ဆောင်းပါး

ရေဆုံးရှုံးမှု သင်္ကြန် မဖြစ်စေချင်

Want create site? Find Free WordPress Themes and plugins.

နွေ၏ သင်္ကေတ ဖြစ်သော ဥသြငှက်၏ တွန်ကျူးသံလေးများကို စတင်ကြားမိကြလျှင်ဖြင့် မြန်မာ လူမျိုးတို့၏ စိတ်ဝယ် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်ပါသည်။

အချိန်အခါ တခု သို့ အသစ် တဖန် ပြန်လည် ရောက်ရှိလာပြီ ဆိုသည်ကို သတိ ပေးလိုက်သည့်သဘော။ ထိုငှက်သံလေး များ နှင့် အပြိုင် ပိတောက်ပန်းတို့နှင့် ငုဝါပန်းများက အပင်တိုင်းလိုလိုတွင် ရွှေရောင်အဆင်းဖြင့် ဝင်းဝါ တောက်ပနေကြပြီ။

နေရာအစုံတွင် သင်္ကြန်သီချင်းသံများကို စတင်ကြားနေရပြီ။ မကြာမီ အချိန်ကာလအတွင်း တနှစ်တခါသာ ကျင်းပခွင့်ရ သည့် မြန်မာတို့၏ အတာသင်္ကြန်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲကြရတော့မည် မဟုတ်ပါလား။

သင်္ကြန်ဆိုသည်က သင်္ကန ္တကူူးပြောင်းခြင်းဆိုသည့် အဓိပ္ပာယ် ဖြစ်သည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းခြင်း ဖြစ် သည်။ ထိုသည်ကိုပင် အတာသင်္ကြန်ရောက်ပြီဟု ဆိုသည်။ နှစ်ဟောင်းမှ အညစ်အကြေးများ ဆေးကြောရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရေပက်လောင်းခဲ့ကြသည့် ရိုးရာအစဉ်အလာ တခု ဖြစ်သည်။

ဟိုယခင်ကာလများက သင်္ကြန်ရောက်ပြီ ဆိုလျှင် တယောက်နှင့် တယောက် ချစ်ခင်ကြင်နာစွာဖြင့် သပြေခက်နှင့် ရေပက် ကြသည်။

ပခုံးစွန်းတွင် ရေစိုရုံသာ။ ပျော်ရွှင်ကြည်နူးရသည့် အတိတ်ခေတ် ရေကစားပုံက ရေမကုန်။ ရေ ကို ချွေတာရာ ရောက်သလို လူတွေကိုလည်း သရုပ်မပျက်။ ချစ်စရာ၊ ကြည်နူူးစရာ၊ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ထုံမွှမ်းခဲ့သည့် ယဉ်ကျေးလှသော မြန်မာတို့၏ ရိုးရာသင်္ကြန်ပွဲ။
အချိန်ကာလတို့ တရွေ့ရွေ့ ပြောင်းလာခဲ့ပြီး သင်္ကြန်သည်လည်း မထင်မှတ်လောက်အောင်ပင် ပြောင်းလဲ သွားခဲ့လေပြီ။

ရေတွေကို ပုံးကြီးပုံးငယ်တို့ဖြင့် ပေါပေါလောလော ခပ်ယူကာ ခန္ဓာကိုယ်တခုလုံး ရွှဲရွှဲစိုသွားအောင် လောင်းသူကလောင်း၊ သင်္ကြန်ရေကစား မဏ္ဍပ်များတွင် မီးသတ်ပိုက်များ၊ ပိုက်သေးလေးများစွာဖြင့် ရေကိုအဆက်မပြတ် ဖွင့်ထားသူက ဖွင့်ထား နှင့် ရေများကို အပူအပင် ကင်းမဲ့စွာ သုံးစွဲနေကြသဖြင့်  လမ်းမများပေါ်တွင် ရေများက အိုင်ထွန်းလျက်။

သည်ရေတွေ ဘယ်ကရသနည်း။ ရေကို ရေပိုက်က ရသည်။ ရေသန့်ကို ရေသန့်ထုတ်သည့် ကုမ္ပဏီမှ ရသည်ဟု လွယ်လွယ် ကူကူပင် ဖြေကြလိမ့်မည် ထင်ပါသည်။

မြန်မာနိုင်ငံသည် ယခုနောက်ပိုင်း အလွန် ပူပြင်းသည့် အနေအထားသို့ ရောက်ရှိ လာခဲ့ပြီဖြစ်သည်။ ယခင်က မိုးလေဝသ မှန်ကန်၊ သဘာဝ သယံဇာတတို့ ပေါကြွယ်ဝခဲ့သည့် နိုင်ငံဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် မိုးခေါင် ရေရှားမှု၊ အပူဒဏ် လွန်ကဲမှု စသည့် ရာသီဥတု ဖောက်ပြန်မှုများကြောင့် တနှစ်ထက် တနှစ် ရေဒုက္ခ ရောက်ကြရသည့် သတင်းများကို ပိုမို ကျယ်လောင်စွာ ကြားသိနေရသည်။

မြန်မာနိုင်ငံ၏ သုံးပုံနှစ်ပုံသည် အပူပိုင်း ဒေသဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၇၈ ခုနှစ် နောက်ပိုင်းကာလမှစပြီး ရာသီဥတု ပြောင်းလဲမှုများနှင့် ရင်ဆိုင်လာခဲ့ပြီး ၁၉၉၈၊ ၂၀၀၅ နှင့် ၂၀၁၀ ပြည့်နှစ်ကာလများတွင် အပူချိန်များ ထူးထူးခြားခြား မြင့်တက် ခဲ့သည်။
အပူချိန် ၄၅ ဒီဂရီကျော်လွန်လျှင် အယ်လ်နီညို ဖြစ်ပွားနိုင်သဖြင့် ၂၀၁၇ ခုနှစ်အတွင်းတွင်လည်း အထူး သတိထားရပေ မည်။

ယခုအချိန် ကာလတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဒလမြို့နယ်၌ ရေကန်များ စတင်ခန်းခြောက်စ ပြုနေပြီဖြစ်သဖြင့် ကန်တကန် ရေခန်းပါက ရေရရှိနိုင်သည့် တခြားကန်သို့ သွားရောက်ကာ ခပ်ယူသုံးစွဲနေရသည်။

ဒလမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးက “ရေကတော့ အခုဆိုရင် ခန်းတဲ့ ကန်တွေက ခန်းပြီ။ ရေရှိသေးတဲ့ ကန် ကလည်း ရှိသေးတော့ အခုတော့ အဆင်ပြေနေသေးတယ်။ နောက်လတော့ မပြောတတ်သေးဘူး။ ခန်းတော့ ခန်းမှာပဲ။ တချို့ကန်တွေ ခန်းလုနီးပါးဖြစ်နေတော့ ရေက သိပ်မကောင်းတော့ဘူး။ အဲဒီလိုရေတွေက ခန်းသွားရင် မခန်းတဲ့ ကန်တွေ သွားပြီး လိုက်ခပ်ရတာပေါ့ ဝေးသွားတာပေါ့။ စက်ဘီးနဲ့ သွားခပ်ရတယ်။ အရမ်းဝေးတဲ့ နေရာက လူတွေအတွက် ဆိုရင် မြို့ထဲကနေ ကားတွေနဲ့လာပြီး သောက်ရေပေးတာတွေ ရှိတယ်။ သူတို့ဆို ရေဒုက္ခ ရောက်တယ်” ဟု ရေဒုက္ခ ရောက်နေရ ပုံကို ပြောပြသည်။

မကြာသေးခင်ကလည်း သတင်းတပုဒ် ဖတ်လိုက်ရသည်။ အင်းလေးကန်တွင် ရေခန်းခြောက်သဖြင့် စိုက်ခင်းများ ပျက်စီး ဆိုသည့် သတင်း။

အင်းလေးကန်သည် ၁၀၄ စတုရန်းမိုင် ကျယ်ဝန်းရာမှ ၂၀၁၀ ပြည့်နှစ် နွေရာသီတွင် စံချိန်တင် ပူပြင်းခဲ့မှုကြောင့် ယခုအခါ ၆၃ စတုရန်းမိုင်သာ ကျယ်ဝန်းတော့သည်။ ဒုတိယအကြီးဆုံး ကုန်းတွင်း ရေချိုအိုင်ဖြစ်ပြီး ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၂၉၅၀ တွင်ရှိသည်။
ယခင်က ရေအမြဲ ပြည့်နေသည့် နေရာ။ လမ်းကို မြေပြင်တွင် မတွေ့၊ ရေပြင်တွင်တွေ့ရသော ဒေသ။ ခရီးကို လှည်းဖြင့် မသွား လှေဖြင့်သာ သွားရသောဒေသ။ သည်လို ဒေသတွင် ယခုနောက်ပိုင်း ရေခန်းသည့်သတင်းများ ကြားသိလာရသည်။ ရှေ့ရေးအတွက် ရင်မအေးနိုင်တော့သည့် ယိုယွင်း ပျက်စီးစပြုလာသော ပထဝီ အနေအထား။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဒေဝီသန့်စင်က “တော်တော်များများ ဖြစ်နေတာက ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံ တွေ မှာ အသုံးနဲ့ အဖြုန်းက သိပ်မကွဲပြားသေးဘူူး။ ရေ အရင်းအမြစ်ပေါများတဲ့ ကျမတို့ ဗမာပြည်မှာ ပိုစိုးနေတာလေ။ တကယ်က အကန့်အသတ်က ရှိပြီးသားပဲ။ ကမ္ဘာကြီးပူနွေးလာတယ်။ ရေဟာ ဘယ်လောက်ပဲ ပေါပေါ မိုးလေမမှန်တာ၊ ရာသီ ပူနွေးတာတို့နဲ့ ရေက နည်းမှာပဲ။ အရင်တုန်းကလို သင်္ကြန်က သပြေခက်နဲ့ လောင်းတာ မဟုတ်တော့ဘူူး။ နို့ဆီ ခွက်နဲ့ လည်း လောင်းတာ မဟုတ်တော့ဘူး။ ထုံးတမ်းစဉ်လာကအစ ပြောင်းသွားပြီ။ ဒီအတွက် အသိပေး ပညာရပ်တွေ လုပ်ဖို့ လိုတယ်။ ရေရဲ့ အသုံးဝင်ပုံကို ကိုယ့် အသိစိတ်ဓာတ်နဲ့ကိုယ် သိတတ်ဖို့ လိုတယ်” ဟု ပြောကြားပါသည်။

အမျိုးသား ရေအရင်းအမြစ် ကော်မတီမှ  အတွင်းရေးမှူး ဒေါက်တာ ဒေါ်ခင်နီနီသိန်း ကလည်း “ပိုက်နဲ့ မပက်ရင် ကောင်း တာ ပေါ့။ ဟိုအရင်ခေတ်ကလိုပဲ စည်ပိုင်းလေးတွေ ချပြီး ပက်တာပေါ့နော်။ ရခိုင်တွေဆိုရင်လည်း လောင်းလှေလေးနဲ့ ပက် တယ်လေ။ အဲဒီလိုမျိုးပဲပေါ့။ တပိုင်တနိုင် ရေပုံးလေးတွေ၊ ရေခွက်ကလေးတွေနဲ့ ပက်ရင် ပိုကောင်းတာပေါ့” ဟု ပြောကြား ခဲ့ သည်။

ထို့အပြင် လူမှုဘဝ ဝန်းကျင်တွင် သုံးစွဲနေသည့် ရေများ အလေအလွင့် နည်းပါးစေရန် ရေချွေတာသုံးစွဲသည့် အနေဖြင့် သုံးပြီးသား ရေ၊ ဟင်းသီးဟင်းရွက်များ ဆေးကြောထားသည့် ရေကို သစ်ပင်များအား ပြန်လည် လောင်းသင့်ကြောင်း၊ ရေပိုက်ခေါင်းများ ရေစိမ့်နေပါက လုံအောင် ပြုလုပ်ကာ ပိတ်ထားသင့်ကြောင်း၊ ရေဘုံပိုင်ဖွင့်ထားပြီး သွားတိုက်ခြင်း ရေချိုး ဆပ်ပြာတိုက်ချိန်တွင် ရေဖွင့်ထားခြင်းတို့ကို ဂရုပြု ရှောင်ရှားသင့်ကြောင်း စသည်ဖြင့် ရေချွေတာရေး နည်းလမ်းများကို လည်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ထူထပ် များပြားလာသည်နှင့် အမျှ ရေသုံးစွဲမှုလည်း မြင့်တက်လာသည်။

ထို့ကြောင့် သဘာဝက ပေးလာမည့် ရေများကို အလေအလွင့်မဖြစ်စေရန် မတ်လ ၁၃ ရက်နေ့တွင် အမျိုးသားအဆင့် ရေ အရင်းအမြစ် ကော်မတီ၏ ဦးဆောင်မှုဖြင့် NGO ၊ INGO ၊ အစိုးရဌာနများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ စုပေါင်းကာ တနိုင်ငံလုံး အတိုင်းအတာဖြင့် မိုးရေခံ လူထု လှုပ်ရှားမှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

“ရေကို ချွေတာတယ်ဆိုတဲ့ နေရာမှာ ရန်ကုန်မြို့ဆို ရေပေးတာက ရေလှောင်ကန်ကြီးတွေ လှောင်ပြီး ပေးတယ်လေ။ အဲဒီ တော့ မိုးတွင်း ၄ လမှာ အဲဒီ ရေလှောင်ကန်ကြီးထဲက ရေကို မယူဘဲ ကိုယ့်ဘာသာကိုယ် မိုးရေနဲ့သာ လောက်အောင် သုံးနိုင်မယ်ဆိုရင် နွေရာသီရောက်တော့ အဲဒီ ရေကန်လှောင်ကြီးထဲက ရေတွေဟာ အများကြီး ရလာနိုင်တာပေါ့။ မိုးရေ လှောင်ကန် အသေးလေးတွေ၊ စည်ပိုင်းတွေ၊ စဉ့်အိုးတွေ၊ တိုင်ကီတွေနဲ့ အများကြီး စုလို့ရပါတယ်” ဟု ရေ ပညာရှင် တဦး က မိုးတွင်းကာလတွင် ရေသိုလှောင် သုံးစွဲနိုင်ပုံ အကြောင်းကို ပြောကြားသည်။
မြန်မာနိုင်ငံ၏ အသေးဆုံး တိုင်းဒေသကြီးမှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်သော်လည်း လူဦးရေ အများဆုံး နေထိုင်သည့် စီးပွားရေးမြို့တော်ဖြစ်သည်။

လူများပြားလာသည့်နည်းတူ ရေသုံးစွဲမှုသည်လည်း အလွန်များပြားလာသည်။ ယင်းသို့ လူနေထိုင်မှု များပြားပြီး ရေ ရှားပါး လာရင်တော့ဖြင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ကြုံတွေ့နိုင်သည်။

ထို့ကြောင့် မိမိတို့ တတ်နိုင်သည့်ဘက်မှ နေ၍ ကိုယ်စီ ကိုယ်စီ အသိစိတ်ဓာတ်တို့ဖြင့် မကြာမီ ကျရောက် လာတော့မည့် သင်္ကြန်ပွဲတော် ကာလတွင် ရေဖြုန်းတီးသူများ မဖြစ်စေရန် အလေအလွင့် နည်းနိုင်သမျှ နည်းအောင် ထိန်းထိန်းသိမ်းသိမ်း သုံးစွဲခြင်းဖြင့် အတာသင်္ကြန်ပွဲ ဆင်နွှဲကြပါစို့။   ။

Did you find apk for android? You can find new Free Android Games and apps.
Loading