မြန်မာနိုင်ငံဟာ ၁၉၄၈ ဗြိတိသျှနယ်ချဲ့တွေဆီက လွတ်လပ်ရေး ပြန်ရပြီးချိန်မှာ အိမ်နီးချင်း ကွန်မြူနစ် တရုတ်နိုင်ငံနဲ့ စတင် ပြီး ဆက်ဆံရပါတယ်။
မြန်မာမှာ မော်စီတုန်းကို ဘုရားလိုကိုုးကွယ်သူတွေက လက်နက်ကိုင် သူပုန်ထနေချိန်၊ ပီကင်းက သူ့ရဲ့တော်လှန်ရေးနဲ့ ကွန်မြူနစ်ဝါဒကို အိမ်နီးချင်းနိုင်ငံတွေဆီ export တင်ပို့နေတာကို စိုးရိမ်နေတဲ့ အချိန် မှာ တရုတ်- မြန်မာ ဆက်ဆံရေးစ ခဲ့ပါတယ်။
ရန်ကုန်နဲ့ပီကင်းရဲ့ နိုင်ငံခြားရေးပေါ်လစီတွေ တဆင့်ပြီးတဆင့် ပေါ်ထွက် ကျင့်သုံးခဲ့တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။
၁၉၅၄ခုနှစ်မှာ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒ ပီပီပြင်ပြင် ပေါ်ခဲ့ပြီး အဲဒီအထဲမှာ အဓိကအချက်က အမေရိကန်က အာရှမှာ ကြီးစိုးပြီး တရုတ်ကို ပတ်လည်ဝိုင်းတဲ့ (Containment) ပေါ်လစီကို တုံ့ပြန်ဖို့ ပါဝင်တာဖြစ်ပါတယ်။
ဒီနေရာမှာ ဘန်ဒေါင်းမူ ငါးချက်နဲ့ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်ရေး မူဆိုတာ ပေါ်ထွက်လာ တာဖြစ်ပြီး၊ ဝန်ကြီး ချုပ် ဦးနုရဲ့လက်ထက်မှာ မြန်မာနဲ့ အရှေ့တောင်အာရှ နိုင်ငံအကြားမှာ ကြားနေရေးမူဝါဒ (Neutral policy) ကို ကျင့်သုံး ကာ တရုတ်နဲ့ အိမ်နီးချင်းကောင်း ဆက်ဆံရေးကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အချိန်က KMT ခေါ် ကူမင်တန်တွေရဲ့ ရှမ်းပြည်မှာ ကျူးကျော်ဝင်ရောက်လာခြင်းကို မြန်မာ့တပ်မတော်က တွန်းလှန် နေရချိန် ဖြစ်သလို ဒီ ဖြစ်ရပ်ကို ကုလသမဂ္ဂအထိ တင်ပြနေရချိန်ဖြစ်ပြီး၊ တရုတ်ရဲ့အချိန်မရွေး ကျူးကျော်ဝင်ရောက် လာနိုင်တဲ့ အနေအထားကိုလဲ တွက်ဆစိုးရိမ်နေရချိန် ဖြစ်ပါတယ်။
၁၉၅၀ခုနှစ်မှာ မြန်မာနဲ့ တရုတ်ဟာ သံတမန်ရေးဆက်သွယ်မှု တရားဝင် စတင်ခဲ့တာ ဖြစ်တယ်။ ဦးနုရဲ့လက်ထက်မှာ ဝန်ကြီးချုပ် ချူအင်လိုင်း (Zhou Enlai) က မြန်မာနိုင်ငံကို အကြိမ်ကြိမ်လာရောက် လည်ပတ်ခဲ့သလို ဦးနုနဲ့ ဆက်ဆံရေး ကောင်းခဲ့ပါတယ်။
ဦးနုနဲ့ မော်စီတုန်းတို့ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ မှာ ပီကင်းမှာ တွေ့ဆုံစဉ် မော်စီတုန်းက ဝန်ကြီးချုပ် ဦးနု ကို “ကျနော် တို့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ ဆန္ဒရှိပါတယ်။ ဒီအလုပ်ကိုတော့ ကိုယ့်ဘာသာ လုပ်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံကို ကျူးကျော်မှာ မဟုတ်ပါဘူး” ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောခဲ့သလို ချူအင်လိုင်းရဲ့ ရန်ကုန်ခရီးစဉ်မှာလည်း တော်လှန်ရေးကို export လုပ်မရဘူးလို့ မြန်မာတွေကို တရားဝင် ပြောခဲ့ပါတယ်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဟာ ၁၉၅၆ မှာ စိန်ခေါ်မှုနဲ့ ကြုံခဲ့ရပါတယ်။ အဲဒါကတော့ ၀ နယ်ထဲကို တရုတ်တပ် တွေ အလုံးအရင်းနဲ့ ဝင်ရောက်ပြီး နေရာယူခဲ့တာနဲ့ စခဲ့တာ ဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာရဲ့နယ်စပ် ပြဿနာကနေ စခဲ့တဲ့ အရေးအခင်းပဲ ဖြစ်ပါတယ်။
တရုတ်ရဲ့ သြဇာအရှိန်အဝါက မြန်မာ့နိုင်ငံရေး၊ ပြည်တွင်းရေးမှာ အတော်ကို စွက်ဖက်မှု ရှိတာ တွေ့ရပါတယ်၊ အဲဒီ ဖဆပ လခေတ်မှာ Overseas Chinese လို့ ခေါ်တဲ့ မြန်မာပြည်ဖွား မဟုတ်တဲ့ ပင်လယ်ရပ်ခြားတရုတ်တွေလည်း (အရေအတွက် အားဖြင့် ၃ သိန်းကျော်) မြန်မာပြည်မှာ နေထိုင်နေတာ ဖြစ်ပြီး၊ သူတို့တွေရဲ့ မြန်မာပြည်က နိုင်ငံရေးသမားတွေ အပေါ် ပါ ဝင်ပတ်သက်မှု၊ ရန်ကုန်မှာ ဖွင့်ထားတဲ့ Bank of China ရဲ့ ဦးနု အစိုးရအပေါ် ကူညီထောက်ပံ့မှုတွေကို သမိုင်းဆရာတွေ က မှတ်တမ်းတင်ပြုစု ထားတာတွေ ရှိပါတယ်။
ဒီအချိန်မှာ CPB ခေါ် Communist Party of Burma ဗမာပြည်ကွန်မြူနစ်ပါတီဟာ တရုတ်ပြည် ကွန်မြူနစ်နဲ့ ဆက်သွယ်မှု တွေ ရှိသလို ထောက်ပံ့ကူညီမှုတွေကိုလည်း ရရှိနေခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ အဲဒီအချိန်က တရုတ်နီနဲ့ မော်စီတုန်းကို အားကျကိုးကွယ်သူတွေ အများအပြား ရှိခဲ့ပြီး စာပေနယ်၊ နိုင်ငံရေး နယ်နဲ့ ကျောင်းသားလောကမှာ အများဆုံးပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်း ၁၉၆၂ ခု မတ်လ ၂ ရက်နေ့ အာဏာသိမ်းတော့လည်း တရုတ်အစိုးရက အာဏာသိမ်း စစ်အစိုးရကို အသိအမှတ်ပြုသင့် မပြုသင့် ခေါင်းချင်းဆိုင် တိုင်ပင်၊ ရန်ကုန်အခြေစိုက် သံရုံးနဲ့ ကြေးနန်းရိုက် အလုပ်ရှုပ်ခဲ့ရပါတယ်။ (ဦးနေဝင်းက မတ်လ ၁ ရက်နေ့ ညမှာ တရုတ်ဘဲလေး အကကို ဟန်မပျက်သွားကြည့်ပြီး အပြန် မနက် ၁ နာရီ မတ်လ ၂ ရက် နေ့မှာ အာဏာသိမ်းတာ ဖြစ်တယ်။)
မတ်လ ၇ ရက်နေ့မှာ ပီကင်းက ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီကို အသိအမှတ်ပြုကြောင်း မြန်မာနိုင်ငံ ခြားရေးဝန်ကြီးဌာနကို အကြောင်းကြားပါတယ်။ တရုတ်မတိုင်ခင် ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယသံရုံးတွေက တော်လှန် ရေးကောင်စီအစိုးရကို အရင် အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဟာ လေးနိုင်ငံမြောက်ပါ။ နောက်ပိုင်းမှာတော့ အနောက်နိုင်ငံတွေကလည်း (US အပါအဝင်) အာဏာသိမ်းအစိုးရကို လက်ခံခဲ့ကြပါတယ်။
တကယ်တော့ ဦးနေဝင်းဟာ ၁၉၆၁ခုနှစ် တရုတ်ပြည်ကို အလည်အပတ်သွားခဲ့စဉ်ကတည်းက သူဟာ အာဏာသိမ်းဖို့ အကြံအစည်ရှိတာကို တရုတ်အာဏာပိုင်တွေကို ဖွင့်ဟပြောဆိုခဲ့ဘူးပါတယ်။ တရုတ်က အာဏာသိမ်းမယ်ဆိုတာကိုတော့ ကြိုသိနေတဲ့အထဲမှာ ပါပါတယ်။
နောက်တနှစ်မှာ (၁၉၆၃ ဧပြီလ) မှာ တရုတ်ရဲ့ လူရှောက်ချီ ရန်ကုန်ကို လာလည်ပတ်ပြီး ဦးနေဝင်းနဲ့ တွေ့ပါတယ်။ အဲဒီ အချိန်မှာ ဗကပခေါင်းဆောင်တဦး ဖြစ်တဲ့ သခင်ဗသိန်းတင်ဟာ ပီကင်းမှာ နေထိုင်နေတာ ဖြစ်တယ်။ ဗကပနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကို တရုတ်ဘက်ကပဲ တင်ပြီး ဦးဆောင်ကူညီခဲ့တယ်လို့ ပြောရမှာပါ။
တရုတ်ဟာ ဦးနေဝင်းရဲ့ဆိုရှယ်လစ်လမ်းစဉ်ကိုရော ဦးနေဝင်းကိုပါ သံသယ ရှိခဲ့သူပါ။ သူ့ကို ဘူဇွာတဦးလို့ပဲ တရုတ် ခေါင်းဆောင်တွေက ရှုမြင်သုံးသပ်ထားတာ ဖြစ်ပါတယ်။ တရုတ်ရဲ့ရန်ကို ကြောက်တဲ့ ဦးနေဝင်းကတော့ ဖဆပလ အစိုးရ ကျင့်သုံးခဲ့တဲ့ ကြားနေရေး မူဝါဒကိုပဲ ဆက်ကျင့်သုံးခဲ့ပါ တယ်။
တော်လှန်ရေးအစိုးရရဲ့ ပြည်သူပိုင်သိမ်းတဲ့ ပေါ်လစီကြောင့် မြန်မာပြည်နေ တရုတ်စီးပွားရေး လုပ်ငန်းတွေ ထိခိုက်တဲ့ ကိစ္စတွေကို ပီကင်းက စောင့်ကြည့်ပြီး၊ ဦးနေဝင်းရဲ့ လုပ်ရပ်ကို မကြိုက်တာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၆၄ ခုနှစ်မှာ ရန်ကုန်တရုတ်သံရုံးက ထောက်လှမ်းရေးသတင်းတခု ရခဲ့ပါတယ်။ အဲဒါ ကတော့ တိုင်းတပ်မှူးတချို့က ဦးနေဝင်းကို အာဏာပြန်သိမ်းမယ့် မြေပြင်သတင်းပဲ ဖြစ်ပါတယ်။
ဒီသတင်းကိုရတဲ့ တရုတ်ခေါင်းဆောင် ချူအင်လိုင်းက နောက်ဆုံးကောက်ချက်ဆွဲတာကတော့ ဦးနေဝင်းရဲ့တော်လှန်ရေး အစိုးရက တရုတ်အစိုးရကို ကောင်းကောင်းမွန်မွန် ရင်းနှီးစွာ ဆက်ဆံတယ်။ တခြားသူတွေက သူ့ထက်ဆိုးနိုင်သလို အမေရိကန်၊ ဗြိတိန်နဲ့ ဂျပန်တို့ရဲ့ မြန်မာပြည်ကို ဝင်ရောက်ရေးလည်း လမ်းပွင့်သွားနိုင်တယ်လို့ သုံးသပ်ပြီး ကောက်ချက်ချ ခဲ့ပါတယ်။
ဒါကြောင့် ရန်ကုန်က တရုတ်သံအမတ် Geng Biao ကို လှမ်းပြီး ဦးနေဝင်းဆီကို အချက် သုံးချက်ပါတဲ့ လျှို့ဝှက်ကြေးနန်း ကို ပို့ခဲ့တယ်။
အဲဒီအထဲမှာ အာဏာသိမ်းမယ့် အစီအစဉ်ကို ဦးနေဝင်းကို ပြောခဲ့သလို၊ နံပါတ်နှစ်ကတော့ မြန်မာအစိုးရက ဘယ်လို ထောက်ပံ့ကူညီရေးတွေကို အရေးတကြီး လိုနေသလဲဆိုတာ မေးခိုင်းတယ်။ နံပါတ်သုံးကတော့ ချူအင်လိုင်း ကိုယ်တိုင် ဦးနေဝင်းကို လိုအပ်မယ်ဆိုရင် လာတွေ့မယ်ဆိုတဲ့ ကြေးနန်းပါပဲ။
ဒီကြေးနန်းကိုပို့ပြီး နောက်ပိုင်း ဦးနေဝင်းက လက်ခံတဲ့အတွက် ချူအင်လိုင်းက ဇူလိုင် ၁၀ ရက်နဲ့ ၁၁ ရက်မှာ မြန်မာနိုင်ငံ ကို လျှို့ဝှက်ခရီးသွားခဲ့ပါတယ်။ ဒီ နှစ်ရက်ခရီးစဉ်မှာ သူတို့ ၂ ဦးအကြား ၁၁ နာရီကြာအောင် ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်ဘက်က တွေးချက်က မှန်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ သူတို့ ထောက်ပံ့ထားတဲ့ ဗကပဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းနိုင်တဲ့ အနေအထားရော အင်အားရော မရှိဘူးလို့ သုံးသပ်ခဲ့ပါတယ်။
အရှေ့တောင်အာရှမှာ ဖြစ်နေတဲ့ စစ်အေးတိုက်ပွဲ ကာလမှာ တခြား အာဏာသိမ်း စစ်ခေါင်းဆောင်တွေလို ဦးနေဝင်းဆီ US နဲ့ UK တို့ရဲ့ သြဇာတွေ ပြန်ပြီး စိမ့်ဝင်လာမှာကို တရုတ်ဘက်က စိုးရိမ်ခဲ့တာ အမှန်ပါပဲ။
တရုတ်နဲ့ မြန်မာဆက်ဆံရေးက အတော်ကို တိုးတက်ကောင်းမွန်ခဲ့တယ်လို့ ဆိုရမှာပါ။ ၁၉၅၅ ကနေ ၁၉၆၆ အတွင်း တရုတ်ဘက်က အားကစား၊ သာသနာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ မီဒီယာနဲ့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ ခရီးစဉ်တွေ အများအပြား လွှတ်ခဲ့သလို၊ မြန်မာဘက်ကလည်း အပြန်အလှန် အကြိမ်များစွာ စေလွှတ်ခဲ့ပါတယ်။
ဦးနေဝင်းနဲ့ တရုတ်အကြားမှာ တည်ဆောက်ခဲ့တဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဟာ ၁၉၆၇ခုနှစ် မှာ စိန်ခေါ်မှုကို ကြုံရပါတယ်။ အဲဒါကတော့ တရုတ်-ဗမာ အရေးအခင်းပဲ ဖြစ်ပါတယ်။ ၁၉၆၆ တရုတ်မှာ စခဲ့တဲ့ ယဉ်ကျေးမှု တော်လှန်ရေးရဲ့ ရိုက်ခတ်မှုတွေက မြန်မာဆီကိုလည်း ကူးစက်ခဲ့ပါတယ်။
မော်စီတုန်းတံဆိပ်ကို ဝတ်ပြီး ကျောင်းကိုလာတဲ့ တရုတ်ကျောင်းသားတွေကို မဝတ်ဖို့ စည်းကမ်းထုတ်ရာကနေ တရုတ် ဗမာအရေးအခင်း စတင်ခဲ့ရတာ ဖြစ်ပါတယ်။
ဇွန်လကုန်မှာတော့ တရုတ်-ဗမာအရေးအခင်းဟာ ထိန်းမနိုင်တဲ့အဆင့်ကို ကျော်သွားခဲ့ပြီး တုတ်တွေ ဓားတွေ ကိုင်ဆောင် ထားတဲ့ လူအုပ်ကြီးဟာ တရုတ်ကျောင်းသား/သူတွေ နေတဲ့ ကျောင်းတွေ၊ တရုတ်တန်းနဲ့ တရုတ်သံရုံးကို ဝင်ရောက်စီး နင်း တိုက်ခိုက်ခဲ့ပါတယ်။
မော်စီတုန်း တံဆိပ်ဝတ်ထားသူ ကျောင်းသား/သူတွေကို သတ်ဖြတ်ခဲ့တာတွေ ရှိခဲ့သလို ဘောင်းဘီဝတ်ထားသူတွေ ကိုတောင် ကိုယ်ထိလက်ရောက် တိုက်ခိုက်သတ်ဖြတ်မှုတွ ရှိခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ၂၆ ရက်နေ့လယ်မှာတော့ တရုတ်သံရုံးကို လူပေါင်းတထောင်ခန့်က ဝိုင်းခဲ့ပြီး စတင်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ သံရုံးကို ဝင်စီးပြီး တရုတ်အလံကို ယူဆောင်ခဲ့သလို တရုတ် သံတမန်တွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
တရုတ်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အစည်းအရုံးတွေ (ဥပမာ တရုတ်ကျောင်းဆရာများအသင်း၊ ဧရာဝတီအသင်း The Irrawaddy River Glee Club) အပြင် အခြားရုံးအသင်းအဖွဲ့၊ အဆောက်အအုံ၊ ဆိုင်တွေ ကားတွေကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီး တိုက်ခိုက်လိုက်ကြပါတယ်။ ဒီတိုက်ခိုက်မှုမှာ တရုတ်လူမျိုး ၃၀ ကျော်ကို ဗမာတွေက သတ်ဖြတ်ခဲ့ တယ်လို့ မှတ်တမ်းများက ဆိုပါတယ်။
ဇွန်လ ၂၈ ရက်နေ့မှာ မြန်မာအစိုးရက ညမထွက်ရအမိန့် ကြေညာပြီး အရေးအခင်းကို အဆုံးသတ်ခဲ့ပါတယ်။
ရန်ကုန်တခုတည်း မဟုတ်ဘဲ တရုတ်-ဗမာအရေးအခင်းဟာ မန္တလေး၊ မော်လမြိုင်၊ မြင်းခြံ၊ ပုသိမ်၊ တောင်ကြီး နဲ့ ရေနံ ချောင်း အစရှိတဲ့ မြို့ကြီးများကိုလည်း ပျံ့နှံ့သွားခဲ့တာ ဖြစ်တယ်။
ပီကင်းဟာ ဦးနေဝင်း အစိုးရအပေါ် အတော်ကို စိတ်ဆိုးသွားခဲ့ပါပြီ။ သံအမတ်ကို ပြန်ခေါ်တယ်။ ဦးနေဝင်းအစိုးရကို အကြီးအကျယ် ရှုတ်ချခဲ့ပြီး ဒီဖြစ်ရပ်ကို တောင်းပန်ဖို့၊ ကျူးလွန်သူတွေကို အပြစ်ပေးဖို့၊ တရုတ်သံရုံးနဲ့ တရုတ်အသင်း အဖွဲ့တွေ တရုတ်လူမျိုးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တောင်းဆိုခဲ့ပါတယ်။
တရုတ်မီဒီယာနဲ့ People’s Daily ကနေ ဦးနေဝင်းအစိုးရကို နေ့စဉ်ရက်ဆက် ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။
ပီကင်းမှာတော့ လူပေါင်းတသောင်းလောက်က မြန်မာသံရုံးကို ဝိုင်းခဲ့ကြပါတယ်။ သံရုံးထဲကိုဝင် အလံကို ဆုတ်ဖြဲပြီး နိုင်ငံတော် အမှတ်တံဆိပ်ကို ဖျက်ဆီးလိုက်ကြပါတယ်။ ဒီလို နှစ်နိုင်ငံဆက်ဆံရေး ဆိုးဝါးနေချိန်မှာ ဗကပ ကလည်း တရုတ် ဘက်ကနေ ဦးနေဝင်း အစိုးရကို ရှုတ်ချခဲ့တယ်။
မြန်မာပြည်ထဲမှာဆိုရင် သူ့ရဲ့ ကွန်မြူနစ်ကွန်ရက်တွေ ရှိတဲ့ ပဲခူး၊ သာယာဝတီ၊ ပုသိမ်စတဲ့ နယ်ဘက်တွေမှာ တရုတ်ဆန့် ကျင်ရေးကို ကန့်ကွက်တဲ့ စာတွေကပ်၊ လှုံ့ဆော်ရေး တရားပွဲတွေ လုပ်ခဲ့ပါတယ်။
မြန်မာ အစိုးရဟာ တရုတ်ရဲ့ တောင်းဆို ချက်ကို မလိုက်လျောဘဲ သူ့ရဲ့သံအမတ်ကိုလည်း ပီကင်းကနေ ပြန်ခေါ်ခဲ့တယ်။ မြန်မာသတင်းစာတွေကလည်း တရုတ် ဆန့်ကျင်ရေးဆောင်းပါးတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။
တရုတ်ကလည်း နယ်စပ်ရှိ ဗကပကို လက်နက်တပ်ဆင်ပေးပြီး၊ စစ်သင်တန်းတွေပေးပြီး စစ်အကြံပေး အရာရှိတွေ စေ လွှတ် ကူညီစေခဲ့ပါတယ်။
၁၉၆၈ ဇန်နဝါရီ ၁ ရက်နေ့မှာ ဗကပတပ်တွေဟာ (တရုတ်တပ် အပျော်တမ်းတပ်တွေ အပါအဝင်) နယ်စပ်ကို အလုံး အရင်းနဲ့ ဖြတ်ကျော်ပြီး မြန်မာကို ထိုးစစ်ဆင်နွှဲလိုက်ပါတော့တယ်။
ကိုးကား ။ ။ David I. Steinberg နှင့် Hongwei Fan တို့၏ Modern China Myanmar Relationship