မကြာမီ မြန်မာတို့ရဲ့နှစ်သစ်ကူးပွဲတော် သို့မဟုတ် အတာရေသဘင်ပွဲတော်ကြီးရောက်ရှိလာပါတော့မယ်။ ဟို အဆိုတော်မလေး အသံနဲ့ဆို ဝါတာပါတီ ရေပါတီပေါ့။
မောင်ကေတို့မြန်မာအယူအဆလား ဘာလားတော့ မသိ။ သင်္ကြန်အကျနေ့ဆိုရင် သိကြားမင်းဆိုသူက ဆင်းလာပြီး သူ ၏နုတ်ပတ် အဲလေ ခွေးသားရေနဲ့ပြုလုပ်ထားတဲ့ပုရပိုက်နဲ့ လိုက်လံမှတ်သားသတဲ့။
ဘယ်လိုလူတွေကို သိကြားမင်းဆိုသူကြီးက လိုက်လံမှတ်သားသလဲဆိုတော့ မောင်ကေတို့ဘွားအေကြီးတွေ တော်ကီ ပွားခဲ့တာကတော့ ရပ်ရွာအတွက် အကျိုးယုတ်စေသူ၊ ရပ်ရွာက မနှစ်မြို့တဲ့သူတွေတဲ့။
မဟုတ်လောက်ဘူးလို့ မောင်ကေတော့ စဉ်းစားမိတယ်။ ဟုတ်တယ်လေ။ သူသာ အဲဒီလို မှတ်သား အရေးယူခဲ့မယ်ဆို မောင်ကေတို့တိုင်းပြည် ပြည်တွင်းစစ်ကြီးဝေးလို့ စင်ကာပူလောက်တော့ အပျော့ပေါ့။ အဲလေ စကား ဘယ်ရောက်ကုန်မှန်း မသိ။
မောင်ကေတယောက်လည်း အဝေးသင်ပညာရေးနဲ့ကြီးခဲ့ရလို့လား မသိဘူး။ ဉာဏ်နည်းတယ်။ ပေါ့ကတ်ပဲ အားကိုးတယ်။ ကျူရှင်ပဲ အားကိုးတယ်။ ပေါက်မေးခွန်းပဲ ရှေ့ရှုတယ်။ ဟိုတလောလေးကတောင် ဖေ့ဘုတ်မှာ ပညာရေးဝေးသည်မရှိ ဆို ပြီး ဘွဲ့ဝတ်စုံနဲ့ကလေးမတယောက် ကိုယ်တိုင်ဆိုင်ကယ်စီးသွားတဲ့ပုံ တွေ့လိုက်တယ်။ (ဤကား စကားချပ်)
ဘယ်ရောက်သွားပါလိမ့်။ သင်္ကြန်။ သင်္ကြန်။ အော် မှတ်မိပြီ။ သင်္ကြန်ဆိုတာနဲ့ ရုံးပိတ်ရက်ကိစ္စက မောင်ကေခေါင်းထဲ ပေါ် လာပြန်ပြီ။ ၅ရက်၊ ၁၀ရက် ပြဿနာက ဘယ်လိုလဲ။ ခု ၅ရက်ပဲတဲ့။ တော်တော်ညံသွားတဲ့ကိစ္စကြီးနော်။ ဝန်ထမ်း ဒီ လောက်များတဲ့တိုင်းပြည်ကြီးမှာ မညံ ခံနိုင်ရိုးလား။
အစိုးရတခုရဲ့ပြောရေးဆိုခွင့်ရှိသူကြီး(သူက အစိုးရ ၂ ဆက်တောင် အလုပ်လုပ်ခဲ့တာနော့)က တခုတည်းသော ထုတ် ပြန်ချက်တောင် ၃ခါလောက် ထုတ်ပြန်တာတောင် မောင်ကေလို့ အူတူတူ မြန်မာစာသမားတယောက် ခုထိ နားမလည် သေး။
ကိုယ့်နားရွက်ကိုယ် အရေထူနေသလားလို့တောင် မောင်ကေ တွေးမိပြီး ခဏခဏယောင်ပြီး စမ်းခဲ့မိတာ။ ကိုယ့်ဆရာကြီး လက်စွမ်းပြလိုက်ပုံကလည်း မြန်မာလိုရေးထားတာ စကားပြန်ခေါ်ရမလို ဆိုတော့လေ။
ရုံးပိတ်ရက်သတ်မှတ်တာတောင် လိပ်ပတ်လည်အောင် ရှင်းမပြတတ်ရင် ပြည်သူတွေသိချင်နေတဲ့ကိစ္စတွေဆို ဝေးရော ပေါ့လို့ မောင်ကေလည်း အကုသိုလ်ပွားမိတယ်။ သိပ်လည်း မပွားရဲဘူး။ ၆၆ ကြီးကလည်း အာမခံ မရဘူးဆိုတော့လေ။
မောင်ကေတို့သိထားတဲ့ သင်္ကြန်ဆိုတာကတော့ အရင်တုန်း သင်္ကြန်မင်းသားကြီးတွေ(ကွယ်လွန်သူ ဓာတ်ရှင်မင်းသားကြီး ဇော်ဝမ်းပြောတာမဟုတ်) က သူတို့ဇနီးနဲ့ ဖဲကြိုးဖြတ်၊ သေနတ်ဖောက်ဖွင့်လှစ်ပေးမှ မောင်ကေတို့အတာသင်္ကြန်လေးက အထမြောက်တာ။
နားရှုပ်သွားသလား အို အသင်စာရှုသူ။ မရှုပ်လိုက်ပါနဲ့နော်။ ဒါ ရုံးပိတ်ရက် ထုတ်ပြန်ချက်မဟုတ်လို့ပါ။ သင်္ကြန်မင်းသား ကြီးဆိုတာ ထိုစဉ်အချိန်အခါမှာ မြို့တော်ဝန်(မြို့ရှိလူတွေကသူ့ဝန်ထမ်းနေရလို့ မြို့တော်ရဲ့ဝန်ထုပ်ဝန်ပိုး ဖြစ်နေခြင်းကို ဆိုလိုတာမဟုတ်) လို့ဆိုသူများကို မောင်ကေ အမည်ပြုထားမိတာ။
ဟုတ်တယ်လေ။ သူတို့လင်မယား(သူက ကြွလာရင် သူ့မဟေသီ(ဘာရေးရာ ညာရေးရာတံဆိပ်တွေကပါသေး)ပါ ခေါ်လာ တတ်တယ်) ခွင့်ပြုမှ တမြို့လုံးသင်္ကြန်ကျရတာ မဟုတ်ခဲ့လို့လား။ အောင်စည်တော် ဘိတ်သိက်ဆရာများကလည်း ဘိ သိတ်ကလေးနဲ့။ ယိမ်းမမလေးများကလည်း လည် ပင်းမှာ ပြောင်ပြောင်ဆွဲကြိုးလေးတွေ ကိုယ်စီကိုယ်စီနဲ့ တူးပို့တူးပို့ကြ တာများ။ နိုင်ငံတော်အဆိုကျော်ကြီးတွေများ ပါမစ် ကြိမ်လုံးလေးနဲ့ခေါ်ထားရော သင်္ကြန်ကာလ ၄ရက်လုံး ပြုံးပြုံးရွှင်ရွှင်နဲ့။
ကောင်းဘွိုင်ဦးထုပ်ဆောင်း၊ ရေဘင်မျက်မှန်တပ်။ အုန်းပင်ပုံပါတဲ့ ကမ်းခြေဝတ်ရှပ်အကျီတွေနဲ့ ဗီအိုင်ပီဆိုလားဘာလား၊ ဆုတွေချနေတဲ့မျက်နှာတွေကိုမောင်ကေတို့ ခုထိ အလွတ်ရနေတုန်း။
သူတို့အကြောင်းပြောတာနဲ့ မောင်ကေတယောက်လည်း ဒါက ဘယ်လူကြီးမဏ္ဍပ်၊ ဒါက ဘယ်ပုဂ္ဂိုလ်သား မဏ္ဍပ်။ ဒါက ဗီအိုင်ပီ စတဲ့ခေတ်ကို သင်္ကြန်အကြောင်းစဉ်းစားရင်း ရောက်နေမိတယ်။
မောင်ကေနောက်ထပ်တွေးမိတာ တခုပြောပြချင်သေးတယ်။ သိကြားမင်းဆင်းတယ်ဆိုရင်လည်း ဒီနှစ်တော့ ဆင်းမဆင်း မောင်ကေ လိုက်ရှာမလားလို့။ ဒီလောက် လုံခြုံရေးမဲ့နေတဲ့ကာလကြီးမှာ သူဆင်းလာပါ့မလားပေါ့။
မကြာသေးမီကာလကမှ NLD ဥပဒေအကြံပေး ဦးကိုနီ၊ တက္ကစီဆရာ ကိုနေဝင်းတို့ နိုင်ငံတကာလေဆိပ်ကြီးမှာ လုပ်ကြံခံ ရ။ မန္တလေးမှာလည်း လူမြင်ကွင်းကြီး သေနတ်ကျည်ဆန်မှန်ပြီး သေခဲ့ရတဲ့ ဦးရဲဝင်းလိုကိစ္စရပ်မျိုးတွေ။ ရန်ကုန်မြို့ ၅၁ လမ်းမှာ မနက်ခင်းကြီး အနုကြမ်းစီး အသတ်ခံရတာတွေ။ အို စုံလို့။ ဘယ်လိုလဲ သိကြားမင်း။ သင့်လုံခြုံရေးအတွက်ရော ဘယ်နိုင်ငံက သက်တော်စောင့်တွေ ငှားမလဲ။ မောင်ကေ သိချင်နေမိတယ်။
သင်္ကြန်ဆိုတာကလည်း မောင်ကေတို့တိုင်းပြည်က သိတော်မူတဲ့အတိုင်း၊ အရက်သေစာ၊ မူးယစ်ဆေး ပေါမှပေါ တိုင်းပြည် လေ။ သင်္ကြန်တွင်း သူသူငါငါ သောက်စားထားကြတော့ လူငယ်တို့ဘာဝ၊ကျည်ဆန်တွစ်၊မတော်တဆတို့နဲ့ သိကြားမင်းကို လက်စတုံးပစ်လိုက်ကြမှာ စိုးလို့ပါ။
ပြီးတော့ မောင်ကေ စိတ်အထင် သိကြားမင်းက ချွန်ချွန်လက်လက်နဲ့ဆိုတော့ သိကြားမင်းကို ဘာသာခြားထင်မှာ စိုး ရိမ်ရပြန်တယ်။ ခု ဒီမှာ အမျိုးဘာသာ စောင့်ရှောက်သူတွေ များတယ်လေ။ သိကြားမင်းပုံကို စကရင်ရှော့ရိုက်ပြီး မြန် မာ့သင်္ကြန်ကို ဖျက်ဆီးဖို့လာနေတဲ့ မျိုးဖျက်ဘာညာ တံဆိပ်တပ်လိုက်လို့ဖြင့်။ အို ပြောရင်းဆိုရင်း ပါးစပ်တိတ် ပိတ်ထား တာ ကောင်းပါတယ်။
တရားအားထုတ်(တရုတ်အားထား) နေရတဲ့ မြန်မာ့ငြိမ်းချမ်းရေးကလည်း ဝေေ၀ဝါးဝါးရယ်လေ။ တော်ကြာ သေနတ်ဆွဲလု လို့ ဆိုပြီး AK7 လောက်နဲ့ ဆွဲချလိုက်မှဖြင့် သိကြားမင်းရယ် မဆင်းလာပါနဲ့။
မောင်ကေစကား ယောင်လို့များ သိကြားမင်း မစဉ်းစားရင်ဖြင့် ခုထိ အစိုးရရုံးပိတ်ရက်ကလည်း ၅ ရက် လိုလို ၁၀ရက်လိုလို ဆိုတော့ သိကြားမင်းဆင်းဖို့ မောင်ကေတို့ကလည်း အတာရေအိုး ပြင်ရနဲ့ သိကြားမင်းလည်း အပြန်ခက်နေလိမ့်မယ်။ အောင်မင်္ဂလာအဝေးပြေး၊ လှိုင်သာယာကားကွင်းတို့ ရွှေညောင်ပင်ဝင်းတို့လည်း ဝန်ထမ်းတွေ တက်သုတ်ရိုက် ခုံလက်မှတ် ဖြတ်နေကြနဲ့တင် သိကြားမင်းခုံရဖို့မလွယ်ဘူးလေ။
အရင်လို ကားလက်မှတ်အရောင်းဌာနတွေကို ဗီအိုင်ပီဆိုပြီးလည်း ခု ရောင်းခွင့်မပြုတော့ဘူးတဲ့လေ။ ဟိုလူကြီး ဒီလူကြီး လက်မှတ်ပါရုံ၊ ဖုန်းဆက်ပြောပေးရုံနဲ့တင် မချောမွေ့နိုင်တာ သေချာသလောက်ပဲ။
ဘဏ်တွေကလည်း ဟိုတခုက ဖွင့်၊ ဟိုတခုက မဖွင့်နဲ့ဆိုတော့လေ။ မလွယ်ပါဘူး သိကြားမင်းရယ်။ ဒီနှစ်တော့ ဆင်း မလာပါနဲ့တော့။ သိကြားမင်းလည်း မဆင်းအားလို့ ဆိုပြီး မလည်ရှုပ်ထုတ်ပြန်ချက်လို သင်္ကြန်စာထဲ ထည့်ရေးလိုက်ပါ တော့။