“လူကို ကြည့်၍ မဲပေးခြင်း ၊ မူကို ကြည့်၍ မဲပေးခြင်း” စသည့် ဝေဖန်သံများ သောသောညံဖြင့် ပြောင်းလဲ၍ မရတော့သည့် ရွေးကောက်ပွဲ ရလဒ် အဖြစ် ၎င်းဒေသမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းသည် ချောင်းဆုံ မဲဆန္ဒရှင်တို့ ရွေးချယ် လိုက်သည့် သူဖြစ်လာခဲ့သည်။
မွန်လူမျိုး အများစု နေထိုင်သည့် ချောင်းဆုံ (ဘီလူးကွျှန်း) တွင် မွန်နိုင်ငံရေး ပါတီ ၂ ခုမှ ကိုယ်စားလှယ်လောင်း များလည်း USDP ကိုယ်စားလှယ်လောင်းကို မဲအပြတ်အသတ် ရှူံးနိမ့် ခဲ့ရသည်။ လက်ရှိ အာဏာရ ပါတီ NLD ၏ ကိုယ်စားလှယ်လောင်း သည်ပင် မဲအရေအတွက် ၇၀၀၀ ကျော် ကွာ၍ အရေးနိမ့် ခဲ့ရပေသည်။
ထိုသို့ ရွေးကောက်ပွဲ၌ အနိုင်ရ စေခဲ့သော အဓိက အချက်ကား အဘယ်သို့နည်းဟု မေးစရာ ဖြစ်လာလေသည်။
“ အဓိက ကတော့ ပြိုင်ဖက် ပါတီက ကိုယ်စားလှယ်လောင်း တွေက ဒေသခံ မဖြစ်တာ၊ ကျနော်က ဒေသခံ ဖြစ်တယ်၊ ပြီးတော့ အခု စည်းရုံးရေး ကာလ ရက်ပေါင်း ၆၀ ကာလမှာ ၅၅ ရက်ကို ဒေသခံ တွေနဲ့ သွားတွေ့တယ်၊ တနေ့ကို ၃ နေရာ ၊ ၄ နေရာ သွားတယ်၊ ၇၈ ရွာ ရှိတာ ရွာတိုင်းကို သွားတယ်၊ အဲဒီလို သွားခဲ့ အတွက်ကြောင့် အပင်ပန်း ခံထားတဲ့ အတွက်ကြောင့်လည်း အာသာ သွားတာပေါ့နော်” ဟု ဦးအောင်ကြည်သိန်းက ချောင်းဆုံ ရွေးကောက်ပွဲ မဲဆန္ဒနယ်တွင် အနိုင်ရခဲ့ခြင်းနှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာနသို့ ရှင်းပြ ပြောဆို ခဲ့သည်။
ဝေဖန်ချက်များ ထွက်ပေါ်နေသည့် လူကိုကြည့်၍ မဲပေးခြင်း ၊ မူကို ကြည့်၍ မဲပေးခြင်းအပေါ် ဤအကြိမ်တွင် မွန်ပြည်သူ လူထုများ လူကို ကြည့်၍ မဲပေးသည်ဟုလည်း သုံးသပ် နိုင်ကြောင်း ဦးအောင်ကြည်သိန်းက ဆိုပါသည်။
ချောင်းဆုံ မဲဆန္ဒနယ်သည် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD အတွက် သိက္ခာဆယ်မည့် မဲဆန္ဒနယ် တခု ဟု ပွဲဦးထွက် ကတည်း ကပင် သုံးသပ် နေကြသည်။
အထူးသဖြင့် လက်ရှိ အာဏာရ ပါတီ NLD မှ မော်လမြိုင်နှင့် ဘီလူးကွျှန်း (ချောင်းဆုံ) ကို ဆက်သွယ်ထားသည့် တံတားအား “ဗိုလ်ချုပ်အောင်ဆန်း” တံတားဟု အမည်ပေးရန် ကြိုးပမ်း ခဲ့ပြီးနောက်တွင် NLD ပါတီအား ထိုဒေသခံ များ၏ ထောက်ခံမှု အားများ အထိုက် အလျောက် လျော့ကျ သွားခဲ့သည်။
ထို့ကြောင့် ဤမဲဆန္ဒနယ်၌ အနိုင်ရရေးသည် NLD ပါတီအတွက် နိုင်ငံရေး ဂုဏ်သိက္ခာ ဆယ်ရန်လည်း ဖြစ်သလို ၊ လက်ရှိ အာဏာရ ပါတီ၏ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် စံချိန် များအား ဆက်လက် ထိန်းနိုင်ရန် အတွက် အထူး အရေးပါသည့် မဲဆန္ဒနယ် တခု ဖြစ်သည်။
သို့သော် NLD ပါတီ ကိုယ်စားလှယ်လောင်းမှာ ဤရွေးကောက်ပွဲ၌ အရေးနိမ့် ခဲ့ရသည်။
“ရွေးကောက်ပွဲ နီးတော့ ဖြစ်လာတာတွေ အများကြီး ရှိတယ်၊ ဥပမာ – တံတား ကိစ္စပေါ့၊ နောက်တခုက ပါတီရဲ့ အဆင့်ဆင့်သော အလုပ်အမှုဆောင်တွေ ချိတ်ဆက်မှု အားနည်း သွားတယ်၊ နောက်တချက်က မဲလာပေး တဲ့သူက အော်တိုမစ်တစ်ကို နည်းသွားတယ်၊ NLD ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် မွန်ပါတီက ဖြစ်လို့ သုံးသပ် ထားတာ ၊ ဒါပေမယ့် ရွေးကောက်ပွဲက ကိုယ်ထင် ထားသလို မဖြစ်လာခဲ့ဘူး” ဟု NLD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည့် ကိုယ်စားလှယ်လောင်း ဦးအေးဝင်းက ဧရာဝတီသို့ သုံးသပ် ပြောဆို ခဲ့သည်။
တံတားကိစ္စ နာမည်ပေးခြင်းသည် ရွေးကောက်ပွဲတွင် NLD ၏ မဲရလဒ်နှင့် တိုက်ရိုက် တိုက်ဆိုင်ခဲ့သည်ဟု မယူဆ နိုင်သော်လည်း ဆန္ဒမဲ ရလဒ်၏ တစိတ်တပိုင်း ဖြစ်နေကြောင်း သုံးသပ်၍ ရနိုင်သည့် အချက် ဖြစ်သည်။
အထူး သဖြင့် NLD ပါတီအား မဲဆွယ် စည်းရုံးရေးနှင့် ရွေးကောက်ပွဲ ရလဒ်များအား ပြောင်းလဲ ပေးနိုင်သည့် အခြား ဖြစ်ရပ် တခုလည်း ရှိခဲ့သည်။
ချောင်းဆုံ မြို့နယ် NLD ပါတီဝင် များမှ သက္ကောရွာသား ဦးစောလင်းအောင်အား ဒေသခံ များမှ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ် ထားရာမှ NLD ဗဟိုက ဦးအေးဝင်းအား အတည်ပြု လိုက်ချိန်တွင် သက္ကော ကျေးရွာမှ NLD ဝင်များကပင် ဦးဆောင်၍ ပြည်နယ် NLD ရုံး၌ ဆန္ဒပြခဲ့သည် အထိ မကျေနပ်မှု ဖြစ်ပွား ခဲ့သေးသည်။
ဤအချက်သည်လည်း ချောင်းဆုံ မြို့နယ် NLD ထောက်ခံသူ အမာခံများအား မကျေနပ်စရာ ဖြစ်စေသည့် အချက် တချက် ဖြစ်သည်။
မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ကမာမို ကျေးရွာနေ ဒေသခံ ကိုယ်စားလှယ်လောင်း ဦးဝင်းထွဋ် (ခ) ဦးမြဝင်းကို ပွဲထုတ်၍ ရှေ့တန်းတင် ကစား ခဲ့သော်လည်း ထင်သလောက် အနိုင်ရရန် လုံခြုံမဲအရေအတွက် မရရှိ ခဲ့ပေ။
ပြိုင်ဖက် ပါတီ၊ အခြား ပါတီများ အထူးသဖြင့် NLD ပါတီနှင့် USDP တို့သည် အားကောင်းသည့် ပါတီများ ဖြစ်သည့် အပြင် မိမိတို့ မွန်တွင်လည်း မွန်နိုင်ငံရေး ပါတီ ၂ ခု ဖြစ်သွားသဖြင့် မွန်ပြည်သူ များ၏ ထောက်ခံ မဲများ မရရှိ ခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဝင်ရောက် ယှဉ်ပြိုင်သည့် ဦးဝင်းထွဋ် (ခ) ဦးမြဝင်းက ဧရာဝတီသို့ သုံးသပ် ပြောကြား ခဲ့သည်။
“ရှူံးနိမ့်ရတဲ့ အကြောင်းရင်းက မွန်ပါတီက ၂ ပါတီ ဖြစ်နေတော့ မဲက အထိုက်အလျောက် ကွဲမှာပဲ ၊ ဒါအဓိက အချက်ပဲ ၊ နိုင်သွားတဲ့ ပါတီက နှစ်ပေါင်းများစွာ အခြေတည်ထားပြီး ပါတီ အင်အားကလည်း တောင့်တင်းတယ်၊ ရွာတိုင်း ရွာတိုင်း မှာလည်း အမာခံ ထားနိုင်တယ်၊ အနီးကပ် စည်းရုံးနိုင်တဲ့ အခြေအနေမှာ ရှိတယ်၊ နောက်တစ်ချက်က မွန်လူမျိုးတွေဟာ နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိလို့ အဲဒီ အချက် ၃ ချက်ကို သုံးသပ်လို့ ရတယ်” ဟု ဦးဝင်းထွဋ် (ခ) ဦးမြဝင်းက ဆိုပါသည်။
ကြားဖြတ် ရွေးကောက်ပွဲ မစတင်မီကပင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူလူထုများက စိတ်ပါဝင်စားမှု နည်းနေကြောင်း သုံးသပ်ချက်များ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သည်။
ချောင်းဆုံ မဲဆန္ဒနယ်တွင် မဲပေးပိုင်ခွင့် ရှိသူပေါင်း ၁၂၆၂၂၅ ဦး ရှိသည့် အနက် မဲလာပေးသူမှာ ၄၈၅၃၂ ဦး သာ ရှိသည်။ ရာခိုင်နှုန်း အားဖြင့် မဲလာပေးသူ ဦးရေမှာ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ၏ ၃၈ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
၂၀၁၅ ခုနှစ်က ခောျင်းဆုံမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင် မဲအနိုင်ရခဲ့ပြီး လက်ရှိ ပြည်သူ့လွှတ်တော် သဘာပတိ အဖြစ် တာဝန်ထမ်းဆောင်နေသည့် NLD ပါတီ မှ ဒေါ်ခင်ဌေးကြွယ်က ဆန္ဒမဲ ၂၃၅၈၀၊ USDP ပါတီက ၁၆၆၁၃၊ မွန်ပါတီက ၁၀၁၅၀ ဖြင့် မဲလာပေးသူဦးရေ ၄၅ ရာခိုင်နှုန်းဖြင့် NLD ပါတီက အခြားပါတီများနှင့် မဲအရေအတွက် သောင်းနှင့်ချီ ကွာခြားကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
မြေပြင် အနေအထားကို သိရှိ နားလည် ခြင်းသည်လည်း တိုက်ပွဲ အောင်နိုင် ရာကို အထောက်အပံ့ ဖြစ်စေနိုင်သည့် အဓိက အကြောင်းတရား ဖြစ်သည်ဟု ဆိုသကဲ့သို့ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပစဉ် ရှိနေသည့် ပကတိ မြေပြင် အနေအထား ၊ ရာသီ ဥတု ၊ ဒေသန္တရ ဓလေ့ ဓရိုက် စသည်တို့ကိုလည်း ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်များ လေ့လာရန် လိုအပ်သည့် အချက် ဖြစ်ပေသည်။
အခြေခံ လူတန်းစား များအတွက် မဲပေးခြင်းသည် တနေ့လုပ်မှ တရက် ပါးစပ်လှုပ်ရမည့် အရေး နေ့တွက်ခနှင့် ယှဉ်ကြည့်လျှင် မဲပေးခြင်းက ၎င်းတို့ အတွက် ပထမ ဦးစားပေး ပူပန် ရမည့် အရာ မဟုတ်ဟု ယူဆစရာ ရှိနေသည်။
ချောင်းဆုံ မဲဆန္ဒ နယ်၏ နောက်ဆုံးပိတ် မဲရရှိမှု စာရင်း အချုပ်မှာ USDP မှ ၁၉၆၆၇ မဲ၊ NLD မှ ၁၂၆၃၆ မဲ၊ တစည မှ ၂၀၁၃ မဲ ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) မှ ၁၀၈၅၉ မဲ၊ မွန်အမျိုးသား ပါတီ (MNP) မှ ၁၉၉၂ မဲ ရရှိ ခဲ့သည်။
ရွေးကောက်ပွဲ နေ့ရက် များ နိုင်ငံရေး ရေချိန် ၊ အသိဉာဏ် ကြွှယ်ဝမှုနှင့် ကိုယ်ပိုင် ဆန္ဒဖြင့် မဲပေးသည့် သူကား နည်းပါး၍ မိမိဆွေမျိုး မောင်နှမ များမှ မဲပေးရန် တိုက်တွန်းခြင်း၊ နိုင်ငံရေး ပါတီ များ၏ မဲဆွယ် စကားလုံး များအား နားဝင်ချိုခြင်း၊ မဲမပေးလျှင် မိမိနေထိုင်သည့် လူမှု အဝန်းအဝိုင်းကြားတွင် ကဲ့ရဲ့ ရှူံ့ချ ခံရမည် စိုး၍ မတတ်သာ၍ မဲပေး ရခြင်းမျိုး ဖြစ်နေခြေ ရှိသည်။ ကိုယ်တိုင် နိုင်ငံရေး အသိ ရှိရှိဖြင့် မိမိ သဘောကျသည့် ကိုယ်စားလှယ်လောင်းကို နှိုက်နှိုက်ခွျှတ်ခွျှတ် လေ့လာ သုံးသပ်ပြီး မဲသွားရောက် ပေးသူကား နည်းပါး ခဲ့သည်။
ချောင်းဆုံ မဲန္ဒနယ်တွင် NLD သည် နိုင်ငံရေး သိက္ခာဆယ်ပွဲအား အရေးနိမ့်ခဲ့သည်။ မွန်ပါတီများသည်လည်း ပါတီ ၂ ခု ဖြစ်ခြင်းကြောင့် မဲကွဲ ခဲ့ရကာ လူထု ထောက်ခံမှုမျှော်မှန်း သလောက် မရခဲ့ပေ။
နိဂုံးချုပ် ဆိုရလျှင် ချောင်းဆုံ မဲဆန္ဒနယ်သည် လက်ရှိ အာဏာရ အစိုးရ၏ နိုင်ငံရေး သိက္ခာဆယ်ပွဲ၌ ၎င်းဖော်ခဲ့သည့် ဆေးခါး ကြီးအား ပြန်သောက် ခဲ့ရသည့် မဲဆန္ဒနယ် ဖြစ်မည်ဟု ဆိုလျှင် မှားလိမ့်မည် မထင်ပေ။