အာဏာရပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ ဧပြီလ ၁ ရက်နေ့က နိုင်ငံအဝန်း ပြည်နယ်နဲ့ တိုင်း အသီးသီးမှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ် မဲဆန္ဒနယ်မြေ ၁၉ ခုမှာ ၁၈ နေရာဝင်ပြိုင်ခဲ့ပြီး ၉ နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။
NLD ပါတီအနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာ ၅ နေရာ၊ ပဲခူးတိုင်းမှာ ၁ နေရာ၊ စစ်ကိုင်းတိုင်းမှာ ၁ နေရာ၊ ချင်းပြည်နယ်မှာ ၁ နေရာ နဲ့ ရှမ်းပြည်နယ်မှာ ၁ နေရာမှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SDNL) ပါတီကတော့ ရှမ်းပြည်နယ်ထဲမှာ ၆ နေရာ အနိုင်ရရှိပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပြီးရင် ဒုတိယမြောက် မဲဆန္ဒနယ် အများဆုံး အနိုင်ရတဲ့ ပါတီဖြစ်ပါတယ်။
လစ်လပ် မဲဆန္ဒနယ် အများစုမှာ အနိုင်ရလိမ့်မယ်လို့ ကြွေးကြော်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖြိုးဖြိုးရေးပါတီ (USDP) ကတော့ ရှမ်းပြည်နယ် ကျိုင်းတုံ မဲဆန္ဒနယ်မြေနဲ့ မွန်ပြည်နယ် ချောင်းဆုံ မဲဆန္ဒ နယ်မြေ ၂ ခုသာ အနိုင်ရရှိခဲ့တဲ့ အတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ခဲ့ရပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP) က အမ်းမဲဆန္ဒနယ်မြေမှာ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဒေါက်တာအေးမောင် အတွက် ဒီအနိုင် ရလဒ်ဟာ ဖြေဆေးတခွက် ဖြစ်စေခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကိုယ်စားလှယ် လောင်း တင်သွင်းတာ နောက်ကျလို့ ဝင်ပြိုင်ခွင့် မရခဲ့တဲ့ ကယားပြည်နယ် ဖရူဆို မဲဆန္ဒနယ်မြေမှာတော့ လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ (ANDP) က ရတဲ့ အခွင့်အရေးကို မိမိရရဆုပ်ကိုင်နိုင်ခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ကိန်းဂဏန်းအရေအတွက်အရ NLD အနေနဲ့ မဲဆန္ဒနယ်မြေ အများဆုံး အနိုင်ရတယ် ဆိုပေမယ့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ နိုင်ငံအဝန်း တောင်ပြို၊ ကမ်းပြိုနိုင်ခဲ့တဲ့ ပါတီကြီး အနေနဲ့ လက်ရှိ အနိုင်ရလဒ်ဟာ မျှော်မှန်းသလောက် အလုပ်မဖြစ်ခဲ့ဘူးလို့ လေ့လာသူအချို့ကလည်း သုံးသပ်နေကြပါတယ်။
NLD ပါတီ အများဆုံးရှုံးတာက ရှမ်းပြည်နယ်ထဲမှာဖြစ်ပြီး ရှမ်းပြည်နယ်ထဲမှာ မဲဆန္ဒနယ် ၈ နေရာရှိတဲ့ အနက် ညောင်ရွှေ မဲဆန္ဒနယ် ၁ နေရာပဲ အနိုင်ရရှိပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) လှုပ်ရှား နယ်မြေဖြစ်တဲ့ ကျေးသီးနဲ့ မိုင်းရှူး မဲဆန္ဒနယ်မြေတွေမှာတော့ ကျားခေါင်း ပါတီလို့ လူသိများတဲ့ SNLD ပါတီကို အပြတ် အသတ်ရှုံးနိမ့်ခဲ့ပါတယ်။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ရှမ်းပြည်နယ်ထဲမှာ ရှုံးနိမ့်ခဲ့တာဟာ ဘာသာစကား အခက်အခဲကြောင့်ဖြစ်တယ်လို့ အကြောင်းပြချက်ပေးပါတယ်။
ဦးဝင်းထိန် က “အထူးသဖြင့် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ ကျိုင်းတုံမြို့နယ်တွေမှာ အားစိုက်၊ ခွန်စိုက် သွားပြီးတော့ ကြိုးစား ခဲ့တယ်။ ပြည်နယ် ဥက္ကဋ္ဌတွေရော၊ ဒီက လွှတ်တော်ကိုယ်စားလှယ်တွေရော အများကြီးသွားပြီးတော့ လုပ်အားပေးတာ။ နောက် ပန်းရဲ့လမ်းလို ဂီတအဖွဲ့နဲ့ စည်းရုံးတယ်။ သို့သော် အန်ကယ်တို့ ထင်တိုင်း မပေါက်ဘူး။ မပေါက်တဲ့ အဓိက ကတော့ ရှမ်းဘာသာ စကား မတတ်တာပေါ့” ဟု နေပြည်တော်မှာ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
NLD အနေဖြင့် မိုင်းရှူးနဲ့ ကျေးသီးတို့မှာ ရှုံးနိမ့်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ရွေးကောက်ပွဲနီးမှ မဲဆွယ်စည်းရုံးမှု ထလုပ်တာနဲ့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ၂ လ အလိုမှာ မိုင်းရှူးမြို့နယ်မှာ ရှိတဲ့ မြိုခံ အလုပ်မှုဆောင် နှုတ်ထွက်သွားတာ တွေလည်း ပါဝင်လိမ့်မယ်လို့ သုံးသပ်မိကြောင်း SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် က ပြောပါတယ်။
“မိုင်းရှူးနဲ့ ကျေးသီးက နဂိုကတည်းက ကျနော်တို့ရဲ့ အမာခံနယ်မြေပါ။ ဒီနယ်တွေက ကျနော်တို့ ရှုံးလို့လည်း မရပါဘူး။ အဲဒီမှာ NLD က အဖွဲ့ဝင်လည်း သိပ်မရှိပါဘူး။ ရွေးကောက်ပွဲမတိုင်ခင်ဖြစ်သွားတာက မိုင်းရှူးမှာ ရှိတဲ့ မြို့ခံ အလုပ်မှုဆောင် အဖွဲ့ နှုတ်ထွက် သွားတာပါ။ မဲဆွယ်တာမှာလည်း အများကြီး အားနည်းပါတယ်။ ဘာမှ မလုပ်ဘူး။ နီးတော့မှ ဟိုက၊ ဒီကနည်းနည်း လာကြတာပါ။ ကျနော်တို့က တလခွဲလောက် လုပ်ပါတယ်” လို့ ဦးစိုင်းညွှန့်လွင်က ရှင်းပြပါတယ်။
NLD ပါတီအတွက် ရှုံးချက် အထိနာစေတဲ့အထဲမှာ မွန်ပြည်နယ် ချောင်းဆုံ မဲဆန္ဒနယ် မဲရှုံးမှုလည်း ပါဝင်ပါတယ်။ ချောင်းဆုံမှာ NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP နဲ့ မွန်ပါတီ နှစ်ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိ သွားပါတယ်။
ချောင်းဆုံမဲဆန္ဒနယ်မြေဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ လက်ရှိ ပြည်သူ့လွှတ်တော် သဘာပတိအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်ခင်ဌေးကြွယ်က ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီနဲ့ ဒေသခံမွန်ပါတီတွေကို သောင်းနှင့်ချီတဲ့ မဲ အရေ အတွက်နဲ့ မဲအပြတ် အသတ်နိုင်ခဲ့တဲ့နေရာဖြစ်ပါတယ်။
ချောင်းဆုံမှာ အနိုင်ရရှိသွားတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းက “ အဓိက ကတော့ ပြိုင်ဖက် ပါတီက ကိုယ်စားလှယ်လောင်း တွေက ဒေသခံ မဖြစ်တာ၊ ကျနော်က ဒေသခံ ဖြစ်တယ်၊ ပြီးတော့ အခု စည်းရုံးရေး ကာလ ရက်ပေါင်း ၆၀ ကာလမှာ ၅၅ ရက်ကို ဒေသခံ တွေနဲ့ သွားတွေ့တယ်၊ တနေ့ကို ၃ နေရာ ၊ ၄ နေရာ သွားတယ်၊ ၇၈ ရွာ ရှိတာ ရွာတိုင်းကို သွားတယ်၊ အဲဒီလို သွားခဲ့ အတွက်ကြောင့် အပင်ပန်း ခံထားတဲ့ အတွက်ကြောင့်လည်း အသာရ သွားတာပေါ့”လို့ ဆိုပါတယ်။
ချောင်းဆုံမှာ NLD ရှုံးတာဟာ မဲဆွယ်ရေးကာလ အားနည်းချက်၊ ကိုယ်စားလှယ်လောင်း ရွေးချယ်မှု အားနည်းချက်တွေသာ မကဘဲ ချောင်းဆုံ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ ဒေသခံ ပြည်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး အတင်းလုပ်ခဲ့တဲ့ အခြေအနေတွေကြောင့်လည်း ပါဝင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံရေးဝေဖန် သုံးသပ်သူတဦး ဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းက “ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ အမည်ပြောင်းဖို့ လုပ်ရပ်ဟာ ကျနော်အမြင်အားဖြင့် ပြောရရင် နိုင်ငံရေးအရ အမျှော်အမြင်နည်းပါးတဲ့၊ ဆင်ခြင်တုံ တရား နည်းပါးတဲ့ ခြေလှမ်းတခုလို့ သုံးသပ်ပါတယ်။ ဒီတံတား အမည်ပြောင်းလဲမှုအပေါ်မှာ မကျေနပ်တဲ့ အတွက်၊ စိတ်တိုင်း မကျတဲ့အတွက်ကြောင့် မလို့ ချောင်းဆုံမဲဆန္ဒနယ်မြေမှာ အများစုဟာ မဲမပေးခဲ့ကြဘူး။ ၃၈ ရာခိုင်နှုန်းလောက်ပဲ မဲပေးခဲ့ကြ တာကို တွေ့ရတယ်။ အဲဒီအကျိုးဆက်က NLD ရှုံးနိမ့်ခဲ့ရတယ်”လို့ ဆိုပါတယ်။
သူက ဆက်ပြီး “တကယ်တမ်း ချောင်းဆုံးမှာ ရှုံးတာဟာ အစိုးရ၊ လွှတ်တော်နဲ့ NLD ထိပ်ပိုင်း ခေါင်းဆောင် တွေရဲ့ မှားယွင်းမှု အဲဒါကြောင့် အဓိကဖြစ်တယ်။ ချောင်းဆုံမှာ ရှုံးနိမ့်ရတာဟာ မွန်တိုင်းရင်းသား ပါတီတွေနဲ့လည်း မသက်ဆိုင်ဘူး။ ဘယ်ပါတီတွေနဲ့မှလည်း မဆိုင်ဘူး။ ရှုံးနိမ့်မှုရဲ့ တကယ့် တရားခံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရနဲ့ လွှတ်တော်တွေပဲလို့ ကျနော် သုံးသပ်ပါတယ်”လို့ ရှင်းပြပါတယ်။
ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသား ဒေသတွေမှာတင် မကဘဲ မြန်မာနိုင်ငံရဲ့ မြို့တော်ရန်ကုန်လိုနေရာမျိုးမှာ ရှိနေတဲ့ မဲပေးပိုင်ခွင့်ရှိသူတွေကတော့ မဲပေးလိုစိတ်ကုန်နေပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ အများစုက လာရောက်မဲပေးခြင်း မရှိခဲ့ဘဲ မဲရုံတွေ တိတ်ဆိတ်နေခဲ့တာဟာ ကောင်းမွန်တဲ့ အခြေအနေမဟုတ်ဘူးလို့ လေ့လာသူတွေကသုံးသပ်ပါတယ်။
ဒီနေရာတွေဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေမှာ NLD ပါတီကို အတိုးအကြိတ် မဲပေးခဲ့ကြတဲ့ နေရာတွေထဲမှာ ပါဝင်ခဲ့ပြီးတော့မှ ခုလို တိတ်ဆိတ်သွားတာဟာ NLD ပါတီအတွက်တော့ ၂၀၂၀ ရွေးကောက်ပွဲ အကြိုသံချောင်းခေါက်သံလို့ ဆိုပါတယ်။
ဒီအသံကို ဂရုမစိုက်ဘူးဆိုရင် NLD ပါတီအပေါ်မှာ လူထုယုံကြည်မှု ကျဆင်းသွားလိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်နေပါတယ်။
တိုင်းရင်းသားပါတီတွေဟာ မိုးထဲလေထဲ အကြပ်အတည်းကာလမှာ NLD ပါတီနဲ့ လက်ချင်းချိတ် ကျောချင်းကပ်ပြီး ရုန်းကန်ခဲ့ကြ ပေမယ့် NLD ပါတီအနေနဲ့ လက်ရှိအချိန်မှာ လျစ်လျူရှု ဆက်ဆံနေတာဟာ မြန်မာ့ ဒီမိုကရေစီအနာဂတ်အတွက် အကျိုးမဖြစ်နိုင်ဘဲ အဆိုးဘက်ကို ဦးတည်နေတယ်လို့ မြင်ကြောင်း ဒေါက်တာရန်မျိုးသိမ်း ကတော့ သုံးသပ်ပါတယ်။
“လက်ရှိ အာဏာရ ပါတီအနေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေအပါအဝင် ကိုယ့်ရဲ့ မဟာမိတ် ပါတီတွေ၊ မိတ်ဆွေပါတီတွေနဲ့ ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒီပါတီ ခေါင်းဆောင်တွေရဲ့ အသံတွေကို ကျယ်ကျယ်ပြန့်ပြန့် နားထောင်ဖို့ လိုအပ်ပါတယ်” လို့ ဒေါက်တာ ရန်မျိုးသိန်းက တိုက်တွန်း ပြောဆိုသွားပါတယ်။
ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ လူထု မဲထွက်ပေးမှု နည်းလာခြင်း၊ လူထုအကြား စည်းရုံးရေး ဆင်းမှု အားနည်းခြင်း၊ ချောင်းဆုံတံတား ကိစ္စမျိုးမှာ လူထု အသံကို လျစ်လျူရှုပြီး “မယောင်ရာဆီလူး” လုပ်ခြင်း၊ အပြောင်းအလဲ အလျင်အမြန်လိုလား နေတဲ့ လူထုက အစိုးရကို အားမလိုအားမရ ဖြစ်နေခြင်းတွေဟာ NLD အနေနဲ့ ပြုပြင် သင့်တဲ့ အချက်တွေဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြန်ကြပါတယ်။
လက်ရှိအခြေအနေမှာ NLD ခေါင်းဆောင် တချို့ဟာ လူထုအသံကို အလေးအနက်ထား နားထောင်မှု အားနည်းလာပြီး အားနည်းချက် တွေကို ထောက်ပြရာမှာလည်း ပြုပြင်ဖို့ထက် ဖုံးဖိဖို့၊ လမ်းကြောင်းလွှဲဖို့ကိုသာ အားသန်နေတာကို တွေ့မြင်ရတယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။
NLD အနေနဲ့ လတ်တလော ကြားဖြတ်ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာတွေကို အလေးအနက်ထားပြီး ပြုပြင်ဖို့ လိုကြောင်း ဒီလိုအားနည်းချက်တွေကို မပြောင်းလဲဘဲ ဆက်သွားနေမယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီထက် ကြီးမားတဲ့ သင်ခန်းစာကို ရလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။