အာဆီယံဝန်းကျင်တွင် ကိုယ့်ကိုယ်ကို ဂုဏ်တင်နေသော၊ ကိုယ့်အတွက်သာ ကိုယ်လုပ်နေကြသော အထက်တန်း လွှာများကို ကျနော် လုံးလုံးလျားလျား ဆန့်ကျင်ကြောင်း ကျနော်၏ စာဖတ်သူများ သိကြပါသည်။ ကျနော်က ဒေသတွင်းတွင် ဥပေက္ခာပြုခြင်း ခံထားရသောဘဝများနှင့် အမှန်တရားကို အလေးပေးဖို့ ပိုသဘောကျပါသည်။ အာဆီယံ ပြည်သူများ၏ နေ့စဉ်ဘဝကို ကျနော်ပို၍ စိတ်ဝင်စားသည်။ သူတို့ ဘယ်လိုနေထိုင်သည်၊ သူတို့၏ မျှော်လင့်ချက် နှင့် အိပ်မက်များက မည်သို့ရှိသည် ဆိုသည်နှင့် အတူ မြို့တော်များ၏ အပြင်ဘက်က မြို့ငယ်များနှင့် ဒေသများ၊ သတင်းဌာနများ မျက်စိလျှမ်းကာ ကျန်နေတတ်သည့် နေရာများ၏ အကြောင်း ဖြစ်သည်။
ထို့ကြောင့်ပင် ပြီးခဲ့သည့် အပတ်က အင်ဒိုနီးရှားနိုင်ငံအလယ် ဂျာဗားပြည်နယ်၏ မြို့တော် ဆိုလို Solo သို့ ရောက်ခဲ့ခြင်း ဖြစ်သည်။ ကျနော်တို့က ဆိုလို မြို့တွင် ပထမဆုံးသော Ceritalah ASEAN ပွဲကို စီစဉ်ခဲ့ရာတွင် အာဆီယံအတွင်းရှိ မြို့တော် မဟုတ်သည့် မြို့ကြီးများ (secondary cities) မှ မီဒီယာသမားများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ခဲ့ကြပါသည်။ (Air Asia နှင့် Lion Air တို့၏ အကူအညီအတွက် ကျေးဇူးတင်ပါသည်။)
၂ ရက်ကြာ ပြုလုပ်ခဲ့သည့် အစီအစဉ် ၈ ခုအတွင်းတွင် ၁ ခုကိုသာ ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။ ကျနော်တို့၏ အချိန် အများစုကို ဆိုလိုမြို့တလွှားရှိ ကော်ဖီဆိုင်များမှသည် ပါတိတ် ရေးဆွဲသည့် အလုပ်ရုံများ၊ ဈေးဆိုင်များ၊ ကျောင်းများ နှင့် တက္ကသိုလ်များတွင် သွားလာရင်း သုံးစွဲခဲ့ကြပါသည်။ ဈေးများ၊ ပြတိုက်များနှင့် လမ်းဘေးဆိုင်များကိုလည်း သွားရောက် လေ့လာခဲ့ကြသည်။ သမရိုးကျအတိုင်း မဖြစ်အောင် အတတ်နိုင်ဆုံး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ထို့အပြင် အစီအစဉ်များတွင်လည်း ထိန်းချုပ်ကန့်သတ်မှုများ ရှိမနေပါ။ တခါတရံ ပြောဆိုဆွေးနွေးခြင်းကို ပရိသတ်က ဦးဆောင်သည့်အခါလည်း ရှိသည်။ ဥပမာပြရလျှင် ဆိုလို မြို့၏ ဖန်တီးမှု စီးပွားရေးလုပ်ငန်းများ ဖြစ်သော ပါတိတ်လုပ်ငန်း ဖွံ့ ဖြိုးလာမှုများကို ရှင်းလင်းနေစဉ် အရပ် ၅ ပေ ခန့်မြင့်ပြီး ခေါင်းတွင် ပုဝါ(hijab) ခြုံထားသည့် အမျိုးသမီးတယောက်က မေးခွန်းမေးတော့မည့် အသွင်နှင့် ရှေ့သို့ ထွက်လာသည်။ သို့သော်လည်း မမေးဘဲ Ibu Haryani အမည်ရှိ အသက် ၆၁ နှစ် အရွယ် ကျောင်းဆရာမကြီးက မိုက်ခရိုဖုန်းကို ကိုင်၍ ပရိသတ်ဘက်သို့ လှည့်ကာ သီချင်းတပုဒ်ကို စပြီး ဆိုတော့သည်။ (နောက်ပိုင်းတွင် ကျနော် သူနှင့် အင်တာဗျူးလုပ်ခဲ့ပါသည်။) သူဆိုသောသီချင်းမှာ ဂျာဗားရိုးရာသံစဉ်တခု ဖြစ်ပြီး “Asmoro Dono” ( ချစ်မိသွားခြင်း) ဟု အမည်ရပါသည်။ သူ့သီချင်းသံကြောင့် ဆူညံသံများ ခေတ္တ တိတ်ဆိတ်သွားရပါသည်။ သို့သော်လည်း အာဆီယံဧည့်သည်များက သဘောကျသွားပြီး သူတို့၏ စမတ်ဖုန်းများကို ထုတ်၍ မှတ်တမ်းတင်ကြပါသည်။
ပျော်စရာ ဖန်တီးခြင်းကို အာဆီယံတွင် တားမြစ်မထားပါ။ ဖိလစ်ပိုင်နိုင်ငံမှ ကျနော်တို့၏ ဧည့်သည်တဦး ဖြစ်သော ဖိလစ်ပိုင်နိုင်ငံ ဒါဗောင်း Davao မြို့ ကုန်သည်ကြီးများအသင်းမှ Sofronion “BJ” Jucutan က ဖိလစ်ပိုင်နိုင်ငံမှ လမ်းဘေးအစားအစာတခု ဖြစ်သည့် balut (အကောင်ပေါက်လု သန္ဓေသားလောင်း ပါဝင်နေသည့် ဘဲဥပြုတ်) ကို မည်သို့ စားသုံးရမည် ဆိုသည်ကို ခန်းလုံးပြည့် ဆူညံနေသောတက္ကသိုလ် ကျောင်းသားများကို ပြသခဲ့သည်။
မြန်မာနိုင်ငံမှ ထင်ရှားသော စာနယ်ဇင်းသမားတဦးလည်း လာရောက်ခဲ့ပါသည်။ The Irrawaddy မြန်မာပိုင်းမှ အယ်ဒီတာ ရဲနည်က အင်ဒိုနီးရှား နိုင်ငံမှ စာနယ်ဇင်းသမားများကို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်သည့် နောက်ဆုံးအခြေအနေများကို အချိန်ယူ၍ ရှင်းပြပေးခဲ့ပါသည်။
နောက်ပိုင်းတွင် Pondok Pesantren Assalam အမည်ရှိ အစ္စလမ် ဘာသာရေးကျောင်းတခုမှ အဝတ်အစားကို လုံခြုံစွာ ဝတ်ဆင်ထားသည့် ဆယ်ကျော်သက် ကျောင်းသူလေးများက အာဆီယံနှင့် ပတ်သက်၍ နှိုက်နှိုက်ချွတ်ချွတ် မေးခွန်းများ ဆက်တိုက် မေးခဲ့ကြသောကြောင့် အံသြခဲ့ရပါသည်။
၂ ရက်ကြာ ခြေကုန်လက်ပန်းကျခဲ့ရပြီးနောက်တွင် အာဆီယံက ပျင်းရိငြီးငွေ့ စရာ မဟုတ်ကြောင်း သို့ မဟုတ် တခုနှင့် တခု ဆက်စပ်နေကြောင်းကို ပြသရန် ကျနော် တစုံတရာ လုပ်နိုင်ခဲ့သည်ဟု မျှော်လင့်မိပါသည်။ ဒါဗောင်း၊ ဘဂ်နင်း Bach Ninh နှင့် ဆိုလို တို့ကဲ့သို့ မြို့တော်မဟုတ်သည့် အဓိက မြို့များ၏ အရေးပါမှုကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါသည်။ စိတ် မကောင်းစွာနှင့် ပြောရမည်ဆိုလျှင် နိုင်ငံတကာအဆင့်မီဟုဆိုသော ပျင်းရိငြီးငွေ့ စရာ ပုံစံတူ ကုန်အမှတ်တံဆိပ်များ ရှိသော ကြီးမားသည့် ဈေးဝယ်စန်တာကြီးများ၊ ယာဉ်ကျောပိတ်ဆို့မှုများကြောင့် စိတ်ပျက်စရာများနှင့် အတူ အရှေ့တောင်အာရှ ၏ မြို့တော်များ အားလုံး တူတူပင်ဖြစ်သည်။
သူတို့ နှင့် ယှဉ်မည်ဆိုလျှင် ဒေသတွင်းမှ မြို့တော် မဟုတ်သည့် အဓိက မြို့များက စရိုက်လက္ခဏာများ ပိုမိုစုံလင်ကြ သည်။ ဖိလစ်ပိုင် နိုင်ငံအကြောင်းကို ပိုသိချင်မည်ဆိုလျှင် Makati (မြို့တော် မနီလာမှ စီးပွားရေးအချက်အချာဒေသ) မှာ ကျပ်ကျပ်တည်းတည်း တပတ်လောက် နေရတာနှင့်စာလျှင် ဒါဗောင်းမြို့မှာ ၁ ရက်နေလိုက်ခြင်းက ပိုသိနိုင်မည်ဖြစ်သည်။ ကျနော်ရောက်ဖူးသည့် ဒေသတွင်းမှ မြို့တော် မဟုတ်သည့် အဓိက မြို့များတိုင်းတွင် သူတို့၏ ကိုယ်ပိုင် ထူး ခြားချက်၊ ကွဲပြား ခြားနားချက်များ ရှိနေကြသည်။
ဖိလစ်ပိုင်နိုင်ငံမှ အီလိုအီလို Iloilo မြို့က စပိန်ကိုလိုနီခေတ်ကတည်ဆောက်ခဲ့သောလှပသည့် ဘုရားကျောင်းများ နှင့် ဗိသုကာ လက်ရာများကို ပိုင်ဆိုင်ထားသည်။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီ Sulawesi ပြည်နယ်မှ မနာဒို Manado မြို့က မီနာဟာဆန် Minahasan ရိုးရာအမွေအနှစ်များ၊ တောင်တန်းများနှင့် နက်ရှိုင်းသော ပင်လယ်ပြင်များ ပိုင်ဆိုင်ထားသည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ ပုသိမ်မြို့က မြန်မာနိုင်ငံတွင် ပြန်လည် ဖူးပွင့်လာသော ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေး ၏ အချက်အချာ နေရာတခု ဖြစ်သည်။
ဗီယက်နမ် နိုင်ငံမှ ဘဂ်နင်းက စတင်ဖွံ့ဖြိုးလာနေသည့် စက်မှုနယ်မြေတခု ဖြစ်သည်။
မလေးရှားနိုင်ငံမှ အီပိုး Ipoh မြို့က အရသာရှိသော ရိုးရာအစားအစာများကို ပိုင်ဆိုင်ထားသည်။
ထို့ပြင် စစ်မှန်သော အပြောင်းအလဲများက အဆိုပါ မြို့များတွင် စတင်နေပြီ ဖြစ်သည်။ နိုင်ငံတခုလုံးကို ပြောင်းလဲရန် အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လမ်းကြောင်းများက မဖြစ်နိုင်ဟု ထင်ရသည့် အဆိုပါနေရာများမှ ထွက်ပေါ်လာခဲ့ကြသည်။
ကျနော့် အတွက်မှု ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ လက်ရှိသမ္မတများက တချိန်တုန်းက ဒါဗောင်းမြို့(နောက်တကြိမ် Ceritalah ASEAN ပွဲကို ကျင်းပရန် ကျနော် မျှော်လင့်ထားသောနေရာ) နှင့် ဆိုလို မြို့တို့၏ မြို့တော်ဝန်များ ဖြစ်ခဲ့ကြခြင်း က တိုက်ဆိုင်မှု မဟုတ်ပါ။ ထိုနေရာများကို အမွှမ်းတင်မိသည့် အတွက် ကျနော် နောင်တရမည် မဟုတ်ပါ။
ထို့ပြင် ၂၀၁၆ ခုနှစ်တွင် တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များအရ ကမ္ဘာကို လွှမ်းမိုးနေသော လူကြိုက်များမှုလှိုင်းက နိုင်ငံ မြို့တော်များနှင့် ကိုယ့်အတွက်သာ ကိုယ်လုပ်သည့် အထက်တန်းစားများကို တိုက်စားခဲ့သည်ကို မြင်ရပြီး ဖြစ်သည်။
အကယ်၍ စစ်မှန်သော ကွဲပြားခြားနားမှုတခုကို ပြုလုပ်လိုခဲ့လျှင် အာဆီယံလည်း နိုးထရတော့မည် ဖြစ်သည်။ နှစ် ၅၀ ပြည့်ခဲ့ပြီ ဖြစ်သော်လည်း အာဆီယံ၏ အောင်မြင်မှုက အတန်အသင့်သာ ရှိသေးသည်။ အာဆီယံအဖွဲ့က ကျနော်တို့၏ ဒေသကို ငြိမ်းချမ်းအောင်၊ (အခြားနေရာများနှင့် နှိုင်းလျှင်) လွတ်လပ်အောင် နှင့် ဘက်လိုက်မှု မရှိ မျှတအောင် ပြုလုပ် နိုင်ခဲ့သည်ကတော့ မှန်ပါသည်။ သို့သော်လည်း သန်းပေါင်း ၆၀၀ ကျော်ရှိသည့် အာဆီယံပြည်သူ အများစု အကျိုးကျေးဇူးခံစားရရေးအတွက်မူ အကန့်အသတ်ဖြင့်သာ လုပ်ပေးနိုင်ခဲ့သည်။
အာဆီယံ ပြည်သူအများစုမှာ ယေဘုယျအားဖြင့် ကျွမ်းကျင်မှု မပြည့်ဝသော ကာယလုပ်သားများသာ ဖြစ်သည့်အတွက် ကျနော်တို့ မေးခွန်းထုတ်ဖို့ ဖြစ်လာသည်။ သူတို့ အတွက် နေရာအဆင့်အတန်းတခုပေးရန် ရှိပါသလား။ မရှိပါ။ သူတို့က စော်ကား အနိုင်ကျင့်မှုကို တွန်းလှန်နိုင်ရန် အမြဲတမ်း အင်အားနည်းခဲ့သူများ ဖြစ်ပါသည်။ ကျနော်သွားနေသည့် ခရီးစဉ် များအတွင်းတွင် တွေ့ခဲ့ရသော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင် အချို့ကပင် သူတို့ အတွက် မည်ကဲ့သို့ စီစဉ်ပေးနိုင်မည်နည်း ဆိုသည်ကို ရှာဖွေရန် ကြိုစားနေသည်ကို တွေ့ခဲ့ရပါသည်။ တကယ်တော့ အာဆီယံကို ခံစားကြည့်မည်ဆိုပါက မြို့ပြမှ အထက်တန်းစားတစု စိတ်ကျေနပ်မှုအတွက် လှုပ်ရှားနေရသည့် အဖွဲ့ အစည်းတခု ဖြစ်ပါသည်။
ထိုအချိန်တွင် ပြည်သူများ အချင်းချင်း စစ်မှန်သော ပေါင်းစပ်မှုက ရှာဖွေရန် ခက်ခဲနေဆဲ ဖြစ်သည်။ အစိုးရများ၏ ဦး ဆောင်မှု ကင်းမဲ့ခြင်းကြောင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်စဉ်ကို တွန်းအားပေးရေးက အရပ်ဘက် လူ့ အဖွဲ့ အစည်းများ၏ တာဝန် ဖြစ်လာပါသည်။
ထို့ကြောင့် Ceritalah Asean တွင် ပါဝင်ရန် ကျနော် ကြိုးစားနေခြင်း ဖြစ်ပါသည်။ ဒေသတွင်း အသိအမြင် ဗဟုသုတ နှင့် သာမန် အာဆီယံပြည်သူတို့၏ ကွန်ရက်များကို တိုးမြှင့်နိုင်ရန် ဖြစ်ပါသည်။ အထူးသဖြင့် မြို့တော်မဟုတ်သော်လည်း အရေးပါသည့် မြို့များတွင် ဖြစ်ပါသည်။ ထိုလုပ်ငန်းစဉ်ကို မည်သည့်နေရာတွင်မဆို ထပ်တူ ပြုလုပ်နိုင်လိမ့်မည်ဟု ကျနော် အခိုင်အမာ ယုံကြည်ထားပါသည်။ ဒါဗောင်းမြို့က ကျနော်တို့၏ နောက်ထပ် အစီအစဉ် ဖြစ်ပါသည်။
ထို့ပြင် ကျနော် အလွန် သွားရောက်လည်ပတ်ချင်နေသော မြို့တော်မဟုတ်သော်လည်း အရေးပါသည့် မြို့များ ရှိပါသည်။ ထိုင်းနိုင်ငံ အရှေမြောက်ပိုင်းက ကျော်ကြားသော ပိုးထည်လုပ်ငန်းများ ရှိရာ ခွန်းကန် KhonKaen မြို့နှင့် ဖိလစ်ပိုင်နိုင်ငံ လူဇွန် Luzon ကျွန်း အရှေ့တောင်ပိုင်း ဘီကိုလ် Bicol ဒေသမှ လီဂတ်ဇ်ပီ Legazpi မြို့တို့ကို ကျနော်ကိုယ်တိုင် သွားကြည့် ချင်ပါသည်။ အဆိုပါ နေရာများက အာဆီယံ၏ စစ်မှန်သော ဇာတ်လမ်းများ ရှိရာ ဖြစ်သည့်အတွက် ကျနော် ဂုဏ်ယူရသလို အဆိုပါ အံ့သြစရာ မြို့များနှင့် ပတ်သက်၍ သရုပ်ဖော်ပြရန် အခွင့်အရေး အတွက်တော့ အားငယ်မိပါသည်။
(Karim Raslan သည် အရှေ့တောင်အာရှရေးရာများကို အထူးပြု လေ့လာ ဖော်ထုတ် ရေးသားနေသော မလေးရှား စာရေးဆရာတဦး ဖြစ်သည်။)