ကျနော် တွေ့ခဲ့ ဖူးသူတွေထဲမှာ အက်ဖရန် ကော်နတ်ဆာ Efren Cornessa က အသိမ်မွေ့ဆုံး လူတယောက် ဖြစ်ပါလိမ့်မည်။ ရက်အနည်းငယ် နေမကောင်းဖြစ်ခဲ့ပြီး သက်သာလာခါစ ဖြစ်ပေမယ့် အမြဲတမ်းပြုံးပြီး သည်းခံနေနိုင်သူလည်း ဖြစ်သည်။
သွေးတိုးရောဂါကြောင့် နေရောင်အောက်မှာ သူ အလုပ်ကြာကြာ မလုပ်နိုင်တော့ပါ။ ထို့ကြောင့် တာလစေး Talisay မြို့၏ လမ်းများပေါ် မနက် ၄ နာရီမှ ၆ နာရီ အတွင်း တံမြက်စည်းလှည်းရသည့် အလုပ်ကို ပြောင်းလုပ်ခဲ့ရသည်။ တာလစေးမြို့က ဖိလစ်ပိုင်နိုင်ငံ နီဂရော့စ် Negros ကျွန်းပေါ်မှာ ရှိပြီး တရားဝင် အမည်မှာ Talisay Negros Occidental ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် အဌမမြောက် လူနေအထူထပ်ဆုံး မြို့ပြဧရိယာ ဖြစ်သည့် ဘာကိုလော့ Bacolod မြို့တော်၏ တစိတ်တပိုင်းလည်း ဖြစ်ပါ သည်။
ပြီးခဲ့သည့် နှစ်နိုဝင်ဘာလက အက်ဖရန် ကော်နတ်ဆာနှင့် ကျနော် ပထမဆုံး တွေ့စဉ်က သူ့အိမ်ရှေ့တွင် ကုန်စုံဆိုင်လေး တခု ဖွင့်ထားသည်။ ကုန်ပစ္စည်းများကို ဒေသတွင်းက လက်ကားဈေးမှာ သွားဝယ်ပြီး ဆိုင်မှာ ပြန်ရောင်းခြင်း ဖြစ်သည်။ ပစ္စည်းတွေ ဖြည့်တင်းနိုင်ဖို့ လက်ကားဈေးကို ရက်ခြားဆိုသလို သွားနေခဲ့ရသည်။ ယခုတော့ သူ့ဆိုင်လေး ပိတ်ထားရပြီ ဖြစ်သည်။
ကျနော်တို့ကို ဘာကိုလော့ မြို့တော် ပတ်ဝန်းကျင်က တောလမ်းလေးများသို့ လမ်းပြခေါ်သွားရင်း အလုပ်ကြမ်း လုပ်ခဲ့စဉ် က အကြောင်းများကို အက်ဖရန် ကော်နတ်ဆာက ပျော်ပျော်ရွှင်ရွှင်နှင့် ပြန်ပြောပြသည်။
နီဂရော့စ် ကျွန်းက ကြံစိုက်သည့် နယ်မြေဖြစ်သည်။ မျက်စိနှင့် မြင်နိုင်သမျှ အထိ ကြည့်လိုက်တိုင်း ကြံခင်းများကိုသာ ပင်လယ်ပြင်လို မြင်နေရသည်။ ကြံခုတ်သည့် အချိန်ဆိုလျှင် ကျွန်းပေါ်က လမ်းတိုင်းတွင် လတ်လတ်ဆတ်ဆတ် ခုတ်ပိုင်းထားသော ကြံပင်များ တနင့်တပိုး တင်ဆောင်ထားသည့် ကုန်တင်ကားများက သကြားစက်များ ဆီသို့ ဦးတည်သွားနေသည်ကို တွေ့ရမည် ဖြစ်သည်။
မြေယာပြုပြင်ပြောင်းလဲရေး သို့မဟုတ် ၎င်း၏ ကျဆုံးမှုများက နီဂရော့စ် ကျေးလက်ဒေသ၏ ဘဝကို ပိုမိုထင်ရှားစေခဲ့ သည်။ ခြံဝန်းကျယ်ကြီးများထဲတွင် အိမ်ကြီးရခိုင်နှင့် နေထိုင်သူများ (မြေပိုင်ရှင်ကြီးများ) က ကျယ်ပြန့်သော မြေယာ အများစုကို ပိုင်ဆိုင်ထားပြီး ကျေးလက်ဒေသကို လွှမ်းမိုးထားဆဲ ဖြစ်သည်။
အတိတ်ကဆိုလျှင် ကြံခင်းကြီးများထဲတွင် ရာထောင်ချီသော အလုပ်သမားများ ရှိနေခဲ့သည်။ အချို့ကတော့ အမြဲတမ်း အ လုပ်သမားများ ဖြစ်ကြသည်။ သူတို့ထဲမှ အချို့သာလျှင် မြေရှင်တို့၏ အိမ်ကြီးပေါ်သို့ ရှားရှားပါးပါး ရောက်ဖူးကြသည်။ သို့သော်လည်း ထိုကဲ့သို့ တောက်ပသော နေ့ရက်များက ကုန်ဆုံးခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်ပါသည်။
ဒေသထွက်ကြံက နိုင်ငံခြားမှ တင်သွင်းလာသော ပြောင်းမှထုတ်သည့် သကြားရည်ကို မယှဉ်ပြိုင်နိုင်ပါ။ ကြံလုပ်ငန်း၊ သကြားလုပ်ငန်းတွေက အလုပ်သမားတွေ လျှော့ချလာသည်။ အလုပ်ဖြုတ်ခံရသည့် အလုပ်သမား အများစုမှာလည်း တခြားအလုပ်တခု ပြန်ရဖို့ မျှော်လင့်ချက် နည်းနည်းသာ ရှိသည်။
ကျနော်၏ လုပ်ဖော်ကိုင်ဖက်များက အက်ဖရန် ကော်နတ်ဆာနှင့် သူ၏ မိသားစုကို ပြီးခဲ့သည့် နှစ် စက်တင်ဘာလ ကထဲက တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။ သမ္မတ ရိုဒရီဂို ဒူတာတေး Rodrigo Duterte ရာထူး လက်ခံအပြီး ၂ လအကြာတွင် ဖြစ်သည်။
အက်ဖရန် ကော်နတ်ဆာ၊ သူ့ဇနီး အီဗလင်း Evelyn နှင့် ကလေး ၄ ယောက်တို့က ဒူတာတေးကို မဲပေးခဲ့ကြသည့် ဆင်းရဲသော မြေပိုင်မရှိသော်လည်း အလုပ်ကြိုးစားသော မဲဆန္ဒရှင်များ ဖြစ်ကြသည်။ အက်ဖရန် ကော်နတ်ဆာက ယခု အချိန်အထိ ဒူတာတေး၏ မူးယစ်ဆေး ဆန့်ကျင်ရေး စစ်ပွဲကို စိတ်အားထက်သန်စွာ ထောက်ခံနေဆဲ ဖြစ်သည်။
သူ အသက် ၁၄ နှစ် အရွယ်တွင် အလုပ်စ ဝင်ခဲ့သည်။ ၆ နှစ်တာကာလအတွင်းတွင် ကြံခင်းထဲက ပေါင်းပင်တွေကို ကြိုးစား ပန်းစား ရှင်းလင်းခဲ့သည်။ ပေါင်းရှင်းတုန်းက သုံးခဲ့သည့် ကိရိယာ တခုကို အလုပ်ကြမ်းသမား ဘဝ အမှတ်တရ အဖြစ် အိမ်မှာ သိမ်းဆည်းထားခဲ့ပါသည်။
သူ၏ အဖေနှင့် အဖိုး ဖြစ်သူတို့သည်လည်း တာလစေးမြို့နှင့် မိနစ် ၃၀ ခရီး အကွာမှာ ရှိသည့် ဒီကြံခင်းကြီးထဲမှာပင် အလုပ်လုပ်ခဲ့ကြသူတွေ ဖြစ်သည်။
သူတို့တွေက ဒီနေရာမှာပင် မျိုးဆက် ၄ ဆက်အထိ အခမဲ့ နေထိုင်ခွင့်ရခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံ၏ မြေရှင်စနစ်မှ အလုပ် ရှင်နှင့် အလုပ်သမား ဆက်ဆံရေး သဘောသဘာဝအတိုင်း ဖြစ်သည်။
သို့သော်လည်း အက်ဖရန် ကော်နတ်ဆာ၏ သားသမီးများကတော့ ကိုယ့်လမ်းကိုယ်လျှောက်နိုင်ခဲ့ကြသည်။ သမီး အကြီးဆုံး အီမီ Emy က သကြားစက်ရုံမှ အင်ဂျင်နီယာတယောက်ဖြစ်သည့် နေးလ် Neil နှင့် အိမ်ထောင်ကျပြီး သမီးလေး တယောက်ရ နေပြီ ဖြစ်သည်။
နောက်သားတယောက် ဖြစ်သည့် ရေမီယယ် Ramiel က အိမ်မှာချက်သည့် အစားအစာတွေကို ဒေသတွင်းက စားသောက်ဆိုင် တခု မှာရောင်းနေသည်။ အက်ဖရန် ဂျူနီယာ Efren Junior က ဖိလစ်ပိုင် နည်းပညာတက္ကသိုလ် မှာ ကွန်ပျူတာ သိပ္ပံကျောင်းသား ဖြစ်သည်။ အငယ်ဆုံးသား ဂျန်နရီ Janry ကတော့ အထက်တန်းကျောင်း တက်နေဆဲဖြစ်သည်။
ယခုအချိန်မှာတော့ သူတို့ အိမ်ဟုခေါ်ရမည့် အဆောက်အဦးငယ်လေးကို အက်ဖရန် ကော်နတ်ဆာတို့ မိသားစု စွန့်ခွာရတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
မြေပိုင်ရှင်များက မြို့နှင့် ၇ ကီလိုမီတာ လောက်ဝေးသည့် နေရာမှာ နောက်ထပ်နေရာပေးပါသည်။ သို့သော် လူသူ ကင်းဝေးသော နေရာဖြစ်ပြီး လျှပ်စစ်မီးနှင့် ရေလည်း မရှိသည့်နေရာ ဖြစ်သည်။ သားသမီးများက သူတို့ အတိုင်းအတာနှင့် သူတို့ အနည်းငယ် အဆင်ပြေနေကြပြီ ဟု ဆိုနိုင်သော်လည်း အိမ်သစ်တလုံး တည်ဆောက်ရန် အက်ဖရန် ကော်နတ်ဆာမှာ ပိုက်ဆံမရှိပါ။
အက်ဖရန် ကော်နတ်ဆာ၏ ဇနီးသည် ဘွဲ့ရအမျိုးသမီး တယောက် ဖြစ်သည့် အီဗလင်းကတော့ အခြေအနေကို သည်းမခံနိုင်သူ ဖြစ်သည်။
ကျနော်တို့ ပထမဆုံး တွေ့ချိန်က တာလစေးမြို့မှာ အီဗလင်း ရှိနေပါသေးသည်။ သို့သော်လည်း ယခုအခါမှာတော့ ကျန်းမာရေး မကောင်းသော အက်ဖရန် ကော်နတ်ဆာအတွက် ငွေကြေး ပိုမို လိုအပ်လာသောကြောင့် မနီလာမြို့သို့ ထွက်သွားပြီး အိမ်အကူ လုပ်နေသည်မှာ ၆ လရှိပြီ ဖြစ်သည်။
မိသားစု၏ အခြေအနေကိုလည်း အီဗလင်းက အားမလိုအားမရ ဖြစ်ခဲ့သည်။ စားဝတ်နေရေးအတွက် လမ်း တံမြက်စည်း လှည်းရသည့် အလုပ်ကို အက်ဖရန် ကော်နတ်ဆာ လုပ်ရသည့် အချိန်မှစ၍ ပိုပြီး သည်းမခံနိုင်အောင် ဖြစ်လာခဲ့သည်။
“နေရာသစ်ကို ပြောင်းဖို့ ကျမတို့မှာ ပိုက်ဆံ မရှိဘူး။ ကျမတို့ အိမ်ကို သူတို့လာဖျက်ရင်လည်း ထိုင်ကြည့်နေရုံပဲ တတ်နိုင်မယ်။ ဘာကိုလော့မှာလည်း လုပ်စရာ အလုပ်မရှိဘူး။ ကျမတို့ မနီလာကို ပြောင်းမှ ဖြစ်မယ်” ဟု အီဗလင်းက ပြောသည်။
သမ္မတ ဒူတာတေး၏ မူဝါဒများက သူတို့ဒေသမှ ပြည်သူများ၏ ဘဝကို တိုးတက်စေခဲ့သလားဟု ကျနော်တို့က မေးသည့် အခါ အီဗလင်းက “ဘာကိုလော့မှာ ဘာမှ မတိုးတက်ဘူး။ ဘာမှ မထူးခြားဘူး။ ဒူတာတေးရဲ့ မူဝါဒတွေက ကျမ ဘဝ ကိုရော ကျမတို့ ဒေသက လူတွေရဲ့ ဘဝကိုရော မြှင့်တင် မပေးနိုင်ခဲ့ဘူး။ သူ့အနေနဲ့ မူးယစ်ဆေးကိုပဲ အလေးပေး မနေ သင့်ပါဘူး။ ဆင်းရဲ နွမ်းပါးမှု အခြေအနေကိုလည်း ကြည့်ဖို့ လိုပါတယ်” ဟု ပြောသည်။
ရိုဒရီဂို ဒူတာတေးက အက်ဖရန် ကော်နတ်ဆာတို့ကဲ့သို့သော မိသားစုများ၏ ဘဝကို မြှင့်တင်ပေးမည် ဆိုသော ကတိဖြင့် ရာထူး ရလာခဲ့ခြင်း ဖြစ်သည်။ လတ်တလောထုတ်ပြန်ခဲ့သော သူ၏ ဖိလစ်ပိုင် ဖွံ့ဖြိုးရေး စီမံကိန်း (၂၀၁၇-၂၀၂၂) က ကျေးလက် ဒေသ ဆင်းရဲနွမ်းပါးမှုကို ၂၀၂၂ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ရန် ရည်ရွယ်ထားသည်။ ၂၀၁၅ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ၏ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုနှုန်းက ၃၀ ရာခိုင်နှုန်း ရှိခဲ့သည်။
မနီလာမြို့တော် အပြင်ဘက်မှ အခြေခံ အဆောက်အဦး စီမံကိန်းများကို ဦးစားပေးမည်ဟု ရိုဒရီဂို ဒူတာတေးက ပြောဆိုမှု များလည်း ရှိခဲ့သည်။ ပြီးခဲ့သည့် လအတွင်းကလည်း မြေယာပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မည်ဟု သူက ထပ်မံကတိပြု ခဲ့သည်။ လယ်သမားများအတွက် စိုက်ပျိုးရန် မြေနေရာသာမက မျိုးစေ့နှင့် မြေသြဇာများ ရရှိရေးကိုလည်း ကတိပေးခဲ့ သည်။
အခမဲ့ ရေပေးဝေရေး စနစ်အတွက် ဖိလစ်ပိုင်ငွေ ပီဆို ၂ ဘီလီယံခန့်လည်း ချထားပေးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အက်ဖရန် ကော်နတ်ဆာတို့ မိသားစုလို လူတွေအတွက်ကတော့ အပြောင်းအလဲတွေက နှေးကွေးသလို ခံစားနေရ ဆဲဖြစ်သည်။ လုံလောက်အောင် လျှင်မြန်ခြင်း မရှိပေ။
သူတို့လို မဲဆန္ဒရှင်တွေကြောင့် ရိုဒရီဂို ဒူတာတေး အာဏာရရှိလာခြင်း ဖြစ်သည်ဟု အများက သတ်မှတ်ထား ကြပါသည်။ ကတိပြုထားသည့် အများစုက ၉ လတာကာလ အတွင်း အကောင်အထည် ပေါ်မလာသေးဟု ဒူတာတေး အမာခံ ထောက်ခံသူများကပင် ယူဆနေကြသည်။
မျှော်လင့်ချက်များ အလွန်မြင့်မားနေသည့် အခြေအနေတွင် အပြောင်းအလဲကို ဖော်ဆောင်ခြင်းဆိုသည်မှာ အချိန်ကို ပြိုင် ဘက်အဖြစ်ထား၍ ယှဉ်ပြိုင်ရသော ပြိုင်ပွဲတခု ဖြစ်ပါသည်။
(Karim Raslan သည် အရှေ့တောင်အာရှကို အထူးပြု လေ့လာရေးသားနေသူ မလေးရှား စာရေးဆရာ ဟောပြောသူတဦး ဖြစ်သည်)
—