ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်တောဒေသက အသက် ၁၄ နှစ်အရွယ် မွတ်စလင် လူငယ် တဦးဖြစ်တဲ့ နိုစလာဟာ အိမ်ခြေရာကျော်ရှိ ဖားဝတ်ချောင်း အမည်ရှိ ရခိုင်ရွာကြီးမှာ ရေခဲချောင်း ရောင်းနေရတာ သူ့အတွက် ဘာပြဿနာမှ ရှိမနေပါဘူး။ သူ့ရဲ့ ပုံမှန်အလုပ်တခုကို အေးအေးဆေးဆေး လုပ်နေရံုံပါပဲ။
နိုစလာဟာ ကြိမ်ချောင်းရွာမှာ ဒုတိယတန်း တက်ရောက် ပညာသင်ကြားနေသူဖြစ်ပါတယ်။ လတ်တလောမှာတော့ ကျောင်းတွေ ပိတ်ထားတာကြောင့် စာမေးပွဲ ဖြေဖို့ စောင့်နေတယ်လို့ သိရပါတယ်။ ရေခဲချောင်းလည်း ရောင်းသလို ကျောင်းလည်း တက်ရောက်နေတဲ့ နိုစလာ မှာ ရခိုင်သူငယ်ချင်းတွေလည်း ရှိပါတယ်။ သူ့ သူငယ်ချင်း တဦးဖြစ်တဲ့ မောင်မောင်ဆိုတဲ့ နာမည်ကို ရွတ်ပြပေမယ့် မိန်းကလေးသူငယ်ချင်းတွေကိုတော့ မသိဘူးလို့ ပြောပြပါတယ်။
မွတ်စလင် တယောက်ဖြစ်တဲ့ နိုစလာက ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ဒေသမှာ ရေခဲချောင်း အေးအေးဆေးဆေး ရောင်းနိုင်တာကို ကြည့်ရင်တော့ မွတ်စလင် အများစုရှိတဲ့ ဒီဒေသဟာ အေးဆေး တည်ငြိမ်နေပြီလားလို့ ကောက်ချက်ချရမလို ဖြစ်နေပါပြီ။
“ရခိုင်ရွာတွေကို ဈေးသွားရောင်းတာ အကုန်အဆင်ပြေတယ်။ ဘာအခက်အခဲမှ မရှိဘူး။ တရက် ၅၀၀၀ ကျပ် လောက်ရတယ်။ ရေခဲချောင်း တချောင်းကို အရင်းဈေး ၃၀ ကျပ် နဲ့ဝယ်ပြီး ၅၀ ကျပ် နဲ့ ပြန်ရောင်းတာပါ” လို့ နိုစလာက ပြောပြပါတယ်။
သူ ရေခဲချောင်း ရောင်းနေတဲ့ ဖားဝတ်ချောင်း ကျေးရွာမှာပဲ မွတ်စလင် ၅ ယောက်ဟာ မြောင်းထဲက မြေကြီးတွေကို သယ်ပြီး လမ်းမြေဖို့ နေတာကို တွေ့ရပါတယ်။ သူတို့ရဲ့ အလုပ်ရှင်တွေက ရခိုင် တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ဖားဝတ်ချောင်းရွာက ရခိုင် တိုင်းရင်း သားတွေဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ အပြီး ရွာက ထွက်ပြေးခဲ့ကြရာက အိမ်ပြန် ရောက်လာတာ မကြာသေးပါဘူး။
အောက်တိုဘာလ ၉ ရက်နေ့က မောင်တောဒေသ ကျီးကန်းပြင် နယ်ခြားစောင့် ကွပ်ကဲမှု ဌာနချုပ်၊ ငါးခူရ နယ်မြေ ရဲစခန်းနဲ့ ကိုးတန် ကောက် စခန်းတွေကို အကြမ်းဖက်သမားတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နောက်ပိုင်းမှာ ဒီဒေသဟာ နိုင်ငံရဲ့ လုံခြုံရေးနဲ့ တရား ဥပဒေ စိုးမိုရေးကို ခြိမ်းခြောက်လာတဲ့ ဒေသတခု ဖြစ်လာခဲ့ပါတယ်။
ဒီလို အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ် နောက်ပိုင်းမှာ နယ်မြေလုံခြုံရေး တာဝန်ယူခဲ့တဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက် မှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဒီဒေသဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတာပါ။
လက်ရှိမှာ သတင်းမီဒီယာအဖွဲ့ ရောက်ရှိနေတဲ့ ဖားဝတ်ချောင်းရွာမှာ ဘင်္ဂလီ အလုပ်သမားတွေဟာ ၁ ရက်ကို လုပ်ခ ၇၀၀၀ ကျပ် ခန့်ရ ကြောင်း၊ အလုပ်လာလုပ်နေကြတဲ့ သူတို့တွေမှာ ပြဿနာ တစုံတရာ မရှိကြောင်း၊ ၎င်းတို့ကို ကိုယ်တိုင် မေးကြည့်နိုင်ကြောင်း မြောင်းတူးနေတဲ့ မွတ်စလင် ၅ ဦးရဲ့ အနားမှာ ရပ်နေတဲ့ ရခိုင်လူမျိုး ဆယ်ကျော်သက် လူငယ်လေးတဦးက ပြောပါတယ်။
မောင်တောမြို့နယ် ဖားဝတ်ချောင်း ကျေးရွာကို မတ်လ ၃၀ ရက်နေ့က ရောက်ရှိလာတဲ့ သတင်းမီဒီယာ အဖွဲ့ဟာ ခရီးစဉ်ရဲ့ အစီအစဉ်ထဲမှာ မပါတဲ့ ဒီရွာမှာ ကားရပ်ခိုင်းပြီး ကိုယ်သိချင်တာတွေကို သတင်းရယူခဲ့ကြတာ ဖြစ်ပါတယ်။
အလုပ်လုပ်နေတဲ့ မွတ်စလင်တွေကို သူတို့ကို ကြောက်နေရလားလို့ မေးကြည့်တော့ ဗမာစကားကို နားမလည်သလို ပြန်ကြည့်တဲ့အခါ အဲဒီရခိုင်လေးကပဲ ဘာသာပြန်ပေးဖို့ လုပ်ပါတယ်။ အဲဒီအချိန်မှာ အသက် ၆၀ ဝန်းကျင်ရှိမယ့့် ဦးသိန်းလှမောင်လို့ခေါ်တဲ့ ရခိုင်လူကြီး တယောက်ထွက်လာပြီး ဘယ်သူမှ မကြောက်တဲ့ပြောပြီး ဘာသာပြန်ပေးနေတဲ့ ကောင်လေးကို စကားတွေ လျှောက်မပြောဖို့ ပြောဆိုပါတယ်။
ဦးသိန်းလှမောင်က “သူတို့ (မွတ်စလင်)တွေ ဒီမှာ လာလုပ်တဲ့အခါ ဘာပြဿနာမှ မရှိပေမယ့် သူတို့နေတဲ့ရွာတွေကိုတော့ ရခိုင်တွေ မသွားရဲဘူး” လို့ ပြောပါတယ်။
ဆက်လက်ပြီး သူက “ဘင်္ဂလီတွေ များနေရင်တော့ ကြောက်ရတယ်။ တပ်နဲ့ရဲကိုတောင် သူတို့က ခြောက်လှန့်နေတာ။ ဘူသီးတောင်၊ မောင်တောဒေသကို အကြမ်းဖက်ပြီး ယူမယ်လို့ ကြေညာထားပြီးသား။ အခုလည်း အကြမ်းဖက်နဲ့ ဖောက်ခွဲရေး သတင်းတွေက အမြဲထွက် နေတာပဲ။ ဒီမှာ ရှိနေတဲ့ ရဲကင်းလောက်နဲ့ စိတ်မချရဘူး”လို့ ပြောပါတယ်။
သူတို့နေထိုင်တဲ့ ကျေးရွာအတွက် လုံခြုံရေး ယူထားတဲ့ ရဲကင်းကို သူတို့ အလုပ်လုပ်တဲ့ နေရာကနေ လှမ်းမြင်နေရပါတယ်။
ဦးသိန်းလှမောင်ဟာ ၂၀၁၆ ခုနှစ် ဧပြီလ မတိုင်ခင်အထိ မွတ်စလင် အများစုနေထိုင်တဲ့ ရွာတွေကို အကြောင်း ကိစ္စမျိုးစုံနဲ့ တယောက်တည်း သွားရောက်ခဲ့ပေမယ့် အကြမ်းဖက်မှုဖြစ်စဉ်တွေ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ မသွားလာရဲတော့ဘူးလို့ သိရပါတယ်။ အခုလည်း မြောင်းဖော်ပြီးတော့ လမ်းမြေဖို့မယ့် မွတ်စလင် ၅ ယောက်ကို မခေါ်မဖြစ် အခြေအနေကြောင့် ခေါ်ထားရပေမယ့် တချိန်လုံး စောင့်ကြည့်နေရ တယ်လို့ ရှင်းပြပါတယ်။
“ကျနော်တယောက်တည်း ကျောင်းဆရာမလေးတွေကို ကျောင်းလိုက်ပို့တယ်။ အခုနောက်ပိုင်း သွားလို့ မရတော့ဘူး။ သူတို့ဆီကို တယောက်တည်း (မျောတောင်)ကို မလာနဲ့။ လာရင် ဒုက္ခရောက်မယ်။ ကြောက်တတ်ပါလို့ ပြောတယ်”လို့ ဦးသိန်းလှမောင်က ဆိုပါတယ်။
မျောတောင်ဆိုတာက ဒေသအခေါ်အဝေါ်ဖြစ်ပြီး မွတ်စလင် အများစု နေထိုင်ရာ နေရာတခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ် လောက်က ဒီဒေသမှာ ဘယ်နေရာကိုမဆို လွတ်လွတ်လပ်လပ် သွားလာလို့ရပြီး မွတ်စလင် အရေအတွက်လည်း အနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ မောင်တောဒေသရဲ့ လူဦးရေ ၉၇ ရာခိုင်နှုန်းက မွတ်စလင်တွေ ဖြစ်နေပါပြီ။
“အကြမ်းဖက်မှုတွေ ဖြစ်တုန်းကလည်း တရွာလုံး ထွက်ပြေးကြရတယ်။ ဦးလေးကတော့ မပြေးဘူး ကျန်ခဲ့တယ်။ ဦးတို့ရွာက တအိမ်မှာ ယောကျာ်းတယောက်တော့ ကျန်တယ်”လို့ ဦးသိန်းလှမောင်က ပြောပါတယ်။
အောင်မင်္ဂလာ(ရခိုင်) ရွာက ကလေး ၃ ယောက် အမေ ဒေါ်ဝေဝေထွန်းကလည်း ဒီဒေသမှာ နေရတာ စိတ်လုံခြုံမှု မရှိဘဲ မွတ်စလင်တွေ ဘယ်အချိန် အကြမ်းဖက် လုပ်ရပ်တွေ ထလုပ်မလဲ ဆိုတာကို စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
“နေရတာ တခါတလေလည်း စိုးရိမ်စိတ်တော့ ရှိတာပေါ့။ မကောင်းသတင်းတွေ ကြားရင် စိုးရိမ်တာပေါ့။ ဘာကို စိုးရိမ်လည်းဆိုတော့ မွတ်စလင် ဘာသာဝင်တွေ အကြမ်းဖက်မှာကို စိုးရိမ်တယ်”လို့ ဒေါ်ဝေဝေထွန်းက ပြောပါတယ်။
ရခိုင် တိုင်းရင်းသူတဦးလည်း ဖြစ်တဲ့ ဒေါ်ဝေဝေထွန်းဟာ မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာကို ရောက်လာတာ ၁၃ နှစ် ရှိပြီ ဖြစ်ပြီး သူမဟာ ပညာရေး ဝန်ကြီးဌာနက ကျောင်းဆရာမတဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရွာကိုတော့ မွတ်စလင်တွေ အကြမ်းဖက် လုပ်ရပ်မျိုးတွေ တခါမှာ လာလုပ်တာမျိုး မရှိသေးပါဘူး။
၁၉၉၈ ခုနှစ်က မောင်တော ဒေသကို ရောက်လာပြီး အောင်မင်္ဂလာရွာ အပါအဝင် မောင်နှမ ကျေးရွာ အုပ်စုကြီး တခုလုံးကို အုပ်ချုပ်နေရတဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးကတော့ အစိုးရအနေနဲ့ ဒီဒေသမှာ လုံခြုံရေး ပိုချထားပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
လူဦးရေ ၆၀၀၀ ကျော်ရှိတဲ့ မောင်နှမကျေးရွာ အုပ်စုမှာ ရခိုင်နဲ့ မွတ်စလင်တွေ အတူတူ နီးကပ်စွာ နေထိုင်နေကြပြီး ရခိုင်ရွာ အနည်းငယ်နဲ့ မွတ်စလင်ရွာ အများစု တည်ရှိနေတာပါ။
“အခု အခြေအနေက ပြန်ပြီး တည်ငြိမ်နေပေမယ့် အကြောက်တရားကတော့ လူတိုင်းရင်ထဲမှာ ရှိနေတုန်းပဲ။ ဒီလိုနေရာတွေမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားမယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ ထင်ပါတယ်။ မိုးတွင်းဆိုရင် လုံခြုံရေး စိတ်ပူရတယ်။ မိုးတွင်းမှာ ကျနော်တို့က ရှာဖွေ စားသောက်ရတာ များတယ်။ ညဖက်လည်း အပြင်ထွက်ပြီး ရှာရတော့ စိုးရိမ်ကြတာပေါ့” လို့ ဦးကျော်ကျော်ဦး ပြောပါတယ်။
“ကျနော်တို့က အကြမ်းဖက် လုပ်ရပ်တွေ နောက်ထပ် လုပ်လာမှာကို စိုးရိမ်တာပေါ့နော်။ အကြမ်းဖက် လုပ်ရပ်တွေကို သူတို့ဘက်က စ တာ များပါတယ်။ ကျနော်တို့ဘက်က စပြီး လုပ်တယ်ဆိုတာ မရှိပါဘူး။ ကျနော်တို့ရွာက ချထားတဲ့ ဂဏန်းမြုံး ထောင်ထားတာတွေကို မွတ်စလင်တွေက ဖျက်ဆီးတယ်”လို့ သူက ဆက်ပြောပါတယ်။
သူတို့ဒေသရဲ့ လိုအပ်ချက်ကတော့ ထွန်ယက် စိုက်ပျိုးရတဲ့ မြေသားတွေဟာ အလွန်မာပြီး ကျောက်သား များတာကြောင့် စက်ထွန်တဲ့ အချိန်မှာ ဓားသွားများ ကျိုးကုန်ကြောင်း၊ စက်ကြီးနဲ့ ထွန်ပြန်တော့လည်း လယ်ကန်သင်းရိုးတွေပါ ထိတာကြောင့် အလုပ်လုပ်ရတာ နွားနဲ့ပဲ အဆင်ပြေလို့ နွားတွေ လိုချင်တယ်လို့ သိရပါတယ်။
“အစိုးရက လယ်ထွန်စက်နဲ့ ရိတ်သိမ်းစက်တွေ ထောက်ပံ့ထားတာ ရှိပါတယ်။ UN ကတော့ ဘာမှမပေးပါဘူး။ WFP က ဆန်ဝေတာမျိုး တွေ လုပ်ပါတယ်”လို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ရှင်းပြပါတယ်။
ဦးကျော်ကျော်ဦးတယောက် အုပ်ချုပ်ရေးမှူး လုပ်ရတာ စိန်ခေါ်မှုတချို့လည်း ရှိပြီး ပဋိပက္ခ အရေးခင်းကာလမှာ ရခိုင်နဲ့ မွတ်စလင် ၂ ဖက်စလုံး အတွက် တာဝန်ကျေချင်တဲ့သူ ဖြစ်ချင်တယ်လို့ သိရပါတယ်။
“အုပ်ချုပ်ရေးမှူး လုပ်နေတော့ ဖုန်းနဲ့ ခြိမ်းခြောက်တာမျိုး ရှိတယ်။ ဖုန်းဆက်ပြီး ကောင်းကောင်းနေ၊ ကောင်းကောင်းလုပ်ဆိုပြီး ပြောတာမျိုး ရှိတယ်။ ပြန်ဆက်တော့ ဆက်လို့မရတော့ဘူး။ သူတို့ ပြောချင်တာပြောပြီး ချသွားတာ” လို့ ဦးကျော်ကျော်ဦးက ဆိုပါတယ်။
မောင်တောဒေသက မွတ်စလင်တွေဟာ သူတို့မှာ ဘဝ လုံခြုံမှု မရှိတာ၊ နိုင်ငံသား ဖြစ်ခွင့် ကိစ္စတွေ ရှုပ်ထွေးနေတာ၊ အလုပ်အကိုင် အခွင့်အလမ်း၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဒေသတွင်းမှာတောင် လွတ်လပ်စွာ သွားလာခွင့်တွေ မရှိလို့ လူ့အခွင့်အရေး ဆိုင်ရာတွေ ဆုံးရှုံးနေရချိန်မှာ “မြွေပူရာ ကင်းမှောက်” ဆိုသလို အသစ်ထပ်ပေါ်လာတဲ့ အကြမ်းဖက်မှု ပြဿနာကြောင့် ထပ်မံပြီး ဖိနှိပ်မှုတွေကို ဆိုးဝါး ခံစားနေရတာကို တွေ့ရှိခဲ့ရပါတယ်။
ကြက်ရိုးပြင်ရွာက မွတ်စလင် လူငယ်တဦး ဖြစ်တဲ့ ရာမွန်ကွတ်မင်က “ဒီမှာ နေထိုင်ရတာ ဘာတခုမှ အဆင်မပြေဘူး။ အလုပ်လည်း မရှိဘူး။ ငါးရှာလို့လည်း မရဘူး။ လယ်လုပ်လို့လည်း မရဘူး။ WFP က ဆန်ပေးတယ်။ လစာပေးတယ်။ UN ကပါ။ တလ ဆန် တတောင်း ပေးပါတယ်။ အဲဒါနဲ့ စားပါတယ်။ သွားလာခွင့်က လွတ်လွတ်လပ်လပ် သွားမရဘူး” လို့ ဆိုပါတယ်။
ကြက်ရိုးပြင် ရွာသားတဦးဖြစ်တဲ့ ဦးစိုးလွင်ကလည်း ၎င်းတို့ကို လွတ်လပ်စွာ သွားလာခွင့် မရှိတာနဲ့ ကိုယ့်ကိုကိုယ် ဘယ်နိုင်ငံသား ဖြစ်နေမှန်း မသိတာတွေကို စိတ်ကုန်နေပြီး မောင်တောဒေသအပြင် ဘူးသီးတောင်ကို သွားလို့မရတာ နှစ် ၂၀ လောက်ရှိပြီလို့ ဧရာဝတီကို ပြောပါတယ်။
ဦးစိုးလွင်တို့မှာ ဒီလိုနေထိုင်ရစဉ်မှာ အကြမ်းဖက်သမား ဆိုပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ရဲ့ အဖမ်းခံရမှာကိုလည်း စိုးရိမ်ရကြောင်း၊ လုံခြုံရေး တပ်ဖွဲ့တွေက ရွာထဲကို ဝင်လာရင် အကြမ်းဖက်ရိုက်နှက်တာတွေ မလုပ်တော့တာ ၁ လ နီးပါးလောက် ရှိပြီလို့ သိရပါတယ်။
“ခေါ်ပြီးတော့ စစ်ဆေးတယ်။ မသကာၤတဲ့သူကို ဖမ်းချုပ်တယ်။ ဖမ်းပြီး စစ်ဆေးတဲ့အခါ အကြမ်းနည်းသုံးတယ်ဆိုတာ သိတယ်။ စိုးရိမ်ရတာက ဘာမဟုတ်တဲ့ဟာတွေကို ပြောပြီးတော့ စွပ်စွဲမှာ ဆိုးလို့ ဒီနေရာက မငြိမ်းချမ်းတဲ့နေရာ ဖြစ်တဲ့အခါကျတော့ တခုခုကတော့ အဆင်မပြေတာ ဖြစ်နေဦးမှာပဲ။ ဒီလို မငြိမ်းချမ်းမှုတွေ ဘာကြောင့်ဖြစ်တယ်လိုတာ ကျနော်တို့လည်း မသိဘူး။ အစိုးရလုပ်တဲ့သူပဲ သိမှာ” လို့ မွတ်စလင်တဦးဖြစ်တဲ့ ဦးစိုးလွင်က ပြောပါတယ်။
သတင်းမီဒီယာ အဖွဲ့တွေ ရောက်ရှိခဲ့တဲ့ ကျီးကန်းပြင်၊ ဝပိတ်၊ ငါးစာကြူး၊ ကျားခေါင်းတောင်၊ ဒါးကြီးစား၊ ပြောင်ပိုက်၊ ရေခပ်ချောင်းခွဆုံ နဲ့ ပွင့်ဖြူချောင်းလို မွတ်စလင်ရွာတွေ ဒေသခံတွေက တပ်မတော်က သူတို့ရွာ၊ အိမ်တွေကို မီးရှို့ကြောင်း တညီတညွှတ်တည်း ပြောဆိုကြပေမယ့် မီးရှို့တာကို ကိုယ်တိုင် မြင်ရဲ့လားလို့ မေးတဲ့အခါမှာတော့ သူတို့ မပြောနိုင်ကြပါဘူး။
မွတ်စလင် အမျိုးသမီးတွေက သူတို့ရဲ့ ယောကျာၤးတွေဟာ အကြမ်းဖက်သမား မဟုတ်ဘဲ အဖမ်းခံ နေရတယ် ဆိုတာကို ပြောဆိုပြီး တပ်မတော်က မုဒိမ်းကျင့်တယ်လို့ တော်တော်များများက စွပ်စွဲကြပေမယ့် အထောက်အထားနဲ့တကွ တိုင်ကြားဖို့ ပြောတဲ့အခါမှာတော့ ကျားခေါင်းတောင်ရွာက မွတ်စလင် အမျိုးသမီး ၃ ယောက်ကလွဲရင် ကျန်တဲ့သူတွေ နောက်ဆုတ်သွားကြပါတယ်။
သူ အပါအဝင် မွတ်စလင် အမျိုးသမီး ၃ ယောက်ကို မောင်တောဒေသ အာဏာပိုင်တွေက ရဲစခန်းမှာ အမှုဖွင့်ပေးခဲ့ပြီး အဲဒီကိစ္စကို နိုင်ငံတော် အတိုင်ပင်ခံရုံးကတောင် သတင်း ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ပါတယ်။
“တပ်မတော်က သေနတ်နဲ့ပစ်တော့ ကျနော်တို့ ထွက်ပြေးရတယ်။ ကျန်တဲ့သူတွေကို လမ်းမကြီး တနေရာမှာ ယောကျာၤးသပ်သပ်၊ မိန်းမ သပ်သပ် စုထားတယ်”လို့ မာမွတ်အလွန်က ပြောပါတယ်။
တပ်မတော်က မီးရှို့တယ်လို့ ပြောပေမယ့် ကိုယ်တိုင်မြင်လားလို့ မေးတဲ့အခါမှာ မမြင်ဘူးလို့ ဆိုပါတယ်။ ကလေးတွေကို မီးထဲပစ် ထည့်တာမျိုးတွေ ရှိတယ်လို့ ကြားရကြောင်း ဘီဘီစီ သတင်းထောက်က မေးတဲ့အခါမှာလည်း မှန်ပါတယ်လို့ ပြောပေမယ့် ကိုယ်တိုင် မြင်တာလားလို့ မေးတဲ့အခါ လူတွေက ဒီလိုပဲ ပြောနေကြတာပဲလို့ ဆိုပါတယ်။
ပွင့်ဖြူချောင်းရွာက မွတ်စလင် အမျိုးသမီး ဂျာမာလီဒါကလည်း တပ်မတော်က သူတို့ရွာကို လွန်ခဲ့တဲ့ ၄ လလောက်က မီးဝင်ရှို့ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ရွာကို တပ်မတော်ဝင်လာပြီး နောက်ပိုင်းမှာ မီးလောင်သွားတယ်လို့ ပြောပါတယ်။
တပ်မတော်က မီးရှို့တာကို မြင်လားလို့ မေးတဲ့အခါမှာ အဲဒီအမျိုးသမီးက ပြန်မဖြေနိုင်ခင်မှာပဲ စကားပြန်လုပ်သူက မြင်တယ်ဆိုပြီး ဝင်ပြောပြန်ပါတယ်။ ဒါပေမယ့် တပ်မတော် ဝင်လာပြီးမှ မီးလောင်တာကိုတော့ ဂျာမာလီဒါက အတည်ပြုပါတယ်။ သူက ကလေး ၇ ယောက်အမေပါ။ သူ့ငွေ ၁ သိန်းကိုတောင် တပ်မတော်က ယူသွားတယ်လို့ စွပ်စွဲ ပြောဆိုပါတယ်။
ပွင့်ဖြူချောင်း ရွာမှာပဲ တပ်မတော်က ရုပ်ရည်ချောမောတဲ့ အမျိုးသမီး ၅ ယောက်ခန့်ကို ကျောင်းထဲကို ခေါ်သွားတာ သူကိုယ်တိုင်မြင်တယ်လို့ ပြောပြီး အဲဒီ ခေါ်သွားခံရတဲ့ မိန်းကလေးတွေကို လိုက်ပြပါဆိုတော့ လိုက်မပြနိုင်ပါဘူး။
မွတ်စလင်ရွာကြီး တခုဖြစ်တဲ့ ကြက်ရိုးပြင်ရွာနဲ့ ဈေးဆိုင်တန်းတွေကိုလည်း ဘူးသီးတောင် တပ်ရင်း ၅၅၂ က မီးရှို့လိုက်တာလို့ အဲဒီရွာက ရပ်မိရပ်ဖတဦးဖြစ်သူ မွတ်စလင် အမျိုးသားကြီး တဦးက ဆိုပါတယ်။
မီးရှို့တာကို ကိုယ်တိုင်မြင်လို့လားဆိုတော့ တရွာလုံး မြင်နေရတယ်လို့ပဲ ပြောပါတယ်။ ဒါပေမယ့် ကိုယ်တိုင်မြင်လားလို့ ထပ်မေးတဲ့အခါ သေနတ်ဖောက်သံကြားလို့ ထွက်ပြေးနေရတယ်လို့ ဖြေပြန်ပါတယ်။
အဲဒီအချိန်မှာ ကြက်ရိုးပြင်ရွာ အုပ်ချုပ်ရေးမှူး မောင်မဲနိုင် (ခ) ဆွေယာဇူ ကာလမ်ဆိုသူ ရောက်လာပြီး မီဒီယာတွေ ဘာမှ မမေးခင်မှာ “ဒီကလူတွေ ထွက်ပြေးတာ တခြားနိုင်ငံကို တိမ်းရှောင်နေတာ မဟုတ်ပါဘူး။ ဒီအနီးအနား ရွာတွေမှာပဲ ရှိပါတယ်။ ပြန်လာတဲ့သူတွေက ယာယီ တဲဆောက်ပေးထားတာလည်း ရှိပါတယ်။ အမျိုးတွေအိမ်မှာ သွားနေတာလည်း ရှိပါတယ်။ ပြည်ထောင်စု အစိုးရက သူတို့တွေကို ထောက်ပံ့ကြေးလည်း ပေးပါတယ်။ ဆား၊ ဆီ၊ ပဲ၊ ဆန် သူတို့ကို ထောက်ပံ့ပေးနေပါတယ်။ ဒီမှာလာနေရင် ကူညီပေးမယ်လို့ အစိုးရက ကတိပေးထားပါတယ်”လို့ တောက်လျှောက် ပြောပါတော့တယ်။
အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့်တပ်စခန်းတွေ တိုက်ခိုက်ခံရမှု နောက်ပိုင်းမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး နေရာ အများစုကို လူသစ်တွေ အစိုးရက အစားထိုးခဲ့ပါတယ်။
“ရွာကို တပ်က မီးရှို့တယ်ဆိုတာတော့ ကျနေ်ာမသိပါဘူး။ ကျနော်က ဖေဖော်ဝါရီလ ၉ ရက်နေ့မှ အုပ်ချုပ်ရေးမှူး ဖြစ်တာပါ။ အဲဒီအရင် က ကိစ္စ တွေကို ကျနော်မသိပါဘူး။ ပြဿနာ ဖြစ်တဲ့အချိန်မှာ သေနတ်သံတွေ ကြားလို့ တခြား ရွာကို တိမ်းရှောင်သွားရတာ ရှိပါတယ်။ ပြန်လာတော့ ရွာဈေးက မီးလောင်ပြီးနေပါပြီ။ ဘယ်သူမီးရှို့တယ်ဆိုတာကို ကျနော် မျက်စိနဲ့ မမြင်ပါဘူး”လို့ မောင်မဲနိုင်က ဆိုပါတယ်။
ကြက်ရိုးပြင် တရွာလုံး အိမ် ၂၁၅ လုံး၊ ဈေးဆိုင်ခန်းက ၁၇၆ ခန်း တဈေးလုံး မီးလောင်သွားခဲ့ပြီး မောင်တော အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန ကတာ့ စာနဲ့ မဟုတ်ဘဲ နှုတ်နဲ့ ပြန်ဆောက်ပေးမယ်လို့ အကြောင်းကြားထားကြောင်း သိရပါတယ်။
ကြက်ရိုးပြင်ရွာမှာ မွတ်စလင်ပေါင်း ၇၅ ဦး မသကာၤလို့ ဆိုပြီး အဖမ်းခံရကြောင်း၊ ပြန်လွတ်တာလည်း မရှိသလို ထပ်ဖမ်းတာလည်း မရှိဘူးလို့ အဲဒီ အုပ်ချုပ်ရေးမှှူးက ပြောပါတယ်။
“အဖမ်းခံရတဲ့ သူတွေရဲ့ မိသားစုတွေကို ကားလွှတ်ပြီး ဘူးသီးတောင် အချုပ်ထောင်ကို ပို့ပေးပါတယ်။ ဒီလ မတ် ၁၇ ရက်မှာ တကြိမ်၊ ၂၄ ရက်မှာ တကြိမ်”လို့ အုပ်ချုပ်ရေးမှူး မောင်မဲနိုင်က ဆိုပါတယ်။
အဲဒီလို ပြောနေချိန်မှာ မွတ်စလင် အမျိုးသားတဦးဖြစ်သူ ရှောဘီအူလာက အုပ်ချုပ်ရေးမှူး မောင်မဲနိုင်ကို စကားပြန်လုပ်ခိုင်းပြီး သူ့ညီ မတရား အဖမ်းခံရတဲ့ အကြောင်း မီဒီယာတွေကို ပြောပါတယ်။
“သူ့ညီအရင်း အဖမ်းခံရတယ်။ အဖမ်းခံရတာက သူတို့(အာဏာပိုင်)က အစည်းအဝေး ကျင်းပမယ်ဆိုပြီးတော့ ခေါ်တယ်။ အစည်းအဝေး တက်တာလည်း ဖိတ်လို့ သွားတာလို့ ပြောပါတယ်။ အစည်းအဝေး လာတက်တဲ့ ရွာသား ၇၅ ယောက်စလုံးကို တခါတည်း ဖမ်းခေါ်သွားတာ” လို့ ရှောဘီအူလာက ပြောဆိုပါတယ်။
“သူပြောတာက ကျနော့ ်ညီမှာ ဘာမှ အပြစ်မရှိဘူးတဲ့”လို့ မောင်မဲနိုင်က ဆိုပါတယ်။
ကြက်ရိုးပြင် အုပ်ချုပ်ရေးမှူး မောင်မဲနိုင်က ဒီဒေသက မွတ်စလင်တွေမှာ အလုပ်လုပ်လို့ မရလို့ ဝင်ငွေ မရှိကြောင်း၊ ငါးဖမ်းလို့လည်း မရသေးကြောင်း၊ အောက်တိုဘာလက ပြဿနာ မဖြစ်ခင် အထိ ငါးဖမ်းလို့ ရပေမယ့် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကြောင့် နောက်ပိုင်းမှာ ငါးဖမ်းလို့ မရတော့ ကြောင်း ဆိုပါတယ်။
“ညအချိန် လူ ၂၀ လောက်နဲ့ ပိုက်ဆွဲရတာ။ ည ၉ နာရီကျော် မထွက်ရ၊ လူ ၄ ယောက်ထက် ပိုမစုရတော့ ဘယ်လိုမှ ငါးဖမ်းလို့ မရပါ”လို့ မောင်မဲနိုင်က ဆိုပါတယ်။
ပြီးတော့ အုပ်ချုပ်ရေးမှူး မောင်မဲနိုင်က သူလက်မှတ်ထိုးပေးရင် မောင်တော တမြို့နယ်လုံး ဘယ်ဒေသမဆို သွားလို့ရတယ်လို့ ပြောပေမယ့် မွတ်စလင် ရွာသားတွေကတော့ မပြောတတ် မဆိုတတ်နဲ့ သွားရမှာ ကြောက်ကြလို့ ဘယ်သူမှ မသွားကြဘူးလို့ ဆိုပါတယ်။
မွတ်စလင်အများစုဟာ NVC ကတ်မှာ ဘင်္ဂလီလို့ ရေးတဲ့အတွက် သူတို့ဟာ ဒီကတ်ကို လက်ခံဖို့ ငြင်းဆိုကြပါတယ်။ ဒီကတ်မှာ ရိုဟင်ဂျာလို့ ရေးရင်ဖြစ်စေ၊ ဘာမှ မရေးရင်ဖြစ်စေ ဒီကတ်ကို လက်ခံမယ်လို့ ဆိုကြသူတွေလည်း ရှိပါတယ်။
“အစိုးရက NVC ကတ် လာကောက်လို့ရှိရင် နားလည်မှု ရှိရင် ယူကြမယ်လို့ ပြောပါတယ်”လို့ ရွာသားတွေကိုယ်စား အုပ်ချုပ်ရေးမှူး မောင်မဲနိုင်က ဆိုပေမယ့် ဗမာစကား နားလည်တဲ့ ဘေးက မွတ်စလင်တဦးကတော့ မယူနိုင်ဘူးလို့ ထအော်ပါတယ်။
၂၀၁၇ ဇန်နဝါရီလရောက်မှ ကျီးကန်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်လာသူ ဦးအဘူဟာလ်ရှိန်းကတော့ “ကျနော်တို့က NVC ကတ် လုပ် တာကို ထောက်ခံပါတယ်။ နကဖ (နယ်ခြားစောင့် ကွပ်ကဲရေး အဖွဲ့) က ရွာမှာ အစည်းအဝေး လုပ်ပြီး ပြောထားတာ ရှိတယ်။ NVC ကတ်ယူ၊ ပြီးရင် နိုင်ငံသား လျှောက်ပေါ့။ အဲလိုမျိုး။ ဒါပေမယ့် ရွာမှာ တယောက်မှ ယူတာ မတွေ့ပါဘူး” လို့ ဆိုပါတယ်။
မောင်တောဒေသမှာ မွတ်စလင် ၄ သိန်း ၇ သောင်းကျော်ရှိတာ လူဦးရေ ၄ ထောင်ကျော်ပဲ NVC ကတ်လုပ်သေးတယ်လို့ သိရပါတယ်။
“ဘာပဲဖြစ်ဖြစ် ကျနော်တို့က ကိုယ့်နိုင်ငံ၊ ကိုယ့်အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်ရတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ကတ်လုပ်ခြင်း၊ မလုပ်ခြင်းသည် သူတို့နဲ့ပဲ ဆိုင်တယ်။ ဒီကတ်ရှိရင် မြို့နယ်အတွင်းမှာ လွတ်လပ်စွာ သွားလာခွင့် ပေးနေတယ်”လို့ မောင်တောဒေသ နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်ရဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်က မီဒီယာတွေကို ပြောပါတယ်။
မောင်တောဒေသကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေကို ဝင်ရောက်ခွင့်ပြုနေပြီး မွတ်စလင် တွေ ရဲ့ ထုတ်ဖော်ပြောဆိုချက်တွေအပေါ် စုံစမ်းစစ်ဆေးတဲ့ အခါ တချို့ ဖြစ်စဉ်တွေက မှန်ကန်သော်လည်း ဖြစ်စဉ် အများစုမှာ မမှန်ကန်ဘူးလို့ သူရစန်းလွင်က ပြောပါတယ်။
“ဒီဖြစ်စဉ်အပေါ်မှာ ထင်ယောင်ထင်မှား ဖြစ်အောင်ရယ်၊ သူတို့လိုလားချက် တခုကို ရောက်ရှိအောင်လို့ သတင်းမှားတွေကို ချဲ့ကားပြီး ထုတ်လွှင့် သွားတာတွေလည်း အများကြီး တွေ့မှာ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
နိုင်ငံတကာ အဖွဲ့အသီးသီးရဲ့ စုံစမ်းဖော်ထုတ်ချက်တွေအရ လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် အမှုကြီး ၁၈ မှု ပေါ်ပေါက်ခဲ့ပြီး ဖြစ်စဉ် အများစုဟာ ပြစ်မှု မမြောက်ကြောင်း၊ လိမ်လည် တိုင်ကြားရင် ထောက်ပံကြေးရမယ်ဆိုလို့ လိမ်လည်ထွက်ဆိုခဲ့ကြကြောင်း သိရပါတယ်။ တိုင်ကြားခံရတဲ့ မုဒိမ်းမှု ၃ ခု ဆိုရင်လည်း အမှုမဖြစ်နိုင်ဘူးလို့ မှုခင်း ဆရာဝန်က သုံးသပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးတော့ အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကျီးကန်ပြင် ရဲကွပ်ကဲမှု ဌာနချုပ်နားမှာရှိတဲ့ မွတ်စလင်တွေရဲ့ ဝပိတ်ကျေးရွာဟာ တရွာ လုံး မီးလောင်ခဲ့ရပြီး ဘာကြောင့် မီးလောင်ခဲ့ရတယ်ဆိုတာထက် ဘယ်လို ပြန်လည်ထူထောင်ရမယ်ဆိုတာက ပိုအရေးကြီးတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောပါတယ်။
ဝပိတ်ရွာအနီးရှိတဲ့ ရဲဌာနချုပ်ကို အကြမ်းဖက် ၁၅၀ ခန့် ဝင်ရောက်စီးနင်းခဲ့တာဟာ အကြမ်းဖက်သမားတွေဟာ အပြင်ကနေ လာဖို့ မလွယ်ကြောင်း၊ လုံခြုံမှု အခြေအနေကလည်း ကိုက် ၁၀၀၀ အတွင်းမှာ ဝပိတ်ကျေးရွာ ရှိနေတဲ့အတွက် အဲဒီရွာကို အာဏာပိုင်တွေ သံသယ ရှိနေခဲ့ပါတယ်။
“ဒီဖြစ်စဉ် ဖြစ်တဲ့အချိန်မှာ အင်အား ရာဂဏန်းလောက်သည် ဘင်္ဂလားဒေရှ့်ဘက်က ဝင်လာဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ နီးစပ်ရာ ပတ်ဝန်းကျင် ကျေးရွာတွေက စုစည်းဖို့ဆိုတာ ဒီဖြစ်စဉ် လုပ်ဖို့အတွက်က အဲဒီဖြစ်စဉ် ဖြစ်တဲ့အချိန်သည့် ကာဖျူး အချိန် ဖြစ်တယ်။ ဒီဟာကို စုစည်းဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”လို့ ဦးရဲထွဋ်က ဆိုပါတယ်။
“ဒီအခြေခံ နယ်မြေမှာပဲ ပါဝင်တဲ့ ပုဂ္ဂိုလ်အများစုသည် အမျိုးမျိုးတော့ ရှိပါလိမ့်မယ်။ ကိုယ်တိုင်ပါဝင်တာ ရှိမယ်။ ခြိမ်းခြောက် ခံရလို့ ဘေးကနေ မဖြစ်မနေ အော်ပေးရတာမျိုးတွေ ရန်ပေးရတာတွေလည်း ရှိနိုင်တယ်။ အထိခိုက်ခံရဆုံး လုံခြုံမှုအရ ခြိမ်းခြောက်ခံရမှု အရှိဆုံးသည် အဲဒီကျေးရွာ ဖြစ်ပါတယ်။ အဲဒီ အခြေအနေအပေါ်မှာ မီးလောင်ပြင် ဖြစ်သွားပြီး နောက်ပိုင်း အိမ်တွေ ပြန်ဆောက်ပေးဖို့ အစိုးရက စီစဉ်နေတယ်” လို့ သူက ဆက်ပြောပါတယ်။
အဲဒီ ဝပိတ်ရွာဟောင်းဆီကို မီဒီယာတွေ ရောက်ရှိသွားချိန်မှာတော့ ထင်းခုတ်ဓားတွေ ကိုင်ထားတဲ့ မွတ်စလင်တွေဟာ သတင်း သမားတွေကို အနားကပ်မခံပါဘူး။ ဗမာစကား နားလည်လားလို့ မေးတဲ့အခါမှာလည်း နားမလည်ဘူးလို့ ခေါင်းခါပြပါသေးတယ်။
အဲဒီနေရာမှာ အခု ပေ ၄၀ ပေ ၆၀ အကွက်တွေ ရိုက်ပြီး အိမ်ခြေ ၃၀၀ ချထားပေးဖို့ အစိုးရက ပြင်ဆင်နေပါပြီ။
အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်စဉ် နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် လူပေါင်း ၂၃ ယောက်အထိ သတ်ဖြတ်ခံခဲ့ရတာကြောင့် ရွာတွေမှာ အကြမ်းဖက်တဲ့သူတွေကို လက်မခံဖို့ အုုပ်ချုပ်ရေးမှူးတွေကတဆင့် အာဏာပိုင်တွေက ပြောဆိုနေပါတယ်။
အကြမ်းဖက်သမားသတင်းကို ကြိုတင် သတင်းရရှိတယ်ဆိုရင် အုပ်ချုပ်ရေးမှူးတွေ ၉၀ ရာခိုင်နှုန်းလောက်က သိပြီး ဖြစ်ကြောင်း၊ သူတို့ မသိဘူးဆိုတာ မဟုတ်ဘဲ အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်က သတင်း ပေးပို့မှု မရှိဘူး ဆိုရင်တော့ အကြမ်းဖက်နဲ့ ပူးပေါင်း ဆောင်ရွက် တယ် ဆိုတာမျိုး သုံးသပ်ရမှာ ဖြစ်တယ်လို့ ရဲမှူးချုပ် သူရစန်းလွင်က ပြောပါတယ်။
အဲဒါကြောင့် မွတ်စလင် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေမှာ အကြမ်းဖက်သမားတွေရဲ့ သတင်းတွေကို အာဏာပိုင်တွေဆီ မပေးရင် အကြမ်းဖက်သမားနဲ့ ပူးပေါင်းတယ်ဆိုပြီး အဖမ်းခံရနိုင်ပြီး သတင်းပေးခဲ့ရင်တော့ သစ္စာဖောက် အမည်တပ်ကာ အကြမ်းဖက် သမားတွေက သတ်ပစ်နေတာမျိုးတွေ မောင်တောဒေသမှာ ဖြစ်ပျက်နေတာကို တွေ့ရှိခဲ့ရပါတယ်။
ဒါကြောင့် ဒီဒေသ တည်ငြိမ် အေးချမ်းဖို့အတွက် အဖွဲ့အစည်းတွေက အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ ကျေးရွာတွေမှာ တာဝန် ပေးထားတဲ့ ခေတ္တ အုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖတွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ အာဏာပိုင်တို့ ပူးပေါင်းပြီးတော့ အချိန်မီ တားဆီးဖော်ထုတ်သွားမှာ ဖြစ်တယ်လို့ ရဲမှူးချုပ် သူရစန်းလွင်က ပြောပါတယ်။
ရဲမှူးချုပ် သူရစန်းလွင်က “မောင်တောဒေသ တည်ငြိမ်အေးချမ်းဖို့က ကျနော်တို့ လက်နက်ကိုင်တဖွဲ့တည်းတင် တာဝန်ရှိတာ မဟုတ်ပါဘူး။ ဒီဒေသမှာ မှီတင်း နေထိုင်နေတဲ့ သူအားလုံးက အကြမ်းဖက်မှုကို လက်မခံဘူးဆိုရင် ဒီဒေသရဲ့ လုံခြုံမှုကို ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒီဒေသက တည်ငြိမ်လာမှာပဲ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
မောင်တော ဒေသ သတင်းတွေကို ရယူခဲ့တဲ့ မီဒီယာအဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်နယ် ဝန်ကြီးချုပ်နဲ့ တပ်မတော် ကိုယ်စားလှယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးတို့ကို တွေ့ဆုံခွင့် မရခဲ့တာကြောင့် သတင်းတွေကို ပိုမျှတအောင် ရေးသားနိုင်ဖို့ အခက်အခဲတွေ ရှိခဲ့ကြပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်ကတော့ အလုပ်မအားလို့ မတွေ့နိုင်ဘူးလို့ အကြောင်းပြခဲ့ပြီး နယ်/လုံ ဝန်ကြီးကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မီဒီယာကို မတွေ့ဖို့ ညွှန်ကြားချက် ရောက်လာလို့ ဆိုတာ သိရပါတယ်။