မြူမှောင်ဝေကင်း ငွေအဆင်း ဆန္ဒ…
ပြည်ထောင်…တိုင်းမြန်ပြေ… ငြိမ်းချမ်းအောင် ဆု…
သွန်းခါရေ….အေးစေကြောင်း လောင်းတဲ့လုံမေ ထူးထူးကဲကဲ လှကြပါစေ …..
စန္ဒရား ခလုပ်တွေပေါ် ပြေးနေတဲ့ ဆရာသိမ်းရဲ့ လက်ချောင်းလေးတွေကို ကြည့်ရင်း မြူမှောင်ဝေကင်း သီချင်းကို ခပ်တိုးတိုး လိုက်ဆိုနေမိပါတယ်။
ရန်ကုန်မြို့လယ်က တိုက်ခန်းလေး တခုအတွင်းမှာပဲ ဖြစ်ပေမယ့် အပြင်လောကမှာတော့ သင်္ကြန်ကာလ နီးလာပြီဖြစ်တဲ့ နွေဦးအချိန်မို့ ရာသီဥတုက အပူငွေ့တွေ ထုတ်လွှတ်နေတာကို ခံစားရပါတယ်။
ဆရာသိမ်းကတော့ အဲဒီမြူမှောင်ဝေကင်း တေးသွားကို တီးခတ်ရင်း လွန်ခဲ့တဲ့ တခေတ်တခါက မန္တလေး မဟာသင်္ကြန် ကာလ ဆီကို တမ်းတ လွမ်းဆွတ်နေမလား မသိ။
စန္ဒရားကို စိတ်ပါလက်ပါ တီးနေတဲ့ ဆရာသိမ်းရဲ့ မျက်နှာကိုတလှည့်၊ သွက်လက်စွာ လှုပ်ရှားနေတဲ့ လက်ချောင်း ကလေး တွေကို တလှည့် ကြည့်ရင်း တွေးနေမိရဲ့။
လောကဓံရဲ့ ဒဏ်ရာဒဏ်ချက် တချို့ စွန်းထင်းနေတဲ့ ဆရာသိမ်းရဲ့ မျက်နှာ အမူအရာကတော့ အခုအချိန်မှာ အေးချမ်း တည်ငြိမ်နေတယ်လို့ ခံစားမိပါတယ်။
ဆရာသိမ်းရဲ့ ကိုယ်ခန္ဓာက သေးသေးသွယ်သွယ်၊ ဦးခေါင်းကလည်း ခပ်သေးသေး ဖြစ်ပေမယ့် ဦးနှောက် အလုပ်လုပ်ပုံ၊ စဉ်းစား တွေးခေါ်ပုံတွေကတော့ ကြီးမားကျယ်ပြန့်လှပါတယ်။
ဆရာသိမ်းဟာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်က နိုင်ငံကျော် ဂီတ အနုပညာရှင်ကြီး ဆရာမြို့မငြိမ်းရဲ့ တေးသီချင်းတွေ စုစည်းပြီး မြို့မငြိမ်း ဆင်ဖိုနီ အိပ်မက် ဆိုတဲ့ အမည်နဲ့ တေးအယ်လ်ဘမ် ကို ကွန်ပျူတာ နည်းပညာနဲ့ ဖန်တီးခဲ့ပါသေးတယ်။
အဲဒီနောက် မြန်မာ့ မဟာဂီတကိုလည်း စနစ်တကျ လေ့လာလိုသူတွေနဲ့ တခြားနိုင်ငံက နိုင်ငံခြားသားတွေပါ လေ့လာလို့ ရအောင် ကွန်ပျူတာ နည်းပညာနဲ့ပဲ ဖန်းတီး ထုတ်လုပ်ခဲ့သူ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် အတွင်းကလည်း ဂျာမနီနဲ့ ပြင်သစ် နိုင်ငံ အကူအညီနဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံလောက်က အနုပညာရှင်တွေနဲ့ မြန်မာ အနုပညာရှင် တချို့ ပူးပေါင်းကျင်းပတဲ့ Gongs and Skins (ကြေးနဲ့ သရေ တူရိယာ) တီးခတ် တင်ဆက်မှု ပွဲကို လည်း ရန်ကုန်အမျိုးသား ကဇာတ်ရုံမှာ ဦးဆောင်ခဲ့ပါ သေးတယ်။
ဆရာသိမ်းဟာ အဲဒီလို ကြီးကျယ်ခမ်းနားတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်လိုသူ လုပ်ကိုင်နိုင်သူ တဦး ဖြစ်ပါတယ်။
တွေးနေရင်း ဆရာသိမ်းကို ကြည့်လိုက်တော့ ဆရာက မြူမှောင်ဝေကင်း သီချင်းကို ဆက်တီးနေဆဲပါ။
အဆင်ပြေ…. မြင်ရသူ ကြည်နူးလောက်ပေ…
သံသာ… ချိုမြမြ ဆိုတေးလေးတွေ…
မန်းမြို့သူရဲ့ ဂုဏ်နဲ့ ညီပေ…
ယဉ်ကျေးသူတွေ…
မနှစ်ကပဲ လောင်းခဲ့တာတွေ…
အေးအေးမြမြ မမေ့တဲ့နိုင်ပေ …
အဲဒီ သီချင်းပိုဒ် အပြီးမှာတော့ ဆရာသိမ်းက စန္ဒရားကို ခဏ ရပ်လိုက်ပြီး လူကို တဖက်လှည့်လိုက်ရင်း ဒီသီချင်းက မြဝတီ မင်းကြီး ဦးစ ရဲ့ စံရာတောင်ကျွန်း သီချင်း တေးသွားကို ဆရာငြိမ်း(မြို့မငြိမ်း)နဲ့ မြို့မ ဦးရင်လေးက စာသားထည့်ပြီး ရေးဖွဲ့ ထားတာလို့ ရှင်းပြ ပါတယ်။
ဟိုယခင် မန္တလေး သင်္ကြန် ဆင်နွှဲကြတဲ့ သင်္ကြန် အသင်းအဖွဲ့တွေက အကြိုနေ့မှာ မဟာ မြတ်မုနိ ဘုရားကြီးကို သွားပြီး ပန်းကပ်ကြတဲ့ အစဉ်အလာ ရှိခဲ့တယ်။ ဒီအစဉ်အလာအတွက် မြူမှောင်ဝေကင်း သီချင်း ဖြစ်လာရတယ်လို့လည်း ဆရာက ပြောပြပါ သေးတယ်။
ဆရာသိမ်းဟာ ဂီတ အနုပညာကို တသက်လုံး ဖက်တွယ်ခဲ့သူ တယောက်ဖြစ်ပြီး မြန်မာ့ မဟာဂီတ ၊ ကမ္ဘာ့ ဂန္ထဝင် ဂီတ တွေကို နှံ့စပ် သိမြင်သူ တဦးလည်း ဖြစ်ပါတယ်။
မန္တလေးက အထင်ကရ ပညာရှင် ဆရာကြီးတွေဖြစ်တဲ့ ဆရာကြီး ဦးဘသက်တို့၊ ဒါးတန်း ဦးသန့်တို့ ဆီမှာ ဆည်းပူး ခဲ့ရုံမျှ မက ဂျာမနီ နိုင်ငံကိုလည်း ဂီတပညာ သွားရောက် လေ့လာ သင်ယူမှုတွေ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။
အခု ဆရာသိမ်း တီးခတ်နေတဲ့ မြူမှောင်ဝေကင်း သီချင်းကို ကြားရတော့ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ပြသ အောင်မြင်ခဲ့တဲ့ သင်္ကြန်မိုး ရုပ်ရှင် ဇာတ်ကားကို သတိရစေပါတယ်။
အဲဒီ ရုပ်ရှင်ကားဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဒါရိုက်တာ မောင်တင်ဦးက ဦးဆောင် ဖန်တီးပြီး အနုပညာရှင်များစွာ ပါဝင် တင်ဆက်ထားတဲ့ ရသမြောက် အနုပညာလက်ရာ တခု ဖြစ်ပါတယ်။
ဒီနေ့အထိလည်း အဲဒီ ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးတွေကို သင်္ကြန်ကာလ ရောက်တိုင်း လူအများက ပြန်လည်ခံစား နားဆင်နေဆဲ ဖြစ်ပါတယ်။ ဇာတ်ကားကိုလည်း ပြန်လည် ပြသနေကြဆဲပါ။
သင်္ကြန်မိုး ရုပ်ရှင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ကောင် တွေကိုလည်း ပရိသတ်က စိတ်ဝင်တစား စူးစမ်းလေ့လာကြတာကို သိရှိ ရပါတယ်။
အနုပညာနယ်ပယ်ရဲ့ အပြင်လောက လူတွေကြားထဲမှာကို ထင်ကြေး အမျိုးမျိုးနဲ့ ပြောဆို ဆွေးနွေးကြတာ တွေကိုလည်း တွေ့ကြုံရပါတယ်။
သင်္ကြန်မိုး ဇာတ်လမ်းဟာ မြို့မငြိမ်း ရဲ့ ဘဝ ဇာတ်လမ်း၊ မင်းသား နေအောင် သရုပ်ဆောင်တဲ့ သင်္ကြန်မိုးထဲက အဓိက ဇာတ်ကောင် ကိုငြိမ်းမောင် ဆိုတာ မြို့မငြိမ်းကို ကိုယ်စားပြုတယ် စတဲ့ ထင်မြင်ချက်တွေလည်း ထွက်ရှိလာပါတယ်။
စာပေ အနုပညာ နယ်ပယ်မှာတော့ ဒီရုပ်ရှင်ကားရဲ့ ဇာတ်လမ်းနဲ့ အဓိက ဇာတ်ကောင် ကိုငြိမ်းမောင် ဟာ မြို့မ စန္ဒရား သိမ်းမောင် ရဲ့ ဘဝ ဇာတ်လမ်းကို အခြေပြုထားတာ ဆိုပြီး ထင်ကြေးပေး ပြောဆိုတာတွေ ကြားရပါတယ်။
ဒါရိုက်တာ မောင်တင်ဦး မကွယ်လွန်ခင်မှာ ဧရာဝတီ အတွက် သူ့ကို သင်္ကြန်ခံစားမှုနဲ့ ပတ်သက်ပြီး အင်တာဗျူးလုပ်ရင်း သင်္ကြန်းမိုး အကြောင်း မေးကြည့်တော့ ဒါရိုက်တာ မောင်တင်ဦးက မြို့မငြိမ်းကို ကိုယ်စားပြုတာ မဟုတ်ပါဘူး၊ မြို့မငြိမ်းရဲ့ ဝိညာဉ်တော့ ပါဝင်ပါတယ် လို့ ဖြေကြားသွားပါတယ်။
တရံတခါက ခဲတလုံးကြောင့် လှိုင်းထ ခဲ့ရတဲ့ ကန်ရေပြင်ဟာ နှစ်ကာလတွေကြာမြင့် လာပြီ ဖြစ်တဲ့ အခုအချိန်မှာ ငြိမ်သက် နေနိုင်ပြီ ဆိုတဲ့ အတွေးစိတ်ကူးနဲ့ သင်္ကြန်မိုးနဲ့ ပတ်သက်လို့ ဆရာသိမ်းကို စူးစမ်းခဲ့မိပါတယ်။
နှစ်ကာလများစွာ ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ပြန်လည် လှုပ်ခတ်လာအောင် လုပ်လိုက်တာတော့ မဟုတ်ပါဘူး။ သင်္ကြန်မိုး ပရိသတ်တွေ အတွက် တာဝန်တခုကို ထမ်းရွက် ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။
သင်္ကြန်မိုး ရုပ်ရှင်ကား ပြသ အောင်မြင်နေတဲ့အချိန် မြန်မာပြည်မှာ သူမရှိဘူး၊ စင်ကာပူ နိုင်ငံမှာ ရောက်နေတယ်၊ သင်္ကြန်မိုး ဟာ အခုလို သူနဲ့ ပတ်သက်နေလိမ့်မယ် ဆိုတာလည်း သူမသိဘူးလို့ ဆရာသိမ်းက ပြောပါတယ်။
သင်္ကြန်မိုး ဇာတ်လမ်းဟာ ၁၉၆၀ ဝန်းကျင်ကာလ ဖြစ်ပြီး ဇာတ်ဝင်တေးတွေကလည်း ဇာတ်လမ်းနဲ့လိုက်ဖက်တယ်၊ ရသ မြောက် တယ်လို့တော့ ဆရာက ပြောပါသေးတယ်။
သင်္ကြန်မိုး မဖန်တီးခင် ၁၉၆၇ ခုနှစ်လောက် အထိက သူရယ်၊ ဒါရိုက်တာ မောင်တင်ဦးရယ်၊ ကဗျာဆရာကြီး တင်မိုးရယ် ၃ ဦးဟာ မကြာမကြာ တွေ့ဆုံ ဖြစ်ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ ဘဝဇာတ်ကြောင်း နှလုံးသားရေးရာတွေကို ကိုဘဂျမ်း (ဆရာတင်မိုး) က သိရှိသူ ဖြစ်တယ်၊ နှလုံးသား ပေဖူးလွှာ ရေးဖွဲ့ ပေးသူနဲ့ ကျေးစေတမန်လည်း ဖြစ်တယ်လို့ ဆရာသိမ်းက ရယ်မလို ပြုံးမလို ရီဝေတဲ့ မျက်လုံးနဲ့ ကြည့်ရင်း ပြောပြပါ သေးတယ်။
သူနဲ့ ပတ်သက်ပြီးတော့ ဆရာတင်မိုးက ဒါရိုက်တာ မောင်တင်ဦးကို တစွန်းတစ ပြောပြလိုက်ပုံ ရတယ်လို့လည်း ဆရာသိမ်း က ဆိုပါ တယ်။
မြို့မငြိမ်း ဆင်ဖိုနီ အိပ်မက် ဧည့်ခံပွဲမှာလည်း ဒါရိုက်တာ မောင်တင်ဦးက သူ့ကို လက်ညှိုး ထိုးပြရင် ၁၅ နှစ်လောက် ထိန်းသိမ်း ခဲ့ရတဲ့ ဇာတ်လမ်း တခုဖြစ်ကြောင်း ပြောသွားသေးတယ်လို့ သိရပါတယ်။
အဆင်ပြေ…. မြင်ရသူ ကြည်နူးလောက်ပေ…
သံသာ… ချိုမြမြ ဆိုတေးလေးတွေ…
မန်းမြို့သူရဲ့ ဂုဏ်နဲ့ ညီပေ…
ယဉ်ကျေးသူတွေ…
မနှစ်ကပဲ လောင်းခဲ့တာတွေ…
အေးအေးမြမြ မမေ့တဲ့နိုင်ပေ …
နားထဲမှာ မြူမှောင်ဝေကင်း သီချင်းသံက ပီပီသသပဲ ကြားလာရင်း ဟိုအရင် မန္တလေး သင်္ကြန်ကို မြင်ယောင်နေမိ ပြန်ပါ တယ်။
ဆရာသိမ်းကတော့ တရံတခါက ရွှေခြေကျင်းနဲ့ မန်းမြိ့သူ တဦးကို မြင်ယောင်ရင်း လွမ်းတမ်းတနေမလား….၊ ဒါမှမဟုတ် အချိန်ကာလရဲ့ ပွတ်တိုက် လှိုက်စားမှုကြောင့် ပဲ့ကြွေ ချောမွှတ်လာခဲ့ရတဲ့ ကျောက်ဆောင် ကျောက်သား တခုလို ဖြစ်နေ မလား ဆိုတာကို တွေးနေရင်း မြူမှောင်ဝေကင်း က ရောက်ရှိလာခဲ့ရ ပြန်ပါတယ် ….။
သင်းပျံ့နေ….
ရွှေ ပန်းပိတောက်တွေ တွဲရရွဲနဲ့လေ
ဆင်မြဲမြန်းကာ လှတဲ့မေ
ငွေငန်းမောင့်ကို လောင်းတဲ့ရေ
ဘေးဘယာ ဝေးကွာ ကင်းစင်ပမယ်
သည် ရေ ပွဲ သင်္ကြန်ရေ …..။ ။