ယခင်စစ်အစိုးရ လက်ထက်ကတည်းက အကျဉ်းထောင်များ အတွင်း အကျဉ်းကျနေဆဲနှင့် အမှုရင်ဆိုင်နေရပြီး အချုပ် ကျနေသည့် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၃၀၀ ကျော် ရှိနေရာ လက်ရှိ အစိုးရက ၎င်းတို့ လွတ်မြောက်ရေးအတွက် လျစ်လျူရှုထားသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ပြောဆိုသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က “ထောင်ထဲမှာ စစ်အစိုးရ လက်ထက် ကတည်းက အကျဉ်းကျနေတဲ့ နိုင်/ကျဉ်းက ၁၀၀ နီးပါး ရှိပါတယ်။ တရားရုံးမှာ အမှုရင်ဆိုင်နေဆဲ အချုပ်ကျ အကျဉ်းသား က ၂၀၀ ကျော် ရှိပါတယ်။ ပေါင်းလိုက်ရင် ၃၀၀ ကျော် ရှိပါတယ်။ အခုအစိုးရ လက်ထက်မှာ နိုင်ငံရေး အကျဉ်းသားတွေက ပိုများလာပါတယ်”ဟု ပြောသည်။
ဆက်လက်ပြီး “နိုင်/ကျဉ်းတွေက အသက် ၅၀၊ ၆၀ ကျော်တွေ။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း အားနည်း တယ်။ လက်နက်ကိုင်အဖွဲ့က သူတွေဆို ထောင်ဝင်စာလည်း အဆင်မပြေဘူး။ လူ့အခွင့်အရေးလည်း ချိုးဖောက်ခံရ တယ်။ အင်းစိန်ထောင်ဆိုရင် အနည်းဆုံးက အကျဉ်းသားဦးရေ ၃၀၀၀ ၊ အများဆုံးက ၅၀၀၀ ပဲ ရှိရမှာ ဖြစ်ပေမယ့် အခု ၁၃၀၀၀ ကျော်သွားတော့ စဉ်းစားသာ ကြည့်ပါတော့” ဟုလည်း ဆိုသည်။
ဦးထွန်းကြည် ပြောသည့် ၁၀၀ ဝန်းကျင် အကျဉ်းကျ ဦးရေသည် ယခင် စစ်အစိုးရ လက်ထက်ကတည်းက ဖောက်ခွဲမှု ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟု ဆိုကာ မတရားအသင်း ဆက်သွယ်မှုတို့ဖြင့် ထောင် ကျနေသူများ ဖြစ်သည်။
အချုပ်ကျ တရားရင်ဆိုင်နေရဆဲ ၂၀၀ ကျော်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်နွှယ်သည် ဟု ယူဆကာ တရားစွဲဆို ခံထားရသူများအပြင် လယ်သမားများ၊ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေး ဆန္ဒပြ သူများ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြကြသူများ၊ တပ်မတော်နှင့် NLD ပါတီဝင်များကို လူမှု ကွန်ရက် တွင် ဝေဖန်သဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသူများ ပါဝင်သည်ဟု သိရ သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ၎င်း၏ စာရင်းတွင် နိုင်ငံရေး အကျဉ်း သား ၂၉၂ ဦး ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ တလတည်းတွင်ပင် နိုင်ငံရေးဆိုင်ရာ ပုဒ်မများဖြင့် ဖမ်းဆီးခံရသူ ၉၂ ဦး ရှိပြီး တိုင်းရင်းသားအများစု ပါဝင်ကြောင်း၊ ထိုအချက်များမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဆောင်ရွက်နေသည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ထိခိုက်ကြောင်း AAPP က ၎င်း၏ ထုတ်ပြန်ချက်တွင် ဆို ထားသည်။
နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် အဓိက သက်ဆိုင်သည်မှာ ပြည်ထဲရေး ဝန်ကြီးဌာနဖြစ်ပြီး ထိုဌာနသည် ကာကွယ်ရေး ဦးစီးချုပ်၏ လက်အောက်တွင် ရှိသဖြင့် တပ်မတော်တွင်လည်း တာဝန်ရှိသည်ဟု ဦးထွန်းကြည် က ပြော သည်။
“သမ္မတကြီး ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံတို့က နိုင်/ကျဉ်းပါ။ နိုင်/ကျဉ်းတော်တော် များများ ကလည်း လွှတ်တော်ထဲမှာ ရှိနေပါတယ်။ ဒါကို အကျဉ်းသားတွေနဲ့ ပတ်သက်လို့ အသံတိတ်နေတာက တိုင်းပြည် ဂုဏ်သိက္ခာ ကို ထိခိုက်တယ်။ ဒီလူတွေကို လေးစားတန်ဖိုးထားဖို့ လိုပါတယ်”ဟု ပြောသည်။
ထို့အပြင် ပြည်ထဲရေး အနေဖြင့် ၂၀၁၆ ခုနှစ် ဧပြီလအတွင်းက နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော် အတိုင်ပင်ခံတို့ တောင်းဆိုမှုကြောင့် ဟုဆိုကာ အကျဉ်းသား ၁၀၀ ကျော် လွှတ်ပေးခဲ့ရာတွင် နာမည်စာရင်းများ ထုတ်ဖော် ပြောကြား ခြင်း မရှိသဖြင့် နိုင်/ကျဉ်း မည်မျှ ပါဝင်သည်ကို မသိရကြောင်း ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို အတိုက်အခံအဖြစ် ရပ်တည်စဉ် နိုင်ငံရေး သမားများအား အကျဉ်းချခြင်းကို အစဉ်တစိုက် ကန့်ကွက် ပြောဆိုခဲ့သူ ဖြစ်သည်။
ထို့အပြင် လွှတ်တော်တွင်း ရွေးကောက်ခံ ကိုယ်စားလှယ် ၄၉၀ ကျော်အနက် ၁၂၀ ခန့်မှာ နိုင်/ကျဉ်းဟောင်းများ ဖြစ်ပြီး အစိုးရအဖွဲ့အတွင်း ဝန်ကြီးများ၊အဖွဲ့ဝင် အချို့မှာလည်း နိုင်/ကျဉ်းဟောင်းများ ဖြစ်သည်။
ယခင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီတွင် ပါဝင်ခဲ့သည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “အစိုးရက လုပ်ဖော်ကိုင်ဖက် နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ကျန်နေတယ်ဆိုတာ နားလည်ဖို့ လိုတယ်။ ဒီနေ့ထိ ဘာမှ မလုပ်နိုင် သေးဘူး” ဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ဖွဲ့စည်းထားပြီး တပ်မတော် အရာရှိများ၊ အစိုးရ တာဝန်ရှိသူများအပြင် နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်း နိုင်ငံရေး သမားများ ပါဝင်သည်။
အကျဉ်းထောင်အတွင်း နိုင်ငံရေးဖြင့် အကျဉ်းကျသူများကို ယခင် စစ်အစိုးရခေတ်က နိုင်ငံရေးပုဒ်မဖြင့် မဟုတ်ဘဲ အခြားပုဒ်မများဖြင့် ထောင်ချထားသဖြင့် ထိုကော်မတီဝင်များက စိစစ်ပြီး သမ္မတထံ တင်ပြကာ သမ္မတက လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီး ရာနှင့်ချီသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့သည်။
ဦးစိုင်းညွန့်လွင်က ထိုကော်မတီနှင့် ပတ်သက်၍ အစိုးရထံ စုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း သေချာရေရာသည့် အဖြေကို မရရှိခဲ့ပါဟု ဧရာဝတီကို ပြောသည်။
ဆက်လက်ပြီး ဦးစိုင်းညွန့်လွင်က “နိုင်/ကျဉ်းစိစစ်ရေး ကော်မတီက ဖျက်လည်း မဖျက်ဘူး။ ဒါက အစိုးရပေါ်မှာ မူတည် တယ်။ အစိုးရဆန္ဒ ပေါ်မှာပဲ မူတည်ပါတယ်။ ဒါကို မကြိုက်လို့လား၊ ဘာလို့လားပေါ့။ သူတို့ကိုပဲ မေးလို့ရ မယ်”ဟု ပြော သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအဝင် ယခင် စစ်အစိုးရ အတိုက်အခံ နိုင်ငံရေး အင်အားစုများက မည်သူမဆို လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသား အခွင့် အရေး တို့အတွက် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ လှုပ်ရှားဆောင်ရွက် အားပေးကူညီခြင်း၊ ပူးပေါင်း ကြံစည်ခြင်း တို့ကြောင့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ပြစ်မှု ဖြစ်စေ ၊ တရားမ ကြောင်းအရ ဖြစ်စေ ဖမ်းဆီး ၊ ထိန်းသိမ်း၊ ပြစ်ဒဏ် ချမှတ်ခံရသူများကို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ကြောင်း ၂၀၁၄ ခုနှစ်က ထုတ်ပြန်ထားသည်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်က ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက နိုင်ငံရေးပြစ်မှု နှင့် နိုင်ငံရေးအကျဉ်းသား ဝေါဟာရကို အဓိပ္ပာယ် ဖွင့်ဆိုရန် ရှိ၊ မရှိ မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန က မရှိကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
စစ်အစိုးရ လက်ထက်က မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား မရှိကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူ များသာ ရှိကြောင်း ထုတ်ပြောခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက်က နိုင်ငံရေးအကျဉ်းသားဟု ခေါ်ဝေါ်ပြီး လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ ဟူသည်မှာ မည်သူများ ဖြစ်ကြောင်း သတ်မှတ်ချက်ကိုမူ နိုင်ငံတော်အစိုးရက ယနေ့အထိ အသိမှတ်ပြုထားခြင်း မရှိသေးပေ။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ထံသို့ နိုင်/ကျဉ်းများ လွှတ်ပေးရန် ၂ကြိမ် စာပို့ တောင်းဆိုထားသော်လည်း အစိုးရဘက်က တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိဟု သိရသည်။ ။