တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ ဟိန္ဒားသတ္တုတွင်းကြောင့် ဟိန္ဒားကျေးရွာနှင့် မြောင်းပြိုကျေးရွာများတွင် ယနေ့ထိတိုင် ခံစားနေရဆဲဖြစ်သည့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ လူမှုစီးပွားထိခိုက်မှုဆိုင်ရာ ပြဿနာများကို အမြန်ပြန် လည်ကုစားပေးရန် ဒေသခံတိုင်းရင်းသားများက နည်းအမျိုးမျိုးဖြင့် တောင်းဆိုနေကြသည်။
ထားဝယ်မြို့မှ ၃၈ မိုင်အကွာ၊ ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲ အနီး တည်ရှိသည့် ဟိန္ဒားသတ္တုတွင်းကို နိုင်ငံပိုင်စီမံကိန်း အဖြစ် သတ္တုတူးဖော်လုပ်ကိုင်ခဲ့စဉ်က ပတ်ဝန်းကျင်ထိခိုက်မှု ဆိုးရွားစွာမရှိခဲ့သော် လည်း ထိုင်းနိုင်ငံသားပိုင်ဆိုင်သည့် မြန်မာပွန်ပီပက် ကုမ္ပဏီ (MPC) ဝင်လာပြီးနောက်ပိုင်းတွင် သတ္တုအလွန်အကျွံ တူးဖော် ထုတ်လုပ်မှုကြောင့် ဒေသခံတို့၏ လူမှုစီးပွားအခြေအနေ များ ယိုယွင်းပျက်ဆီးခဲ့ရသည်ဟု ဆိုသည်။
အဆိုပါ ပြသနာများအတွက် တာဝန်အရှိဆုံးဖြစ်နေသည့် အစိုးရ နှင့် မြန်မာပွန်ပီပက်ကုမ္ပဏီ(MPC)သည် ယနေ့အချိန်အထိ တာဝန်ယူရန် ပျက်ကွက်နေကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။
“ကျနော်တို့ ခံစားနေရတဲ့ အဖြစ်အပျက်တွေကို စာတွေတင်ခဲ့ပေမယ့် အခုအချိန်အထိ ဘာမှဖြစ်မလာသေးဘူး” ဟု မြောင်း ပြိုကျေးရွာသား တဦးဖြစ်သူ ဦးဝင်းဇော်(အမည်လွှဲက) ဧရာဝတီကို ပြောပြသည်။
သတ္တုတွင်းမှ ထွက်ရှိလာသော စွန့်ပစ်နုန်းရေများ၊ မြေစာများကို နုန်းစစ်ကန် ၃ ခုအတွင်းသို့ ထည့်သွင်းထားပြီး မိုးသည်း ထန်စွာရွာသွန်းပါက ရေလျှံလေ့ရှိကြောင်း၊ သန့်ရှင်းမှုမရှိတော့သည့် အဆိုပါ ရေများကို အသုံးပြုမိပါက ကျန်းမာရေးကို ထိခိုက်စေကြောင်း ဒေသခံများက ပြောသည်။
“ခြံတွေလည်းဆုံးရှုံး၊ အိမ်လည်းပြိုသွားလို့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကြားမှာ တဲထိုးပြီး ၃ နှစ် နေလိုက်ရတယ်” ဟု မုဆိုးမတဦးဖြစ်သူ ဒေါ်တင်လှက ပြောသည်။
သူမ၏ယောကျ်ားဖြစ်သူသည် မြောင်းပြိုကျေးရွာ ရေကြီးနစ်မြုပ်သည့်နှစ်တွင်ပင် လေဖြတ်ပြီး ဆုံးပါးသွားကြောင်း၊ ၂၀၁၃ ခုနှစ်တွင်မှ ရပ်ရွာ၏အကူအညီဖြင့် မြောင်းပြိုကျေးရွာတွင် အိမ်ဆောက်ပြီးပြန်လည်နေထိုင်နိုင်ခဲ့သည်ဟု ဆိုသည်။
၂၀၀၈ ခုနှစ်တွင် တကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တကြိမ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ အဆိုးရွားဆုံးရေကြီးမှုဖြစ်ခဲ့ခြင်းတို့ ကြောင့် မြောင်းပြိုကျေးရွာ၏ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်ပျက်စီးစေသကဲ့သို့ ဒေသခံတို့၏ သီးနှံစိုက်ခင်းများ၊ နေအိမ်ပေါင်းများစွာလည်း ပျက်ဆီးခဲ့ရသည်ဟု သိရသည်။
၂၀၀၅ ခုနှစ်တွင် လုပ်ငန်းမှထွက်ရှိသည့် စွန့်ပစ်မြေစာများကြောင့် ရွာသားများ အဓိကထား အသုံးပြုနေသည့် မြောင်းပြို ချောင်း လုံးဝတိမ်ကောသွားခြင်းက ဒေသခံများအတွက် အလွန်ကြီးမားသည့် ဆုံးရှုံးမှုဟု ဒေသခံဦးစိုးနိုင်က ပြောသည်။
၎င်းက “တရွာလုံးသုံးနေတဲ့ ရေအရင်းမြစ်ဖြစ်တဲ့ မြောင်းပြိုချောင်းက ပြန်မပေါ်လာတော့ဘူး။ ဥယျာဉ်ခြံမြေတွေက လုံးဝ ပြန်စိုက်လို့ မရတော့ဘူး။ အိမ်တွေမှာဆို နုန်းစာတွေဝင်နေတာ တဝက်တိတိလောက်ရှိတယ်။ ဒါတွေကို အခုအချိန်အထိ ဖယ်ရှားနိုင်ခြင်းမရှိသေးဘူး” ဟု ဆိုသည်။
ဟိန္ဒားသတ္တုတွင်း နယ်မြေအောက်ဘက်တွင်ရှိသည့် မြောင်းပြိုကျေးရွာတွင် အိမ်ခြေ ၁၀၅၊ လူဦးရေ ၅၀၀ ခန့် နေထိုင်ပြီး ယခုအခါ စိုက်ပျိုးစရာ လယ်ယာ၊ ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံး ကုန်သည့်အတွက် လက်လုပ်လက်စား ခဲကျင်သမားများ ပိုမိုများပြားလာကြောင်း သိရသည်။
ဟိန္ဒားသတ္တုတွင်းကို ၁၉၂၇ ခုနှစ်ကစတင်၍ ၁၉၉၉ ခုနှစ် ဇွန်လအထိ နိုင်ငံပိုင်စီမံကိန်းအနေဖြင့် သတ္တုတူးဖော်လုပ်ကိုင်ခဲ့ ပြီး ၁၉၉၉ ခုနှစ် ဇူလိုင် ၁ ရက်မှစတင်ကာ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနှင့် MPC တို့သည် ထုတ်လုပ်မှုအပေါ် အချိုးကျခွဲဝေစနစ်ဖြင့် စတင်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
MPC ၏ လုပ်ဆောင်မှု အဖြစ် အချိုးကျ ခွဲဝေမှုအဖြစ် အကျိုးအမြတ်၏ ၆၅ ရာခိုင်နှုန်းကို ထိုင်းကုမ္ပဏီကရရှိပြီး ၃၅ ရာခိုင်နှုန်း (ဓာတ်သတ္တုခွန် ၄ ရာခိုင်နှုန်း အပါအဝင်)ကို အစိုးရက ရရှိသည်။
ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်းအစီရင်ခံစာ (IEE)၊ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ (EIA)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) တို့ကို ပြည့်စုံစွာတင်ပြ ရမည်ဟု တနင်္သာရီတိုင်းဒေသကြီး အမှတ် ၂ သတ္တုတွင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက ရှင်းပြသည်။
ဟိန္ဒားသတ္တုတွင်းတွင် လုပ်ကွက် ၃ ခုရှိသည့်အနက် လက်ရှိတွင် လုပ်ကွက် ဘီနှင့်စီသာ လည်ပတ်လျက်ရှိကြောင်း၊ နိုင်ငံ ခြားသား အလုပ်သမား ၁၈ ဦး အပါအဝင် စုစုပေါင်း အလုပ်သမား ၂၀၀ ကျော်ရှိကြောင်း၊ အများစုသည် ဒေသခံများဖြစ်ပြီး ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ လာရောက်လုပ်ကိုင်သူများရှိကြောင်း ဟိန္ဒားသတ္တုတွင်း မန်နေဂျာတဦးဖြစ်သူ ဦးဌေးအောင်က ပြောသည်။
MPC အနေဖြင့် ဟိန္ဒားသတ္တုတွင်းကြောင့် ဒေသခံများခံစားခဲ့ရသည့် ထိခိုက်နစ်နာမှုများအတွက် တာဝန်ယူရန် သို့မဟုတ် လုံလောက်သည့် ပေးလျော်မှုပြုလုပ်ရန်အတွက် ယနေ့အချိန်အထိ ငြင်းဆိုလျက်ရှိကြောင်း ဒေသခံများက ပြောပြသည်။
ထားဝယ် ပရိုဘိုနိုရှေ့နေများကွန်ရက် (DPLN) မှ အထက်တန်းရှေ့နေ တဦးဖြစ်သူ မအေးမွန်သူက ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ တာဝန်မဟုတ်သောကြောင့် နစ်နာကြေး၊ လျော်ကြေး မပေးနိုင်ဟုဆိုကာ ကရုဏာကြေးအဖြစ် ရွာတရွာလုံး အတွက် ကျပ်သိန်း ၅၀ ပေးခဲ့သော်လည်း ဒေသခံများက ယနေ့အချိန်အထိ လုံးဝ လက်မခံကြောင်း ရှင်းပြသည်။
ရွာနှင့်နီးသောနေရာသို့ သတ္တုတွင်းမှ မြေစာများ စွန့်ပစ်နေမှုကို ရပ်တန့်ရန်၊ မြောင်းပြိုချောင်းကို ပြန်လည်တူးဖော်ပေးရန် နှင့် ထိခိုက်ပျက်စီးမှုများအတွက် လုံလောက်ပြီး ထိရောက်သည့် ပေးလျော်မှုများပြုလုပ်ပေးရန် ဒေသခံများက တောင်းဆို ထားသော်လည်း ကုမ္ပဏီက တောင်းဆိုချက်အားလုံးကို ငြင်းပယ်ထားသည်။
၂၀၁၄ ခုနှစ် မေလတွင် မြောင်းပြိုဒေသခံများမှ MPC နှင့် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းတို့ကို ထားဝယ်ခရိုင်တရားရုံးတွင် ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာရမှုများအတွက် ပေးလျော်ရန် တရားစွဲဆိုခဲ့ပြီး ယခုအခါ နောက်ဆုံးအဆင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အယူခံဆိုင်ရာ အထူးရုံးတော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဒေသခံများ၏ ပြောဆိုချက်နှင့်ပတ်သက်၍ ဦးဌေးအောင်ကို ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့ရာ ၂၀၁၂ ခုနှစ် ရေကြီးရေလျှံမှု ဖြစ်ပြီးနောက် တနင်္သာရီတိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီးမှ လာရောက်ညှိနှိုင်းကာ မြောင်းပြိုဒေသခံများအား ကုန်းမြင့် တနေရာသို့ ရွှေ့ပေးခဲ့ကြောင်း၊ ယင်းသို့ရွှေ့ပေးရာတွင် MPC အနေဖြင့် မြေညှိပေးခြင်း၊ အိမ်ရာ မြေကွက်များ ဖော်ဆောင်ပေးခြင်း၊ ပြောင်းရွှေ့စရိတ်များကို ပံ့ပိုးပေးခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု ရှင်းလင်းပြောဆိုခဲ့သည်။
MPC ကုမ္ပဏီသည် နစ်နာခဲ့မှုများကို လျော်ကြေးပေးရန် ပျက်ကွက်ခဲ့သည်သာမက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးရန်လည်း ငြင်းပယ်နေသည်ဟု ဟိန္ဒားကျေးရွာဒေသခံများက ပြောသည်။
ဟိန္ဒားကျေးရွာသားတဦးဖြစ်သူ ကိုမျိုးသန်းဦးက “ဖွံ့ဖြိုးမှုဆိုတာ ဘာတခုမှ မမြင်ဘူး။ လမ်းကိုပဲကြည့်ပေါ့။ ဒီနိုင်ငံကို သူတို့ စီမံကိန်းလုပ်ဖို့လာတာ။ လမ်းလုပ်ဖို့လာတာမဟုတ်ဘူးဆိုပြီး ထိုင်းမန်နေဂျင်း ဒါရိုက်တာလာတုန်းက ပြောသွားတယ်” ဟု ဆိုသည်။
ဒေသခံများနှင့် သတ္တုလုပ်သားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အစိုးရစီမံကိန်းအဖြစ် လုပ်ကိုင်ခဲ့စဉ်က ရှိခဲ့သည့် သတ္တုတွင်းဝန်ကြီးဌာန အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဟိန္ဒားသတ္တုတွင်းဆေးရုံသည်ပင် MPC ရောက်လာပြီးနောက်ပိုင်း ဆရာဝန်၊ ဆေးဝါးများမရှိတော့ဘဲ ယခုအခါ ဆိတ်များနားခိုရာ “ဆိတ်ဂိုထောင်” ဖြစ်နေပြီဟု ကိုမျိုးသန်းဦးက ပြောသည်။
ကိုမျိုးသန်းဦးက “ဆေးရုံတရုံ အရမ်းလိုအပ်တယ်။ ကျနော်တို့ရွာမှာ အခက်အခဲဖြစ်ရင် ထားဝယ်ကို ပြေးရတယ်။ ကိုယ်ဝန် သည်တယောက် မွေးဖွားဖို့အခက်အခဲရှိတယ်ဆိုရင် ထားဝယ်ဆေးရုံကို ပြေးရတယ်။ ထားဝယ်နဲ့ဟိန္ဒားဆိုတာ အဝေးကြီး။ လမ်းကလည်း မကောင်းဘူး။ ၃၈ မိုင်ဝေးတယ်။ လမ်းမှာသေမယ့်သူဆို သေသွားနိုင်တယ်” ဟု ဆိုသည်။
သတ္တုလုပ်သားများကို လူမှုဖူလုံရေးကတ် လုပ်ပေးထားပြီး လစာထဲမှ နှစ်ထောင်ကျော်၊ သုံးထောင်ကို လူမှုဖူလုံကြေးအဖြစ် လစဉ်ဖြတ်သော်လည်း အမှန်တကယ် လုပ်ငန်းခွင်ထဲတွင် ထိခိုက်ဒဏ်ရာရပါက မည်သည့် အကူအညီမှမရရှိဘဲ လူနာရှင် ကသာ အကုန်ကျခံရကြောင်း ဟိန္ဒားမိုင်းစောင့်ကြည်ရေးအဖွဲ့ဝင် မနီနီထွေးက ပြောသည်။
ဒေသခံများ၏ တောင်းဆိုမှုနှင့်ပတ်သက်၍ ဦးဌေးအောင်က “ရပ်ရွာသားတွေအနေနဲ့က သူတို့လိုချင်တာ သူတို့ပြောကြမှာ ပဲ။ ကုမ္ပဏီကလည်း တတ်နိုင်သလောက် လုပ်ပေးနေတာပဲ။ လမ်းဆိုလည်း လမ်း။ ကျေးရွာက စာသင်ကျောင်းဆိုလည်း စာသင်ကျောင်း။ ဘုန်းကြီးကျောင်းဆိုလည်း ဘုန်းကြီးကျောင်းလုပ်ပေးတယ်။ လိုအပ်ချက်ကြီး အကုန်လုံးတော့ ဘယ်ဖြည့် ဆည်းပေးနိုင်မလဲ” ဟု ဆိုသည်။
ဟိန္ဒားသတ္တုတွင်းအပေါ်ဘက်တွင် တည်ရှိသည့် ဟိန္ဒားကျေးရွာသည် အိမ်ခြေ ၁၈၀၀ ကျော်ရှိပြီး သတ္တုတူးဖော်ရေးလုပ် ငန်းကို မှီခိုလုပ်ကိုင်နေကြရကြောင်း၊ လူငယ်အများစုကမူ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကြကြောင်း သိရသည်။
ယင်းသို့ ပြစ်ချက်များစွာရှိနေသည့် ဟိန္ဒားသတ္တုမိုင်းကို ပြီးခဲ့သည့်လအတွင်းက ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တချို့အပါအဝင် ထိုင်းအရပ်ဖက်အဖွဲ့အစည်းများ၊ ထိုင်းမီဒီယာများက လာရောက်လေ့လာခဲ့ကြပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဟိန္ဒားမိုင်းကြောင့် ဒေသခံများ၏နစ်နာမှုများ၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကို မျက်မြင်တွေ့ရပြီးနောက် ၎င်းတို့ တွေ့ရှိချက်များကို ပဏာမအစီရင်ခံစာအဖြစ် ၂ လ အတွင်းထုတ်ပြန်ပြီးနောက် ထိုင်းအစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသားပိုင် MPC ကုမ္ပဏီကိုလည်း တွေ့ဆုံသွားမည်ဟု ကော်မရှင်အဖွဲ့ဝင် Mrs.Tuenjai Deetes က ပြောဆိုခဲ့သည်ဟု မအေးမွန်သူက ပြောပြသည်။
ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးနားချင်းနိုင်ငံများတွင် လုပ်နေသည့် ရင်းနှီးမြှုပ်နှံမှုအကုန်လုံးကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ထိုင်းအစိုးရကို တိုက်တွန်းနှိုးဆော်သွားမည်ဟုလည်း Mrs.Tuenjai Deetes က ဆိုသည်။
ယင်းခရီးစဉ်သည် ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ပထမဆုံးအကြိမ်ဖြစ်ပြီး မြောင်းပြိုဒေသခံများက ထိုင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ ပေးပို့ခဲ့သည့် တိုင်ကြားစာ၏ အကျိုးဆက်ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
အစိုးရသစ်အနေဖြင့် စီမံကိန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထဲထဲဝင်ဝင် ကွင်းဆင်းလေ့လာပြီး ဒေသခံများ၏အသံကို နားထောင်ရန်လိုအပ်ကြောင်း၊ ထုတ်ပြန်ထားသည့် ဥပဒေများကို ထိရောက် စွာကျင့်သုံးသည်ဟု ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်အသစ် ဒေါက်တာလဲ့လဲ့မော်က စည်းကမ်းနှင့် မညီသည့် သတ္တုလုပ်ကွက်များကို စိစစ်အရေးယူ မှုများ ပြုလုပ်နေသကဲ့သို့ နောက်ထပ်လျှောက်ထားသည့် သတ္တုလုပ်ကွက်သစ်များကိုလည်း ချပေးမည်မဟုတ်ကြောင်း ဧရာဝတီကို ပြောဆိုထားသည်။
အစိုးရသစ်တက်လာပြီးနောက်ပိုင်း ယခင်သတ္တုတွင်းဝန်ကြီးဌာနကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဟု ပြောင်းလဲခဲ့ပြီး စီမံကိန်းများကို ဆန်းစစ်မည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ရေးဌာန (Environmental Conversation Department) ကို ဖွဲ့စည်းထားကြောင်းလည်း သိရသည်။
“ဥပဒေတွေ ရေးထုတ်လိုက်တယ်။ အရမ်းကောင်းတယ်။ ဒါပေမယ့် ဒီဟာက စာရွက်ပေါ်မှာပဲဖြစ်နေတယ်။ တကယ့်လက် တွေ့မှာကျတော့ ဒါတွေကို လိုက်ပြီး အကောင်အထည်ဖော် လက်တွေ့ကျင့်သုံးဖို့ကျတော့ အားနည်းနေတယ်” မအေးမွန်သူ က ထောက်ပြသည်။
သတ်မှတ်စည်းကမ်းနှင့်မညီ၍ နှစ်ကြိမ်တိုင် ယာယီရပ်ဆိုင်းထားခံရသည့် ဟိန္ဒားမိုင်းကို ပြီးခဲ့သည့် နိုဝင်ဘာအတွင်းတွင် တိုင်းဒေသကြီးအစိုးရက ပြန်လည်လည်ပတ်ခွင့်ပြုခဲ့သည့်အပေါ် MPC အနေဖြင့် EMP ရေးဆွဲပြီး အစိုးရကို တင်ပြခဲ့ခြင်း ရှိမရှိ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် အာမခံလက်မှတ်(ECC)ကို ထုတ်ပေးပြီးခြင်းရှိ၊ မရှိ ဆို သည့်အချက်က ဒေသခံများအတွက် မေးခွန်းထုတ်စရာ အခြေအနေတွင် ရှိနေသည်။
“ဒေသခံဖြစ်တဲ့သူက ဒေသမှာတော့ အမြဲတမ်း မခံနိုင်ဘူး” ဟု မနီနီဝင်းက ထုတ်ဖော်ပြောဆိုသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်သည် မြန်မာနိုင်ငံ၏ ခဲမဖြူ၊ အဖြိုက်နက်သတ္တု အများဆုံးထွက်ရှိရာ သယံဇာတ ပေါကြွယ်ဝသည့်ဒေသဖြစ်သောကြောင့် သယံဇာတမှရရှိမည့် အကျိုးအမြတ်နှင့် ဒေသခံတို့၏အကျိုးစီးပွားကို မျှခြေညီ အောင်ဆောင်ရွက်နိုင်ဖို့က အရေးကြီးသည်ဟု ဒေသခံများက ပြောဆိုနေကြပြီး အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် စောင့်ကြည့်နေကြသည်။ ။