လူသေရုပ်အလောင်းတွေ သင်္ဂြိုဟ်ထားတဲ့ ရွာအပြင်က သင်္ချိုင်းကုန်းကြီး တခုဟာ လူသူသွားလာမှု ကင်းမဲ့ပြီး ချောက်ချားစရာ ဖြစ်နေပေမယ့် မာယား လို့ခေါ်တဲ့ အသက် ၁၅ နှစ်အရွယ် မိန်းမငယ်လေး တယောက် အတွက်တော့ ပုန်းခိုစရာ နေရာ ဒါမှမဟုတ် ခွဲခြားဆက်ဆံမှု ကင်းမဲ့ဇုန် တခု ဖြစ်လို့ နေပါတယ်။
အလင်းရောင် ရှိတဲ့ အချိန်တွေမှာ သာမကဘဲ အမှောင်ဖုံးတဲ့ အချိန်တွေအထိ ဒီနေရာလေးမှာပဲ ရက်ပေါင်း၊ လပေါင်းများစွာ ခိုလှုံ ခဲ့ရပါတယ်။ ဒီသင်္ချိုင်းကုန်းမှာ သူ့ကို မောင်းထုတ်မယ့်သူတွေ မရှိဘူး။ သူ့ကို မသတီတဲ့ အကြည့်မျိုးနဲ့ ကြည့်မယ့်သူတွေ မရှိဘူး။ အဲဒီလို ခွဲခြား ဆက်ဆံတတ်တဲ့ လူတွေက ရွာထဲမှာပဲ နေကြတယ်လေ။
ဒါဟာ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ထဲက ရွာလေး တရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တခု ဆိုပေမယ့် အသက် ၆၀ ခန့် ရှိနေပြီဖြစ်တဲ့ ကာယကံရှင် မာယား အတွက်ကတော့ အဲဒီလို ကြုံတွေ့ခဲ့ရတဲ့ အတိတ်က ဒဏ်ရာတွေက အခုချိန်ထိ အသစ်တွေ ဖြစ်နေဆဲပါ။
မာယား အသက် ၁၃ နှစ်အရွယ်လောက်မှာ အနာကြီးရောဂါ လက္ခဏာတွေ ပြလာတယ်။ အဖေဖြစ်သူမှာလည်း ဒီရောဂါ ရှိတာကြောင့် ဖခင်ကို ပြုစုရင်း ကူးစက်ခံရတယ်လို့ သူမ ယုံကြည်ခဲ့ပါတယ်။ မိခင်ဖြစ်သူနဲ့ တခြား ညီအစ်ကို မောင်နှမတွေမှာတော့ ကူးစက်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ကုသဖို့ အတွက် ဗဟုသုတကလည်း အားနည်းလေတော့ ဒီအတိုင်းပဲ နေလိုက်ရာက ရောဂါလက္ခဏာတွေ ပိုမို ထင်ရှားလာတဲ့ အခါမှာတော့ ရွာထဲက လူတွေ ရိပ်မိကုန်ပြီ။ သူငယ်ချင်းတွေကလည်း သူတို့နဲ့ ဝေးဝေးနေဖို့ ပြောဆို လာကြတယ်။ ဆွေမျိုး သားချင်းတွေကတောင် အိမ်ဝိုင်းထဲကို မဝင်လာဖို့အထိ ပိတ်ပင် မောင်းထုတ်တာတွေကို ဆက်တိုက် ကြုံလာရတယ်။
“သူငယ်ချင်းတွေ ကလည်း အကပ်မခံတော့ဘူး။ ကျမကို ရွံတယ်၊ မုန်းတယ် ပြောတယ်။ ရွာကလူတွေက ရွာမှာ ပေးမနေဘူး။ တောထဲမှာ သွားနေလို့ ပြောကြတယ်။ အဲဒီလို ပြောတဲ့ အခါကျတော့ စိတ်ထဲမကောင်းဘူး” လို့ ပြောရင်း တိမ်ဝင်သွားတဲ့ မာယား ရဲ့ အသံနဲ့ အတူ မျက်ဝန်းအစုံကနေ မျက်ရည်တွေ စီးကျလာပါတယ်။
အတိတ်က အကြောင်းတွေကို ပြန်ပြောရင်း ကြေကွဲ ဆို့နင့်နေတဲ့ မာယားတယောက် စကားမပြောနိုင်လောက်အောင် စိတ်ထိခိုက်ပြီး ငိုချလိုက်ပါတယ်။ ရောဂါပိုး တိုက်စားခံထားရလို့ မညီမညာ ဖြစ်နေတဲ့ သူမရဲ့ လက်အစုံနဲ့ တသွင်သွင် စီးကျနေတဲ့ မျက်ရည်တွေကို အကြိမ်ကြိမ်သုတ်ပြီး သုံးမိနစ်လောက် ငြိမ်သက်နေပြီးမှ ဆက်ရှင်းပြနိုင်ပါတယ်။
ရောဂါ စတင်ခံစားနေရတဲ့ အချိန် ရွာခံတွေကလည်း ဗဟုသုတ အသိပညာ နည်းပါးတာကြောင့် ဒီရောဂါဖြစ်ရင် တရွာလုံး ကူးစက်မယ် လို့ ယူဆကြတယ်။ ပတ်ဝန်းကျင်ကလည်း မာယား တင်မကဘဲ မိသားစုဝင်တွေကိုပါ ဖယ်ကြဉ်လာကြတယ်။ နောက်ဆုံး မာယား ကို ရွာထဲမှာ မထားဖို့ ဖိအားပေး ပြောဆိုလာမှုတွေဟာ တအိမ်လုံး ပြောင်းရွှေ့ရတော့မယ့် အခြေအနေအထိ ဖြစ်လာခဲ့ရတယ်။
မိခင်တယောက် အနေနဲ့ ၁၅ နှစ်အရွယ် သမီးပျိုလေး တယောက်ကို ရွာပြင်မှာ ပုန်းရှောင်နေဖို့ အတွက် ဆုံးဖြတ်ဖို့ ခက်ခဲပေမယ့် တအိမ်လုံး ရွှေ့ပြောင်းရမယ့် အခြေအနေကြောင့် သမီးဖြစ်သူကို ရွာအပြင်မှာ တယောက်တည်း ရှောင်နေဖို့ ဉာဏ်မီသလောက် ဆုံးဖြတ်ခဲ့ပါတယ်။
သူငယ်ချင်း အပေါင်းအသင်းတွေ၊ ဆွေမျိုး အသိုင်းအဝိုင်းတွေ၊ ရွာသူရွာသားတွေရဲ့ မသတီတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံခံရမှု တွေ အပြင် မွေးကတည်းက ရင်အုပ်မကွာ နေလာခဲ့တဲ့ မိဘကပါ ရွာပြင်မှာ ပုန်းအောင်းနေဖို့ ပြောလာတဲ့ အခါမှာတော့ မာယား တယောက် ဘယ်လိုမှ ခံနိုင်ရည် မရှိတော့ပါဘူး။ တခြားရွေးချယ်စရာလည်း မရှိခဲ့ဘူးလေ။
အရွယ်နဲ့ မလိုက်အောင် ခါးစည်းခံနေရတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ခန္ဓာကိုယ်မှာ စွဲကပ်နေတဲ့ ရောဂါ ဝေဒနာတွေကြောင့် ဒီလို အဖြစ်ဆိုးကြီးကနေ အဆုံးသတ်ဖို့ တွေးမိတာက ကိုယ့်ကိုယ်ကို သတ်သေဖို့ပါပဲ။ အဆိပ် သောက်သေတယ် ဆိုတဲ့ ကြားဖူးနားဝ စကားအတိုင်း သူမ စားလိုက်တယ်။ အရသာ မကောင်းမွန်ပေမယ့် ကြိတ်မှိတ်ပြီး စားခဲ့တယ်။
စားပြီး ခဏအကြာမှာတော့ မူးဝေအော့အန်ပြီး လောကကြီးနဲ့ အဆက်ပြတ်သွားတယ်။ မျက်လုံးအစုံ ပြန်ပွင့်လာချိန်မှာ သေကြောင်းကြံဖို့ စိတ်ကူးနဲ့ စားလိုက်မိတာက ဆေးရွက်ကြီးတွေ ဖြစ်နေကြောင်း သူမအမေ ရှင်းပြလို့ သိလိုက်ရ တယ်။
နောက်ဆုံးတော့ အမေဖြစ်သူရဲ့ နားချမှုနဲ့ ရွာပြင်မှာ နေဖို့ ဆုံးဖြတ်လိုက်တယ်။ ရွာပြင်ဆိုပေမယ့် နေရာ တော်တော်များများက ရွာသူ၊ ရွာသားတွေ အသွားအလာ များတာကြောင့် ပုန်းခိုဖို့ နေရာက ကျဉ်းမြောင်းတဲ့ အတွက် နောက်ဆုံးတော့ ဘယ်သူမှ မလာနိုင်တဲ့ သင်္ချိုင်းကုန်းကို ရွေးချယ်လိုက်ပါတယ်။
“သင်္ချိုင်းထဲမှာ သွားသွားနေတာ။ မိုးကလည်း ရွာသေးတယ်။ တညလုံး ဒီအတိုင်းပဲ နေရတာပေါ့” ဆိုပြီး မညီမညာ ဖြစ်နေတဲ့ သူ့ရဲ့ လက်အစုံကို ဆုပ်ပြီး မိုးရွာထဲမှာ ခိုက်ခိုက်တုန်အောင် ချမ်းတုန်နေခဲ့ရပုံလေး လုပ်ပြပါတယ်။
ရွာထဲက လူတွေ ကြောက်လှပါတယ် ဆိုတဲ့ တစ္ဆေ၊ သရဲတွေကို လူမှန်းသိတတ်စ အရွယ်ကတည်းက ကြောက်တတ် ခဲ့သူ ဖြစ်ပေမယ့် ရွာထဲက လူတွေ သူ့ကို တွေ့သွားရင် ဒီနေရာကနေ နောက်တနေရာကို မောင်းထုတ်ခံရမှာ စိုးရိမ်နေတဲ့ စိတ်က တစ္ဆေ၊ သရဲတွေကို ကြောက်တာထက် ပိုလို႔ လွှမ်းမိုးနေခဲ့တယ် လို့ ဆိုပါတယ်။
ရွာပြင်ကို ထွက်သွားလိုက်ကတည်းက မိခင်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ မျက်နှာကို အလင်းရောင် ရှိချိန်တွေမှာ တွေ့မြင်ခွင့် မရတော့ပါဘူး။ ဖခင် ဆုံးသွားပြီးတဲ့နောက် ဆင်းရဲချို့တဲ့ပြီး တအိမ်လုံးရဲ့ စားဝတ်နေရေးတွေကို တာဝန်ယူနေရတဲ့ မိခင်ဖြစ်သူ ကိုယ်တိုင်ကလည်း မာယား ပြန်လာတာကို ရွာသူရွာသားတွေ မြင်သွားရင် တမိသားစုလုံး ရွာပြင် မောင်းထုတ်ခံရမှာကို စိုးရိမ်နေရ ပြန်ပါတယ်။
“အမေတို့ ပြောတာတော့ မလာနဲ့တဲ့။ နင်လာရင် အမေတို့ ရွာမှာ မနေရဘူး။ မောင်းထုတ်ခံရမယ်တဲ့” လို့ ပြောရင်း ရစ်ဝဲလာတဲ့ မျက်ရည်တွေ ပြုတ်မကျလာအောင် မျက်နှာလွှဲပြီး ထိန်းလိုက်ပါတယ်။ သူ႔ ရင်ထဲမှာ အနာကျင်ဆုံး ဖြစ်ရတဲ့ ဒီစကားမျိုးကို အကြိမ်ကြိမ် ကြားရပေမယ့် ကြားတိုင်း၊ ကြားတိုင်းမှာ တဆတ်ဆတ်နာခဲ့ရတယ် လို့ ဆိုပါတယ်။
မာယား တယောက် သင်္ချိုင်းကုန်းမှာ အမှောင်ထု ကျရောက်မယ့် အချိန်တွေကိုပဲ နေ့စဉ် ထိုင်စောင့်နေခဲ့ရပါတယ်။ ညရောက်လို့ လူခြေတိတ်သွားချိန်ကျမှ တခြား လူတွေ မတွေ့အောင် ရွာထဲက အမေ့အိမ်ကို ခိုးပြန်ပြီး ထမင်းစား ရတယ်။ တခြားအိမ်တွေ ရိပ်မိမှာ စိုးတဲ့ အတွက် အမှောင်ထဲမှာပဲ စားပြီး ရွာက လူတွေ မနိုးခင်မှာပဲ သူ နေထိုင်ရာ သင်္ချိုင်းကုန်းကို ပြန်ခဲ့ရတယ်။
သင်္ချိုင်းကုန်းမှာ နေ့စဉ်နဲ႔ အမျှ စဉ်းစားမိတာက ခွဲခြား ဆက်ဆံသူတွေနဲ့ ကင်းဝေးရာကို ထွက်သွားဖို့ပါ။ နောက်ဆုံးတော့ သူပုန်းခိုနေတဲ့ ရွာပြင်သင်္ချိုင်းနဲ့ မိခင်နဲ့ ညီအစ်ကိုမောင်နှမတွေ ရှိတဲ့ ရွာလေးကို ကျောခိုင်းပြီး ရှမ်း-ကယား နယ်စပ်ကို ထွက်ခွာသွားခဲ့ပါတယ်။ သူ႔ကို ခွဲခြားမှု မရှိတဲ့ နေရာမှာ ဘဝကြင်ဖော်နဲ့ တွေ့ပြီး သားလေး တယောက် ထွန်းကားခဲ့ပါတယ်။
ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုသလို သားကလေးကို ကိုယ်ဝန် လွယ်ထားရချိန် နေ့စေ့လစေ့ အချိန်မှာပဲ သူ႔ရဲ့ ရောဂါ အခြေ အနေကို ခင်ပွန်းဖြစ်သူက သိသွားပြန်တယ်။ ခင်ပွန်းဖြစ်သူရဲ့ တိုက်တွန်းချက်ကြောင့် သားကလေး မွေးပြီး ၂ လသား အရွယ်မှာတော့ သားနဲ့ ခင်ပွန်းကို ခွဲခွာသွားဖို့ မျက်စိမှိတ် ဆုံးဖြတ်လိုက်ပါတော့တယ်။
မွေးရပ်မြေမှာ ကြုံတွေ့ခဲ့ရတဲ့ နာကျင်စရာ အတွေ့အကြုံတွေကြောင့် မိသားစုနဲ့ ရွာလေးကို ပထမအကြိမ် ကျောခိုင်းခဲ့ရပြီး တဲ့နောက် သူ႔ဘဝ အတွက် သံယောဇဉ်တွေ တွယ်နေရပြီ ဖြစ်တဲ့ သားနဲ့ ခင်ပွန်းကိုလည်း နာနာကျင်ကျင်နဲ့ပဲ ဒုတိယအကြိမ် ကျောခိုင်းခဲ့ရပြန်ပါတယ်။ အထူးသဖြင့် မိခင်တယောက် အနေနဲ့ လူ့ဘဝထဲ ရောက်ခါစ ရင်သွေးလေးကို ခွဲခွာဖို့ အင်မတန် ခက်ခဲခဲ့ကြောင်း ဝမ်းနည်းစွာ ငိုကြွေးရင်း ပြောဆိုပါတယ်။
“ကျမယောက်ျားက ပြောတယ်…၊ နင့်ရောဂါ ကလေးကို ကူးမယ်တဲ့” ဆိုပြီး ခင်ပွန်းဖြစ်သူရဲ့ ပြောပြချက်ကို ပြန်ရှင်းပြပါတယ်။ မာယားရဲ့ မျက်နှာမှာတော့ လွမ်းဆွတ်၊ နာကျင်မှုတွေက အထင်းသားပါပဲ။
သားနဲ့ ခင်ပွန်းကို စွန့်လွှတ် ထွက်ခွာခဲ့ရပြီးတဲ့နောက် စိတ်ဓာတ်ကျနေတဲ့ မာယား တယောက် ဖြစ်သလို နေထိုင်ရင်း ရောဂါ အခြေအနေက ဆိုးသထက် ဆိုးလာပါတယ်။ အထူးသဖြင့် လက်ဖျား၊ ခြေဖျားတွေက ရောဂါပိုးတွေရဲ့ တိုက်စားမှုကြောင့် လူတောထဲ မသွားရဲလောက်အောင် ဖြစ်လာပါတယ်။
နောက်ဆုံး အဆက်အသွယ် ပြန်ရတဲ့ မိခင်ဖြစ်သူနဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကြောင့် လက်ရှိ သူမ ခိုလှုံနေတဲ့ “စိန့်ဂျိုးဇက် ကိုတိုလင်းဂို” အမည်ရ ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ်ထဲက အနာကြီးရောဂါကု ဆေးရုံကို ရောက်ရှိခဲ့ပါတယ်။ ဒီနေရာကို ဟိုခိုက် လို့ လူသိများပြီး အနာကြီးရောဂါသည် အယောက် ၁၀၀ လောက်ကို ဆေးကု ပေးပြီး ဂေဟာ သဘောမျိုး ပြုလုပ်ပေးထားတာပါ။
ဒီနေရာလေးကို လွန်ခဲ့တဲ့ ၁၉၃၈ ခုနှစ်က မြန်မာနိုင်ငံကို သာသနာပြု ရောက်ရှိခဲ့တဲ့ အီတလီ ဘုန်းတော်ကြီး Rev. Fr. Rocco Pereco က ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ဟိုခိုက် အပါအဝင် အနီးနားက ကျေးရွာ အချို့မှာလည်း အနာကြီး ရောဂါသည်တွေ နေထိုင်ကြ ပါတယ်။
မာယား တယောက်လည်း ဟိုခိုက်မှာ ဆယ်စုနှစ်တွေနဲ့ ချီခဲ့ပါပြီ။ ဆေးတွေ ပုံမှန်သောက်ခဲ့ ပေမယ့်လည်း အချိန်လွန် သွားလို့ ရောဂါ တိုက်စားမှု ခံထားရတဲ့ ခြေတွေ၊ လက်တွေ ကတော့ နဂိုအတိုင်း ပြန်မကောင်းတော့ပါဘူး။ မိခင်ဖြစ်သူ နဲ့ ခင်ပွန်းတို့လည်း သူ႔ရဲ့ မျက်ကွယ်မှာပဲ ဆုံးသွားတယ် ဆိုတာ သတင်းစကားတွေက တဆင့် သိလိုက်ရတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့တော့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ် လို့ ဆိုပါတယ်။
တနေ့တော့ မျှော်လင့်မထားတဲ့ အသက် ၂၀ ကျော် အရွယ် ဧည့်သည် တယောက် ရောက်လာပါတယ်။ သူ႔ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသူကတော့ မွေးပြီး ၂ လသားအရွယ်နဲ့ ထားခဲ့တဲ့ သူ႔ရဲ့ သားလေးပါ။ မာယား တယောက် အပျော်ရွှင်ဆုံး မိခင်တယောက် ဖြစ်သွားစေခဲ့တဲ့ တွေ့ဆုံမှုပါ။ သားဖြစ်သူက မိခင်အဖြစ် အသိအမှတ် ပြုခဲ့တယ် လေ။
လာတွေ့တဲ့ သားဖြစ်သူက အိမ်ထောင်ကျပြီး ကလေး တယောက်တောင် ရနေပါပြီ။ သားဖြစ်သူဆီက မျှော်လင့် မထားတဲ့ အရာတခုကို ထပ်ရလိုက်ပြန်ပါတယ်။ အဲဒါကတော့ သားဖြစ်သူက သူတို့မိသားစုနဲ့ အတူလာနေဖို့ မာယားကို တောင်းဆိုတာပါ။ ဒီစကား ကြားတော့ ဝမ်းသာ ကြည်နူးမိပေမယ့် နာကျင်တဲ့ ဝေဒနာကိုပါ ရောပြီး ခံစားလိုက်ရတယ်လို့ ဆိုပါတယ်။
ဒီတခါတော့ အရင်တုန်းကလို သူများတွေက သူ့ကို ငြင်းဆန်ခဲ့တာမျိုး မဟုတ်ဘဲ သူကိုယ်တိုင်က အတူလိုက်နေဖို့ ငြင်းလိုက်ပါတော့တယ်။ သိသာထင်ရှားနေတဲ့ ရောဂါ အခြေအနေကြောင့် သားဖြစ်သူ၊ ချွေးမဖြစ်သူနဲ့ မြေးကလေးကို သူတို့နေတဲ့ အသိုင်းအဝိုင်းကြားမှာ မျက်နှာငယ်မှာကို စိုးရိမ်တဲ့ အတွက် စိတ်ထဲက ခံစားချက်တွေကို ဖုံးကွယ်ပြီး သားဖြစ်သူရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်တယ်လို့ ဆိုပါတယ်။
သားဖြစ်သူ ရှေ့မှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းပြခဲ့ပေမယ့် သားပြန်သွားတဲ့ အချိန်မှာတော့ ရင်ထဲမှာ နေမထိ ထိုင်မသာ ခံစားခဲ့ရတယ်။ တကယ်တမ်းမှာတော့ မာယား ဟာ တခြားမိသားစုတွေလို သား၊ ချွေးမ၊ မြေးကလေးတို့နဲ့ အတူ နေချင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ရောဂါက အတူနေခွင့်ကို စည်းခြားထားသလို ဖြစ်နေခဲ့ပါတယ်။
လက်ရှိ မာယား နေထိုင်ရာ ဟိုခိုက် အနာကြီးရောဂါ ဝေဒနာရှင် စောင့်ရှောက်ရေး ဂေဟာမှာတော့ ဘဝတူ ဝေဒနာရှင်တွေ စုဝေးနေထိုင်ကြတယ် ဆိုပေမယ့် လူတွေရဲ့ ခွဲခြားဆက်ဆံမှုတွေက သူတို့ နေထိုင် နေရတဲ့ ဘဝတွေကို ရိုက်ခတ် လာတာတွေလည်း ကြုံတွေ့ရပါသေးတယ်။
အလှူရှင်တွေရဲ့ ထောက်ပံ့မှု နည်းပါးလာတဲ့ သူတို့ဂေဟာမှာ မွေးမြူရေးနဲ့ စိုက်ပျိုးရေးတွေ လုပ်ကိုင်ပါတယ်။ လမ်းလျှောက်ပြီး အလုပ် လုပ်နိုင်တဲ့ ရောဂါ ဝေဒနာရှင်တွေ ကတော့ မွေးမြူရေး၊ စိုက်ပျိုးရေးတွေ လုပ်ကြတယ်။ တချို့က ခြင်းတောင်းရက်တာ အပါအဝင် လက်မှု လုပ်ငန်းတချို့ လုပ်ကိုင်ကြတယ်။
စိုက်ပျိုးရေး ထွက်ကုန်တွေ မြို့ပေါ် တင်ပို့ ရောင်းချတဲ့ အခါမှာ ဗဟုသုတ နည်းသူ အချို့ရဲ့ နှာခေါင်းရှုံ့ ရှောင်ဖယ်တာ မျိုးတွေ ခံခဲ့ရသလို တချို့ဆိုရင် ဂေဟာဘေးကနေ ဖြတ်သန်း စီးဆင်းနေတဲ့ ချောင်းထဲက ငါးတွေကိုတောင် မသန့်ဘူး ဆိုပြီး မစား ကြတာ ရှိတယ် လို့ ဆိုတယ်။ ဒီလို သတင်းတွေဟာ သူတို့ နေထိုင်ရာ ဂေဟာလေးဆီကို တခါတရံ ရောက်ရှိလာတတ် ပါတယ်။ စိတ်မကောင်းရုံက လွဲလို့ ဘာမှ မတတ်နိုင်ခဲ့ဘူးပေါ့။
ဂေဟာလေးကို ခိုကိုးနေထိုင်နေကြရတဲ့ သူတို့ တတွေဟာ နေ့စဉ် မနက် အရုဏ်တက်ချိန်ဆို ဘုရားဝတ်ပြုဖို့ ကက်သလစ် ဘုရားကျောင်းလေးဆီ အလျှိုအလျှို ရောက်လာကြပါတယ်။ ဘုရားဝတ်ပြုသူတွေထဲမှာ မာယား လည်း ပါပါတယ်။ မာယား ဘာဆုတွေများ တောင်းနေမလဲ။ ဆိုးဝါးလှတဲ့ သူ႔ရဲ့ ကံကြမ္မာ၊ ရိုက်ခတ်ချက်ကြမ်းတမ်းတဲ့ လောကဓံတရား၊ ဖြေဆည်ရာရဖို့ မာယား ဘာဆုတွေများ တောင်းနေလေမလဲ။
“အခုတော့ ကိုယ့်ကိုယ်ကို ဘုရားသခင်ဆီမှာ အပ်နှံလိုက်ပြီ။ အဖြစ်အပျက်တွေ အားလုံးက ဘုရားသခင် အလိုတော် အတိုင်းပါပဲ” လို့ သူပြောခဲ့တဲ့ အသံကို ပြန်ကြားမိရင်း မာယား တယောက် ဘုရားသခင်ရဲ့ မေတ္တာတော် အေးရိပ် အောက်မှာ ငြိမ်းချမ်းမှုတွေ ရရှိပါစေ၊ မာယား နဲ့ ဘဝတူ ဒုက္ခခံစားနေရသူတွေလည်း ငြိမ်းချမ်းမှုတွေ ရရှိကြပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်။ ။