တရုတ်က ဦးနေဝင်းအစိုးရကို ဖြုတ်ချဖို့အတွက် ဗ-က-ပကို ပုံအောပြီး လောင်းခဲ့တာတော့မဟုတ်ပါ။
မြန်မာဟာ ဘက်မလိုက်တဲ့ ကြားနေရေး နိုင်ငံခြားရေးမူဝါဒကို ဦးနေဝင်းလက်ထက်မှာ ဆက်လက် ကိုင်စွဲထားပါတယ်၊ ဆိုဗီယက်ရုရှား၊ အမေရိကန်နဲ့ တရုတ်တို့ အကြားက မဟာအင်အားကြီးနိုင်ငံတွေ ရဲ့ အခင်းအကျင်းမှာ ဘယ်သူ့ဘက်မှ မပါအောင်ကြိုးစားခဲ့တာဖြစ်ပါ တယ်။ ဒါကို ပီကင်းက အသိအမှတ်ပြုပါတယ်။
မြန်မာကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကို အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့နေတာကို ဇောချွေးပြန်ပြီး စောင့်ကြည့်နေရတဲ့ကာလဆိုရင်လည်း မမှားပါဘူး။
နယ်စပ်မှာ ဗ-က-ပဟာ လက်နက်အင်အား၊ လူအင်အားအပြည့် တပ်မတော်နဲ့အကြီးအကျယ် ထိုးစစ်တွေဆင်နေချိန်မှာ တရုတ်ပေး ထားတဲ့ ဗကပ ရေဒီယိုကလည်း “နေဝင်းစန်းယု” ဆိုပြီး ဆဲဆိုကြိမ်းမောင်း ဝါဒဖြန့်နေချိန်မှာ ပီကင်းနဲ့ရန်ကုန်ကြား ဆက်ဆံရေးဟာ တဖြည်းဖြည်း ပြန်ကောင်းလာနေတာကို တွေ့ရပါတယ်။
ပီကင်းနေ့စဉ်သတင်းစာမှာ ဦးနေဝင်းအစိုးရကို ဖောက်ပြန်သူတွေ ဖက်ဆစ်တွေလို့ ခေါ်ဝေါ်သုံးစွဲ တာတွေနဲ့ သွားသလို၊ မြန်မာဘက်က လည်း ဗ-က-ပကို တရုတ်က သင်တန်းပေးကူညီနေတဲ့ အကြောင်းကို စွပ်စွဲတာတွေကို သတင်းစာတွေမှာ အရေးကျဲသွားပါတယ်။
၁၉၆၉ ခုနှစ် ဇန်နဝါရီလထဲမှာ ဦးနေဝင်းဟာ ပါကစ္စတန်ကို အလည်အပတ် သွားခဲ့ပါတယ်။ အဲဒီခရီး စဉ်မှာ တရုတ်အာဏာပိုင်တွေနဲ့ ကြိတ်ပြီးတွေ့ဆုံခဲ့ပါတယ်။ အဲဒီနှစ်မှာ ကျင်းပတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ညီလာခံကြီးမှာ ဦးနေဝင်းက တရုတ်နဲ့ ဆက်ဆံ ရေး ပြန်လည် ကောင်းမွန်စေချင်တဲ့ ဆန္ဒရှိတဲ့အကြောင်း၊ ၁၉၆၇ခုနှစ်က တရုတ်-ဗမာအရေးအခင်းက ရတဲ့ဒဏ်ရာဒဏ်ချက်တွေကို ကုစားချင်တဲ့ အ ကြောင်းနဲ့ ဒီအရုပ်ဆိုးတဲ့ဖြစ်ရပ်ကို မေ့ပျောက်ဖို့ ပြောခဲ့ပြီး၊ ဆက်ဆံရေးပြန်ကောင်း ဖို့အတွက် နှစ်ဖက်စလုံးက ကြိုးစားရမှာ ဖြစ်ကြောင်း သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
သံတမန်ရေးရာခြေလှမ်းတွေလည်း အကောင်းဘက်ကို စပြီးရွေ့လာတာတွေ့ရမှာဖြစ်ပါတယ်။ ရန်ကုန် မှာကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနား (မြောက်ကိုရီးယားအကြမ်းဖက်တွေ ဗုံးပေါက်ခွဲခဲ့တဲ့နေရာ ဟောင်း) ကို တရုတ်စစ်သံမှူးတက်ရောက်ပြီး လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။ ၁၉၊ ဂျုလိုင်၊ ၁၉၆၈ ဖြစ်ပါတယ်။
၁၉၇၀ ခုနှစ် ဇန်နဝါရီလ၃ရက်နေ့ ပီကင်းမှာ ကျင်းပတဲ့ မြန်မာ့လွတ်လပ်ရေးနေ့ပွဲကို တက်ရောက်ချီး မြှင့်ခဲ့တာကတော့ တရုတ် ဒု နိုင်ငံခြားရေးဝန်ကြီး Xu Yixin ပဲဖြစ်ပြီး၊ ဒါဟာ ဆိုးဝါးနေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်ကောင်းချင်တဲ့လက္ခဏာကို တရုတ်ဖက်က ပြသလိုက်တာ ပဲဖြစ်ပါတယ်။
၁၉၇၀ မှာတော့ တရုတ်နဲ့ မြန်မာသံအမတ်တွေ ပြန်လည်ခန့်အပ်ခဲ့ပြီးဖြစ်ပါတယ်။
၁၉၇၁ခုနှစ် သြဂုတ်လထဲမှာတော့ ဦးနေဝင်းကိုယ်တိုင် ပီကင်းကို အလည်အပတ်သွားရောက်ခဲ့ရာ ဝန်ကြီးချုပ် ချူအင်လိုင်းက ကြိုဆိုခဲ့ တယ်။ ပေါက်ဖော်ဆက်ဆံရေးကို ပြန်ပြီး စတင်ဖို့ နှစ်ဖက် သဘောတူခဲ့သလို တရုတ်-ဗမာအရေးအခင်းကိစ္စကိုလည်း နှစ်ဖက်ကြေ ကြေလည်လည် ဆွေးနွေးသဘောတူခဲ့ကြပါတယ်။ ဦးနေဝင်းဟာ တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုံးကိုလည်း တွေ့ဆုံခွင့် ရခဲ့ပါတယ်။
မြန်မာကတော့ တရုတ်အပေါ်မှာ အရင်လိုပဲ ဘက်မလိုက်မူဝါဒ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒတွေ စတင်ကျင့်သုံးမှာကို သဘောတူခဲ့သလို တရုတ်ကလည်း မြန်မာကို အရင်လိုပဲ အကူအညီ အထောက်အပံ့တွေ ပြန်ပြီး ပေးဖို့ သဘောတူခဲ့ပါတယ်။
ဒီမှာအရေးကြီးတာကတော့ တရုတ်ဟာ ကုလသမဂ္ဂနဲ့ UNSC ခေါ် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအဖွဲ့ဝင်ဖြစ်ဖို့အတွက် သူ့ရဲ့မဟာမိတ်နိုင်ငံတွေရဲ့မဲကို လိုအပ်နေချိန်ဖြစ်ပါတယ်။ ကွယ်လွန်သူ ဦးသန့်ဟာ အဲဒီအချိန်က ကုလသမဂ္ဂရဲ့အထွေထွေအတွင်းရေးမှူးချုပ်လည်း ဖြစ်ပါတယ်။
ဦးနေဝင်းအစိုးရက UN မှာ တရုတ်ဘက်က အဆိုပြုထောက်ခံမဲပေးခဲ့ပါတယ်။ ဦးသန့်ကလည်း ကူညီ ခဲ့တဲ့အတွက် ချူအင်လိုင်းက ဒီကိစ္စကို တဖွဖွ ပြောခဲ့ရတာဖြစ်ပါတယ်။ တရုတ် မြန်မာချစ်ကြည်ရေး ရဲ့အရေးကြီး ခြေလှမ်းတရပ်ဖြစ်ပါတယ်။
ဒီအချိန်မှာ တရုတ် ထောက်ပံ့ ထားတဲ့ ဗကပရဲ့အနေအထားကို သိဖို့လိုပါလိမ့်မယ်။
၁၉၆၈ခုနှစ်မှာ တရုတ်နယ်စပ်က တပ်တွေကို ဦးစီးပြီး ဝင်လာသူတွေက ဖုန်ကြားရှင်နဲ့ဖုန်ကြားဖူး တို့ ဖြစ်ပါတယ်။ ဖုန်ကြားရှင်ဆိုတာ အခု (MNDAA) ကိုးကန့်အဖွဲ့ကို ဦးဆောင်နေသူဖြစ်ပါတယ်။ ဖေဖော်ဝါရီလထဲမှာဆိုရင် ဗ-က-ပ တပ်တွေဟာ ရှမ်းပြည် နမ်းခမ်းမြို့ရဲ့ မျက် နှာချင်းဆိုင် သံလွင်မြစ်ရဲ့မြောက်ဖျားကို စတင်သိမ်းပိုက်နေပြီဖြစ်ပါတယ်။ ဦးနေဝင်းဟာ ပြည်သူ့စစ် ဖွဲ့စည်းပြီး ဗကပသူပုန်တွေကို ခုခံဖို့ စတင် ဆော်သြနေပြီဖြစ်ပါတယ်။
၁၉၆၈မှာပဲ ဗ-က-ပဗဟိုမှာ ကြီးမားတဲ့ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။ ဗိုလ်ဇေယျ (ရဲဘော်သုံးကျိပ်ဝင် ဗ-က-ပရဲ့စစ်ဦးစီးချုပ်)ဟာ ပဲခူးရိုးမမှာ ကျဆုံးခဲ့ပါတယ်။ ဧပြီလထဲမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ထဲမှာတော့ သခင်သန်းထွန်းဟာ ပဲခူးရိုးမမှာပဲ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ မြောက်ပိုင်းက ဗ-က-ပ တပ်တွေဟာ ဒီဇင်ဘာလထဲမှာတော့ ဝနယ်ထဲကို စတင်ပြီး ဝင်ရောက်နေခဲ့ပြီဖြစ်ပါတယ်။
ဦးနေဝင်းဟာ “တရုတ်အရေးကျွမ်းကျင်သူ” သို့မဟုတ် “China Expert” လို့ခေါ်ရမယ့်သူဖြစ်ပါတယ်။ အဲဒီတုန်းက တံခါးပိတ်ထားတဲ့ မော်စီတုံးရဲ့တရုတ်ပြည်ကို နားလည်ဖို့ ဦးနေဝင်းကို အနောက်နိုင်ငံ တွေကရော အရှေ့နိုင်ငံတွေကပါ ချည်းကပ်လေ့လာရ တာဖြစ်ပါတယ်။
တကယ်တော့ မြန်မာအစိုးရရဲ့ ကြားနေရေး ဘက်မလိုက်ရေးမူဝါဒဆိုတာ လူဦးရေထူထပ်ပြီး အင်အား ကြီးတဲ့ တရုတ်အိမ်နီးချင်းကို ကြည့် ပြီးတော့ ပေါ်ပေါက်လာတဲ့နိုင်ငံခြားရေးမူဝါဒလို့ ဆိုရမှာဖြစ်ပါ တယ်။ တရုတ်ရဲ့ရန်လိုကျူးကျော်ရန်စမှုကို စိုးရိမ်ထိတ်လန့်တဲ့ အတွက်ထားခဲ့ရတဲ့ နိုင်ငံခြားရေး မူဝါဒလို့ မှတ်ချက်ချနိုင်ပါတယ်။
မြန်မာဟာ အဲဒီအချိန်တုန်းက ဆိုဗီယက်ရုရှားကိုရော အနောက်အုပ်စုဘက်ကိုပါ ပါမသွားအောင် နေပြခဲ့သလို၊ ပြည်တွင်းက US ရဲ့ ကူ ညီထောက်ပံ့ရေးအစီအစဉ်တွေကိုလည်း ၁၉၇၀မှာ ရပ်ဆိုင်း ခဲ့ပါတယ်။ တရုတ်နိုင်ငံကို စိတ်ဆိုး အမျက်ထွက်စေမယ့် လုပ်ရပ်တွေကို ဦးနေဝင်းဟာ မလုပ်ခဲ့ဘူးလို့ ပြောလို့ရပါတယ်။
တရုတ်အနေနဲ့ ဗ-က-ပကို လက်နက်အင်အား၊ ငွေကြေးအင်အား၊ လူအင်အား အပါအဝင် နိုင်ငံရေးအရ အကြီးအကျယ် ထောက်ပံ့ပေးခဲ့တဲ့ အချက်ကလည်း ဦးနေဝင်းအစိုးရဟာ တရုတ်နဲ့ဆက်ဆံရေးပြန်ကောင်းဖို့ အမြန်အကောင်အထည်ဖော်ရတဲ့ တွန်းအားပေးချက်တချက် လည်းဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အဖုအထစ်များနှင့် ပျားရည်ဆမ်း ကာလများ(အပိုင်း ၁)