မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းကို လှုပ်ခါခဲ့သည့် ကိုးကန့်ဒေသတိုက်ပွဲများက ပဋိပက္ခ မြင့်မားလာခြင်း၏ အတွေ့အကြုံသစ် ဟုဆိုနိုင်ပြီး သိသာသည့် အချက်မှာ မြန်မာတပ်မတော် တွေ့ကြုံနေရသည့် အခက်အခဲကို လျစ်လျူရှု့ထား၍ မရ တော့ ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၂နှစ်ကဖြစ်ခဲ့သည့် တိုက်ပွဲများပြီးနောက် ပြီးခဲ့သည့် မတ်လ ၆ရက်နေ့က လက်နက် အပြည့် အစုံ တပ်ဆင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်တို့က လောက်ကိုင်မြို့ကိုဝင်ရောက် တိုက်ခိုက်ရာ နာရီပိုင်းအတွင်း လူ ၃၀ခန့် သေဆုံးခဲ့သလို မြောက်ပိုင်း ပိုကျသော စစ်စခန်းများလည်း တပြိုင်နက် တိုက်ခိုက်ခံခဲ့ရခြင်းဖြင့် တကျော့ပြန် တိုက်ပွဲများ ပြန်လည် ထွက်ပေါ်လာသည်။
တချိန်ထဲမှာ မဟာမိတ် ပလောင်လက်နက်ကိုင်(TNLA) ကလည်း သံလွင်မြစ်အနောက်ခြမ်း လမ်းကြောင်းများကို ဖြတ် တောက်ကာ စခန်းများကို တိုက်ခိုက်ပြီး မန္တလေး- မူဆယ် အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့လိုက်သည်။
မြန်မာတပ်မတော် အနေဖြင့် အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစား တိုက်ခိုက်နေရပြီး၊ ဒါဇင်နှင့် ချီကာ ကျဆုံးမှုများ ရှိသလို ကိုးကန့်တပ်ဖွဲ့မှလည်း အတည်မပြုနိုင်သည့် အရေအတွက်များ ကျဆုံးခဲ့ရသည်။
၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလက ဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲများ၌ မြန်မာတပ်မတော်မှ အချက် အချာကျ သည့် တောင် ကုန်းများကို ပြန်လည်သိမ်းယူရန် ၃လခန့် ကြာမြင်ခဲ့သလို ရာနှင့်ချီသေဆုံး ကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။
ယခုတိုက်ပွဲများသည် ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလက ဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲများနှင့် ဆင်တူသော်လည်း ကွဲပြား ခြားနားသည့် အချက်မှာ စစ်ရေး၊ နိုင်ငံရေး အခြေအနေပင်ဖြစ်သည်။
ကိုးကန့်တပ်ဖွဲ့(MNDAA) ၊ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ရခိုင့်တပ်မတော် AA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပါဝင်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့မှာ အင်အား ၁သောင်းခန့်ရှိနေပြီး နယ်မြေ လက်လှမ်းမီမှု၊ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်မှု၊ မြို့ပြဒေသများကို တိုက်ခိုက်ရန် အသင့်ဖြစ်မှုတို့က မကြုံစဖူး မြင့်မားနေသည်။
ထိုမြောက်ပိုင်း မဟာမိတ်အဖွဲ့ကို ၂၀၁၆ နိုဝင်ဘာလတွင် တရားဝင်ဖွဲ့စည်းပြီးနောက် နယ်စပ် ကုန်သွယ်ရေး အချက်အခြာ ကျသည့် မူဆယ်နှင့် သံလွင်အနောက်ခြမ်းမြို့ အများအပြားကို အချိန်ကိုက်တိုက်ခိုက်ပြီး၊ မန္တလေး- မူဆယ်လမ်းမကြီး ယာယီဖြတ်တောက်နိုင်ခဲ့သည်။
သို့သော် မမြင်သာသည့်အချက်က မြန်မာစစ်တပ်၏ တဖြည်းဖြည်းကြီးထွားလာသော သေနင်္ဂဗျူဟာ နှင့် စွမ်းရည်အကြပ် အတည်းပင်ဖြစ်ပြီး၊ စစ်မြေပြင်လက်ဦးမှု ဆုံးရှုံးကာ ကျော်လွှားနိုင်ရန် မစဉ်း စားနိုင်ဘဲ အရည်အချင်းမီ တုန့်ပြန်ရန် ပြင်ဆင် မထားသော စိန်ခေါ်မှုများ ရင်ဆိုင်နေရခြင်းဖြစ်သည်။
မြန်မာစစ်တပ်သည် အဓိကလူမျိုးစုများကို တဖြည်းဖြည်း အင်အားပွန်းပဲ့အောင် တိုက်သောစစ်မှာ သွေးခွဲရေး အပေါ် တွင်အခြေခံပြီး၊ ၎င်း၏အင်အားများကို ရန်သူတဦးထံတွင်အာရုံစိုက် တိုက်ခိုက်ကာ ကျန်သူများကို တရားဝင် နှင့်တရား မဝင်အပစ်ရပ်ရေး စာချုပ်များဖြင့်ကြားနေပြုလုပ်ခြင်းပင်ဖြစ် သည်။
၁၉၉၀ ခုနှစ်များက ကရင်အမျိုးသားအစည်းအရုံး KNU ကိုတိုက်စဉ် KIA နှင့်အပစ်ရပ်ထားပြီး၊ ၂၀၁၂ ခုနှစ် နောက်ပိုင်း KIA ကိုတိုက်စဉ် KNU နှင့်အပစ်ရပ်သည်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကိုလည်းအပစ်ရပ်ကာ စီးပွားရေးလုပ်စေခဲ့သည်။
သို့သော် ထိုကဲ့သို့သော ခေတ်မှာ ကုန်ဆုံးသွားပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဖွဲ့စည်းခြင်း က ယင်းသွေးခွဲရေး လမ်းစဉ်ကို အပြီးသတ်ရန် ခြိမ်းခြောက်နေသည်။ ထို့အတွက် UWSA “ဝ” သည် နိုင်ငံရေးအမာခံဖြစ်လာပြီး အင်အားစုငယ် များကို ပိုမိုထောက်ပံ့နေသည့် အဖွဲ့ဖြစ်လာသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက UWSA သည် လူမျိုးစု တပ်ဖွဲ့များ ညီလာခံကို ၎င်းတို့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသတွင်ကျင်း ပပြီး၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို ဖျက်သိမ်းကာ ကုလသမဂ္ဂနှင့် တရုတ်တို့ ဦးဆောင်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သစ်ဖြင့် အစားထိုးရန် တောင်းဆိုခဲ့ရာ လူမျိုးစုအုပ်စုများ၏ အမည်မခံသော နိုင်ငံရေးခေါင်းဆောင် ဖြစ်လာသည်။
ဤကြီးမားသော အပြောင်းအလဲများကြား မြန်မာစစ်တပ်၏ အရှေ့မြောက်ဒေသအပေါ် ထိန်းချုပ်နိုင် စွမ်းမှာ ချိနဲ့လာကာ စစ်တပ်အနေဖြင့် နိုင်ငံ၏ ကျယ်ပြန့်သော အစိတ်အပိုင်းတွင် ထိန်းချုပ်မှု အားနည်းစေသည်။
ထောက်ပံရေးလမ်းကြောင်းအနေဖြင့် ကြည့်ပါက ရှမ်းပြည်မြောက်ပိုင်း လားရှိုးတွင် လေဆိပ်တခု သာရှိခြင်း၊ အဓိက လမ်းမကြီး ၂ခုမှာ သူပုန်များ မကြာခဏပိတ်ဆို့ခံရခြင်း၊ စစ်သည်နှင့် လက်နက်ကြီးများကို စစ်မျက်နှာအရောက် အကြိမ်ကြိမ် ပို့ဆောင်နေရခြင်းများက အန္တရာယ်ကြီးကာ ငွေကုန်ကြေးကျများသည်။
ထိုပြဿနာကို ကိုးကန့်တွင် အဆိုးဆုံးရင်ဆိုင်နေရကာ လေဆိပ်မရှိသည့် လောက်ကိုင်သို့ အင်အားဖြည့်ရန် လမ်းမကြီး တခုနှင့် ရဟတ်ယာဉ်များကိုသာ အားကိုးနေရသည်။
စတုရန် ကီလိုမီတာ ၁သောင်းကျော် ကျယ်ပြီး နိုင်ငံရေးအရ အရေးပါသော ကိုးကန့်ဒေသ၌ မြန်မာစစ်တပ်သည် ချောင်ပိတ်မိကာအောင်မြင်အောင်လည်း မတိုက်နိုင်၊ ဆုတ်ခွာ၍လည်း မဖြစ်သည့် အခြေအနေဟု ဆိုရမည်။
မြန်မာ့တပ်မတော်အတွက် ဒုတိယ စိန်ခေါ်မှုမှာ လူအင်အားဖြစ်ပြီး၊ တိုင်းပြည်ကို ၁၉၆၂ ခုနှစ်မှ ချုပ်ကိုင်ခဲ့သည့် စစ်တပ် တွင် အင်အား ၃သိန်းရှိသော်လည်း တိုက်ရည်ခိုက်ရည်ရှိသည့် တပ်ဖွဲ့အင်အား ချိနဲ့နေသည်မှာ ကြာပြီဖြစ်သည်။ တပ်ရင်း တရင်းလျှင် ယခင်က စစ်သည်အင်အား ၈၀၀ နီးပါးရှိသော်လည်း ယခုအခါ ၂၀၀ခန့်သာ ရှိသည်။
ထိုတပ်များ၏ တာဝန် ၂ရပ်မှာ အစိုးရထိန်းချုပ်မှုကို ပြရန် နယ်စပ်မြို့များတွင် တပ်စွဲရေး၊ သူပုန်များကို တိုက်ခိုက်ရေး၊ အကြိမ်ကြိမ်သော ထိုးစစ်များကို လျင်မြန်စွာ တုန့်ပြန်ရေးပင်ဖြစ်သည်။ သို့သော် ကိုးကန့်တိုက်ပွဲများတွင် ခြေလျင်တပ်များ အသေအပျောက်များပြီး၊ ခွင့်ရက်မရသည့်အတွက် တိုက်ခိုက်နိုင်မှု စွမ်းရည်အကန့်အသတ်ထက် ပိုရှည်ကာ အခြေအနေ ကို တိုးတက်အောင် မလုပ်နိုင်ပဲဖြစ်နေသည်။
ထိုသို့ လှုပ်ရှားနိုင်စွမ်းနှင့် လူအင်အား ပြဿနာများကြောင့် အကျိုးဆက် ၂ခု ဖြစ်လာကာ ပထမအချက်မှာ ထိုးစစ်ဆင်နိုင်မှု ကျဆင်းလာခြင်းဖြစ်ပြီး၊ လက်နက်ကြီးနှင့် လေကြောင်းအင်အားအပေါ် အလွန်အမင်း မှီခိုလာခြင်းသည်လည်း ဒုတိယ အချက်ဖြစ်လာသည်။
လွန်ခဲ့သည့် နှစ်များက စကာ လေယာဉ်၊ ရဟတ်ယာဉ်များ၏ အနီးကပ်ပစ်ကူကို ယူလာရပြီး၊ ခေတ်မမှီတော့သည့် တရုတ် လုပ် A-5 နှင့် F-7 လေယာဉ်များကို သုံး၍ တိုက်ရခြင်းက တရုတ်ပိုင်နက်ကို ကျည်ကျရောက်စေပြီး သံတမန်ရေးပြဿနာ ဖြစ်နိုင်သည်ကလည်း အဟန့်အတားဖြစ်နေသည်။
တတိယအချက်မှာကား မြန်မာစစ်တပ်သည် ကြီးမားသော ထောက်လှမ်းရေး စွမ်းရည် အကျပ်အတည်းကို ရင်ဆိုင်နေရ ကာ ၂၀၁၅ မှ ၂၀၁၇ခုနှစ်အတွင်း တပ်ဖွဲ့ဝင် ရာချီသည့် သူပုန်တို့၏ ထိုးစစ်ကို မြန်မာတပ်မတော် အကြိမ်ကြိမ် အငိုက်မိ နေခြင်းက ထိုအချက်ကို ပြနေသည်။
စစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ရာ ဒေသတွင် ထောက်လှမ်းရေး စွမ်းရည်ကင်းမဲ့နေကာ ရန်သူက စိတ်ကြိုက်လှုပ်ရှားနေပြီး အစိုးရထိန်းချုပ်ရာ မြို့များကိုပါ တိုက်လာခြင်းဖြစ်သည်။
မကြာမီလာတော့မည့် မေလ မိုးကျပါက မြန်မာတပ်မတော်အနေဖြင့် ခဏတာ သက်သာရာရမည်ဖြစ်ရာ ပွင့်လင်းရာသီ မတိုင်မီ နည်းဗျူအဆင့်ဆင့် ပြင်ဆင်ခွင့်ပေးစေကာမူ မြန်မာနိုင်ငံ မြောက်ပိုင်း၏ လက်တွေ့အခြေအနေမှာ စစ်တပ်အနေ ဖြင့် မကြုံစဖူး ဖိအားပေးခံနေရသည်ဟု ဆိုရမည်ဖြစ်ပြီး၊ နိုဝင်ဘာလ ပွင့်လင်းရာသီ ရောက်ပါ ယခုခံစားနေရသည့် အတွေ့အကြုံသစ်များကို ထပ်မံခံစားရမည်ဖြစ်သည်။
Nikkei Asian Review တွင် ဖော်ပြသည့် Anthony Davis ၏ Military under increasing strain in northern Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး Anthony Davis သည် ထိုင်းအခြေစိုက် စာရေးဆရာတဦးဖြစ်ပြီး လုံခြုံရေး သုတေသနနှင့် ကာကွယ်ရေးစာစောင် Jane’s အတွက် ရေးသားနေသူဖြစ်သည်။