မဟာ အတာသင်္ကြန် အခါသမယသို့ ရောက်ရှိလာပြန်လေပြီ။ တနှစ်တခါ ကျရောက်လာသော ပွဲတော်ကြီးအား အဝေး တနေရာမှ လွမ်းဆွတ်နေမိလေသည်။
တချိန်တခါက ကျနော့်ဇာတိ တောင်ဥက္ကလာပမြို့နယ်အပါအဝင် မဟာရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့ နယ်များတွင် ထွန်းကားခဲ့ဖူးသော၊ သင်္ကြန် သံချပ် ယဉ်ကျေးမှုကြီးကိုလည်း အထူး လွမ်းဆွတ်နေမိပြန်သည်။
ယခု ဒီမိုကရေစီ အရပ်သားအစိုးရခေတ် မဟာရန်ကုန်သင်္ကြန်တွင် သံချပ်အသင်းများ တနှစ်ထက်တနှစ် ပြန်လည် များပြား၊ တိုးပွားလာသည်ကို သတိပြုမိသည်။
ရှေးယခင် (၁၉၈၈ ခုနှစ်မှသည် ရှေ့ပိုင်းနှစ်ကာလများ)ကဲ့သို့ သင်္ကြန်သံချပ်အသင်းများ အရေအတွက် များများစားစား မရှိသေးသော်လည်း ယခုနှစ်တွင် အသင်းပေါင်း ၃၂ သင်းအထိ ပြန်လည်ပေါ်ထွက်လာခဲ့ကြပြီဟု ကြားသိရသည့် အတွက် ခေတ်ဟောင်း ရန်ကုန်သင်္ကြန် မျိုးဆက်တဦးအနေနှင့် အထူးဝမ်းသာမိလေသည်။
ထိုသို့အသင်းများ ပြန်လည်ထွက်ပေါ်လာစေရေး အတွက် ကြိုးပမ်းအားထုတ်ကြသူများ အားလုံး၏ စွမ်းဆောင်မှုများ အတွက်လည်း လွန်စွာ ဂုဏ်ယူမိပါသည်။
ယခုနှစ် ပြန်လည်ပေါ်ထွက်လာကြသော သံချပ် အသင်းများထဲတွင် ရှေးယခင်တခေတ် တခါက မဟာရန်ကုန်၏ နာမည်ကျော် အသင်းကြီးများလည်း ပါဝင်သကဲ့သို့ သည်ဘက်ခေတ် (၂၀၁၂ မှသည် ယခုအချိန် အထိ) တွင် ပေါ်ထွက် လာခဲ့ကြသော မျိုးဆက်သစ် သင်္ကြန် အသင်းများကိုလည်း တွေ့ရလေသည်။
ခေတ်ဟောင်းမှ အသင်းကြီးများ၏ ခေါင်းဆောင်များကိုလည်း သင်္ကြန် အစည်းအဝေး မှတ်တမ်း ဓာတ်ပုံများတွင် တွေ့လိုက် ရလေသည်။
ထိုသူတို့၏ ငယ်စဉ်အခါက သင်္ကြန် စင်မြင့်ထက်မှ ဖျော်ဖြေ တင်ဆက်ခဲ့မှု ပုံရိပ်များကို ပြန်လည် အမှတ်ရ မြင်ယောင် မိလေသည်။
ထိုသူများသည် ကျနော် ချစ်ခင်လေးစား တန်ဖိုးထားခဲ့ရသည့် တခေတ်တခါက မဟာရန်ကုန်၏ သင်္ကြန် မင်းသားကြီးများ ဖြစ်လေသည်။ အမှန်စင်စစ်တွင် သင်္ကြန် မင်းသားကြီးများဟု သုံးနှုန်းရသည်ကိုပင်လျှင် အားတုန့်အားနာ ဖြစ်မိရလေ သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သင်္ကြန် မင်းသားကြီးများဟု ဆိုသည်ထက်၊ သင်္ကြန် သံချပ် သူရဲကောင်းများဟု ခေါ်ဆို ထိုက်သူများ ဖြစ်သည်ဟု ကျနော် အလေးအနက် ယူဆသည့် အတွက် ဖြစ်ပါသည်။
ရန်ကုန်သင်္ကြန်တွင် အလွယ်တကူ ကိုးကားပြရမည့် ထင်ရှားသော သင်္ကြန်သင်္ကေတ မရှိပါ။ သို့သော် ယနေ့ကာလ အထိ အသက်ဝင်နေဆဲ၊ သင်္ကြန် သံချပ်ယဉ်ကျေးမှုသည် မဟာရန်ကုန်သင်္ကြန်၏ ထင်ရှားသော ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတ ကြီးဖြစ်လေသည်။
ထိုယဉ်ကျေးမှု သင်္ကေတကြီးအား ခေတ်အဆက်ဆက်၊ သင်္ကြန် သံချပ်မျိုးဆက်များက လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ ကြခြင်းကြောင့်သာလျှင် ယနေ့ မဟာရန်ကုန်၏ ပြိုင်ပွဲဝင် သင်္ကြန် သံချပ်ယဉ်ကျေးမှုကို ကျနော်တို့တွေ့မြင် နေကြရခြင်း ဖြစ်လေသည်။ ထိုယဉ်ကျေးမှုသည် ဆယ်စုနှစ်အားဖြင့် ဆယ်စုနှစ် ၇ ခု ကျော်ကျော် သက်တမ်းရှိခဲ့ပြီ ဖြစ်လေသည်။
နိုင်ငံရေး နောက်ခံကာလများနှင့် ပိုင်းခြား တွက်စစ်ကြည့်မည် ဆိုလျှင်လည်း ၁။ ကိုလိုနီခေတ် ၂။ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ် ၃။ မဆလ စစ်အစိုးရခေတ် ၄။ နဝတ၊ နအဖ စစ်အစိုးရခေတ် ၅။ ယခု ဒီမိုကရေစီ အရပ်သား အစိုးရခေတ် စသည်အားဖြင့် နိုင်ငံရေးခေတ်ကာလ အပိုင်းအခြားကြီး ၅ခု တိုင်အောင် ဖြတ်သန်း ချီတက်လာခဲ့ပြီး ရှင်သန်လျက်ရှိသော ယဉ်ကျေးမှုကြီး ဖြစ်လေသည်။
ခေတ်အဆက်ဆက် အုပ်စိုးသူမင်း အစိုးရတို့၏အားပေးချီးမြှောက်မှုကို မရရှိခဲ့ပါဘဲနှင့် ထိုယဉ်ကျေးမှုကြီး ရှင်သန်နေနိုင် ခြင်းမှာ အခက်အခဲ၊ အကျပ်အတည်းများကြားမှ သင်္ကြန် သံချပ်အသင်းများကို ကြိုးစား၍ ထူထောင်ခဲ့ကြသော၊ သင်္ကြန် အင်အားစုများ၊ သင်္ကြန် မင်းသားကြီးများ သို့မဟုတ် သင်္ကြန် သံချပ် သူရဲကောင်းများကြောင့်ဟု ဆိုရမည်ဖြစ်လေသည်။
ကျနော့် အဘိုးသည် ဒုတိယ ကမ္ဘာစစ်မဖြစ်ခင်ကတည်းက ရန်ကုန်သို့လာ၍ သင်္ကြန် ကျဖူးကြောင်း ပြောဖူးသည်။ အဘိုး ပြော ပြသည့် အချက်များတွင် ရေပက်ခံကားနှင့် လည်ပတ်ခဲ့ဖူးကြောင်း၊ သံချပ်ထိုးကြသည်များ ရှိခဲ့ဖူးသည်ကို တွေ့ဖူး ကြောင်း ပြောဖူးပါသည်။
သို့သော် သံချပ်အသင်းများအား စနစ်တကျ ပြိုင်ပွဲဝင်စေပြီး ဆုပေးသည့်အစဉ်အလာကို ဗိုလ်တထောင် ရှိ ဗမာသစ် ဆုပေး မဏ္ဍပ်မှ အစပြုသည်ဟု သိရပါသည်။
ဗမာသစ်၏ မှတ်တမ်းတွင်လည်း ၁၉၄၅ ခုနှစ် မဟာသင်္ကြန်မှ စပြီး ပေါ်ပေါက်ခဲ့သော သင်္ကြန် ဆုပေးမဏ္ဍပ်ဟု ဖော်ပြထား သည့် အတွက် ဗမာသစ်သည် မဟာရန်ကုန် သင်္ကြန်၏ အစောဆုံး ပေါ်ပေါက်ခဲ့သည့် သင်္ကြန် ဆုပေး မဏ္ဍပ် ဖြစ်သည့် အတွက် သမိုင်းဝင် စုစည်းလှုပ်ရှားမှုတခု ဖြစ်လေသည်။
ရန်ကုန်သင်္ကြန်တွင် သံချပ်အသင်းများအား ဆုပေးကြသည့်အစဉ်အလာသည် ၁၉၄၅ ခုနှစ် မဟာသင်္ကြန်တွင် ဗမာသစ်မှ အစပြုခဲ့သည်ဟု မှတ်ယူရမည် ဖြစ်လေသည်။
၁၉၄၅ ခုနှစ်မှ စတင် ရေတွက်မည်ဆိုသော် ရန်ကုန် သင်္ကြန် ပြိုင်ပွဲဝင် သံချပ်အသင်းများ ထွက်ကြသည့် ယဉ်ကျေးမှု သက် တမ်းသည် နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိနေပြီဖြစ်လေသည်။
ထိုသို့ ဆယ်စုနှစ်များနှင့်ချီ၍ ဖြတ်သန်းခဲ့ကြရသော သံချပ်အသင်းများအား ထူထောင်ခဲ့ကြ၊ ရှင်သန်နေအောင် ကြိုးပမ်း အားထုတ်ခဲ့ကြရသော သင်္ကြန်သမား၊ သင်္ကြန် မင်းသားကြီးများသည် အခက်အခဲ အမျိုးမျိုးကြားမှနေ၍ မိမိတို့၏ အသင်း များ ရှင်သန်နိုင်ရန် ကြိုးစားခဲ့ကြရလေသည်။
ခေတ်အဆက်ဆက် အုပ်စိုးသူ မင်းအစိုးရများ အနေဖြင့်လည်း ရေသဘင်ပွဲများကိုသာ ခမ်းခမ်းနားနား ကျင်းပကြ၊ အားပေး အားမြှောက်ပြုခဲ့ကြသော်လည်း၊ နိုင်ငံရေး အနှစ်သာရများပါဝင်သည့် သံချပ်ယဉ်ကျေးမှုအား ကောင်းမွန်စွာ အားပေးအား မြှောက် မလုပ်ခဲ့ကြပေ။
ထို့ကြောင့် ခေတ်အဆက်ဆက်မှ သင်္ကြန် သံချပ်အသင်းများသည် ကိုယ့်အိတ်ထဲမှ ကိုယ်စိုက်၍ ဝါသနာအရင်းခံနှင့် သ င်္ကြန် ထွက်ခဲ့ကြရခြင်းဖြစ်လေသည်။
နောက်ပိုင်း ခေတ်ကာလများတွင် တချို့အသင်းများအတွက် စနစ်တကျ ငွေကြေး စိုက်ထုတ်သူများရှိလာခဲ့ပြီး အနည်းငယ် အခြေအနေ ကောင်းခဲ့ကြသည့် သံချပ်အသင်းများရှိခဲ့သည်မှ လွဲ၍ သင်္ကြန်သံချပ် သမားများသည် အိတ်စိုက်သမားများ သာ ဖြစ်ကြလေသည်။
မိမိတို့၏ လက်ဝတ်လက်စားများအား ပေါင်နှံရောင်းချကြ၍ အသင်းထူထောင်ကြသူ အများစုဖြစ်ကြပါသည်။
တနှစ်တခါ၊ အစဉ်အလာမပျက် ပေါ်ထွက်လာကြပြီး ယဉ်ကျေးမှု အစဉ်အလာ တခုအား ကိုယ့်စရိတ်ကိုယ်စား ထိန်း သိမ်းကြသည့် သင်္ကြန် သမားများ၏ စိတ်ဓာတ်သည် လွန်စွာ အံံ့သြစရာ ကောင်းလှလေသည်။
ကျနော့်ဖခင်သည် မဟာရန်ကုန် သင်္ကြန်လောကမှ သင်္ကြန်သမားတဦး ဖြစ်ခဲ့သည့်အပြင် ကျနော်ကိုယ်တိုင်လည်း သင်္ကြန် မျိုးဆက်တဦး ဖြစ်ပါသည်။
မဟာရန်ကုန် သင်္ကြန်သံချပ်တို့နှင့် ပတ်သက်၍ ကျနော်၏ ဖခင်ကြီးထံမှ လေ့လာ မှတ်သားခဲ့မှုများနှင့် ကိုယ်တိုင် ပါဝင်ခဲ့ ဖူးသော အတွေ့အကြုံတို့ကြောင့် သင်္ကြန်အသင်းတို့သည် မြန်မာ့ယဉ်ကျေးမှု စစ်မျက်နှာ၏ အင်အားစုတရပ် ဖြစ်သည်ဟု နားလည်ထားခဲ့လေသည်။
ထိုအင်အားစုများကို အားပေးရမည်။ လေးစား တန်ဖိုးထားရမည်ဟု ကျနော်ခံယူထားခဲ့လေသည်။ ဤသည်ကား ကျနော် မြန်မာပြည်တွင် နေထိုင်ခဲ့စဉ်က အမြင်၊ ခံယူချက်ဖြစ်လေသည်။
သို့သော် အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်ပြီး နောက်ပိုင်း အမေရိကန် နိုင်ငံရေးသမားတို့၏ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများကို စိတ်ဝင်တစား လေ့လာကြည့်မိသည့် အခါတွင် ဗဟုသုတများ တိုးပွားလာခဲ့လေသည်။
ထိုသို့ တိုးပွားလာခဲ့သော ဗဟုသုတတို့၏ ကျေးဇူးကြောင့် မဟာရန်ကုန်သင်္ကြန် လောက၏ သင်္ကြန် သံချပ်အင်အားစုများ၊ ထိုအင်အားစု၊ အကြီးအသေးများ အားလုံး၏ ခေါင်းဆောင်များသည် နိုင်ငံရေးအမြင်၊ စာပေအနုပညာ၊ ဂီတအနုပညာ၊ ပြဇာတ် အမြင်များ ရှိကြသည့် ပြည်သူ့နိုင်ငံရေး အင်အားစုများ၊ အသင်းအဖွဲ့များ၏ ခေါင်းဆောင်များသဖွယ် ဖြစ်နေသည် ကို တွေ့မြင်လာခဲ့ရလေသည်။ ပို၍လည်း တန်ဖိုး ထားလာမိခဲ့လေသည်။
သင်္ကြန် သံချပ်အသင်းတို့သည် တိုင်းပြည်တွင် တနှစ်တာအတွင်း ဖြစ်ပျက်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများ နှင့်ပတ်သက်နေသော ကိစ္စများအနက်မှ အထူးပြု ဝေဖန်ထောက်ပြသင့်သည့် ကိစ္စများကို သီချင်းသံချပ်၊ သရုပ်ပြများ စ သည်အားဖြင့် ရသများ ထည့်သွင်းပြီး ဖျော်ဖြေ တင်ဆက်၊ အပြုသဘော ဝေဖန် ထောက်ပြကြလေသည်။
ထိုသို့ ဝေဖန် ထောက်ပြမှုများကို တာဝန်ရှိသူမင်း အစိုးများ ကြားသိစေရန် ဖြစ်လေသည်။
အားပေးကြသူ ပရိသတ်ပြည်သူများအတွက်လည်း စဉ်းစားစရာ၊ သတိပြုစရာများ ချန်ထားရစ်ခဲ့ကြလေသည်။ ဖျော်ဖြေ တင်ဆက်မှုများမှ အားတက်ဖွယ်၊ ကြည်နူးဖွယ်၊ ရယ်မောဖွယ်ရာ အစရှိသော ရသများကြောင့် အများပြည်သူတို့လည်း ပျော်ရွှင်ကြရသည်။
နှစ်သစ်ကူးတွင် ပက်ဖျန်းကြသော သင်္ကြန်ရေနှင့်အတူ၊ လန်းလန်းဆန်းဆန်း ဖြစ်ကြရလေသည်။
တနည်း တွေးကြည့်ပြန်သော် ပြိုင်ပွဲဝင်ကြသော သင်္ကြန်အသင်းတို့သည် အများပြည်သူရှေ့မှောက်တွင် တရားသဖြင့် မဲဆွယ်ကြသော ဒီမိုကရေ စီနိုင်ငံရေးသမားတို့နှင့် သဘောသဘာဝ တူကြပြီး ထိုအသင်းများ၏ ခေါင်းဆောင်များသည် ထိုသို့သော အသင်းအဖွဲ့ အင်အားစုများ၏ အားကို အခြေပြုပြီး ရွေးကောက်ပွဲဝင်နေသော ကိုယ်စားလှယ်လောင်း နိုင်ငံရေးသမားများနှင့် သဘောသဘာဝ ခပ်ဆင်ဆင်တူလေသည်။
ဒီမိုကရေစီ နိုင်ငံရေးနယ်ပယ်မှ နိုင်ငံရေးသမားတို့သည် မိမိတို့၏ မြို့နယ်၊ တိုင်း၊ ပြည်နယ် စသည်များ၏ ဒေသဆိုင်ရာ လူမှုရေး၊ နိုင်ငံရေး စီးပွားရေးကိစ္စများ သာမက ပြည်ထောင်စုအဆင့် ပြဿနာရပ်များကိုလည်း ဝေဖန် ထောက်ပြ ပြောဆို ကြရ လေသည်။
မဟာရန်ကုန်မှ သင်္ကြန် သံချပ်အသင်းများသည်လည်း မိမိတို့၏ မြို့၊ခရိုင်၊ တိုင်းအဆင့် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ် များသာမက၊ ပြည်ထောင်စုအဆင့် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ကိစ္စများကိုပါ ဝေဖန်ထောက်ပြကြလေသည်။
ဥပမာ သံချပ် အသင်းတသင်း၏ သံချပ်များတွင် ဘတ်စ်ကား ကျပ်သည့်ကိစ္စ၊ လမ်းဘေးဈေးသည် ကိစ္စကဲ့သို့သော ဒေသ ဆိုင်ရာ ကိစ္စများကိုသာမက ကုန်စှေးနှုန်းကိစ္စ၊ ပညာရေး၊ လူထုကျန်းမာရေး ကဲ့သို့သော ပြည်ထောင်စု အဆင့်ကိစ္စ များကိုပါ ဝေဖန် ထောက်ပြ ကြလေသည်။
ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်မှ ကိစ္စရပ်များကိုလည်း ဝေဖန် ထောက်ပြကြလေသည်။ ထိုသို့ ဝေဖန်ထောက်ပြသည့် သံချပ် များ၊ သီချင်းသံစဉ်များ၊ သရုပ်ပြ အစီအစဉ်များ အားလုံးသည် လူ့အဖွဲအစည်း အတွင်း မသင့်လျော် ဖြစ်ပျက်နေ သည့် အရေးကိစ္စများနှင့် ပတ်သက်၍ ပြည်သူလူထုအများ သတိရှိနေစေရန် လှုံ့ဆော်သည်။ တချို့ ပြဿနာရပ်များကို ဟာသနှော၍ တင်ပြကြသည့် အတွက် ပြည်သူများကြား ပြဿနာကြီးငယ်များ မရှိနိုင်ပေ။
ထို့အပြင် မဟာရန်ကုန် သင်္ကြန် လောကသားများတွင် ချစ်ခင်စရာကောင်းလှသည့် ဓလေ့စရိုက်များရှိလေသည်။ ထိုဓလေ့ စရိုက်၊ စည်းကမ်းများကို မည်သူ တဦးတယောက်ကမျှ စည်းမျဉ်းစည်းကမ်း စာအုပ်ကြီးများဖြင့် ရေးဆွဲပြဌာန်းထားခြင်း မရှိ ပါ။
သို့သော် မဟာရန်ကုန်သင်္ကြန် လောကသားများသည် သင်္ကြန် ဝါစဉ်အကြီး အငယ်အလိုက် လေးစားမှုကို ပြသကြ လေသည်။
တဦးနှင့် တဦးရင်းနှီးခြင်းမရှိသော်လည်း သင်္ကြန် အခါသမယတွင် အသင်းတသင်းနှင့်တသင်း လမ်းတွင် တွေ့ဆုံကြသည့် အခါ၊ ခင်ခင်မင်မင် နှုတ်ဆက်ကြသည်။
အင်အားကြီးသော အသင်းများက အင်အားနည်းသော အသင်းကလေးများအား လေးစား အသိအမှတ် ပြုကြောင်း ကိုယ် အမူအရာ နှုတ်အရာတို့နှင့် ထင်ထင်ရှားရှား ပြသကြလေသည်။ အချင်းချင်း မသင့်မမြတ် ဖြစ်ထားကြ တနည်း ပြောရသော် ရန်ဖြစ်ထားကြသော သင်္ကြန် လောကသားများ အချင်းချင်းလည်း တချိန်ချိန်တွင် ပြန်လည် သင့်မြတ်ကြရသည်။ ခင်ခင် မင်မင် ပြန်ဖြစ်ကြရသည်။
ဤသည်မှာ မဟာရန်ကုန်၏ သင်္ကြန် စိတ်ဓာတ်ဟု ဆိုရမည်ဖြစ်လေသည်။ အချင်းချင်း မသင့်မမြတ်ဖြစ်ခဲ့၊ ရန်ဖြစ်ထားခဲ့ပြီး နောင်တချိန်တွင် ညီအစ်ကိုကဲ့သို့ ခင်မင်ရင်းနှီးသွားခဲ့ကြသော သင်္ကြန် မင်းသားကြီး နှစ်ဦး၏ အဖြစ်အပျက်ကိုလည်း အမှတ်တရ ပြန်ဖြစ်မိပါသည်။
ထိုသူနှစ်ဦးမှာ နိုင်ငံကျော် အနုပညာရှင်ကြီးတဦး ဖြစ်ခဲ့သူ ဂီတစာဆို မောင်ကြေးမုံနှင့် ကျနော့်ဖခင်ဖြစ်သူ သင်္ကြန် မင်း သားကြီး ဂန္တဝင်မောင်ဝိုင်းတို့ ဖြစ်ကြလေသည်။
အဖြစ်အပျက်မှာ ကျနော့် ဖခင်ကြီးသည် ၁၉၈၁ ခုနှစ်တွင် သင်္ကြန်အသင်း ထွက်ခြင်းကို ခေတ္တနားပြီး သင်္ကြန် အသင်းများ အား ပရိသတ်တဦး အနေဖြင့် လေ့လာကြည့်ရန်အတွက် ကျနော်တို့၏ ရပ်ကွက်မှ သင်္ကြန် ဆုပေးမဏ္ဍပ်တွင် ဒိုင်လူကြီး တဦးအဖြစ် တာဝန်ယူပြီး သင်္ကြန် အသင်းများ၏ ဖျော်ဖြေတင်ဆက်မှုများကို လေ့လာ ခဲ့လေသည်။
ထိုနှစ်က ဂီတစာဆို မောင်ကြေးမုံသည် တေဘုမ္မာ ဆိုသည့်အသင်းကို ထူထောင်ပြီး သင်္ကြန် ထွက်လေသည်။ ဦးကြေးမုံ သည် ရန်ကုန်သင်္ကြန် လောကတွင်လည်း အထူးအောင်မြင်ခဲ့သူ ဖြစ်ပါသည်။ ဝါရင့် သင်္ကြန်သမားကြီးလည်း ဖြစ်လေ သည်။
ထိုစဉ်က မဆလ ခေတ်ဖြစ်သောကြောင့် ဆုပေးမဏ္ဍပ်တို့တွင် ပါတီကောင်စီမှ ကြီးမှူးကြိုးကိုင်ကြလေသည်။
မဏ္ဍပ်ဒိုင်ချုပ်ဖြစ်သူ ကောင်စီလူကြီးက ဦးကြေးမုံ တင်ဆက်နေသောသံချပ်များနှင့် ပတ်သက်ပြီး ၎င်းတို့ သဘောမကျ သဖြင့် ဆက်လက်ပြိုင်ပွဲဝင်ခွင့် မပေးတော့ဘဲ တားမြစ်ရန် ဆုံးဖြတ်ကြသည်။
ဒိုင်လူကြီးတဦးဖြစ်သူ ကျနော့်အဖေက ၎င်းသည် သင်္ကြန်သမားတဦး ဖြစ်သည့်အတွက် ထိုသို့မလုပ်ရန် မေတ္တာရပ်ခံပြီး ၎င်း အနေနှင့်ကြားဖြတ်ပြီး စကားပြောခါ၊ မဏ္ဍပ်ဒိုင်လူကြီးများ၏ သဘောထားကို ဦးကြေးမုံ သိစေရန် ယဉ်ကျေးစွာ ပြောပါသည်။
ထို့နောက် ဦးကြေးမုံအနေနှင့် ဆက်လက်ပြိုင်ပွဲ ဝင်လိုပါက ဆက်လက်၍ ပြိုင်ပွဲဝင်နိုင်ကြောင်း ပြောပြီး ထိုအသင်းအား သင်္ကြန် စင်မြင့်ပေါ်မှ ဆင်းခိုင်းသည့် အဆင့်အထိ ရုပ်ပျက်ဆင်းပျက် မဖြစ်စေရန် သင်္ကြန်သမား တဦးအနေဖြင့် ကြားဝင် ခဲ့ပါသည်။
ဦးကြေးမုံက ဆက်လက်ပြိုင်ပွဲမဝင်တော့ပါ။ စင်မြင့်ပေါ်မှ ဆင်းသွားခဲ့ပြီး ၎င်းတို့၏ပြိုင်ပွဲဝင်မှုကို ရပ်နားလိုက်လေသည်။
ထိုနှစ်သင်္ကြန်နှင့် ထိုဆုပေးမဏ္ဍပ် စင်မြင့်ထက် ဖျော်ဖြေတင်ဆက်မှုသည် ဦးကြေးမုံနှင့် တောင်ဥက္ကလာ သင်္ကြန် ပရိသတ် နောက်ဆုံးတွေ့ဆုံမှု ဖြစ်ပါသည်။
နောင်တနှစ်ခန့် အကြာတွင် ကျနော့်ဖခင်လည်း ကက်ဆက်ခွေဇာတ်လမ်း လောကထဲသို့ရောက်ရှိပြီး ဇာတ်လမ်းများ ဖန်တီး ထုတ်လုပ်နေသည့် အချိန်တွင် ၎င်းနှင့် မသင့်မမြတ်ဖြစ်ခဲ့သော ဂီတစာဆို မောင်ကြေးမုံနှင့် ပြန်ဆုံတွေ့ရန် အကြောင်း ဖန်လာခဲ့လေသည်။
ထိုအချိန်က ဂီတစာဆို မောင်ကြေးမုံနှင့် စွယ်စုံအနုပညာရှင် ပန်းချီလေးဝင်း တို့သည် မြန်မာပြည် ကက်ဆက်ခွေ ဇာတ် လမ်း လောကတွင် အထူး အောင်မြင်ကျော်ကြားနေသူများ ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် ရန်ဖြစ်ထားကြပြီး တဦးနှင့် တဦး မသင့်မြတ်ကြသည့်အချိန် ဖြစ်သည်။
ဆရာနှစ်ဦး မသင့်မြတ်ကြသည့်အတွက် ၎င်းတို့၏ နောက်လိုက်တပည့်တပန်းများ အနေဖြင့်လည်း ဟိုဘက်အုပ်စု ဒီဘက် အုပ်စု ကက်ဆက်ခွေ ဇာတ်လမ်းများအတွက် သရုပ်ဆောင်အဖြစ် မလိုက်ပါနိုင်ကြပေ။ ထို့ကြောင့် စီးပွားရေးအတွက် အလုပ် ဖြစ်သင့်သလောက် မဖြစ်ခဲ့ကြပါ။
ကျနော့်ဖခင်က ချီပါသားနှင့် ပခန်းသားတို့၏ ပုံပြင်မှ ချီပါသား ငလက်တို၊ ပခန်းသား ငညိုနှင့် ဒေါ်ခါကြီး၊ မကျေးဥ တို့ ဇာတ်လမ်းကို ကက်ဆက်ခွေ ဇာတ်လမ်းအဖြစ် ဖန်တီးရန် စီစဉ်ရာတွင် ငလက်တိုနှင့် ငညိုတို့ နေရာတွင် ဂီတစာဆို မောင်ကြေး မုံနှင့် ပန်းချီလေးဝင်း တို့နှစ်ဦး သရုပ်ဆောင်မှသာ အကောင်းဆုံးဖြစ်မည်ဟု ယူဆသည့်အတွက် ၎င်းနှင့် မတည့်သော ဂီတ စာဆို မောင်ကြေးမုံကို ဆက်သွယ်ရန် ကြိုးစားရတော့သည်။
တေးသံရှင် ဦးခင်မောင်သန်းမှ တဆင့် ဦးကြေးမုံနှင့် ဆက်သွယ်ပြီး လူချင်းတွေ့ကြသည်တွင် ကျနော့်ဖခင်က ယခင် ၁၉၈၁ ခုနှစ် မဟာသင်္ကြန်တွင် ဖြစ်ခဲ့သည့်ကိစ္စအတွက် ရှင်းပြပြီး တောင်းပန်စကား ပြောရာတွင် ဦးကြေးမုံကလည်း သဘောတူ ကျေနပ်ခဲ့ပြီး ၎င်းတို့မိတ်ဆွေများ ဖြစ်ခဲ့ကြလေသည်။
နောင်အခါတွင် ညီအစ်ကိုအရင်း ကဲ့သို့ပင် ရင်းနှီးသူများဖြစ်သွားကြလေသည်။
တလက်စတည်းတွင် ဦးကြေးမုံနှင့် ဦးလေးဝင်းတို့ နှစ်ဦးကိုလည်း ပြန်လည် သင့်မြတ်သွားစေခဲ့သည့် အတွက် နှစ်ဖက် အင်အားစုများ အားလုံး အဆင်ပြေသွားကြလေသည်။ ရန်ကုန်သင်္ကြန် လောကသားများ၏ ချစ်ခင်ဖွယ်ရာ စရိုက်တခုပင်။
မောင်ကြေးမုံ၏ “ဒီထက်ပိုပြီး ပြောချင်ဘူး၊ ပြောချင်ဘူး”၊ ဂန္တဝင်မောင်ဝိုင်း၏ “သူများအကြောင်းလည်း မပြောတတ်ပါ၊ စပ်မိစပ်ရာ၊ ကြုံတုန်း ဆုံတုန်း” ဆိုသော သံချပ်စာသားများအား တခေတ်တခါက သင်္ကြန်ချစ်သူများ အမှတ်ရနေကြ လိမ့်မည် ဟု ထင်မိပါသည်။
သင်္ကြန် မင်းသားကြီးတို့သည် ရန်ကုန်တခွင်ရှိ မြို့နယ်အသီးသီးမှ သင်္ကြန်ချစ်သူ ပရိသတ်၊ လူထု၊ ထောင်သောင်း သိန်း၊ သန်း ဂဏန်းမျှပင် ရှိသော ပြည်သူလူထုနှင့် ထိတွေ့ခဲ့ကြရသော၊ ပြည်သူချစ်သည့် အနုပညာသည်များ ဖြစ်ကြလေသည်။
မဟာသင်္ကြန် မဏ္ဍပ် စင်မြင့်များထက်တွင် မမောနိုင်မပန်းနိုင် ဖျော်ဖြေခဲ့ကြသော ထိုသင်္ကြန် မင်းသားကြီးတို့အား မဟာရန် ကုန်၏ သင်္ကြန်ချစ် ပရိသတ်ပြည်သူတို့ အမှတ်ရနေကြဆဲပင် ရှိကြပေလိမ့်မည်။
လွန်ခဲ့သည့် ဆယ်စုနှစ် ၄ ခု နီးပါးအချိန်က ၎င်းတို့၏ ထူးချွန် ပြောင်မြောက်လှသည့် စင်မြင့်ထက် ဖျော်ဖြေ တင်ဆက်မှု များကို ကျနော် ယနေ့တိုင် ပြန်လည် မြင်ယောင်ဆဲဖြစ်လေသည်။ မနေ့တနေ့က တွေ့ခဲ့ရသည့် အဖြစ်အပျက်များပမာ သဲသဲကွဲကွဲ ပြန်လည် ခံစားမြင်ယောင်မိနေဆဲပင်။
နာမည်ကျော် သင်္ကြန်မင်းသား အတော်များများလည်း ကွယ်လွန်ခဲ့ကြပြီး ဖြစ်လေသည်။ ထိုခေတ်အခါက အသက်အငယ် ဆုံး သင်္ကြန် မင်းသားများပင်လျှင် အသက် ၆၀ တန်း အရွယ်သို့ ရောက်ရှိနေကြပေပြီ။ သို့သော် မဟာသင်္ကြန်သည် ထူးခြားသော တန်ခိုးစွမ်းအင်များပင် ရှိသည်ဟု ထင်မိသည်။
သင်္ကြန် မင်းသားကြီးတို့အား ယနေ့ကာလ၏ သင်္ကြန် သံချပ် ယဉ်ကျေးမှု ပြန်လည် ထွန်းကားရေး လှုပ်ရှားမှုကြီးတွင် တပ်ဦးမှ ပါဝင်ချီတက်နေဆဲ ဖြစ်သည်ကို တွေ့မြင်ရခြင်းသည် စိတ်ဓာတ်ခွန်အား ဖြစ်ရပါသည်။
ကျနော် ၎င်းတို့အသက်အရွယ်သို့ ရောက်သည်အခါ ၎င်းတို့ကဲ့သို့ စွမ်းဆောင်နိုင်သည့် အားအင်၊ စိတ်ဓာတ်ခွန်အားတို့ ရချင် မိပါသည်။ ။