ဆောင်းပါး

အမ်း ကြားဖြတ်မှာ ဒေါက်တာအေးမောင် ဘာကြောင့် အနိုင်ရခဲ့သလဲ

Want create site? Find Free WordPress Themes and plugins.

ဒေါက်တာအေးမောင် ဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်နယ်လွတ်တော် နေရာအတွက် မာန်အောင် မဲဆန္ဒနယ်မှာ ဝင်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဘိုးနွဲ့ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ အခု ကြားဖြတ် ရွေးကောက်ပွဲမှာတော့ အမ်းမြို့နယ်က ဝင်ပြိုင်ခဲ့ပြီး အနိုင်ရရှိသွားပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ကို ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာ အေးမောင်အနေနဲ့ အမ်းမြို့နယ် ပြည်သူ့လွတ်တော် လစ်လပ်မဲဆန္ဒနယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က ဦးသောင်းငြိမ်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဦးဇော်ဝင်းမြင့် နှင့် တစ်သီးပုဂ္ဂလ ဦးဇော်လင်းအောင် တို့ အကြိတ် အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ကြိုတင်မဲမှာတော့ ကြံ့ခိုင်ရေးပါတီက ၁၀၀၈ မဲနဲ့ အများဆုံး ရရှိခဲ့ပြီး ဒေါက်တာအေးမောင်က ၂၈ မဲနဲ့ NLD ပါတီကတော့ ၃ မဲသာရရှိခဲ့ပါတယ်။

အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲရဲ့ စုစုပေါင်း မဲရလဒ်တွေ ကြေညာချိန်မှာတော့ ဒေါက်တာအေးမောင် က ၂၁,၇၉၄ မဲရရှိပြီး ဒုတိယနေရာမှာ ၁၁၅၄၅ မဲ ရရှိထားတဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်း ကို မဲထက်ဝက်ခန့် အသာနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး အောင်ပွဲခံခဲ့ပါတယ်။

ဒေါက်တာအေးမောင်ဟာ မဲဆွယ်စည်းရုံးရေးမှာ အမ်းမြို့နယ်တိုးတက်ရေး၊ ရခိုင်နိုင်ငံရေး အနာဂတ် ရည်မှန်းချက် များထက် ‘ရခိုင်သမှိုင်းနှင့် ဘင်္ဂါလီမူဆလင်တွေရဲ့ ခြိမ်းခြောက်ခံနေရတယ်’ ဆိုတဲ့ လှုံ့ဆော်မဲဆွယ်မှုကြောင့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်သွားတယ်လို့ ဝေဖန်မှုတွေတော့ ရှိနေပါတယ်။

အခု အမ်းကြားဖြတ်ရွေးကောက်ပွဲ ရလာဒ်ဟာ လူအများထင်ထားတာထက် မဲများမှုကြောင့် လူအများကို အံ့အားလည်း သင့်စေခဲ့ပါတယ်။ အမ်းကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါက်တာအေးမောင် ဘာကြောင့် အောင်ပွဲ ခံခဲ့သလဲဆိုတဲ့ အကြောင်းအရာတွေကိုဆွေးနွေးတင်ပြလိုပါတယ်။

ပထမအချက် အနေနဲ့ ဒေါက်တာအေးမောင်ဟာ ရခိုင်လူမျုးိတွေရဲ့ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်မှုကို အမ်းကြားဖြတ် ရွေးကောက်ပွဲမှာ ပိုင်ပိုင်နိုင်နိုင် အသုံးချ သွားတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။
ရခိုင်ဆိုတာ ကိုယ်ရဲ့ရခိုင်ပါတီကိုသာ မဲပေးရမယ်ဆိုတဲ့ အမျိုးသားရေးစိတ်ဓာတ်ဟာ အမ်းမြို့နယ်အပါအဝင် ရခိုင်ပြည်သူများစိတ်ထဲမှာ နေရာယူလျက်ရှိနေပါတယ်။

တစ်ဘက်မှာလည်းအမ်းမြို့နယ် ကျေးလက်ဒေသတွေမှာ ယခုအမ်းကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါက်တာအေးမောင် အနိုင်ရရင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာမယ်ဆိုတဲ့ အမြင်တွေလည်းလူထုကြားမှာ ပျံ့နှံ့ နေပါတယ်။

ဒုတိယအချက် အနေနဲ့ ဒေါက်တာအေးမောင်ရဲ့ လူသိများကျော်ကြားမှုထက် ရခိုင်အမျိုးသားပါတီရဲ့ (Brand) ကြောင့် ဖြစ်တယ်လို့ ယူဆမိပါတယ်။ ရခိုင်အမျိုးသားပါတီ ( ANP) ကို ၂၀၁၅ ရွေးကောက်ပွဲကမှ ကျေးလက်နေ ရခိုင်ပြည်သူ အများစု စပြီး ယုံကြည်အားထားမှုကိုရရှိလာတာ ဖြစ်ပါတယ်။

နောက်တစ်ချက် ကတော့ ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် နဲ့ အောင်နိုင်ရေးအဖွဲ့ဟာ ရွေးကောက်ပွဲ ကော်မရှင်က အမ်းကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် တရားဝင်ထုတ်ပြန်တဲ့ ရက်ကစပြီး ရွေးကောက်ပွဲ နောက်ဆုံးရက် အထိ မဲဆွယ်စည်းရုံးရေးကို အင်တိုက်အားတိုက် ပြုလုပ်ခဲ့ပါတယ်။

ဒေါက်တာအေးမောင်ဟာ သူရဲ့မဲဆွယ်စည်းရုံးရေး သတင်းစကားတွေကို မဲဆန္ဒရှင်တွေထံ သွားရောက်စည်းရုံးပြီး ပြိုင်ဘက်တွေထက် လက်ဦးမှုရယူခဲ့ပါတယ်။ အဲဒါကြောင့် မဲဆန္ဒရှင်တွေဟာ ဒေါက်တာအေးမောင် ရဲ့ပြိုင်ဘက် တွေရဲ့ မဲဆွယ်စည်းရုံးရေးသတင်းစကားတွေကိုလက်ခံဖို့ ခက်ခဲ့သွားကြပါတာပါ။

ဒေါက်တာအေးမောင်ဟာ၂၀၁၅ ရွေးကောက်ပွဲ မာန်အောင်မဲဆန္ဒနယ်မှာ ယှဉ်ပြိုင်ခဲ့စဉ်ကထက် ခုတစ်ကြိမ်မှာ ပါတီတစ်ခုလုံးရဲ့ ဝိုင်းရံမှုအားတွေကို သိသိသာသာရရှိခဲ့ပါတယ်။ ANP ပါတီဝင်တွေဟာ မြို့ပေါ်ကနေ ကျေးလက်ဒေသ အထိ နေစဉ်နဲ့အမျှ မဲဆွယ်စည်းရုံးမှုတွေမှာ အင်တိုက် အားတိုက်ပါဝင် ခဲ့ကြပါတယ်။

ဒါအပြင် ဒေါက်တာအေးမောင်ရဲ့ မဲဆွယ်စည်းရုံရေး မဟာဗျူဟာ မှန်ကန်ခဲ့တယ်လို့ သုံးသပ်မိပါတယ်။

ရူး၊ တပ်တောင်မြို့၊ ကျောက်မြောင်းအုပ်စုစတဲ့ နယ်မြေတွေကို အဓိကပစ်မှတ်ထား မဲဆွယ်စည်းရုံးခဲ့ပါတယ်။ အဲဒီမဲဆန္ဒရှင်တွေဟာ သူ့ရဲ့အမာခံ မဲပေးမယ့်သူတွေအဖြစ် သတ်မှတ် မဲဆွယ်စည်းရုံးခဲ့တာကြောင့် အဲဒီ ဒေသက မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမဲပေးမှု အများအပြား ရရှိခဲ့ပါတယ်။

ဒါပေမယ့် အမ်းမြို့ပေါ်မှာ မဲဆွယ်စည်းရုံးမှုအတွက် လုံလောက်တဲ့ အချိန်မပေးခဲ့ဘဲ၊ မဲဆွယ်စည်းရုံးရေး နောက်ဆုံးနေ့ ကြမှသာ မဲဆန္ဒရှင်တွေကို မဲဆွယ်စည်းရုံး လှုံ့ဆော်မှုတွေလုပ်ခဲ့ပါတယ်။

အမ်းကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ( ANP) နဲ့ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် ( NLD) တို့ အပြိုင် အဆိုင် မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် ကြံ့ခိုင်ရေးပါတီကတော့ ထင်ထားသလောက် အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှု မလုပ်ခဲ့တာထူးခြားချက်တစ်ခုလို့ သုံးသပ်မိပါတယ်။

အခုတော့ ဒေါက်တာအေးမောင်ဟာ အမ်းကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ လွတ်တော် နိုင်ငံရေးထဲကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

အမ်းမြို့နယ် အပါအဝင် ရခိုင်ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို လွှတ်တော်မှာ ဘယ်လောက်ထိ ကြိုးပမ်းဆောင်ရွက်နိုင်မလဲ ဆိုတာစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါက်တာအေးမောင်ဟာ ရခိုင်အမျိုးသား ညီညွတ်ရေးတည်ဆောက်မှု၊ သူ့ရဲ့ ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေး ဆိုတဲ့ နိုင်ငံရေးမျှော်မှန်းချက်၊ ရခိုင်အမျိုးသားပါတီရဲ့ ဦးဆောင်မှု အခန်းကဏ္ဍနဲ့ ပါတီ တည်ဆောက်ရေး စတဲ့အလုပ်တွေကို ဘယ်ပုံဆောင်ရွက်မလဲ ဆိုတာ ရခိုင်ပြည်သူတွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေကြပါတယ်။

ဒေါက်တာအေးမောင်ဟာ ရခိုင်တိုရဲ့ အမျိုးသားရေးစိတ်ပြင်းပြမှု၊ ရခိုင်အမျိုးသားပါတီကို လူသိများလာမှု၊ ယှဉ်ပြိုင်ဘက်တွေထက် မဲဆွယ်စည်းရုံးရာမှာ လက်ဦးမှု၊ ပါတီတစ်ခုလုံး အင်တိုက် အားတိုက် ဝိုင်းရံမှု နဲ့ အဓိက ပစ်မှတ်ထား မဲဆွယ်စည်းရုံးမှု စတဲ့ အချက်တွေကို ဟန်ချက်ညီညီ အသုံးချနိုင်တာကြောင့် အမ်းကြားဖြတ် ရွေးကောက်ပွဲမှာ အောင်ပွဲခံနိုင်တာလို့ သုံးသပ်တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ထွန်းထွန်းနိုင်သည် ရခိုင်နိုင်ငံရေးနှင့် ပြည်သူ့ရေးရာမူဝါဒဆောင်ပါးများကို ရေးသားနေသူတစ်ဦးဖြစ်သည်။ သူသည် ၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာ စီမံကိန်းရေးဆွဲရေး နှင့် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ကို ရရှိခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading