ဆောင်းပါး

မဲရုံထဲက မငွန်ကိပ်ထလွဲ

ဒီမိုကရေစီနိုင်ငံတော်အတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲမှာ တထောင့်တနေရာက ပါဝင်ခွင့်ရလို့ ဂုဏ်ယူရပါတယ်လို့ ဆိုလာသူက မသန်စွမ်း အမျိုးသမီးတဦး ဖြစ်သူ မငွန်ကိပ်ထလွဲ ဖြစ်ပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့မှာ ဧပြီ လ ၁ ရက်နေ့ က ကျင်းပတဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ ရပ်ကွက် အမှတ် ၁၊ မဲရုံ ၁ မှာ  မဲရုံ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်တာပါ။ ခြေထောက်တဖက်မသန်လို့ လမ်းမလျှောက်နိုင်တဲ့ သူ့အတွက် လူရာချီ မဲလာပေးတဲ့ မဲရုံမှာ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ရမယ်လို့ သိခဲ့ရချိန်မှာ မဖြစ်ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့သူပါ။

မငွန်ကိပ်ထလွဲ ဟာ မသန်စွမ်းသူ ဖြစ်နေပေမယ့် မဲရုံအဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရခဲ့သူပါ။ သူ့ဘ၀ တလျှောက်လုံး လူကောင်းတွေလို တန်းတူ မသွားနိုင်၊ မလှုပ်ရှားနိုင်လို့ အားငယ်ခဲ့ရတယ် လို့ ဆိုပါတယ်။

စီးပွားရေးတွေအောင်မြင်ပြီးချမ်းသာတယ်လို့ အဓိပ္ပါယ် ရတဲ့ ငွန်ကိပ်ထလွဲ ဆိုတဲ့အမည်ကို အဒေါ်ဖြစ်သူက ပေးခဲ့တယ်။ အောင်မြင်ချမ်းသာစေချင်လို့ အဲဒီအမည် ပေးခဲ့ပေမယ့် ထန်တလန်ဇာတိသူ မငွန်ကိပ်ထလွဲ အသက် ၂ နှစ် အရွယ်မှာ ကိုယ်တွေပူ အဖျားကြီးနေခဲ့ပြီး အဲဒီနေ့ မနက်လင်းချိန် အိပ်ရာက ထတဲ့အချိန်မှာ ခြေထောက်တဖက်က လိမ်ကွေး နေပြီးတော့ လမ်းလျှောက်လို့ မရတော့ပါဘူး။

ပိုက်ဆံမရှိလို့ မန္တလေးမြို့ကို တက်ပြီးလည်း ဆေးမကုနိုင်ပါဘူး။ လမ်းမလျှောက်နိုင်တဲ့ခြေထောက်တဖက်ကို တောထဲက ဆေးမြစ်တွေပြုတ်ပြီး လိမ်းရာကနေ ခြေထောက်ထောက် နည်းနည်းပြန်ကောင်းလာပြီး မတ်တပ် ရပ်လာနိုင်တယ်။ လူကောင်းတဦးလို ပုံမှန် လမ်းလျှောက်သွားဖို့ထိတော့ ကောင်းမလာပါဘူး။ အိမ်နီးနားချင်း တွေ ပြောစကားအရ အဲဒါပိုလီယိုဖြစ်တာ ဆိုတာပဲ သတ်မှတ်လိုက်တယ်လို့ မငွန်ကိပ်ထလွဲ ရဲ့ အမ က ပြောပါတယ်။

အဲဒီအချိန်ကစလို့ ကစားတာ၊ အိမ်အပြင်ထွက်တာတွေ မရှိခဲ့တော့ပေမယ့် ကျောင်းတက်ချိန်မှာတော့ အိမ်ကမိဘက ထားပေးပါတယ်။ သူများနည်းတူလမ်းမလျှောက်နိုင်၊ မသွားနိုင်လို့ သူငယ်ချင်းတွေက ကျောပိုးပြီး ပို့ပေးပေမယ့် ၅ တန်းထိပဲ ကျောင်းနေခဲ့တယ်လို့ မငွန်ကိပ်ထလွဲ ကဆိုပါတယ်။

လေးငါးလှမ်းလောက်သွားပြီးရင် ခြေထောက်ကနာလာတဲ့အတွက် အကြာကြီးလမ်းမလျှောက်နိုင်ဘူး၊ နားလိုက် သွားလိုက်အနေအထားမှာ ကျောင်းတက်၊ ကျောင်းဆင်းချိန် ဒုက္ခရောက်ခဲ့ရတယ်။အဲဒါကြောင့် ကျောင်း ထွက်ပြီး အိမ်မှာပဲနေတယ်။ တရက်တော့ အမ ရှိတဲ့ရွာကို အလည်သွားချင်လွန်းလို့ လျှောက်လိုက် နားလိုက်နဲ့ ရှစ်မိုင်ခရီးကို တနေကုန် ကြာတယ်။

ခြေထောက်တဖက် မသန်တာကို မလှမှာစိုးလို့ ချိုင်းထောက်မသုံးဘူး လို့ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ မငွန်ကိပ်ထလွဲ ကဆိုပါတယ်။ ခုခေတ်ကတော့ ဆိုင်ကယ်ပေါ်ပြီဆိုတော့ ဆိုင်ကယ်နဲ့ကားနဲ့ သွားတာပေါ့ လို့လည်း ဆိုပြန်ပါတယ်။

“ငယ်တုန်းက အားငယ်ခဲ့တာပေါ့၊ ဘဝက ခက်ခဲတယ်၊ မသန်စွမ်းတယောက် အတွက်ဘာမှ လုပ်စရာမရှိခဲ့လို့ စားဝတ်နေရေး ခက်ခဲတယ်” လို့ မငွန်ထလွဲက ပြောပါတယ်။ ပင်လယ်ရေမျက်နှာပြင် ပေ ၅ထောင်နီးပါးမြင့်တဲ့ ထန်တလန်မြို့မှာ စိုက်ပျိုးရေးက အဓိကလုပ်ငန်းဖြစ်တယ်။

အိမ်နီးနားချင်း ရွယ်တူ မိန်းကလေးတွေ အလုပ်လုပ်ရင်း ပိုက်ဆံတွေရတော့ အားကျခဲ့ရတယ်။ အိမ်အလုပ်က လွဲလို့ လုပ်စရာမရှိတဲ့ မငွန်ကိပ်ထလွဲ က ငါးဖမ်းပိုက်ယက်နည်း သင်ကြားပြီးတော့ သူ့အတွက် အဆင်ပြေ စေတဲ့ အလုပ်တခုရှိခဲ့တယ်။ အပျိုဘ၀ ကတည်းက အိမ်ထဲမှာထိုင်ပြီး ငါးဖမ်းပိုက်ယက်တဲ့ အသက်မွေး ဝမ်းကျောင်း အလုပ်လုပ်ရင်း ခုချိန်မှာ ကလေး ၃ ယောက်အမေ ဖြစ်နေပါပြီ။

”ဘုရားသခင်ကျေးဇူးကြောင့် အိမ်ထောင်လည်း ကျတယ်။ ကလေးလည်း ရှိတယ်ဆိုတော သူ့အတွက် မသန်စွမ်း ဖြစ်ပေမယ့် စိတ်သက်သာရရတယ်” လို့ မငွန်ကိပ်ထလွဲ ရဲ့ အမဖြစ်သူကဆိုပါတယ်။

ငါးဖမ်းပိုက်တခုရဖို့ တလကြာ ယက်လုပ်ရတဲ့ သူ့အတွက် တခုပြီးရင် ငွေကျပ်ခြောက်သောင်း ရတယ်။ အိမ်မှာထိုင်လုပ်ရတာဖြစ်ပေမယ့် အကြာကြီးမလုပ်နိုင်လို့ တစ်နေ့ကို နာရီနည်းနည်းပဲ လုပ်ရတယ်လို့ ဆိုပါတယ်။ ငါးဖမ်းပိုက်ယက်ရောင်းတဲ့ငွေနဲ့ တမိသားစုလုံး အိမ်ရဲ့မီးဖိုချောင်စရိတ်ကာမိတယ်လို့ မငွန်ကိပ်ထလွဲက ပြောတယ်။

သို့ပေမယ့် အကြီးဆုံးသားက ကိုးတန်းရောက်ပြီဆိုတော့ ကျောင်းကောင်းကောင်းမှာထားဖို့ စရိတ်လိုတယ်။ အဲဒီအတွက် ပူပင်သောက ရောက်နေရတယ်လို့ ဆိုတယ်။ အမျိုးသားကတော့ တောင်သူ အလုပ်နဲ့ အသက်မွေးတဲ့အတွက် စားဝတ်နေရေး မပူရပေမယ့် သားသမီးတွေ ပညာတတ်ဖြစ်စေချင်တဲ့အတွက် ရှေ့ရေးကို ပူပန်မိတယ်လို့ ဆိုပါတယ်။

ကိုယ်ကိုယ်တိုင်က မသန်စွမ်းသူ တယောက်ဖြစ်သလို ထန်တလန်မြို့မှာ ဖွဲ့စည်းထားတဲ့ ချင်းမသန်စွမ်းသူများ အသင်းမှာလည်း အသင်း ဘဏ္ဍာရေးမှူးအဖြစ် မငွန်ကိပ်ထလွဲ က တာဝန်ယူထားပါတယ်။ ဘဝတူ မသန်စွမ်းသူ တွေထဲမှာ ပညာဆက်သင်ချင်တယ်ဆိုရင် အသင်းက ပညာသင်စရိတ်ထောက်ပံ့ပေးတယ် လို့ဆိုပါတယ်။

၂၀၁၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ ချင်းပြည်နယ် ထန်တလန်မြို့နယ် မှာ လူဦးရေ ၅ သောင်းကျော်ရှိရာမှာ သုံးထောင်ကျော် (ရာခိုင်နှုန်းအားဖြင့် ၆ ရာခိုင်နှုန်း) မသန်စွန်းသူဖြစ်တယ်လို့  သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။

ချင်းမသန်စွမ်းသူများအသင်းမှာ အသင်းဝင်ထားသူ ၃၀ ဦးဝန်းကျင် ရှိတယ်လို့ မငွန်ထလွဲ က ဆိုပါတယ်။ မသန်စွမ်းသူ ဖြစ်ပေမယ့် တချို့ကလည်း အသင်းမဝင်ကြဘူး။ အသင်းဝင် ဖြစ်အောင် သူတို့ကို ဆွေးနွေး ပြောပြရတယ်လို့ မငွန်ထလွဲ က ဆိုပါတယ်။

မသန်စွမ်းသူတွေရဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေ ဝေမျှရာနေရာ ဖြစ်သလို ဘဝတူတွေကို အားပေးနှစ်သိမ့်ရင်း ကိုယ့်ကိုယ်ကိုယ် အားပြန်ဖြည့်ရတယ် လို့လည်း သူက ပြောပါတယ်။

ဒီကနေ့လို နိုင်ငံတော်အတွက် အရေးပါတဲ့ တထောင့်ကနေ ပါဝင်ရခြင်းက မသန်စွမ်းတွေ အတွက် စိတ်ဓာတ် ခွန်အား မြင့်တင်ပေးရာ ရောက်တယ်လို့ မငွန်ထလွဲက ဆိုပါတယ်။ နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ မဲဆန္ဒနယ်မြေ ဖြစ်တဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မငွန်ကပ်ထလွဲ လိုပဲ အခြားမသန်စွမ်းသူ ၂ ဦးလည်း မဲရုံ အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။

မသန်စွမ်း မဲဆန္ဒရှင်များ သွားလာရေး အဆင်ပြေရေးရှိ၊ မရှိနဲ့ မဲပေးရာမှာ အခက်အခဲရှိ၊ မရှိကို စောင့်ကြည့်တာ ဖြစ်တယ် လို့ ချင်းမသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဦးထောင်နှင်းက ဆိုတယ်။

ထန်တလန်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် မသန်စွမ်းမဲဆန္ဒရှင် ၃၅ ဦး ရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်စာရင်းအရ သိရတယ်။ မသန်စွမ်းသူများထဲမှာ စကားမပြောတတ်သူ၊ မျက်စိမမြင်သူနဲ့ ခြေထောက် မသန်စွမ်းသူတွေ ပါဝင်ပါတယ်။ ထန်တလန်မြို့ပေါ်က မဲရုံမှာလည်း မသန်စွမ်းသူတွေ မဲပေးလို့ရအောင် လှေကားတွေ၊ မြောင်းတွေကို တပြေးညီ ခင်းပေးထားတာ တွေ့ရတယ်။

ထန်တလန်မြို့ လူဦးရေရဲ့ ၆ ရာခိုင်နှုန်းရှိနေတဲ့ မသန်သော်လည်းစွမ်းသူတွေကို နေရာပေးတာ၊ ပါဝင်ခွင့် ပေးတာကို ကျေးဇူးတင်တယ်။ မဲရုံအဖွဲ့ဝင်အဖြစ် လက်ခံထားပေမယ့် မဲရုံနဲ့ဆိုင်တဲ့ သင်တန်းတွေကို စောစော ကတည်းက ခေါ်မပေးထားတဲ့အတွက် မသန်စွမ်းတွေဟာ မဲရုံအတွင်းမှာ မဲပေးတဲ့ မဲဆန္ဒရှင် လက်သန်းကို မင်တို့ပေးသူ အဖြစ် ဆောင်ရွက်ရတယ်လို့ ဦးထောင်နှင်းကဆိုပါတယ်။

မဲရုံသင်တန်းတွေသာ တက်ခွင့်ရမယ်ဆိုရင် ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်ခွင့်ရမယ်လို့ သူကပြောပါတယ်။

ဧပြီ ၁ ရက်နေ့မှာကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ထန်တလန်မြို့ပေါ်က မဲရုံအမှတ် ၁ ထဲက မငွန်ကပ်ထလွဲ တယောက် သူ့နေရာမှာထိုင်ပြီး မဲလာပေးသူ မှန်သမျှရဲ့ လက်သန်းတွေကို ဂုဏ်ယူ ဖော်ရွှေ စွာနဲ့ မင်တို့ပေးနေပါတယ်။

Loading