း ၈၀ ကျော်ရေးသားခဲ့သော်လည်း ရှာဖွေတွေ့ ရှိသည့် ပြဇာတ်စာအုပ်မှာ ၈ အုပ်သာရှိသည်ဟု သိရသည်။
၁၉၁၁ ခု သူရိယ သတင်းစာတွင်ရေးသော “ဗိုလ်ဋီကာ” ဆောင်းပါးများမှစ၍ မစ္စတာ မောင်မှိုင်း အမည်ကို အသုံးပြုခဲ့ သည်။ ၎င်းအမည်ဖြင့်ပင် လေးချိုးများ၊ ဋီကာများနှင့် ဂဏ္ဍိ များကို ရေးသားခဲ့သည်။ ဆရာကြီးသည် မစ္စတာ မောင်မှိုင်း ကလောင်ဖြင့် စာပေများ အများဆုံးပြုစုခဲ့သည်ကို တွေ့ရှိရသည်။
တို့ဗမာအစည်းရုံးဝင် သခင်လူငယ်များ ကိုယ်ကျိုးစွန့် လုပ်ကိုင်နေကြသည်ကိုမြင်သဖြင့် ၁၉၃၄ ခုနှစ်တွင် ဆရာကြီး သည် သခင် အမည်ခံယူကာ ကလောင်နာမည်ကိုလည်း “သခင်ကိုယ်တော်မှိုင်း” ဟူ၍ ပြောင်းလိုက်လေသည်။
၁၉၃၄ ခုနှစ်တွင်ပင် ရေနံချောင်း၌ ကျင်းပသော ပထမအကြိမ် သခင်များ ညီလာခံကို ဆရာလွန်းတက်ရောက်ခဲ့ပြီး တို့ဗမာ အစည်းအရုံး၏ နာယကအဖြစ် တင်မြှောက်သည်ကို လက်ခံသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် သခင် လူငယ် များနှင့်အတူ တနိုင်ငံလုံးအနှံ့အပြား တရားဟောထွက်ခဲ့သည်။
ဆရာကြီးသည် မြစ်ဝကျွန်းပေါ်မှစ၍ အထက် ချင်းတွင်း ဒေသအထိ လိုက်ပါကာ သခင်ကိုယ်တော်မှိုင်း အမည်ဖြင့်လည်း တိုင်းပြည်အကျိုးပြု စာများမြောက်မြားစွာ ရေးဖွဲ့ခဲ့သည်။
ဆရာကြီး၏ အမျိုးအမည်စုံသော စာများမှာ ပြဇာတ်ဟန်၊ ဝတ္ထုဟန်၊ လေးချိုးဒွေးချိုး၊ ပျို့ဘွဲ့၊ ကဗျာလင်္ကာ မော်ကွန်း၊ တေးထပ်ဟန်၊ ဋီကာ၊ ကဏ္ဍိဟန်၊ ရာဇဝင်၊ ဆောင်းပါး၊ စကားပုံ၊ ကျောက်စာ၊ နီတိ၊ ဒီပနီ၊ မှာတမ်း၊ ကျမ်း၊ သံခိပ်၊ သဝဏ်လွှာ၊ နိုင်ငံရေး၊ မိန့်ခွန်း၊ အတိတ်နိမိတ်၊ သိုက်၊ တဘောင်ဟန် စသည်ဖြင့် စုံလင်လှပါသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောတတ်သည့် စကားတခုရှိသည်။ “ကျွန်ခေတ်မှာ လူရာမဝင်ချင်နဲ့” ဟု ဆိုသော စကား ဖြစ်သည်။ ကျွန်ဝယ်ရာ အဆစ်မပါစေနဲ့ ဟုလည်း ပြောခဲ့သည်။
အသက်အရွယ် ရလာသည့်အခါ အိုမင်းမစွမ်းဟု ပြောပြီး “မူးနောက် မူးနောက်နဲ့ ဒူးဒဂေါက်တွေကလည်း မကောင်းတော့ တဲ့ အရွယ်”ဆိုပြီး စပ်ဆိုခဲ့သည်။ မသေမီ ဆရာကြီးမှိုင်း ပြောသွားသည့် စကားက “မသေခင် မြန်မာပြည်ကြီး လွတ်လွတ် လပ်လပ် ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေးရတာကို မြင်သွားချင်တယ်” ဟု ပြောဆိုခဲ့ပါသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ဒေါ်ရှင်နှင့် ရသော သားသမီး (၄) ယောက်ရှိသည်။ သမီးကြီးမှာ ဒေါ်မြရီ၊ ဒေါ်မြသီ၊ သားကြီး ဦးစိန်ညွှန့်နှင့် သမီးငယ် ဒေါ်မြကြည်တို့ ဖြစ်သည်။ ဒေါ်မြရီသည် စာရေးဆရာ ဇေယျ(ဦးယော) နှင့် အိမ်ထောင် ကျ လေသည်။ နောက်ပိုင်းတလျှောက်လုံးကို ဆရာကြီးသည် ဦးယောမိသားစုနှင့်အတူ စမ်းချောင်း၊ ချမ်းသာ လမ်းတွင် နေထိုင်ခဲ့ သည်။
ဆရာကြီးသည် ချမ်းသာလမ်းရှိ သွပ်မိုးပျဉ်ထောင် အိမ်ကလေးတွင် မုဆိုးဖိုဘဝဖြင့် ရိုးရိုးကုတ်ကုတ် နေထိုင်ရင်း တိုင်းပြည် အကျိုး၊ စာပေအကျိုးကို သေသည်အထိ ထမ်းဆောင်ခဲ့ပေသည်။
ဆရာကြီး၏ မြေးဖြစ်သူ ကိုတင်အောင် ကလည်း တင်အောင်မှိုင်း ဟူသော ကလောင်အမည်ဖြင့် ကဗျာများကို ရေးသား သည်။ မိမိနှင့် တရပ်တည်းသား စာပေမိတ်ဆွေလည်း ဖြစ်သည်။ ၁၉၆၃ ခုနှစ် ကုန်ခါနီးတွင် ကိုတင်အောင်မှိုင်း အထိန်း သိမ်း ခံရသည်ဟု ကြားလိုက်ရသည်။
၁၉၆၄ ဇူလိုင် ၂၃ ရက် ကြာသပတေးနေ့တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် လူကြီးရောဂါဖြင့် ကွယ်လွန် သွားရ ရှာ သည်။
ဆရာကြီးမှိုင်း ကွယ်လွန်သည့်အတွက် မြေးဖြစ်သူ ကိုတင်အောင်ကို ထောင်မှခေတ္တထုတ်၍ စမ်းချောင်း အိမ်သို့ ဂါရဝပြုရန် နိုင်ငံတော်က ပို့ပေးသည်။
ဆရာကြီး ကွယ်လွန်သွားသည့်အခါ ဆရာကြီး၏ တပည့်တပန်းများဖြစ်သည့် နိုင်ငံရေးသမားများ၊ စာရေးဆရာများက ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဈာပနကော်မတီဖွဲ့၍ ဈာပန ကိစ္စ အဝဝကို လုပ်ကိုင် ဆောင်ရွက်ခဲ့ကြသည်။
ချမ်းသာလမ်း အိမ်တွင် ရုပ်ကလာပ်ထားစဉ်မှာပင် ရဟန်း၊ သံဃာများ၊ ပြည်သူ ကျောင်းသားများ၊ အဖွဲ့အသီးသီးမှ လာရောက် ဂါရဝပြုပြီး ပန်းခွေများ၊ ပန်းခြင်းများ ပို့၍ ဝမ်းနည်း ယူကြုံးမရ ဖြစ်ကြသည်။
ဇူလိုင်လ ၂၉ ရက်နေ့ တပတ်ကြာ ညနေ ၅ နာရီတွင် ဆရာကြီး၏ ရုပ်ကလာပ်ကို စမ်းချောင်း၊ ချမ်းသာလမ်း နေအိမ်မှ စမ်းချောင်း ပဒုမ္မာကွင်းရှိ အစိုးရက ဆောက်လုပ်ပေးထားသော မဏ္ဍပ်သို့ရွှေ့ပြောင်းသည်။
ဈာပနရွှေ့ပြောင်းရာတွင် ရဟန်းသံဃာများ၊ ပြည်သူကျောင်းသားများ၊ ဆရာကြီး၏ တပည့်တပန်းများ၊ မိတ်ဆွေများနှင့် ဆွေမျိုးမိသားစုများ စည်ကား သိုက်မြိုက်စွာ ခြေလျင်လိုက်ပါ ပို့ဆောင်ကြသည်။
ဆရာကြီး၏ ရုပ်ကလာပ် ပဒုမ္မာကွင်း ဈာပနမဏ္ဍပ် ပြောင်းရွှေ့လာသောအခါ နေရာကျယ်ကျယ်ဝန်းဝန်း ဖြစ်လာသဖြင့် ဆရာကြီးအား နောက်ဆုံးဂါရဝပြုရန် ပြည်သူတွေ ပို၍ပို၍ လာကြသည်။ အသင်းအဖွဲ့များ၊ ရပ်ဝေးရပ်နီးမှ ရဟန်း သံဃာ နှင့် ပြည်သူများ လာရောက်ဂါရဝ ပြုကြသည်။ တနေ့လုံး၊ တညလုံးလို ဈာပနမဏ္ဍပ်သို့ ဝင်လာမစဲဖြစ်နေသည်။ လွမ်းသူ့ ပန်းခွေနှင့် ပန်းခြင်းများလည်း ရာထောင်ချီအောင် ပို့ကြသည်။
ဆရာကြီးဈာပန အခမ်းအနားတွင် ဆရာဦးအံ့မောင်သည် ပြန်ကြားရေးဌာန တာဝန်ယူကာ ဆရာနတ်နွယ်၊ မင်းကျော်၊ မင်းလှညွန့်ကြူး၊ ကိုဗဆွေလေး(တကသ) တို့ ကူညီမှုဖြင့် ဆရာကြီးအမှတ်တရ ပြခန်းဖွင့်သည်။ မိမိနှင့် ကိုအုန်းမြင့်လှိုင် တို့လည်း ပါဝင် ကူညီခဲ့ကြသည်။
ဆရာကြီး၏ ဈာပနထားရာ ပဒုမ္မာကွင်းမဏ္ဍပ်ကြီးထဲတွင် ဆရာကြီးအထိမ်းအမှတ်အဖြစ် ဘဝဖြတ်သန်းမှု မှတ်တမ်းများ၊ ဓာတ်ပုံများ ပြထားသည့် ပြခန်းများကိုလည်း ထားရှိသည်။
ဆရာကြီးအား လာရောက် ဂါရဝ ပြုကြသည့် ရဟန်းရှင်လူ ပြည်သူများကိုလည်း အလှူရှင်များနှင့် ကော်မတီက ကျွေးမွေး ပြုစုဧည့်ခံသည်။ ဆရာကြီးဈာပနအတွက် ရန်ပုံငွေကိုလည်း သတင်းစာများမှတဆင့် နှိုးဆော် ကောက်ခံပေးကြသည်။
မြန်မာနိုင်ငံရှိ သံရုံးအသီးသီး၏ ဝမ်းနည်းကြောင်း သဝဏ်လွှာများနှင့် လွှမ်းသူ့ပန်းခွေများလည်း အဆင်မပြတ် ရောက်ရှိနေ သည်။ ဈာပနကော်မတီကိုလည်း မူလ ၁၄၀ မှ နောက်ထပ် ၃၉ ဦးတိုးဖြည့်သည်။
ဗဟိုဈာပန ကော်မတီတွင် နိုင်ငံရေးခေါင်းဆောင်များ၊ စာရေးဆရာများ၊ ရုပ်ရှင်ဒါရိုက်တာများ၊ ဂီတပညာရှင်များ ပါဝင် သည်။ ဆရာကြီးဈာပနာအား ပုဒုမ္မာကွင်းမဏ္ဍပ်တွင် ထားရှိစဉ် ဆရာကြီး၏ တပည့်များက ဆရာကြီး အမှတ်တရအဖြစ် ဟောပြောခြင်း၊ စာတမ်းဖတ်ခြင်းများလည်း ပြုလုပ်ခဲ့သည်။
ဆရာကြီးဈာပန မြှုပ်နှံရန်အတွက် ရွှေတိဂုံဘုရား တောင်ဘက်ရှိ စုဖုရားလတ်၏ အူတ်ဂူဘေး တောင်ဘက်နားတွင် နေရာ ကို နိုင်ငံတော်က ခွင့်ပြု သတ်မှတ်ပေးသည်။ ဈာပနကော်မတီက ဦးစီး၍ ဂူဗိမာန် ဆောက်လုပ်ရေးအတွက် ညှိနှိုင်း တိုင်ပင်ကြသည်။
လောလောဆယ်တွင် ဆရာကြီးဈာပနဂူသွင်းဖို့ စီစဉ်လုပ်ဆောင်သည်။ ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိ မြေနေရာတွင် အင်ဂျင်နီယာ၊ ပန်းရန်ဆရာများဖြင့် အုတ်ဂူဆောက်လုပ်ကြသည်။ ညပိုင်းတွင် စောင့်ရှောက်ရန် လိုသဖြင့် လူငယ် ကျောင်းသားများ တညလျှင် ၂ယောက်ကျ စောင့်ကြပ်ပေးကြသည်။ မိမိနှင့် ကိုအုန်းမြင့်လှိုင်၊ ကိုခင်မောင်ဖြူတို့က တရက် ခြား စောင့်ပေးကြရသည်။
၁၉၆၄ ခု သြဂုတ် ၈ ရက် မွန်းလွဲပိုင်းတွင် ဆရာကြီး၏ ရုပ်ကလာပ်ကို စမ်းချောင်း ပဒုမ္မာကွင်းမဏ္ဍပ်မှ ရွှေတိဂုံဘုရား လမ်း ရှိ ကန်တော်မင်္ဂလာ ပန်းခြံသို့ ပို့ဆောင်ဂူသွင်းသဂြိုဟ် ကြတော့မည်။ ဈာပနမဏ္ဍပ်မှ ဈာပနခရီးကို ဗားကရာ လမ်းမှ စတင် ထွက်ခွာကြသည်။ ဆရာကြီး၏ ရုပ်ကလာပ်ကို ပြင်ဆင်ထားသော ဈာပနယာဉ်ပေါ်တင်ကြကာ လိုက်ပါ ပို့ဆောင်သူများက ခြေလျင်ခရီးဖြင့် စည်ကား သိုက်မြိုက်စွာ ပို့ဆောင်ကြပါသည်။
ဆရာကြီး၏ ဈာပနယာဉ်သည် တဖြည်းဖြည်းရွှေ့လာရာ ဦးဝိစာရလမ်း ဝိဇယ ရုပ်ရှင်ရုံရောက်သောအခါ တောင်ဘက် သို့ ချိုးကွေ့လိုက်သည်။ ဆရာကြီး၏ ဈာပနလိုက်ပို့သူများကား သိန်းနှင့်ချီ၍ ရှိမည်ထင်သည်။ လမ်းဘေး နှစ်ဘက်မှ လိုက်ပါ ကာ ရပ်ကြည့်သူများက ဆရာကြီး၏ အန္တိမနောက်ဆုံးခရီးကို ဂါရဝပြုကြရင်း လူဦးရေမှာ တဖြည်းဖြည်း များလာသည်။
ဈာပနယာဉ်သည် ဦးဝိစာရလမ်းအတိုင်း တောင်ဘက်သို့ တရွေ့ရွေ့သွားနေသည်။ ဆရာကြီးအား နောက်ဆုံး ဂါရဝပြူသူ များသည် လျော့သွားသည်မရှိဘဲ များသည်ထက်များ၊ ပိုသည်ထက်ပိုလာသည်။ ဈာပနယာဉ် ဦးဝိစာရ ကျောက်တိုင်ကွေ့ ရောက်လာသည်။ ပြီးမှ အရှေ့ဘက် ဦးထောင်ဗိုလ်လမ်း အတိုင်း ဆက်သွားသည်။ ရွှေတိဂုံဘုရား ရောက်သောအခါ ဘုရား လမ်းဘက် ချိုးသွားပြီး ဆရာကြီး၏ ဂူဗိမာန် ရှိရာရှေ့တွင် ဈာပနယာဉ်ကို ရပ်နားလိုက်တော့သည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းကား ဘဝတလျှောက်လုံး တိုင်းပြည်နှင့် လူမျိုးများ၏ အကျိုးကို မဆုတ်မနစ် ထမ်းရွက်ရင်း နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို အဆုံးထိ လုပ်ဆောင်ရင်း ကွယ်လွန် သွားပြီဖြစ်၍ ရွှေတိဂုံဘုရား ခြေရင်းတွင် ငြိမ်းချမ်းစွာ လဲလျောင်းအိပ်စက် နေပေပြီ။ ။
ဤဆောင်းပါးကို မတ်လ ၂၃ ရက်တွင် ကျရောက်သော သခင်ကိုယ်တော်မှိုင်း ၁၄၁ နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ် ဖော်ပြခြင်း ဖြစ်ပါသည်။
စာရေးသူ ညွန့်သစ်သည် ရန်ကုန် အခြေစိုက် စာရေးဆရာ၊ ကဗျာ ဆရာ တဦး ဖြစ်ပြီး သခင်ကိုယ်တော်မှိုင်း ဈာပနအား ကိုယ်တိုင် တွေ့ကြုံသိမီ ခဲ့သူ တဦးလည်း ဖြစ်ပါသည်။