ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်မှု အလွန် ကော့မှူး ရွေးကောက်ပွဲ

ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ၁ ရက်သာ လိုတော့ပေမယ့် မဲဆန္ဒရှင်ပြည်သူတွေကတော့ ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှုက နည်းပါးနေပါတယ်။ လူထုရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လျော့ကျနေပေမယ့် လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ NLD အပါအဝင် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေရဲ့ အခြေအနေတွေကြောင့် ချောင်းဆုံ၊ အမ်းနဲ့ ရှမ်းပြည်နယ် အတွင်းက မဲဆန္ဒနယ်တွေမှာတော့ ပြိုင်ဆိုင်မှု အရှိန်မြင့်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။

အဲဒီလို ပြိုင်ဆိုင်ရမယ့် နေရာမှာ လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တဦး ထပ်မံရွေးချယ်ဖို့ အပါအဝင်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မဟုတ်တော့တဲ့ ကိုယ်စားလှယ်လောင်း တယောက်အပေါ် ကော့မှူးပြည်သူတွေ ဘယ်လိုသဘောထားမလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းနေပြီး မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေး ကောက်ပွဲမှာလည်း ကော့မှူးဟာ ကိုယ်စားလှယ်လောင်း အများဆုံး ဝင်ပြိုင်မယ့်နေရာဖြစ်ပြီး တသီးပုဂ္ဂလ ၂ ဦး အပါအဝင် ကိုယ်စားလှယ်လောင်း ၉ ဦး ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကော့မှူးဒေသခံအများစုတော့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးကြသလို မဲဆွယ်မှုတွေ အားနည်းတာကြောင့် ကိုယ်စားလှယ်လောင်းတွေကို သိရှိကြမှု နည်းပါးနေပါတယ်။ မဲဆန္ဒနယ်ပြင်ပမှာ ရောက်ရှိနေကြတဲ့ သူတွေကလည်း မဲပြန်လာပေးဖို့ မသေချာတဲ့ အခြေအနေမှာရှိနေပြီး ဒီရလဒ်က NLD အစိုးရအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်တဲ့အတွက် စိတ်ဝင်စားမှှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“အလုပ်အားရင် သွားပေးမယ်၊ အလုပ်ရှိရင်တော့ သွားမပေးတော့ဘူး၊ ကြိုတင်မဲထည့်ဖို့လည်း မရှိဘူး၊ မဲထည့်ရမှာလည်း အားမပါဘူး”လို့ ဝါးသင်္ခကျေးရွာမှာ နေထိုင်တဲ့ မန်းအောင်အောင်က ဧရာဝတီကို ပြောပါတယ်။

ကော့မှူးမဲဆန္ဒနယ်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂ ဦး၊ NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊  မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီနဲ့ အမျိုးသားတိုးတက်ရေးပါတီတို့က ကိုယ်စားလှယ်လောင်းတွေ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ကော့မှူးမြို့နယ် အတွက် ဝင်ရောက်ယှဉ်ပြိုင်သူ USDP ပါတီဝင် ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်းက၂၀၁၅ ခုနှှစ် အထွေထွေ ရွေးကောက်ပွဲတုန်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရှုံးနိမ့်ခဲ့သူ ဖြစ်ပါတယ်။ သူက ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲပေးသူ ၇ သောင်းခွဲရှိတဲ့ အနက် မဲ တသောင်းခွဲကျော် ရရှိခဲ့သူဖြစ်ပြီး မဲရရှိမှု ရာခိုင်နှုန်းအားဖြင့် ၂၁ ဒသမ ၄၇ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

NLD ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးကျော်ဆွေဝင်း(ခ) ဦးအာလူးကတော့ ကော့မှူးမြို့က အထက်တန်းစာသင်ဝိုင်း တခု တည်ထောင်ထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ ဖခင်ဖြစ်သူကလည်း ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီ ကိုယ်စားလှယ်လောင်း အနေနဲ့ ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူးမဲဆန္ဒနယ်အတွင်း မဲဆန္ဒရှင်ဦးရေ ၉၄၄၅၁ ဦး ရှိပြီး မဲပေးမယ့်အရေအတွက်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ယှဉ်ရင် လျော့ကျသွားမယ့် အခြေအနေရှိနေတယ်လို့ နိုင်ငံရေးသမားအများစုက သုံးသပ်ကြပါတယ်။

ပုပ္ပါးကျေးရွာမှ ရန်ကုန်မြို့တွင် လာရောက်အလုပ်လုပ်နေသူ စတင်ဌေးလင်းကတော့ ကြားဖြတ်ရွေးကောက်ပွဲကို မဲပြန်ပေးမှာ မဟုတ်သလို စိတ်ဝင်စားမှုလည်း မရှိကြောင်း ဆိုပါတယ်။

“အဲဒီနေ့က အလုပ်မပိတ်ဘူး၊ အိမ်ကလည်း ပြန်မလာခိုင်းဘူး၊ ကိုယ်တိုင်လည်း ပြန်ပေးဖို့ အစီအစဉ်မရှိဘူး၊” လို့ သူကပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ထွက်ပေါ်လာမယ့် အနိုင်အရှုံးရလာဒ်ဟာ NLD ပါတီရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို သုံးသပ် ဆင်ခြင်နိုင်မှာဖြစ်တဲ့အတွက် အမြတ်ထွက်မယ့်ပွဲ တခုဖြစ်တယ်လို့ NLD ရဲ့ ရန်ကုန်တိုင်းဒေသကြီးဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက ပြောဆိုထားပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနဲ့၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက ကိုယ်စားလှယ်တွေ အနိုင်ရရှိခဲ့ပေမယ့် အစိုးရပိုင်းနဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေဟာ ကတိတွေ ပေးခဲ့တုန်းကလို သိသာတဲ့အပြောင်းအလဲတွေ မရှိသေးဘူးလို့ ဒေသခံတချို့က ပြောပါတယ်။

ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ပတ်သက်လို့ ရန်ကုန်မြို့တွင်းဆောက်လုပ်ဖို့လျာထားခဲ့တဲ့ တံတားစီမံကိန်းနှစ်ခု ဖျက် သိမ်းရာမှ ရလာတဲ့ဘတ်ဂျက်တွေကို ခွဲဝေရာမှာ ကော့မှူးမြို့နယ်အနေနဲ့ ဒုတိယအများဆုံးရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် အချို့က ပြောခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လက်ရှိလွှတ်တော်သက်တမ်းအတွင်း လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့လည်း မဲဆန္ဒရှင်အချို့က ဝေဖန်မှုတွေရှိနေပြီး မဲပေးဖို့ ဝေဝါးနေသူတွေလည်း ရှိနေပါတယ်။

မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက “မဲဆွယ်မှုတွေမှာ အရင်ထက်နည်းပေမယ့် အားရစရာကောင်းပါတယ်၊ အမေစု ပါတီက လူဆို စိတ်ပါဝင်စားမှုရှိကြပါတယ်၊ ကျမတို့ အနိုင်ရမှာပါ”လို့ ဆိုပါတယ်။

NLD ရဲ့အဓိက ပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအနေနဲ့လည်း ကော့မှူးမြို့နယ်အတွင်း မဲဆွယ်စည်းရုံးမှုတွေကို ဆက်တိုက်ပြုလုပ်နေပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကိုယ်တိုင် ၂ ကြိမ်ထက် မနည်း မဲဆွယ်ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေနဲ့ အခြားပါတီတွေကတော့ မဲဆွယ်စည်းရုံးတာပြုလုပ်ရာမှာ အားနည်းပြီး တချို့သော ကိုယ်စားလှယ်လောင်းတွေကို ဒေသခံတွေက လုံးဝမတွေ့ဖူးကြောင်း ပြောသူတွေလည်း ရှိနေပါတယ်။

မဲဆန္ဒရှင်ပြည်သူတချို့ကတော့ NLD အနိုင်ရပြီးနောက် အစိုးရဖွဲ့ခဲ့ပြီ ဖြစ်တဲ့အတွက် မဲပေးဖို့ မလိုအပ်တော့လို့ ထင်မြင်မိတာ၊ ယှဉ်ပြိုင်သူမှာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်တော့တာမို့ ယခင်ကလောက် စိတ်ပါဝင်စားမှု မရှိတာလည်း ဖြစ်တယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်စဉ်က ကော့မှူးမဲဆန္ဒနယ်မှာ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ ခိုင်လုံမဲ ၈၅ ရာခိုင်နှုန်းကျော်ရရှိခဲ့ပေမယ့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာတော့ ခိုင်လုံမဲ ၇၆ ဒသမ ၆၇ ရာခိုင်နှုန်းသာ ရရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ “ကျမတို့ ရွေးကောက်ပွဲစည်းရုံးရေးကာလတုန်းက ပြည်သူလူထုကို ပြောခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါ။ ကျမတို့ ကိုယ်စားလှယ်တွေဟာ မဟုတ်မမှန်တာ လုပ်လို့ရှိရင် ကျမတို့ ကိုယ်တိုင် တာဝန်ယူပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပါမယ်ဆိုပြီးတော့ ကတိပေးခဲ့ပါတယ်။ ဒီကတိအတိုင်းလည်း ဆောင်ရွက်ခဲ့ပါတယ်။

ဒီတနှစ်အတွင်းမှာ အဖွဲ့ဝင်တွေထဲက ကျမတို့ ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်ထဲက တိုင်းပြည် ရဲ့ တာဝန်ကို မကျေပွန်ဘူးလို့ မြင်ခဲ့တာရှိပါတယ်။ ဒါမှမဟုတ် ကျမတို့ပါတီရဲ့ စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာတာတွေလည်း တွေ့ခဲ့ရပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကိုလည်း စည်းမျဉ်းစည်းကမ်းအရ အရေးယူပါတယ်။ နောင်လည်း ဒီလိုပဲ ဆက်ပြီးတော့ လုပ်သွားမှာပါ။” လို့ နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်မှု အလွန် ကော့မှူးပြည်သူတွေရဲ့ NLD ပါတီအပေါ် ယုံကြည်အားကိုးမှုကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲဟာ NLD ပါတီအပေါ် ပြည်သူတွေရဲ့ အားပေးထောက်ခံမှု အခြေအနေမှန်ကို ထင်ဟပ်စေမှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနိုင်ရခဲ့ပြီးနောက် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်လွှတ်တော် ၂ ခုကလွဲရင် ကျန်ရှိတဲ့ လွှတ်တော်အသီးသီးမှာ နေရာယူနိုင်ခဲ့ပြီး NLD အစိုးရ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

Loading