ပုသိမ်မြို့၌ မကြာမီ ကျရောက်တော့မည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်အတွက် မြို့ခံများက ပြင်ဆင် နေကြပြီ ဖြစ်သည်။
သင်္ကြန်မင်းသားများက အစဉ်အလာမပျက် သင်္ကြန်သံချပ်တွေ၊ သီချင်းတွေ၊ ပြဇာတ်တွေတိုက်ပြီး ပြည်သူတွေကိုဖျော်ဖြေဖို့ ပြင်ဆင်နေကြသလို ပြိုင်ပွဲဝင်ကြမယ့် ယိမ်းသမတွေကလည်း ယိမ်းအကများ တိုက်နေကြပြီ ဖြစ်သည်။
ဝန်ကြီးချုပ် မန်းဂျော်နီ ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သစ် လက်ထက် ပထမဆုံး ကျင်းပမည့် ပုသိမ် မြို့ မဟာသင်္ကြန် ပွဲတော်တွင် ထူးခြားချက်များလည်း ရှိနေသည်။
ပထမ ထူးခြားချက်မှာ ပြည်သူကိုဖျော်ဖြေမည့် သင်္ကြန်သံချပ်များကို ပထမဆုံးအကြိမ် အဖြစ် ဆင်ဆာ ကင်းလွတ်ခွင့် ပြု ခြင်း ဖြစ်သည်။
အာဏာသိမ်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) စစ်အစိုးရ လက်ထက်မှစ၍ ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရ လက်ထက်အထိ သင်္ကြန်သံချပ်ထိုးမည် ဆိုလျှင် အစိုးရထံ သံချပ်စာသားများ တင်ပြ၍ စိစစ်မှု ခံယူရသော်လည်း ဝန်ကြီးချုပ် မန်းဂျော်နီ လက်ထက်မှာတော့ စိစစ်ရေးတင်စရာမလိုဘဲ ဖျော်ဖြေရန် တိုင်းအစိုးရ က ခွင့်ပြုပေးခဲ့သည်။
“ဆင်ဆာ မထားတာက ကျနော်တို့ တိုင်းအစိုးရရဲ့ဆုံးဖြတ်ချက်နဲ့ပဲ ဆောင်ရွက်ခဲ့တာပါ။ သံချပ်အဖွဲ့တွေကို လိုက်နာရမယ့် မူဝါဒလေးတွေ ချပြတယ်။ ရိုးရာသင်္ကြန်နဲ့ ကိုက်ညီအောင် ယဉ်ကျေးစွာ စပ်ဆိုပါ။ ပုဂ္ဂိုလ်တဦးတယောက်၊ အဖွဲ့အစည်း တခု အပေါ်မှာ ထိုးနှက်တိုက်ခိုက်တာ မလုပ်ပါနဲ့ စသဖြင့်ပေါ့။ ပြီးတော့ ကိုယ်စပ်ဆိုတဲ့ သီချင်းတွေ၊ ထိုးတဲ့သံချပ်တွေ အပေါ်မှာ တာဝန်ယူရမယ် ဆိုတာတော့ ရှင်းပြထားပါတယ်”ဟု ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
ယခုနှစ် ပုသိမ်သင်္ကြန်တွင် အမှန်တရား၊ ပိတောက်သစ္စာ၊ ခွပ်ဒေါင်းပျို၊ နတ်မျက်စိ၊ အရူးလွယ်အိတ်၊ မြန်မာပြည်ငြိမ်းချမ်း ပါစေ၊ ပြည်သူ့အသံ၊ ခေတ်မောင်းသံ၊ ဇာတိမာန် စသည့် သင်္ကြန်မင်းသားကြီးများ ဦးစီးသည့် သံချပ်အဖွဲ့ ၉ ဖွဲ့မှာ သံချပ် အလှပြ ယာဉ်များနှင့် မြို့အနှံ့ရှိ သင်္ကြန်မဏ္ဍပ်များတွင် လှည့်လည်ဖျော်ဖြေရန် ပြင်ဆင်နေကြပြီး ဌာနဆိုင်ရာနှင့် ရပ်ကွက် အလိုက် ဖွဲ့စည်းထားသည့် ယိမ်းအဖွဲ့ ၂၁ ဖွဲ့သည်လည်း ပြိုင်ပွဲဝင်ရန် အကတိုက်၍ ပြင်ဆင်နေကြသည်။
အဆိုပါ သံချပ်အဖွဲ့များနှင့် ယိမ်းအဖွဲ့များအတွက် တိုင်းအစိုးရအဖွဲ့၏ ဗဟိုမဏ္ဍပ် အပါအဝင် မြို့ပေါ်ရှိ ဌာနဆိုင်ရာ နှင့် ရပ်ကွက် ရေကစားမဏ္ဍပ်များတွင် သံချပ်ပြိုင်ပွဲ၊ ယိမ်းပြိုင်ပွဲများ ပြုလုပ်၍ ဆုများ ပေးအပ်ချီးမြှင့်ရန် ပြင်ဆင်ထားကြောင်း လည်း သိရသည်။
ခွပ်ဒေါင်းပျို သံချပ်အဖွဲ့ ဦးဆောင်သူ ကိုသူနေအောင်က “ဆင်ဆာမတင်ဖို့ အစိုးရကိုယ်တိုင်ပြောတာ။ ကိုယ့်သံချပ် ကိုယ် တာဝန်ယူ။ ကိုယ်ဖြစ် ကိုယ်ခံပဲ။ ဆင်ဆာမတင်ရတာ ဒီနှစ် က ပထမဆုံးပဲ။ အစိုးရသစ် လက်ထက်မှာ ပေါ်ပေါက်လာတဲ့ အပြောင်းအလဲတခုပေါ့။ ဒီလိုကိုယ့်သံချပ် ကိုယ်တာဝန်ယူတဲ့ စနစ် ပြောင်းလဲလိုက်တာတော့ ကျနော့်အနေနဲ့ သဘော ကျပါတယ်”ဟု ပြောသည်။
ခွပ်ဒေါင်းပျို သံချပ်အဖွဲ့သည် ပုသိမ်မြို့ ပညာပါရမီ အခမဲ့ပညာဒါန ကျောင်းမှ ထွက်ရှိသည့် သံချပ် အဖွဲ့ ဖြစ်သည်။
၂၀၁၇ ပုသိမ်သင်္ကြန်၏ ဒုတိယ ထူးခြားချက် တခုမှာ သင်္ကြန်ရေကစား မဏ္ဍပ်များ ယမန်နှစ်ထက်၂ ဆခန့် တိုးပွားလာ ခဲခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၆ သင်္ကြန်မှာ ကြံ့ခိုင်ရေးပါတီ အစိုးရမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ(NLD) အစိုးရသို့ အကူး အပြောင်း ကာလဖြစ်သည့်အပြင် အစိုးရဟောင်းအနေဖြင့် သင်္ကြန်ပွဲအတွက် စီမံဆောင်ရွက်ပေးမှုများ မလုပ်ခဲ့သည့် အတွက် ပုသိမ် သင်္ကြန်မှာ ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၆ ခုနှင့် တပ်ရင်းတပ်ဖွဲ့ မိသားစုမဏ္ဍပ် ၃ ခုသာရှိခဲ့ပြီး ယခင် အစောပိုင်း နှစ်များလောက် စည်ကားခြင်း မရှိခဲ့ပေ။
ယခုနှစ် ပုသိမ်သင်္ကြန်မှာတော့ ဧရာဝတီတိုင်း အစိုးရအဖွဲ့၏ ဗဟိုမဏ္ဍပ်အပါအဝင် အစိုးရဌာနဆိုင်ရာ မဏ္ဍပ်ကြီး ၆ ခု၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ မိသားစု ရေကစားမဏ္ဍပ် ၆ ခုအပြင် ဆယ်စုနှစ် ချီ၍ ပျောက်ကွယ်နေခဲ့သည့် ရပ်ကွက်ကိုယ်စားပြု မဏ္ဍပ် ၅ ခု၊ NLD ပါတီမဏ္ဍပ်နှင့် ပုသိမ်သူ ပုသိမ်သားများ ဆုံစည်းရာမဏ္ဍပ် စသည်ဖြင့် ရေကစားမဏ္ဍပ် ၇ ခု တိုးပွားလာခဲ့ကြောင်း သိရသည်။
ထို့အပြင် ကန်သုံးဆင့် ပန်းခြံအတွင်း၌လည်း ရခိုင်ရိုးရာ ရေကစားမဏ္ဍပ်ကို ပထမဆုံးအကြိမ်အဖြစ် တည်ဆောက်နေပြီး ရခိုင် ရိုးရာ သင်္ကြန်ပွဲအတိုင်း ရေကစားနိုင်ရန် ပြင်ဆင်ထားသည်ဟုလည်း ဆိုသည်။
“ရပ်ကွက်မဏ္ဍပ်တွေ ပြန်ထွက်လာတာ အရမ်းကောင်းပါတယ်။ ခါတိုင်းဆိုရင် ဌာနဆိုင်ရာ မဏ္ဍပ်လောက်ပဲ ရှိတယ်။ အဲဒီ မဏ္ဍပ်တွေကလည်း အများစုက အဖြစ်လောက်ပဲ လုပ်ထားတာ။ ဖျော်ဖြေရေးမပါဘူး။ အဲဒီတော့ တကယ်တမ်း တီးဝိုင်းနဲ့ ဖျော်ဖြေတဲ့ မဏ္ဍပ် ၄ ခုလောက်မှာပဲ လူတွေက ပြုံတိုးနေကြတာလေ။ ဒီနှစ်တော့ မဏ္ဍပ်လည်းများမယ်။ ဖြေဖျော်ရေး လည်း များမယ်ဆိုတော့ မနှစ်ကထက် ပိုစည်မှာ သေချာတယ်”ဟု ပုသိမ်မြို့ ဘိုကနောင် ရပ်ကွက်နေ ကိုဇော်ထွေး က သူ့အမြင်ကို ပြောပြသည်။
ပုသိမ်မြို့ သင်္ကြန်ကာလအတွင်း ပျော်ရွှင်ဖွယ်ရာများလည်း ရှိသလို မူးယစ်ရမ်းကားခြင်း၊ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် အုပ်စုဖွဲ့ အလစ်သုတ်၊ လုယက်ခြင်း စသည့် ဖြစ်စဉ်များလည်း နှစ်စဉ်ဖြစ်ပွားလေ့ ရှိသည်။
ယခုနှစ်မှာတော့ ပုသိမ်မြို့ပေါ် သင်္ကြန်ကာလ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား ၆၀၀ ကျော် အသုံးပြုကာ လုံခြုံရေး တင်းကြပ်သွားမည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲက သတင်း ထုတ်ပြန်ထားသည်။
လုံခြုံရေးကို သင်္ကြန် အကြိုကာလ၊ သင်္ကြန်တွင်းကာလနှင့် သင်္ကြန်အပြီးကာလ ဟူ၍ အပိုင်း ၃ ပိုင်းခွဲကာ လှည့်ကင်း၊ ရပ်ကင်း များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မှုခင်းကျဆင်းရေး၊ အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေး စသည်ဖြင့် စီမံချက် ၆မျိုးဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့က ဆိုသည်။
“ဒီနှစ်သင်္ကြန်မှာတော့ စခန်းတွေမှာ ချန်ထားလို့ရတဲ့ နောက်ချန်အင်အားတချို့က လွဲလို့ အရာရှိ၊ တပ်သား၊ ရဲမေ က အစ အကုန်လုံး သင်္ကြန်ပွဲတော် လုံခြုံရေးအတွက် အလုပ်လုပ်ကြမှာပါ။ သင်္ကြန်တွင်း သောင်းကျန်းတဲ့ ခိုး၊ ဆိုး၊ နှိုက်တွေကို ထိန်းသိမ်းဖို့ စီမံချက်ကိုလည်း မြို့နယ်ရဲတပ်ဖွဲ့က ရေးဆွဲနေပါပြီ။ သင်္ကြန်တွင်း အထူးတရားရုံးတွေလည်း ဖွင့်လှစ်ထား မယ်လို့ သိရပါတယ်။ အဲတော့ သင်္ကြန်တွင်းအမှုဖြစ်လာရင် တရားရုံးကို တင်ပို့သွားမှာပါ”ဟု ပုသိမ်မြို့မစခန်းမှူး ဒုရဲမှူး မျိုးသူက ပြောပြသည်။
ရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေးအရ တာဝန်ယူပေးနိုင်သော်လည်း ရဲတပ်ဖွဲ့ တာဝန်မယူနိုင်သည့် အရာက လူငယ်တို့၏ အပျော် လွန်ကျူးမှု ဖြစ်သည်။
သင်္ကြန်ကာလအတွင်း အရက်သေစာ သောက်စား၊ မူးယစ်ဆေးဝါး သုံးစွဲကာ အပျော်လွန်၍ ယာဉ်မဆင်မခြင် မောင်းနှင်မှု ကြောင့် ဆိုင်ကယ်မှောက်ခြင်းနှင့် ယာဉ်တိုက်မှုများ ဖြစ်ပွားလေ့ရှိပြီး ပုသိမ်ဆေးရုံကြီးမှာ သင်္ကြန်ကာလအတွင်း၌ ဆိုင်ကယ် မတော်တဆမှု လူနာများဖြင့် စည်ကားနေလေ့ ရှိသည်။
“လူငယ်တွေအနေနဲ့ ပျော်တာလည်း ပျော်ပေါ့။ ဒါပေမယ့် မပျက်စေနဲ့ပေါ့။ သင်္ကြန်ကာလ တဒင်္ဂလေးပျော်ရပြီး အသက် ခန္ဓာပျက်စီးတာ၊ ဘဝတခုလုံး ပေးဆပ်လိုက်ရတာမျိုးတွေ မဖြစ်အောင်တော့ သတိထားသင့်တယ်”ဟု ပုသိမ်မြို့ခံ ဦးစန်းယု က ပြောသည်။
ပုသိမ်မြို့ခံလူငယ်တွေကတော့ သင်္ကြန်လည်ပတ်ရန် ဆံပင်စတိုင်၊ အဝတ်အစား၊ အသုံးအဆောင်များ ကြိုတင်ဝယ်ယူကာ သင်္ကြန်ပွဲတော်ဆင်နွှဲရန် အားခဲနေကြပြီဖြစ်သည်။
မကြာခင် ကျရောက်တော့မည့် ပုသိမ်မြို့ မဟာသင်္ကြန်ပွဲတော်ကလည်း ထူးခြားမှုများ ရင်ခုန် စိတ်လှုပ်ရှား ပျော်ရွှင်စရာ များစွာဖြင့် စောင့်ကြိုနေပြီ ဖြစ်သည်။ ။