အစိုးရသက်တမ်း တနှစ် ပြည့်ပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်တခုဖြစ်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ချက်တွေက အားမလိုအားမရ ဖြစ်စရာတွေနဲ့ ပြည့်နှက်နေတယ်လို့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေက ပြောဆိုနေကြပါတယ်။
NLDပါတီက ရွေးကောက်ပွဲ မတိုင်မီကာလမှာ “ပြောင်းလဲချိန်တန်ပြီ”ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသား ပြည်သူတရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက် ပေးနိုင် တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်လာရေးဆိုတဲ့ အချက် ၂ ချက်ကို ရွေးကောက်ပွဲ ကြေငြာစာတမ်းမှာ ထည့်သွင်း ကြွေးကြော်ထားတာပါ။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က “မြန်မာပြည်ရဲ့ အစိုးရ အဆက်ဆက်က ရွေးကောက်ပွဲစာတမ်း ကြေငြာတုန်းကသာ လျှောက်ကြေငြာတာ။ နောက်ကျတော့ အကုန် မေ့တာချည်းပဲ။ ပြည်သူကို ကတိပေးထားရင် တကယ်လုပ်ဖို့လိုတယ်” လို့ ပြောပါတယ်။
ပါတီ တရပ်အနေနဲ့ ရွေးကောက်ပွဲမတိုင်မီ ပြည်သူလူထုကို စည်းရုံးစဉ်က အစိုးရဖွဲ့နိုင်ခဲ့ရင် ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကြေငြာစာတမ်းပါ အချက်တွေကို ရွေးကောက်ပွဲအနိုင်ရလို့ အစိုးရဖြစ်တဲ့ အခါမှာ အကောင်အထည်ဖော်ဖို့ တာဝန်ရှိပါတယ် လို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။
မွန်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းကတော့ “ NLD ရဲ့ ရွေးကောက်ပွဲကြေငြာစာတမ်းက ငြိမ်းချမ်းရေး၊ ဖွဲ့စည်း ပုံပြင်ရေးက တပ်မတော်က လက်မခံတော့ အခု အကုန်ပျောက်သွားပြီ” လို့ ဆိုပါတယ်။
ဦးစိုင်းညွှန့်လွင်နဲ့ ဦးနိုင်ငွေသိမ်းတို့က NLD ပါတီ နဲ့ ၁၉၉၀ ခုနှစ်ကတည်းက မဟာမိတ်ဖွဲ့ထားကြတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
UNA နဲ့ NLD တို့ လက်တွဲပြီး စစ်အစိုးရကို အတိုက်အခံလုပ်ခဲ့ပြီး ဒီမိုကရေစီအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့အတွက် ၁၉၉၀ ခုနှစ်ကတည်းက တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြပေမယ့် ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲ အနိုင်ရသွားတဲ့အခါမှာတော့ NLD က သူ့ရဲ့ မဟာမိတ်တွေကို အဆက်ဖြတ်လိုက်ပါတယ်။
ဦးနိုင်ငွေသိမ်းက “၁၉၉၀ ရွေးကောက်ပွဲပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ကို ပြောတာ ဒီမိုကရေစီ သွားမယ့် တိုက်ပွဲမှာ တိုင်းရင်းသားတွေက စစ်အစိုးရဘက် ပါသွားရင် တိုက်ပွဲရှုံးမယ်။ တိုင်းရင်းသားတွေ သူနဲ့အတူ ပါရင် နိုင်မယ် ပြောတယ်။ အခုတော့ အဲ့စကားတွေကို သူမေ့သွားပြီ ထင်တယ်။ တိုင်းရင်းသားတွေက အများစုပါ။ သူ ကျနော်တို့ကို လျစ်လျူရှုလိုက်ပြီ”လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံတော်အတိုင်ပင်ခံ ရာထူးယူပြီးကတည်းက စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ အခွင့်အရေးတွေ လျစ်လျူရှုခံခဲ့ရပြီး ဖွံ့ဖြိုးမှု နောက်ကျတဲ့ ဒေသတွေမှာ နေထိုင်နေရတဲ့ တိုင်းရင်းသားတွေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တည်ဆောက်ဖို့ ဦးစီး ဆောင်ရွက်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေပေမယ့် တပ်မတော်က မြောက်ပိုင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်တာတွေ ပြုလုပ်တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းမရဖြစ်နေဆဲပါ။
ထို့အတူ NLD ပါတီဝင်တွေကလည်း ဒေသခံ တိုင်းရင်းသားတွေ ကန့်ကွက်နေတဲ့ ကြားက တိုင်းရင်းသား ပြည်နယ် တွေမှာ ဗိုလ်ချုပ် အောင်ဆန်းရုပ်ထု၊ အလေးပြုရင်ပြင်တွေ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေက တိုင်းရင်းသားစည်းလုံးညီညွတ် ရေးကို သံသယဝင်စေတယ်လို့ ဦးနိုင်ငွေသိမ်းက ဆိုပါတယ်။
ရုပ်အဆိုးဆုံးဖြစ်ရပ်ကတော့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို ဆက်စပ်ပေးတဲ့ တံတားအမည်ကို မွန် ဒေသခံတွေ တားမြစ်ကန့်ကွက်နေသော်လည်း ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ လွှတ်တော်မှာ အတည်ပြုခဲ့ တာကြောင့် နှစ်သောင်းကျော်တဲ့ မွန်တိုင်းရင်းသားတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့တဲ့ မြင်ကွင်းပါပဲ။
ဦးနိုင်ငွေသိမ်းကတော့ ပြည်သူလူထုတွေ မြေသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရရေး၊ မီး ရရှိရေး၊ ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ အလုပ်တွေ လုပ်စရာ အများအပြား NLD အစိုးရအဖွဲ့မှာ ရှိနေပါလျက် ဗိုလ်ချုပ်အောင်ဆန်းအမည်ကို နေရာတိုင်း လိုက်လံ ထားရှိဖို့ ကြိုးစား နေတာက အာဏာရှင်ဆန်နေတာလို့ အပြစ်တင်ပါတယ်။
“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေကြား တော်တော်ကွာဟနေပြီ ။ သူတို့ရဲ့ လုပ်ရပ်တွေကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးက တော်တော်ပျက်ပြားလာပြီ”လို့လည်း ဦးနိုင်ငွေသိမ်းက ပြောပါတယ်။
ဦးစိုင်းညွှန့်လွင်ကလည်း ပြည်ထောင်စုလွှတ်တော်အတွင်းက ရွေးကောက်ခံ ကိုယ်စားလှယ် ၄၉၁ ဦးအနက် ၁၂၀ ကျော်က ယခင်အတိုက်အခံ ဘဝမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ခဲ့ကြပေမယ့် ယနေ့အချိန် အကျဉ်းထောင် တွေ အသီးသီးမှာ မလွတ်မြောက်ပဲ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားများကို လွတ်မြောက်အောင် မဆောင်ရွက် ပေးနိုင်တာက အတူတိုက်ပွဲဝင်ခဲ့တဲ့ မိတ်ဆွေတွေကို လျစ်လျူရှုထားတာပဲလို့ ပြောပါတယ်။
“အဲဒီ အကျဉ်းသားဟောင်းတွေ ဘာလုပ်နေကြလဲ။ အခုအစိုးရလက်ထက် တနှစ်အတွင်း ဘာမှ မလွတ်ပေးဘူး။ ဒါက သာမန်ကိစ္စလေးပါ။ ရဲဘော်ရဲဘက် အတူလုပ်ခဲ့တဲ့ သူတွေကို ပြန်သတိရဖို့ဆိုတဲ့ကိစ္စလေးပဲ ရှိသေးတယ်။ ကျန်တဲ့ နိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေး၊ မူဝါဒချမှတ်ရေးတွေက ဒီထက်ပိုပြီး ခက်ခဲနက်နဲပါတယ်”လို့ ဦးစိုင်းညွန့်လွင်က ပြော ပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကို ခေါ်ယူပြီး အစိုးရကိုယ်စားလှယ်များပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ စိစစ်ရေးအဖွဲ့တဖွဲ့ ဖွဲ့စည်းကာ ရာနဲ့ ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။
ယခု NLD အစိုးရလက်ထက်မှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်းများ စိစစ်ရေးအဖွဲ့ရဲ့လုပ်ငန်းတာဝန်တွေ ရပ်တန့် သွားသလို အကျဉ်းထောင်တွေ အတွင်းက နိုင်ငံရေးအကျဉ်းသားတွေအကြောင်းလည်း ပြောဆိုသံတွေ တိတ်ဆိတ် သွားပါတယ်။
အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ လွတ်မြောက်ရေးလိုပဲ အသံတိတ် သွားတဲ့ အကြောင်းအရာတခု ရှိပါသေးတယ်။
အဲဒါကတော့ တိုင်းရင်းသားတွေအပါအဝင် ပြည်သူလူထုအားလုံး တောင့်တနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပါ။
တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေနဲ့ တန်းတူညီမျှရေးအတွက် လက်နက်ကိုင်စွဲ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအနေနဲ့ ၎င်းတို့တောင်းဆိုနေတဲ့ အခွင့်အရေးတွေ ရဖို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အတွက်က ဗဟိုချုပ်ကိုင်မှု အပြည့်ပေးထားတဲ့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မှ ရမှာ ဖြစ်ပါတယ်။
NLD အစိုးရအဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံ ကာလမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ပြောဆိုခဲ့ပေမယ့် အစိုးရအဖွဲ့ ဖြစ်သွားတဲ့ ယခုကာလမှာတော့ ပြောဆိုခြင်း မရှိတော့ပါဘူး။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီက NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ UNA နဲ့ ၈၈ တို့ ပူးပေါင်းပြီး ပြည်သူလူထုတွေဆီက ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေး ထောက် ခံကြတဲ့ လက်မှတ်တွေ ကောက်ယူထားတာ မဲပေးနိုင်သူ လူဦးရေ ၅ သန်းကျော်ရဲ့ လက်မှတ်တွေ ရရှိ ထားပေမယ့် လက်မှတ်တွေအကြောင်းကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့အတူ လက်ရှိမှာ ပျောက်ကွယ်နေပါတယ်။
ဦးစိုင်းညွှန့်လွင်က “အခြေခံဥပဒေပြင်ဆင်ဖို့ မဲပေးနိုင်တဲ့ လူဦးရေ ၅သန်းလောက် ထောက်ခံထားတဲ့ဟာကိုတောင် ဘာမှ အသုံးချခြင်း မခံရဘူးဆိုတော့ ကျနော်တို့ အခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတာကလည်း ဝေးသွားပြီလို့ပဲ ထင်ပါ တယ်”လို့ ပြောဆိုပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့၊ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းလွင်ကတော့ NLD အစိုးရအဖွဲ့ အနေနဲ့ တနှစ်တာ ခရီးမှာ ထူးထူးခြားခြားပြောင်းလဲတာမျိုး မလုပ်ဆောင်နိုင်သေးတာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အသံတိတ်ဆိတ်နေတာတွေက ငြိမ်းချမ်းရေးရရှိရေးကိုပဲ အာရုံစိုက် ဆောင်ရွက်နေရတာကြောင့်လို့ ပြောပါတယ်။
ဒေါ်နန်းသန်းသန်းလွင်က “ဖွဲ့စည်းပုံပြင်ဆင်ရေး အသံတိတ်နေတယ်ဆိုတာက ငြိမ်းချမ်းရေးကိုပဲ ပထမ ဦးစားပေးအနေနဲ့ လုံးပန်းနေရလို့ပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးကတော့ လောလောဆယ် မလုပ်နိုင်သေးဘူးပေါ့ နော်။ ငြိမ်းချမ်းရေးကိုပဲ ပြီး အောင် အဆောတလျင်ဆောင်ရွက်နေရလို့ပါ” လို့ ဆိုပါတယ်။
NLD အစိုးရအဖွဲ့ကို ဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစီး ဆောင်ရွက်နေပေမယ့် မြောက်ပိုင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့နဲ့ တပ်မတော်က စစ်ရေးတွေ တင်းမာ နေတာကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေ အနေနဲ့ ငြိမ်းချမ်းရေးစကားပြောဆိုဖို့ အစိုးရနဲ့ လာတွေ့ဖို့ ခက်ခဲလာ ပါတယ်။
တအာင်း (ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအိုက်မုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလမ်းစဉ်ကို ရွေးချယ်ထားရင် တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေ မပြုလုပ်ဖို့ တပ်မတော်နဲ့ ဦးစွာ ညှိနှိုင်း ဖို့ လိုတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ပလောင်ဒေသမှာဆို ဒေသခံတွေက လုံခြုံရေး အခြေအနေမကောင်းလို့ ဒေသခံတွေ ဘဝ မလုံခြုံဘူး။ ဒါကို အစိုးရက ဂရုပြုပေးသင့်တယ်။ တပ်မတော်ကလည်း ငြိမ်းချမ်းရေးလုပ်မယ်ဆို ဟိုအဖွဲ့ချန် ဒီအဖွဲ့ချန် မလုပ်ပဲ အားလုံးကို ခေါ်ပြီး ဆွေးနွေးသင့်တယ်လေ။ ဒါမှ ကျနော်တို့ ဒေသခံတွေလည်း ငြိမ်းချမ်းမှာ”လို့ ပြောပါတယ်။
မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ကို တပ်မတော်က ငြိမ်းချမ်းရေး ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ ပြောဆိုထားတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရအဖွဲ့ကလည်း အဆိုပါ ၃ ဖွဲ့ကို တပ်မတော်ရဲ့ သဘောအတိုင်း လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပြီး ငြိမ်းချမ်းရေးလုပ်ဖို့ ပြောနေတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ဘက်က တန်ပြန်ထိုးစစ်ဆင်မှုတွေ ပြုလုပ်တဲ့အထိ တင်းမာမှုတွေ ရှိနေပါတယ်။
တိုက်ပွဲတွေကြောင့် မြောက်ပိုင်းဒေသက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် တရုတ်- မြန်မာနယ်စပ်တွေမှာ စစ်ဘေးဒုက္ခသည်တွေ သောင်းနဲ့ချီပြီး တိုးလာပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ရေးထိုးနိုင်ဖို့ ညှိနှိုင်းနေဆဲ ဖြစ်တဲ့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ကိုလည်း ၂၀၁၆ ခုနှစ်၊ သြဂုတ်လကနေ ဒီဇင်ဘာလ အထိ ကာလကြာရှည် ထိုးစစ်ဆင်ပြီး စခန်းတွေ တောင်ကုန်းတွေကို သိမ်းပိုက်၊ အကြမ်းဖက်သောင်းကျန်းသူလို့ အကြိမ်ကြိမ် ပြောဆိုမှုတွေ ကြုံတွေ့ နေ ရတာကြောင့် KIA ခေါင်းဆောင်တွေက ပြည်တွင်းကို လာပြီး အစိုးရနဲ့ ညှိနှိုင်းဖို့လည်း အခက်ကြုံ နေတယ်လို့ သိရပါ တယ်။
ကချင်ခေါင်းဆောင်တွေ ပြည်သူလူထုတွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပါလျက် တိုက်ပွဲဖြစ်နေတာတွေ ဒေသခံတွေ ပြေးလွှားနေရတာတွေက အစိုးရကိုပါ အယုံအကြည်မဲ့စေတယ်လို့ ပြောနေကြပါတယ်။
မတ်လ ၂၈ ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က မြစ်ကြီးနားမြို့ကို ရောက်လာပြီး ကချင်လူထုခေါင်းဆောင်တွေနဲ့ သီးသန့် တွေ့ဆုံကာ NCA ထိုးဖို့ KIO ကို တိုက်တွန်းပေးပါ၊ လိုအပ်တာတွေကိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၂၁ ရာစုပင်လုံကို ရောက်မှ ဆွေးနွေးပါလို့ တောင်းဆိုတဲ့အပြင် NCA ထိုးလို့ ကချင်ပြည်သူတွေ မရှုံးစေရဘူး၊ တခုခု နစ်နာရင်လည်း သူကိုယ်တိုင်ဖြေရှင်းပေးမယ် ဆိုတာမျိုး စည်းရုံး ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ကချင်လူထုခေါင်းဆောင်တွေကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ဖို့နဲ့ ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့တဲ့ ပင်လုံကတိကဝတ်တွေကို ဆွေးနွေးလိုတာ ဖြစ်တာကြောင့် အာမခံချက် တစုံတရာ မရပဲ NCA ကိုပဲ ဦးတည်လက်မှတ်ထိုးခိုင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေကို ရာနှုန်းပြည့် ယုံကြည်ဖို့ ခက်ခဲနေတယ်လို့ ပြောကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ NCA ထိုးပြီးရင်တောင်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်သေးရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တောင်းဆိုကြတဲ့ တန်းတူညီမျှရေး၊ ပြည်နယ်တွေကို အာဏာခွဲဝေပေးရေး၊ ဗဟို အုပ်ချုပ်မှု လျော့ချရေးစတဲ့ အချက်တွေက ရရှိမှာ မဟုတ်ပါဘူး။
တပ်မတော်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်တိုင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဆက်လက် လုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။
“ဝ”အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ ဒုဥက္ကဋ္ဌ ဦးဆမ်ဆောင်ကားက “တိုင်းရင်းသားတွေ အားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အမြဲတမ်း မျှော်လင့်ချက် ထားပါတယ် ။ ဒါ့ကြောင့် တိုင်းပြည်ငြိမ်းချမ်းဖို့ တပ်မတော်နဲ့ ရအောင် ညှိနှိုင်းပြီး အစိုးရကို ဆောင်ရွက်စေချင်တယ်”လို့ ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ နဲ့ တိုင်းရင်းသားပြည်သူတွေက အခွင့်အရေးတွေ ရယူနိုင်ဖို့ ရွေးကောက်ပွဲ မတိုင်မီကတည်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ချက် အပြည့်ရှိခဲ့ကြပေမယ့် ယခုအချိန်မှာတော့ မျှော်လင့်ချက်သာရှိပြီး NLD အစိုးရရဲ့ လုပ်ဆောင်ချက်တွေကိုတော့ အားမလို အားမရ ဖြစ်နေပြီလို့လည်း သိရပါတယ်။
ဦးစိုင်းညွန့်လွင်ကတော့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့အပြင် တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးတွေနဲ့ အခြားလိုအပ်တဲ့ လုပ်ငန်းတွေ ပြုပြင် ပြောင်းလဲမှုတွေမှာပါ ဟန်ချက်ညီညီ အလုပ်လုပ်နိုင်ဖို့ NLD အစိုးရအနေနဲ့ သူ့ရဲ့ အစိုးရအဖွဲ့ကို ပြန်လည်သုံးသပ်ပြီး နည်းဗျူဟာ ပြောင်းလဲတာတွေ အလုပ်မဖြစ်တဲ့ အဖွဲ့ဝင်တွေကို လူစားထိုးတာတွေ လုပ်သင့်တယ်လို့ အကြံပြုပါတယ်။
“NLDနဲ့ပတ်သက်ပြီး ဝေဖန်တာကို လက်မခံတဲ့ ပြဿနာတော့ ရှိတယ်။ ဝေဖန်လိုက်တာနဲ့ ဆဲတာတွေ တက်လာ တာပဲ။ အစိုးရမှန်သမျှ အဝေဖန်ခံနိုင်ရမယ်”လို့လည်း ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။
ဦးနိုင်ငွေသိမ်းကတော့ ရွေးကောက်ပွဲကြေငြာစာတမ်းတွေကို တနှစ်အတွင်းမှာပဲ ဆက်အကောင်အထည် မဖော်တော့ ပဲ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကလည်း အသံတိတ်နေတဲ့အပြင် တိုက်ပွဲတွေလည်း ပိုများလာတာကြောင့် အနာဂတ် တိုင်းရင်းသားအရေးက စိတ်ပူစရာ အခြေအနေမှာ ရှိနေပြီလို့ ဆိုပါတယ်။
ဆက်လက်ပြီး ဦးနိုင်ငွေသိမ်းက “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပတ်သတ်ပြီး ကျနော်ကတော့ သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို မျှော်လင့်ချက် မရှိတော့ပါဘူး။ သူ မလုပ်နိုင်တော့ဘူးလို့ပဲ ထင်တယ်”လို့ ပြောပါတယ်။