နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ အဓိက မူဝါဒ ဖြစ်သော မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သည် ပြင်းထန်သော လေဆန်လမ်းကို လျှောက်လှမ်းနေရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) တို့၏ ၃ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲတခုကို မြန်ုမာနိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် စစ်တပ် ဖြစ်သည့် အင်အားသုံးသောင်းရှိသော ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်ခမ်းခေါ် ပန်ဆန်းတွင် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ပြုလုပ်နိုင်ခဲ့သည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူသာချုပ် (NCA) အပေါ် UWSA ၏ ဆန့်ကျင်မှုနှင့် နဂိုကပင် ငြိမ်းချမ်းရေး အတွက် မခိုင်မာဘဲ တည်းတည်းသာ ရှိသော အန္တရာယ် အခြေအနေများနှင့် ပတ်သက်ပြီး လေ့လာသူများက စိုးရိမ်ကြ သည်။
UWSA က ဗဟိုအစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်ရေး၊ နိုင်ငံရေး ဆွေးနွေရာတွင် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသူများကို ဦးဆောင်မည့် အဖွဲ့အဖြစ် ၎င်းတို့ကို ၎င်းတို့ ရှေ့တန်းတင်လာခြင်း အပေါ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကြီးအကျယ် ဝေဖန်ခံသည်။ ဤ ဆောင်းပါး၏ ရည်ရွယ်ရင်းမှာ UWSA ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် သဘောထားနှင့် မကြာသေးမီက တင်းမာမှုများကို ကိုင်တွယ်ခြင်းများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရာတွင် လက်တွေ့ကျသော မူဘောင်တခု ရရှိရေးပင် ဖြစ်သည်။
NCA အပေါ် UWSA ၏ အခြေခံသဘောထား
EAOs များ ထိပ်သီးဆွေးနွေးပွဲတွင် UWSA စစ်ဦးစီးချုပ် ပေါက်ယူချန်းက NCA ကို အောက်ပါအတိုင်းဝေဖန်သည်။ “ဒီနေ့ဖြစ်နေတဲ့ လူမျိုးစု စစ်ပွဲတွေဟာ အရင်ကထက် ပိုပြင်းထန်တယ်။ တရုတ်နယ်စပ်တလျှောက် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေဟာ တနေ့ထက်တနေ့ ပိုပိုဆိုးလာတယ်။ မြန်မာအစိုးရနဲ့ EAOs အချို့တွေ ကြားက ဆွေးနွေးပွဲတွေဟာ ဒီကိစ္စအတွက် အဖြေမရှိဘူး ဆိုတာတွေ့ရတယ်” ဟု ပြောပြီး အောက်ပါအတိုင်း ထောက်ပြ သည်။
“EAOs တွေဟာ NCA လက်မှတ်ထိုးသူ၊ မထိုးသူ နဲ့ အဆင့်သုံးဆင့် ငြိမ်းချမ်းရေး သဘောတူ စာချုပ်ကို ဆုပ်ကိုင်ထားသူ ဆိုပြီး သုံးစုကွဲနေတယ်။ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေပွဲ အတွက် ပိုမိုကောင်းမွန်တဲ့ သေနင်္ဂဗျူဟာကို ကျနော်တို့ ချမှတ်ရမယ်” ဟု သူက ဆက်ထောက်ပြသည်။
မြန်မာစစ်တပ်သည် စကားလုံးအရ အပစ်အခတ် ရပ်စဲရေးကိုသာမက ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင် များ လက်မှတ်ထိုးခဲ့သည့် ဖက်ဒရယ်ပုံစံ ပင်လုံစာချုပ်ကို ပျက်ပြယ်စေရန် NCA ဖြင့် အစားထိုးပြီး ၎င်းတဦးတည်း၏ နိုင်ငံရေးရည်မှန်းချက်ကို လုပ်ဆောင်နေပုံပေါ်သည်။ သို့သော် NCA ၏ ပြဋ္ဌာန်းချက်များသည် ပင်လုံစိတ်ဓာတ်ကို အသေးစိတ် ဖော်ပြခြင်း မရှိသလို ဒီမိုကရေစီ၊ တန်းတူညီမျှခြင်း၊ လွတ်လပ်မှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်စနစ် စသည့် နိုင်ငံရေး ဝေါဟာရများကိုလည်း ဖွင့်ဆိုခြင်း မရှိပေ။ ဤကဲ့သို့သော လုပ်နည်း လုပ်ဟန်များသည် အစိုးရ အဆက်ဆက်က EAOs များ အပေါ် အမြတ်ထုတ်နိုင်ခဲ့သည်။
အခြားတဘက်က ကြည့်လျှင်လည်း နေပြည်တော်သည် EAOS များနှင့် မည်သည့်သဘောတူ စာချုပ်ကိုမျှ ချုပ်စေကာမူ အပြန်အလှန် ယုံကြည်မှု မတည်ဆောက်နိုင်ဟု UWSA ခေါင်းဆောင်မှုပိုင်းက မြင်နေပြီး ကုလသမဂ္ဂ သို့မဟုတ် တရုတ်နိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ခုံသမာဓိ အဖြစ်ဆောင်ရွက်မှုကို အပြင်းအထန် တောင်းဆိုသည်။ တရုတ်ကလည်း ၎င်းတို့၏ ကိုယ်ကျိုးစီးပွား အတွက် UWSA နှင့် အစိုးရကြား စစ်ပွဲများကိုသာမက မည်သည့် ထိပ်တိုက်တွေ့မှုကိုပင် မတွေ့ကြုံလိုပေ။
ပဋိပက္ခ ကြီးထွားလာခြင်းအပေါ် UWSA အမြင်
လက်ရှိ ပဋိပက္ခကြီးထွားလာခြင်း အပေါ် UWSA က သမိုင်းနောက်ခံဖြင့် ရှုမြင်သည်။ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံမှ စတင်ပြီး အစိုးရ အဆက်ဆက်နှင့် EAOs များကြား ဆွေးနွေးပွဲများသည် ရှုပ်ထွေးပြီး မည်သည့်အကျိုးမျှ မဖြစ်ထွန်းဘဲ စစ်အစိုးရဖြစ်စေ၊ နောက်ဆုံးတက်လာသော အရပ်သားအစိုးရဖြစ်စေ ပြည်တွင်းစစ်ကို မရပ်တန့်နိင်၊ အစိုးရနှင့် EAOs များကြားရှိ ပြဿနာများကို မဖြေရှင်းနိုင် ဟု မြင်ကြသည်။ ကောက်ချက်တရပ်အနေဖြင့် UWSA က ၎င်းတို့၏ မရပ်မနား ထိုးစစ်များကြောင့် နှစ်ပေါင်း ၇၀ ကျော်ကြာ အပြင်းအထန် ခံစားနေရသော ပြည်သူများ အတွက် တပ်မတော်ကို အတိအလင်း အပြစ်တင်သည်။
EAOs တို့အပေါ် တပ်မတော်၏ ယခင်မကြုံစဖူး စစ်ရေး ဖိအားများသည်လည်း ၎င်းတို့ လုံခြုံရေး အတွက် UWSA ကို အကြီးအကျယ် စိုးရိမ်စေသည်။ ပန်ခမ်းထိပ်သီးဆွေးနွေးပွဲတွင် ပါဝင်သည့် အဖွဲ့အစည်းတခု ဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် KIA သည် ၂၀၁၇ အစောပိုင်း နှစ်လအတွင်း ၎င်းတို့၏တပ်စခန်း ၅ ခုကို ဆုံးရှုံးပြီး လိုင်ဇာဌာနချုပ်ကိုပင် တပ်မတော်က သိမ်းမည်ကို စိုးရိမ်နေရသည်။ ထိုသို့ဖြစ်လျှင် လူအင်အား လက်နက်အင်အား အရ အကြီးအကျယ် အကျိုးအမြတ် ရှိသည်။
လမ်းကြောင်းပေါ် ရောက်လာပြီ
UWSA သည် ယခင်က လူမျိုးစု နိုင်ငံရေးနှင့် ခပ်ကင်းကင်းနေခဲ့သည်။ ၁၉၈၉ ခုနှစ်မှ စတင်ပြီး ဝ တို့သည် ဗဟိုအစိုးရထံမှ ပြိုင်ဘက်ကင်းသော ကိုယ်ပိုင်အုပ်ချပ်ခွင့်ကို ရခဲ့သည်။ UWSA သည် မူလနေမြဲအခြေအနေ ဖြစ်သည့် တရုတ်နိုင်ငံ၏ တင်းကျပ်သော ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများမှ လွတ်မြောက်စေသည့် မြန်မာနိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ကာ အောင်မြင်သော စီးပွားရေးလုပ်ငန်းများနှင့် မဏ္ဍိုင်အဖွဲ့အစည်းများ ပိုင်ဆိုင်သည့် အမည်မခံသော လူမျိုးစု ပြည်နယ်အဆင့် ကို ပိုမိုနှစ်ခြိုက်နေပုံရသည်။
၂၀၁၆ ခုနှစ် ဧပြီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာပြီးနောက် တရုတ်မြန်မာ ဆက်ဆံရေးတွင် တိုးတက်မှုများသည် UWSA အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် စိတ်မပါစေကာမူ ပါဝင်စေရန် ပိုမိုဖိအားပေး လာသည်။ ထိုလုပ်ငန်းစဉ်တွင် ဘက်ပေါင်းဆုံမှ နိုင်ငံရေး စီးပွားရေး အပေးအယူများစွာ လိုအပ်သည်။ သို့ဖြင့် UWSA ၏ အဆင့်နိမ့် ကိုယ်စားလှယ်အဖွဲ့သည် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် တန်းတူညီမျှခြင်း ကင်းမဲ့ခြင်းကို ရှုတ်ချပြီး သပိတ်မှောက်ခဲ့သည်။ ညီလာခံကျင်းပသူများကလည်း စီမံခန့်ခွဲမှု အမှားကို ဝန်ခံခဲ့သည်။
ဖိအားပေး စီစဉ်ခြင်းများသည် ပျက်စီးလွယ်ပြီး ရေရှည်တည်တန့်ခြင်း မရှိကြပေ။ ထို့ကြောင့် ဤဆောင်းပါးသည် UWSA ၏ ၎င်းပိုင် အစီအစဉ်အရ ခိုင်မာသောသဘောထားကို အကောင်းမြင်ရန် တောင်းဆိုသည်။ မည်သို့ဆိုစေ စေ့စပ်ညှိနှိုင်းမှု အစဦးတွင် မတန်တဆ တောင်းဆိုသည်မှာ အထူးအဆန်း မဟုတ်ပေ။ UWSA ၏ သဘောထားသည် နိုင်ငံရေးသမားများ လေ့လာသူမျာကို အံ့သြစေခဲ့သည်။ သို့သော် လက်ရှိအခြေအနေများက ၎င်း၏ တော်လှန်ရေး သဘောတရား အများအပြား လွမ်းခြုံနေသည့် ရင့်ရော်နေသော ခေါင်းဆောင် များသည် ပြည်တွင်းနှင့် ပြည်ပမှ ပြောင်းလဲနေသည့် မူဝါဒများနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ပြင်ဆင်နေသည် ဟူသော အချက်ကို ပြသနေပေသည်။
(Liu Yun သည် တရုတ်နိုင်ငံ အခြေစိုက် နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဖြစ်သည်။ ၎င်း၏ Understanding the UWSA’s Perspective on the Peace Process ကို ဘာသာပြန်ဆိုသည်။)