ဆောင်းပါး

လမင်းတရာ သာစေချင်ခဲ့သူ ကဗျာဆရာကြည်အောင်

တောင်သမန်အင်းစောင်းရှိ အမရပူရ တောင်လေးလုံး ကျောင်းတိုက်အတွင်းက သူဌေးဘုရား ရင်ပြင်အာရုံခံ တန်ဆောင်းမှာ ကဗျာဆရာကြည်အောင် ကွယ်လွန်ခြင်း ၈ နှစ်မြောက် အမှတ်တရပွဲကို မတ်လ ၂၇ ရက်နေ့မှာ ပြုလုပ်ပါ တယ်။

အမှတ်တရပွဲကို ကဗျာချစ်သူ စာချစ်သူတွေက စုပေါင်း ကျင်းပတာ ဖြစ်ပြီး မြို့ပေါ်က စာရေးဆရာ၊ ကဗျာဆရာတွေ သာမက ရပ်ဝေးက ကဗျာဆရာ၊ စာရေးဆရာတွေလည်း တက်ရောက်ကြတယ်။

ကဗျာဆရာကြည်အောင်က ဘယ်လိုလူလဲ။ ဒီမေးခွန်းရဲ့ အဖြေကို တနယ်တည်းသား ရေးဘော်ရေးဖက်၊ ရဲဘော်ရဲဘက် ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်)က အခုလို မှတ်ချက်ပြုတယ်။

“ကြည်အောင်က ပါရမီကြောင့် ကဗျာဆရာ ဖြစ်လာသူပါ”လို့ အဖြေပေးတယ်။

ကဗျာဆရာ ကြည်အောင်ကို ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အင်းဝမြို့မှာ မွေးဖွားခဲ့ပါတယ်။ မန္တလေး တက္ကသိုလ်မှာ တက်ရောက် ပညာ သင်ကြားနေစဉ် ကျောင်းသားဘဝမှာပဲ စာတွေ ကဗျာတွေ ရေးခဲ့သူဖြစ်တယ်။ အဲဒီခေတ် မန္တလေးတက္ကသိုလ် စာပေဥယျာဉ် မှာ စာပေပန်းမန်တွေ စုံလင်စွာ ဖူးပွင့် ဝေဆာခဲ့တဲ့ ကာလတွေလည်း ဖြစ်ခဲ့တယ်။

မန္တလေး တက္ကသိုလ် ကလောင်ရှင်အသင်းက ထုတ်ဝေခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ စာအုပ်တွေကို စာပေသမား တွေ စောင့်ဖတ်ခဲ့ရတဲ့အထိ သြဇာကြီးခဲ့တယ်။ မောင်သာနိုး၊ ဇော်ဇော်အောင်၊ မောင်မိုးသူ၊ မောင်ပေါက်စည်၊ မောင်သိန်းနိုင်၊ ဝင်းဖေ၊ တက္ကသိုလ်မောင်စောလွင်၊ တက္ကသိုလ်မောင်ထွန်းဝေ၊ ဘုတလင်ချစ်လေး၊ မောင်စွမ်းရည်၊ မောင်လေးမောင် (မြင်းခြံ)၊ တင်မိုး၊ ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ တက္ကသိုလ်ဝင်း စတဲ့ ကလောင်ရှင်တွေက မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းက မွေးထုတ်လိုက်ကြသူတွေဖြစ်ပါတယ်။

မောင်သာနိုးက ကဗျာဆရာကြည်အောင်ရဲ့ ဟေမန္တခြေမြန်တော် ကဗျာစာအုပ်မှာ အမှာစာ အခုလို ရေးခဲ့တယ်။

အညာမှာ ကဗျာထနောင်းပင်ကြီး ၃ ပင်ရှိတယ်။ တယောက်က တင်မိုး။ သူက ကဗျာတွေကို အာဝဇ္ဇန်းကောင်းကောင်းနဲ့ ရေးနိုင်သူဖြစ်တယ်။ နောက်တယောက်က ကဗျာမှာ သရော်ဟန် အငွေ့အသက် ပါအောင်ရေးနိုင်တယ်။ သူက မောင်စွမ်း ရည်။ ကြည်အောင်ရဲ့ကဗျာတွေက ဝီရ ရသကို ပေးနိုင်စွမ်း ရှိတယ်။ သူ့ကဗျာတွေက တိုက်ပွဲခေါ်သံကဗျာတွေပါပဲလို့ မှတ်ချက်ချခဲ့ဖူးတယ်။

ကဗျာဆရာကြည်အောင်က မောင်စွမ်းရည်နဲ့ တွဲဖက်ပြီး စိတြကဗျာစာအုပ်များ ဆိုတဲ့ ကဗျာစာအုပ်ကို ပထမဆုံး ထုတ်ေ၀ ခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ဆရာကြည်အောင် ကဗျာအပုဒ် ၅၀၊ ဆရာမောင်စွမ်းရည်က ၃၅ ပုဒ် ပါဝင်ခဲ့တယ်။ အဲဒီနောက် ၁၉၆၅ ခုနှစ်မှာ လမင်းတရာကဗျာများ ဆိုတဲ့ ကဗျာလုံးချင်းစာအုပ် ထုတ်ဝေခဲ့ပါတယ်။ လမင်းတရာ စာအုပ်နဲ့ အမျိုးသား စာပေဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို ဒုဌဝတီမှ ဧရာဝတီသို့၊ မိခင်မာရသွန်၊ ဟေမန္တ ခြေမြန်တော်၊ နှင်း ဆီခင်းပေါ်ကလမင်း ကဗျာစာအုပ်တွေ ထုတ်ဝေခဲ့ပါတယ်။

၁၉၈၉ခုနှစ်မှာ ဆရာကြီးရွှေဥဒေါင်း နှစ် ၁၀၀ ပြည့်တော့ လူထုဒေါ်အမာ ဦးဆောင်ပြီး ရာပြည့်ပွဲ ကျင်းပဖို့ စုဝေးတိုင်ပင် ကြတယ်။ အဲဒီခေတ်က လူ ၅ ယောက်ထက် ပိုပြီး မစုဝေးရဆိုတဲ့ အမိန့်ထုတ်ထားချိန်။ ဆရာကြီးရွှေဥဒေါင်းရာပြည့်ပွဲကို ပွဲ ကြီးလမ်းကြီး အဖြစ် မကျင်းပနိုင်တော့ဘဲ တောင်လေးလုံး ကျောင်းတိုက်မှာပဲ သိုသိုသိပ်သိပ် ကျင်းပခဲ့ကြတယ်။

အဲဒီ ရာပြည့်ပွဲမှာ ကဗျာဆရာကြည်အောင်က “သစ္စာရှာဖို့ ငါမြင်းစီးမယ်” ဆိုတဲ့ စာတမ်း ဖတ်ကြားတင်သွင်းပါတယ်။

ဆရာကြီးရွှေဥဒေါင်း မွေးဖွားကြီးပြင်းရာ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၊ မကျည်းတုံ ရွာတဝိုက်က အကြောင်းအရာတွေကို အဲဒီစာတမ်းမှာ ထည့်သွင်း ဖတ်ကြားပါတယ်။ ဆရာကြီး ရွှေဥဒေါင်းက မြင်းစီးဝါသနာပါတဲ့အပြင် စာအရေးအသားလည်း ကောင်းသူမို့ သိဒ္ဓထ္ထ တောထွက်ခန်းမှာ ရင့်ကျူးတဲ့ “ဒီညမှာတော့ ငါတောထွက်ပြီး သစ္စာတရားကို ဖွေရှာတော့မယ်။ သစ္စာ ရှာဖို့ ငါမြင်းစီးမယ်”ဆိုတဲ့ စာသားကို ကြိုက်လို့ ယူသုံးခဲ့တာပါ။

ဒီစာတမ်းကို ဥတ္တရလွင်ပြင် စာအုပ်ထုတ်ဝေရေးက စာအုပ်အဖြစ်ထုတ်ဝေခဲ့ပြီး စာအုပ်တန်ဖိုး ၁၂ကျပ်နဲ့ ရောင်းချခဲ့ပါ တယ်။ ဆရာကြည်အောင်ရဲ့ ကဗျာစာအုပ် မဟုတ်တဲ့ တအုပ်တည်းသော စကားပြေ စာအုပ်ဖြစ်ပါတယ်။

ကဗျာဆရာ ကြည်အောင်က ပြည်သူ့ကဗျာဆရာပီပီ အာဏာရှင်တွေရဲ့ အညှိုးအတေး ခံခဲ့ရသူ ဖြစ်တယ်။ တော်လှန်ရေး ကောင်စီ အစိုးရလက်ထက်မှာ ကာလအတန်ကြာ တိမ်းရှောင်နေခဲ့ရပြီး ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလမှာလည်း က ဗျာဆရာ ကိုလေး( အင်းဝဂုဏ်ရည်)နဲ့ တွဲပြီး နိုင်ငံရေးတွေ ဟောပြောခဲ့ကြတယ်။

စစ်အစိုးရလက်ထက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်တဲ့ အထိမ်းအမှတ်နေ့တွေမှာ ပါဝင်ခဲ့လို့ ကဗျာရေးခွင့် စာ ရေးခွင့် ပိတ်ပင်ခံခဲ့ရရုံမက ကလောင်ဖော်ပြခွင့်ပင် မရခဲ့ပေ။ ကဗျာဆရာကြည်အောင်ဟာ ကွယ်လွန်ခါနီးအချိန် မန္တလေး ဆေးရုံကြီး ဆေးရုံကုတင်ပေါ်မှာ အိပ်ယာကျောကပ် ဖြစ်နေချိန်ထိ စစ်အာဏာရှင်တွေရဲ့ မျက်လုံးဒေါက်ထောက် စောင့် ကြည့်ခြင်းခံခဲ့ရတယ်။

ကဗျာဆရာကြည်အောင်ရဲ့တူလို သားလိုဖြစ်နေတဲ့ ကဗျာဆရာ မောင်မှိုင်းလွင်(အင်းဝ)က သူကြုံတွေ့ခဲ့ရတဲ့ ဆရာကြည် အောင်အကြောင်း အခုလို ပြောပါတယ်။

“ကိုကြည်အောင်က ပြည်သူ့ကဗျာဆရာပါ။ သူ မန္တလေးတက္ကသိုလ် ကျောင်းသားဘဝက ကိုကျော်မောင်ဆိုတဲ့ သူငယ်ချင်း ရှိတယ်။ တနေ့ ကိုကျော်မောင် အဆောင်သွားတော့ ကိုကျော်မောင် အပြင်သွားနေလို့ မတွေ့ခဲ့ရဘူး။ အခန်းတံခါးမှာ အခုလို ကဗျာတပုဒ် လက်တန်းချရေးခဲ့တယ်။”

အသည်းနဲ့

နှိုင်းယှဉ်ကြည့်ရင်

အသိကိုသာ မဲပေးပါ။

အဲဒီအချိန်က မန္တလေးတက္ကသိုလ်မှ မတကသ (မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ )အတွက် အပြိုင် မဲဆွယ်နေ ကြ ချိန်ဖြစ်ပါတယ်။ ဆရာကြည်အောင်က အဲဒီလို ပုံမနှိပ်ရသေးတဲ့ ကဗျာပေါင်းများစွာ ကျန်ခဲ့သူဖြစ်ပါတယ်။

ကဗျာဆရာကြည်အောင် အမှတ်တရ ကျောက်တုံးကို သူဌေးဘုရားရင်ပြင်မှာ စိုက်ထူထားပါတယ်။ အနားသုံးဖက်ပါ စ ကျင် ကျောက်တုံးပေါ်မှာ ကဗျာဆရာကြည်အောင်ရဲ့ လမင်းတရာ ကဗျာကို ထွင်းထုထားတယ်။

အဲဒီကျောက်တုံးပေါ်မှာ လူထုဒေါ်အမာက “ ကြည်အောင် မျှော်မှန်းသည့် လမင်းတရာ သာသည့်ခေတ်ကား ဝေးကွာ လှ တော့သည် မဟုတ်”လို့ ရေးထိုးထားတယ်။ ဦးဝင်းတင်ကတော့ “ကြည်အောင်သည် နယ်ချဲ့ဆန့်ကျင်ရေး ကဗျာဆရာ တည်း။ ကဗျာလက်နက်စွဲကိုင်ကာ၊ နယ်ချဲ့ကို တိုက်သူတည်း။ ကောင်းပေစွ” လို့ ရေးထိုး မှတ်တမ်းတင်ထားပါတယ်။

ဆရာကြည်အောင်ရေးတဲ့ လမင်းတရာကဗျာကိုလည်း အမှတ်တရ စကျင်ကျောက်တုံးမှာ အခုလို ရေးဖွဲ့ထားပါတယ်။

လမင်းတရာ

သည်ကမ္ဘာဝယ် သာလျက်ထိန်ကြည်

ငြိမ်းအံ့ရည်၍

တိုင်းပြည်ကို ကျူး နယ်ချဲ့ရူးကို

တပ်ဦးဖွင့်ကာ တော်လှန်သည်

နယ်ချဲ့ကင်းမှ

လမင်းလည်းသာ ကမ္ဘာလည်းအေး

တေးလည်းအနှံ့ ပန်းသင်းပျံ့လိမ့်

နိုင်ငံပြည်သူ နိုးကြားသည်

နယ်ချဲ့ကင်း၍

လမင်းတရာ သာသည့်ခါဝယ်

ကမ္ဘာငြိမ်းချမ်း လာလိမ့်တကား

ကဗျာဆရာကြည်အောင်နဲ့ ပတ်သက်လို့ စာရေးဆရာ ဂျိုဇော်က အခုလို မှတ်ချက်ပြုတယ်။

“လိပ်ပြာလုံသူက အသေလှတယ်။ ကျနော်တို့ကို ဆရာက ခွဲခွာသွားပါပြီ။ ဆရာ လူ့ပြည်ကို ပြန်လာဖြစ်ရင် ဝီရကဗျာဆရာ အဖြစ်ပြန် လာပါ။ ဆရာရဲ့ရဲစိတ်ရဲမာန် ကဗျာတွေနဲ့ စောင့်ရှောက်တဲ့ ကဗျာဆရာအဖြစ် ပြန်လာစေချင်ပါတယ်” လို့ ပြောပါတယ်။

Loading