ဧပြီ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက မြို့နယ် ၂၂ ခုအတွက် ပါတီ ၂၄ ခုနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် အပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒီကနေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ပြည်သူလူထု စိတ်ဝင်စားမှု နည်းပါးခဲ့ပြီး အချို့နေရာတွေမှာ မဲပေးခွင့်ရှိသူရဲ့ ထက်ဝက်ခန့်တောင် လာရောက် မဲပေးတာ မရှိခဲ့ပါဘူး။ ဒီကနေ့မှာ ပြည်သူတွေရဲ့ မဲပေးမှု အခြေအနေ၊ ပါတီတွေရဲ့ ယှဉ်ပြိုင်မှုတွေကို ဧရာဝတီသတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ် အမ်းမဲဆန္ဒနယ်မှာတော့ တပ်မဲဆန္ဒနယ်ထဲက မဲတွေကို USDP ပါတီက အသာရနေတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ဦးဇော်ဝင်းမြင့်က ဧရာဝတီကို ပြောပါတယ်။
အမ်းရဲ့တပ်နယ်တွေထဲက စုစုပေါင်း ၃၄၀၀ ကျော်သောမဲတွေကို NLD နဲ့ ရခိုင်အမျိုးသားပါတီက ရတဲ့မဲတွေဟာ ရာဂဏန်းလောက်တောင် မရှိနိုင်ဘူးလို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ တပ်နယ်ထဲမှာ မဲပေးမှု ပြီးစီးသွားပြီ ဖြစ်ပါတယ်။ အထက်ပါ အချက်အလက်ကိုတော့ ဧရာဝတီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
‘‘NLD နဲ့ ANP က တပ်မဲရရင်လည်း တရာတောင် မပြည့်နိုင်ဘူး ထင်ပါတယ်’’ လို့ ဦးဇော်လွင်မြင့်က ပြောပါတယ်။
NLD ကိုယ်စားလှယ်ကတော့ သူ့ အနေနဲ့ကတော့ အမှတ် ၁ မဲဆန္ဒနယ်က မဲတွေနဲ့ အသာစီးရမယ်လို့ မျှော်မှန်း ထားပါတယ်။ ဒါပေမယ့် မဲလာရောက်ပေးသူ အင်မတန် နည်းကြတဲ့အတွက် ရရှိနိုင်မယ့် ခိုင်လုံမဲ အရေအတွက် လျော့ကျသွား နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးခိုင်မျိုးလင်းပြောပြချက်အရ အမ်းမဲဆန္ဒနယ်မှာ စုစုပေါင်း မဲရုံ ၁၃၇ ရုံရှိပြီး တော့ မဲပေးပိုင်ခွင့်ရှိသူ ခုနစ်သောင်းငါးထောင်ဝန်းကျင်ရှိတယ်လို့သိရပါတယ်။
အမ်း မဲဆန္ဒနယ်ရဲ့ အနိုင်မဲတွေဟာ ကျေးရွာတွေမှာတည်ရှိနေတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတချို့ကလည်း ရူးနဲ့ တပ်တောင်တို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၃၀၀ ဝန်းကျင် ပါမလာလို့ တိုင်တန်းမှုတွေရှိနေတယ်လို့လည်း ပြောဆိုကြပါတယ်။
ပဲခူးတိုင်း
ပဲခူးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ်မြေမှာတော့ လာရောက်မဲပေးသူတွေ နည်းပါးကြောင်း၊ မဲပေးမှုနှင့် ပတ်သက်ပြီး ပြဿနာ တစုံတရာ မရှိကြောင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ကိုယ်စားလှယ်လောင်း ဦးဌေးနိုင် က ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် မဲရုံ စုုစုပေါင်း ၆၄ ရုံရှိပြီး ညောင်လေးပင် မြို့နယ်တွင် မဲရုံ ၆၁ ရုံရှိသည်။ မဲစာရင်းတွင်ပါဝင်သည့် လူဦးရေမှာ စုစုပေါင်း ၃၂၁၅၀၄ ဖြစ်ပါတယ်။
ပဲခူးတိုင်းဒေသကြီး အမှတ် ၄ မဲဆန္ဒနယ်မြေတွင် USDP ပါတီအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF)၊ ပြည်ထောင်စု လယ်သမား၊ အလုပ်သမားအင်အားစုပါတီ၊ အမျိုးသား တိုးတက်ရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) တို့မှ ကိုယ်စားလှယ်များ ဝင်ရောက် ရွေးချယ်ခံကြပါတယ်။
NLD ပါတီ၏ ကိုယ်စားလှယ်လောင်း ဒေါ်စန်းစန်းမြင့် က “လာပြီးမဲပေးတဲ့လူတွေ နည်းနေပေမယ့် ကျမတို့ အနိုင် ရလိမ့်မယ်လို့ ယုံကြည်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောပါတယ်။
ကယားပြည်နယ်
ကယားပြည်နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ ဖရူဆို မဲဆန္ဒနယ်မြေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကိုယ်စားလှယ်လောင်းတင်သွင်းမှု နောက်ကျခဲ့သဖြင့် ဝင်ရောက်ရွေးချယ်ခံနိုင်မှု မရှိဘဲ လူမျိုးပေါင်းစုံဒီမိုကရေစီ ပါတီ (ကယားပြည်နယ်)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အမျိုးသား တိုးတက်ရေးပါတီ တို့သာ ရွေးချယ် ခံနေကြပါတယ်။
ထိုမဲဆန္ဒနယ်မြေတွင် မဲပေးသူတွေနည်းသော်လည်း တစုံတရာ ပြဿနာဖြစ်ပွားမှု မရှိကြောင်း၊ ကြံ့ခိုင်ရေး ပါတီ အနိုင် ရလိမ့်မည်ဟု သုံးသပ်မှုများ ရှိနေသော်လည်း NLD ကိုပေးမည့် မဲများသည် လူမျိုးပေါင်းစုံဒီမိုကရေစီ ပါတီ (ကယားပြည်နယ်) ထံရောက်ရှိသွားသဖြင့် ထိုပါတီနှစ်ခုမှာ အပြိုင်အဆိုင် ဖြစ်လိမ့်မည်ဟု ဆိုသည်။
ရန်ကုန်တိုင်း
ရန်ကုန် မြို့တွင်းက မြို့နယ်များ ဖြစ်သော လှိုင်၊ လသာ၊ ကမာရွတ်၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်းမြို့နယ်တွင်ရှိသော မဲရုံများတွင် လာရောက်မဲပေးသူ အရေအတွက်မှာ လွန်စွာနည်းပါးနေကြောင်း အဆိုပါ မဲရုံးများထံသို့ ကွင်းဆင်း မေးမြန်း ချက်များ အရသိရသည်။
လိုင် ၁၂ ရပ်ကွက် မဲရုံ ၁ တွင် လာရောက်ထည့်သည့် မဲဆန္ဒရှင်တဦး ဖြစ်သူ ဒေါ်ငြိမ်းငြိမ်းမြတ်က “ ဟိုတုန်းက ထည့်ရတာပိုတက်ကြွတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ထည့်ရတာဖြစ်တော့ အားရှိတယ်”ဟု ပြောသည်။
အမျိုးသားလွှတ်တော်နေရာတွင် အမျိုးသားဒီမိုကရေစီအင်အားစု ( NDF )မှ ဦးခိုင်မောင်ရည်၊ ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးခင်မောင်အေး၊ တသီးပုဂ္ဂလကိုယ်စားလှယ်မှ ဒေါ်နီလာအုန်း၊ အမျိုးသားဒီမိုကရေစီမှ ဒေါက်တာမောင်မောင်နှင့် အမျိုးသားတိုးတက်ရေးပါတီမှ ဦးသက်ထွန်း စသည့် ကိုယ်စားလှယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။
လှိုင် ၁၂ ရပ်ကွက်အတွင်းရှိ မဲရုံများကို စောင့်ကြည့်လေ့လာနေသည့် နယူးမြန်မာဖောင်ဒေးရှင်းမှ မစိုးစိုးဦးကလည်း ယနေ့ ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေ အားနည်းခြင်းနှင့် ပတ်သက်ပြီး “ပြည်သူတွေက အသိပညာသိပ်မရခဲ့ဘူး အချိန်ကလဲနည်း ရာသီဥတုကလဲပူတယ် ခရီးသွားရာသီလည်းဖြစ်နေတယ်၊ နောက်ပြီးတော့ ဒီမဲထည့်လို့ဘာထူးခြား ပြောင်းလဲလို့လဲ စားဝတ်နေရေး ဘာပြောင်းလဲမှာမို့လို့လဲဆိုတဲ့ အတွေးတွေဝင်ပြီး မလာတဲ့သူတွေလည်း ရှိတယ်။ အဓိကက ဆင်းရဲသားတွေများတဲ့ နေရာမှာ မဲဆန္ဒရှင်တွေ များတယ်”ဟု ပြောသည်။
လှိုင်သာယာမြို့နယ် ၁၂ ရပ်ကွက်အတွင်းရှိ အလက ၁၁ မဲရုံတွင် မဲပေးပြီးသူ အမျိုးသားတဦးမှ အခြားအမျိုးသမီး ၂ ဦး ကိုယ်စား မဲပေးမှုကြောင့် မဲမသမာပြုလုပ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ခဲ့သည်။
ကော့မှူးမြို့နယ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်မြေဟောင်းဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ ပြည်သူ့လွှတ်တော်အတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြုလျက်ခဲ့ရာမှာ မဲပေးသူအရေအတွက်က ၂၀၁၅ ရွေးကောက်ပွဲနဲ့စာရင် နည်းပါးခဲ့ပါတယ်။
မဲဆန္ဒရှင် ၉၄၄၅၁ ဦးရှိတဲ့ ကော့မှူးမြို့နယ်မှာ တောင်ချောင်ကျေးရွာမှာတော့ ကြိုတင်မဲ ၃၃ မှာ ရွေးကောက်ပွဲ ကော်မရှင် တံဆိပ်တုံးနှင့် မပါရှိတဲ့အတွက် ၎င်းမဲတွေကို ဥပဒေအတိုင်းသာ ဆောင်ရွက်သွားဖို့လည်း လုပ်ဆောင် နေကြပါတယ်။
မဲပေးသူအချို့ကို တွေ့ဆုံမေးမြန်းမှုတွေအရ ဒေါ်အောင်ဆန်းစုကြည် အပေါ်ယုံကြည်မှုကြောင့် NLD ပါတီကို မဲပေးခဲ့သူတွေဖြစ်တယ်လို့ပြောဆိုခဲ့ကြပြီး ကြံ့ခိုင်ရေးပါတီကို မဲပေးခဲ့သူတွေကတော့ ဒေသခံဖြစ်တဲ့ ကိုယ်စားလှယ်လောင်းအပေါ် ယုံကြည်၍ မဲပေးခဲ့တာဖြစ်တယ်လို့ ပြောကြပါတယ်။
အချို့သောမဲဆန္ဒရှင်တွေကတော့ ယခုရွေးကောက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲထက် ကိုယ်စားလှယ်လောင်း အရေအတွက်များပြီး ပါတီတွေရဲ့ အသိပညာပေးမှုနည်းတာကြောင့်လည်း မဲပေးရွေးချယ်ရာမှာ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
ပါတီတံဆိပ်ဆင်တူတွေ ဖြစ်နေတာကြောင့် သက်ကြီးပိုင်းမဲဆန္ဒရှင်အချို့မှာ ဒေါင်းတံဆိပ်ကိုသာမဲပေးခဲ့ တယ်လို့ပြောဆိုကြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကြောင့် ပါတီတံတိပ်ကိုမှတ်သားကာ မဲပေးသူတွေလည်းရှိခဲ့ပါတယ်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် ရှိသော်လည်း နေ့လယ်အချိန်အထိ မဲလာပေးသူ နည်းပါးပြီး မဲစာရင်းတွင် မပါတဲ့အတွက် မဲပေးခွင့်မရ၍ ပြဿနာအနည်းငယ်ရှိခဲ့ကြောင်း သိရပါတယ်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ၉၂ ရပ်ကွက်ကော်မရှင် ဥက္ကဋ္ဌ ဦးခင်ဆန်းက “စနေနေ့ဖြစ်တော့ အလုပ်တွေမနားတာရယ်။ စားဝတ်နေရေးအတွက် လုံးပမ်းနေရတော့ နိုင်ငံရေးကိုစိတ်မဝင်စားတာရယ်။ ပါတီနိုင်ငံရေးကိုစိတ်ဝင်စားမှု လျော့နည်းလာတာ တွေရယ်ကြောင့် မဲလာပေးမှု တော်တော်နည်းပါတယ်။ ဒါတောင် ညက ရပ်ကွက်ထဲ လိုက်ပြီး အသံချဲ့စက်နဲ့ နှိုးဆော်ထား သေးတယ်” ဟု ဧရာဝတီကိုပြောပါတယ်။
ယင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၉ ခုရှိပြီး မဲပေးပိုင်ခွင့်ရှိသူဦးရေ ၈၆၃၄၃ ဦးရှိပါတယ်။
“မနှစ်က ၂၀၁၅ က NLD ကိုပေးခဲ့ပါတယ်။ ခုတော့ စိတ်ပျက်လို့ ဘယ်သူမှမပေးချင်တော့ဘူး။ ကြံ့ခိုင်ရေး ကျတော့လည်း တဗို့တည်းကြည့်သူတွေ။ NLD ကျတော့လည်း ထင်သလောက် မဟုတ်ပါဘူး။ ကိုယ်တွေက ဘဝသမားတွေဆိုတော့ ကိုယ်လုပ်မှ ကိုယ်စားရမှာပဲ” လို့ ဒဂုံဆိပ်ကမ်းမြို့နယ်နေ ဆိုက်ကားဆရာတဦးက ပြောပါတယ်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ကိုယ်စားလှယ်လောင်း ၄ ဦးနှင့် တသီးပုဂ္ဂလကိုယ် စားလှယ် တဦးဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း)
ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် နိုင်ငံရေးပါတီ ၅ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသော်လည်း ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းပါးကြောင်း၊ ရပ်ကွက်တချို့တွင် အခြေ အတင် ပြဿနာ အနည်းငယ် ဖြစ်ပွားခဲ့ကြောင်းရပ်/ကျေးကော် မရှင်အဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရပါတယ်။
“အပြောင်းအလဲအတွက် မဲထည့်ပေးခဲ့ကြပေမယ့် ခုအချိန်မှာဘာမှမထူးဘူး ဆိုပြီးပြောကြတယ်။ လက်လုပ် လက်စားသမားတွေ များတယ်ဆိုတော့ သူတို့အတွက် စားဝတ်နေရေးပေါ့။ ကော်မရှင်အဖွဲ့ဝင်ဖို့တောင် မနည်းလိုက်ခေါ်နေရတဲ့အဖြစ်” ဟုဒဂုံမြို့သစ် (အရှေ့ပိုင်း) ၂ ရပ်ကွက် ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောပါတယ်။
ယင်းမြို့နယ်တွင် ရပ်ကွက်ပေါင်း ၃၁ ရပ်ကွက်ရှိပြီးမဲပေးပိုင်ခွင့်ရှိသူ ၉၆၆၂၈ ဦးရှိကြောင်းသိရပါတယ်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) ၄ ရပ်ကွက်တွင် မဲပေးသူတဦးက NLD လက်ကမ်းစာစောင်ကို ယူလာပြီးမဲလာပေးသည့် အတွက် အနည်းငယ် အခြေအတင် ဖြစ်ခဲ့သော်လည်း ပြေလည်မှုရသွားကြောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေကျော်က ပြောပါတယ်။
ထို့အပြင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဈေးအနီးတွင် NLD အလံစိုက်ထူထားသည်ဟု ဆိုကာ မြို့နယ် USDP အဖွဲ့ဝင်တဦးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ စကားအခြေအတင်ဖြစ်ခဲ့ကြောင်း၊ ယင်းအခြေအနေနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကော်မရှင်ဥက္ကဋ္ဌနှင့် မြို့မရဲစခန်းတို့ကိုဝတ္တရားနှောင့်ယှက်မှု ဖြင့် တိုင်ကြားထားသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြီးမြင့်က ဧရာဝတီကိုရှင်းပြပါတယ်။
ယင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်အတွက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ လူ့ဘောင်သစ် ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)တို့မှ ကိုယ်စားလှယ် ၅ ဦးဝင်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရပါတယ်။