မကြာမီရက်ပိုင်းအတွင်း မြန်မာတနိုင်ငံလုံးက လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပတော့မှာ ဖြစ်ပြီး အမ်းမြို့နယ် ပြည်သူ့လွတ်တော်နေရာလည်း အပါအဝင် ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် အာဏာရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အဖွဲ့ကို ရောက်သွားသူတွေရယ်၊ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ နေရာတွေရယ်၊ ကွယ်လွန်သွားတဲ့ ကိုယ်စားလှယ်တွေရဲ့ နေရာတွေမှာ အစားထိုးဖို့ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရခြင်း ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အမ်းမြို့နယ် ပြည်သူ့လွတ်တော် နေရာအတွက် ဗိုလ်ချုပ်ဟောင်းလည်းဖြစ်သလို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်း ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးသိန်းဆွေ၊ အမျိုးသား လွတ်တော် နေရာတွင် ရခိုင် အမျိုးသားပါတီမှ ဒေါ်ထုမေ၊ ပြည်နယ် လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်မှာ ယခင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း၊ နှင့် ပြည်နယ်လွတ်တော် အမှတ် ၂ မဲဆန္ဒနယ်တွင် ဦးခင်မောင်ဌေး တို့ အနိုင်ရရှိခဲ့ကြပါတယ်။
အမ်းမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အစိုးရ အဖွဲ့တွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်လိုက်တာကြောင့် သူ့ရဲ့နေရာမှာ အစားထိုးရန် ကိုယ်စားလှယ်တဦး ရွေးချယ်ရမှာဖြစ်ပါတယ်။
မကြာမီ ကျင်းပတော့မည့် အမ်းမြို့နယ် အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးသောင်းငြိမ်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးဇော်ဝင်းမြင့်၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဇော်လင်းအောင်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အမ်းကြားဖြတ်ရွေးကောက်ပွဲဟာ လူအများ စိတ်ဝင်စားစရာ နေရာတခု ဖြစ်နေတာကြောင့် ဘယ်ပါတီ အောင်ပွဲခံနိုင်မလဲ ဆိုတဲ့ အကြောင်းအရာကို ဆွေးနွေးတင်ပြပါ့မယ်။
အမ်းမြို့နယ် ပြည်သူ့လွတ်တော် လစ်လပ် နေရာမှာ ရခိုင်အမျိုးသားပါတီရဲ့ ပါတီဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါက်တောအေးမောင် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သူက ၂၀၁၀-၂၀၁၅ ခုနှစ်တွင် အမျိုးသား လွတ်တော်ကိုယ်စားလှယ် တဦးလည်း ဖြစ်ခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်တွင် အမတ်နေရာ အများဆုံးရတဲ့ ပါတီက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူးကို ရယူမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ပြည်နယ်လွှတ်တော် နေရာအတွက် မာန်အောင် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပါတယ်။ ယခု တကြိမ်တွင်လည်း အမ်းမြို့နယ် ပြည်သူ့လွတ်တော် လစ်လပ်မဲဆန္ဒနယ်က ဒေါက်တာ အေးမောင် အတွက် ကြီးမားသော စိန်ခေါ်မှု တခု ဖြစ်လာပြန်ပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲမှာ ဒေါက်တာ အေးမောင်က ဆန္ဒမဲ ၁၆၃၈၅ မဲ ရှိတဲ့အနက် ၃၈၄၉ မဲသာ ရရှိပြီး မဲအရေအတွက် အများဆုံးရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဦးဘိုးနွဲ့က အနိုင်ရ သွားခဲ့တာကြောင့် သူ့ရည်မှန်းချက် အောင်မြင်မှု မရှိခဲ့ပေ။
ဘာကြောင့်လည်းဆိုတော့ အမ်းမြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ အမာခံနယ်မြေ တခု ဖြစ်ပြီး၊ အမာခံ ပါတီဝင်များနဲ့ အနောက်ပိုင်းစစ်ဌာနချုပ် အခြေချထားသော မြို့တမြို့လည်း ဖြစ်နေပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အမ်းမြို့နယ် ပြည်သူ့လွတ်တော်နေရာတွင် မဲပေးပိုင်ခွင့်ရှိသူ ၇၃၀၀၀ ခန့် ရှိတဲ့ အနက် ၁၃၀၃၇ မဲဖြင့် အမ်းမြို့နယ် ပြည်သူ့လွတ်တော်နေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးသိန်းဆွေ အနိုင်ရရှိခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP)မှ ဦးကျော်သန်းလှိုင်က ၁၂၅၃၂ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်သိန်းအောင်သည် ၁၁၀၀၁ မဲ နှင့် ဦးညီညီလွင်က ၂၇၁ မဲ အသီးသီးနဲ့ ဦးသိန်းဆွေကို ရှုံးနိမ့်ခဲ့ကြပါတယ်။
ယခုတကြိမ် USDP က အမ်းကြားဖြတ်ရွေးကောက်ပွဲ အတွက် ယှဉ်ပြိုင်ဖို့ အမ်းမြို့နယ်တွင် လူသိများပြီး စီးပွားရေးအင်အား တောင့်တင်းသော တပ်တောင်မြို့သား ဦးသောင်းငြိမ်းကို နေရာချထားပါတယ်။
အထူးသဖြင့် အမ်းမြို့နယ် ပြည်သူ့လွတ်တော်နေရာက USDP အတွက် အမ်းမြို့နယ်ကို ပြန်လည်လွမ်းမိုးနိုင်ရေးအတွက် အရေးကြီးတဲ့ နေရာတခုလို့ ထင်မြင်မိပါတယ်။
သို့သော်လည်း ပြည်ထောင်စုလွတ်တော်မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အတိုက်အခံ အင်အားကောင်းစေရေး၊ ကြားဖြတ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှံးနိမ့်စေရေး အတွက် ဒေါက်တာအေးမောင်နဲ့ အပေးအယူလုပ်ပြီး USDP ပါတီဝင်တွေနဲ့ စစ်တပ်က မဲပေးပိုင်ခွင့်ရှိသူများက ဒေါက်တာ အေးမောင် ကို ဆန္ဒမဲပေးလိုက်မယ်ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များ ပြောင်းလဲနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။
ရခိုင်အမျိုးသားပါတီ (ANP) သည် ရခိုင်ပြည်တွင် မဲအများဆုံးအနိုင်ရရှိပြီး ဒေသတွင်း အင်အား အကြီးဆုံး ပါတီတခုလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အမ်းမြို့နယ်အမှတ် ၂ မဲဆန္ဒနယ်တွင် အားကောင်းတယ်လို့ ယူဆနိုင်ပါတယ်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်၏ လူသိများမှုက သူ့အတွက် အားသာချက် တခု ဖြစ်ပါတယ်။ သို့ပေမယ့် အမ်းမြို့နယ်ဒေသခံ မဟုတ်မှုကြောင့် အမ်းဒေသခံတွေကြားမှာ ဝေဖန်မှုနဲ့ ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။
ဒေါက်တာအေးမောင် လွတ်တော်ကို ပြန်ရောက်လာရေးအတွက် ပါတီထိပ်ပိုင်း ခေါင်းဆောင်တချို့နဲ့ လွတ်တော် ကိုယ်စားလှယ်များကလည်း ပါဝင်စည်းရုံးမှုကို အင်တိုက်အားတိုက် ပြုလုပ်နေပါတယ်။
အကယ်၍သာ အခုကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါက်တာ အေးမောင် ရှုံးနိမ့်ခဲ့မယ် ဆိုရင် သူ့ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ ကျဆင်းပြီး ရခိုင်နိုင်ငံရေးနယ်ပယ်တွင် ဘယ်လို ဆက်လက်ရပ်တည်မလဲ ဆိုတာ လူအများ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ အဲဒီအပြင် ရခိုင်အမျိုးသားပါတီအတွင်း လူအုပ်စုတွေ နောက်ထပ် ပေါ်ပေါက်လာနိုင် တယ်လို့ သုံးသပ်မိပါတယ်။
ဒေါက်တာအေးမောင်ကို အမ်းဒေသခံများကန့်ကွက်မှုကြောင့် အမ်းမြို့နယ်သား လူငယ် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဇော်လင်းအောင် ဝင်ရောက်လာပါတယ်။ သူကလည်း ရခိုင်လူငယ်များရဲ့ အားပေး ထောက်ခံမှုကို ရရှိထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ၂၀၁၅ ရွေးကောက်ပွဲမှာ တောင်ကုတ်၊ ဂွ၊ သံတွဲ တို့တွင် အောင်နိုင်ခဲ့ပြီး အမ်းမြို့နယ်မှာလည်း အင်အားကြီးလာသော ပါတီ တခု ဖြစ်လာပါတယ်။ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အမ်းမြို့နဲ့ အမ်းမြို့နယ် အထက်ပိုင်း တဝိုက်တွင် အမာခံပါတီဝင်များ ရှိနေပြီ ဖြစ်ပါတယ်။
NLD က ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရဲ့ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို လည်း ရရှိထားပါတယ်။ ၎င်းအချက်က ချင်းလူမျိုးအများစု နေထိုင်တဲ့ အမ်းမြို့နယ်က ချင်းမဲဆန္ဒရှင်များ ကို စည်းရုံးဖို့ အားသာချက် တခု ဖြစ်နေပါတယ်။
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက် အမ်းမဲဆန္ဒနယ်မြေတွင် အမာခံ ပါတီတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ နယ်မြေ တခုလို့ ယူဆနိုင်ပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရခိုင်ပြည်နယ် မြို့နယ်များမှ ပါတီခေါင်းဆောင်များ နှင့် မကွေးတိုင်းဒေသကြီးကလည်း ပါဝင် အင်အားဖြည့်ထားပါတယ်။
၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ပြန်ကြည့်မယ်ဆိုရင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၇၃၀၀၀ မဲ ခန့်ရှိတဲ့အနက် ခိုင်လုံမဲ ပေးသူပေါင်း ၃၉၂၈၃ မဲ ခန့်သာရှိပြီး ဆန္ဒမဲပေးပိုင်ခွင့့်ရှိသူ တဝက်နီးပါးဟာ ပယ်မဲ နှင့် ဆန္ဒမဲ မပေးသူများ ဖြစ်နေပါတယ်။
နောက်တခုက အင်အားကြီး ပါတီဖြစ်တဲ့ ကြံခိုင်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ NLD ကိုယ်စားလှယ်များကြား ဆန္ဒမဲသိသိသာသာ ကွာခြားမှုလည်း မရှိခဲ့ပါဘူး။
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အမ်းမြို့နယ် ပြည်သူ့လွတ်တော်နေရာက USDPနဲ့ NLD တို့အတွက် ထင်သလောက် အရေးမကြီးသော်လည်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ၏ လွတ်တော် ပြန်လာရေး၊ သူရဲ့နိုင်ငံရေး ဂုဏ်သိက္ခာပြန်လည် မြှင့်တင်ရေးအတွက် အရေးကြီးဆုံး ဖြစ်နေပါတယ်။
အခု ကြားဖြတ်ရွေးကောက်ပွဲမှာ မည်သည့် ပါတီ အနိုင်ရမယ်၊ ရှုံးမယ်ဆိုတာကတော့ အမ်းမြို့နယ်တွင် နေထိုင်သော ချင်းလူမျိုးများ အပေါ် စည်းရုံးနိုင်မှုနဲ့ အဓိက ပစ်မှတ်ထားတဲ့ မဲဆန္ဒရှင်များကို စနစ်တကျ စည်းရုံးနိုင်မှု အပေါ် မူတည်လိမ့့်မယ်လို့ ဆွေးနွေးတင်ပြရင်း နိဂုံးချုပ်ပါတယ်။