သင်္ကြန်မှာ အမျိုးသမီးများ သရုပ်ပျက် ဝတ်စားဆင်ယင်မှုတွေ တွေ့ရှိရင် အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ် ဆိုုတဲ့ ပြောဆိုုချက်တွေ လူမှုကွန်ရက်စာမျက်နှာနဲ့ သတင်းတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ သင်္ကြန်နီးပြီဆိုုရင် ဒီလိုသတင်းက ထွက်လာနေကျပါ။
အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှု သရုပ်ပျက် ပျော်ပါးမှုတွေကို အရေးယူမယ်လို့ အဓိက သတင်းပျံ့နှံ့နေတဲ့ နေရာတွေကတော့ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမှာပါပဲ။ ဒါဟာ မှုခင်းတားဆီးရေး အတွက် ဖြစ်တယ်ဆိုုတဲ့ ပြောဆိုုချက်တွေလည်း ရှိကြပါတယ်။
မတ်၂၉ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး တိုင်းလွှတ်တော်ရုံးမှာ ကျင်းပတဲ့ သင်္ကြန်အတွင်း မှုခင်းကြိုတင်ကာကွယ်ရေး၊ လုံခြုံရေး လုပ်ငန်းဆိုုင်ရာ အစည်းအဝေးမှာတော့ အမျိုးသမီးတွေ သရုပ်ပျက်ဝတ်စားဆင်ယင် ပျော်ပါးမှုတွေ မလုပ်ဖို့ တားမြစ်မယ်လိုု့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ပြန်ကြားရေး ရဲမှူးလှဝေက ပြောပါတယ်။
“ကိုယ့်မြန်မာလူမျိုး ကျင်းပတဲ့ပွဲကို သရုပ်ပျက်ဝတ်စားဆင်ယင်ပြီး ရှင်းရှင်းပြောရရင် ယိုသူမရှက်မြင်သူရှက် ပေါ့…၊ ဘယ်လို အရေးယူရမလဲဆိုတော့ ပြည်သူလူထုကို ညစ်ညစ် ညမ်းညမ်းဖြစ်လာရင်တော့ သက်ဆိုင်ရာတွေက အရေးယူရမှာ ပေါ့”
ဒီပြောဆိုချက်ကလည်း လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ ရဲမှူးလှဝေက ဒါဟာ တောင်းဆိုုချက် ဖြစ်တယ်လိုု့ပြောပါတယ်။
“ကျနော်ပြောသွားတဲ့ အထဲမှာ အမျိုးသမီးတွေ သရုပ်ပျက်ရင် အရေးယူမယ်လို့ မဆိုလိုပါဘူး။ မဝတ်ကြဖို့ပဲ တောင်းဆိုတာပါ။ မဟာသင်္ကြန် ရေသဘင်ပွဲတော်ဆိုတဲ့ အနှစ်သာရ ပြည့်စုံအောင် ကျင်းပဖို့ပါ။ ဝတ်ရင်တော့ ကျနော်တို့က မိဘ အုပ်ထိန်းသူတွေ၊ မဏ္ဍပ်ဆိုရင် မဏ္ဍပ်တာဝန်ရှိသူတွေကိုပဲ အကြောင်းကြား အပ်နှံသွားမှာပါ” ဟု ရဲမှူးလှဝေ က ပြောပြပါတယ်။
ဒါပေမယ့် ဒီလိုအမျိုးသမီးတွေဘက်ကိုပဲ တဖက်သတ်စဉ်းစားချက်အပေါ်မှာ လက်မခံတဲ့ အမျိုးသမီးတွေ ရှိနေပါ တယ်။
ဒီလို ပြောဆိုချက်၊ စဉ်းစားချက်တွေဟာ အမျိုးသမီးတွေရဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုကိုသာ အရေးယူမယ်၊ အမျိုးသားတွေ ကျတော့ ဝတ်ချင်ရာဝတ်၊ လုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့ သဘောဖြစ်နေကြောင်း၊ အမျိုးသားတွေက အမျိုးသမီးကို စနောက်တဲ့အခါမှာ ရိုင်းစိုင်းတဲ့ စကားလုံးတွေကို အသုံးပြုကြတဲ့အပေါ်မှာရော ဘယ်လိုအရေးယူမှုတွေ ပြုလုပ်မှာလဲ လို့ ရန်ကုန်မြို့၊ ကျောက်မြောင်းမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်ဝန်းကျင်ရှိ မချစ်စုက ပြောပါတယ်။
“သရုပ်ပျက်ဝတ်စုံဆိုတာ ဘယ်လို သတ်မှတ်တာလဲ။ ပြီးတော့ အဝတ်အစားဝတ်တာ ဘယ်သူတွေကို ထိခိုက်မှု ရှိလို့လဲ။ အမျိုးသမီးတွေက အရှက်တရားမရှိတော့ဘူးလို့ ပြောကြတယ်။ အမျိုးသားတွေကျတော့ အမျိုးသမီးတွေကို သင်္ကြန်လည်ပတ်တဲ့အခါ ကာကွယ်ရမယ့်အစား အချောင်ရရင် ယူမယ်ဆိုတဲ့ စိတ်တွေက ပိုရှိလာတာကိုကျတော့ ဘယ်သူမှ မပြောဆိုကြဘူး” လို့ မချစ်စုက ဆိုပါတယ်။
အရင်နှစ် သင်္ကြန်ကာလအတွင်း သင်္ကြန်မဏ္ဍပ်တွေ၊ စင်ပေါ်တွေမှာ အတိုအပြတ် သရုပ်ပျက်ဝတ်စားတဲ့ အမျိုးသမီး တွေနဲ့ အရက်သောက်စားထားတဲ့အမျိုးသမီးတွေကို ဘာသာသာသနာ ထိခိုက်စေမှုနဲ့ နိုင်ငံတော် ထိခိုက်စေသော ဝတ်စား ဆင်ယင်မှု ပုဒ်မ (၁၈၈)အရ အရေးယူမယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
“မနှစ်က ကျမတို့ မန္တလေးမှာ အတိုအပြတ်တွေဝတ်ရင် အရေးယူမယ့်လို့ သတင်းထွက်ခဲ့ပါတယ်။ အရေးယူမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ အရေးယူထားတယ်ဆိုတဲ့ သတင်းတွေလည်း မကြားခဲ့ပါဘူး။ သင်္ကြန်မှာတော့ အမျိုးသမီးတွေ အဝတ်အစား သရုပ်ပျက်ကိစ္စထက် အမျိုးသားတွေက အမျိုးသမီးတွေကို ကာကွယ်ဖို့နဲ့ သင်္ကြန်အတွင်း ယာဉ်တိုက်မှုတွေ ရန်ဖြစ်တာတွေ ကင်းဝေးဖို့ အရင်ဆောင်ရွက်သင့်ပါတယ်”လို့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်နေ အမျိုးသမီးတဦးက ပြောပါတယ်။
သင်္ကြန်ပွဲတော်မှာ အမျိုးသမီးတွေ အဝတ်အစား သရုပ်ပျက်မှုထက် လုပ်ဆောင်ရမယ့်အပိုင်း များစွာရှိကြောင်း၊ မြန်မာ့ရိုးရာ သင်္ကြန်ကို ရိုးရာဓလေ့အဖြစ် ကျင်းပနိုင်ဖို့ သက်ဆိုင်ရာက ပြုပြင်သင့်ကြောင်း၊ အခုနောက်ပိုင်း အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှုထက် သင်္ကြန်အတွင်း အရက်သေစာ အလွန်အကျွံသောက်ပြီး သရုပ်ပျက် နေတဲ့အမျိုးသားတွေ၊ အမျိုးသမီးတွေကို နှုတ်အားကိုယ်အားဖြင့် ရိုင်းပြစွာပြုမူဆက်ဆံလိုတဲ့ အမျိုးသားတွေကို အဓိက ဦးစားပေး ပညာပေးများ ဆောင်ရွက်သင့်ကြောင်း အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။
တဖက်မှာလည်း အာဏာပိုုင်တွေရဲ့ကြိုးပမ်းဆောင်ရွက်ချက်တွေကို တွေ့နေရပါတယ်။
သင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ ကျင်းပနိုင်ဖို့ ဥပဒေမဲ့အရက်ရောင်းချမှုတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မတ်၂၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မဏ္ဍပ်တွေမှာ အလုံပိတ်အခန်းတွေပါရှိရင် အရေးယူဆောင်ရွက်သွားမှာ၊ CCTV ကင်မရာတွေနဲ့ စောင့်ကြည့်ထိန်းချုပ် သွားမယ်လို့လည်း တိုင်းဒေသကြီး အစိုးရရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်။
သင်္ကြန်ကာလအတွင်း မှုခင်းတွေ မဖြစ်ပွားစေဖို့ သင်္ကြန်ပွဲတော်ကာလ အရက်သေစာ လွန်လွန်ကဲကဲ သောက်စားမူးယစ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကာမရာဂကို နိုးထစေတဲ့ ဆေးဝါးများရောင်းချခြင်း၊ ဝယ်ယူသုံးစွဲခြင်း၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ဝတ်စားဆင်ယင်ခြင်း၊ အမျိုးသမီးတွေ ဆွေမျိုးသားချင်း မဟုတ်သူတွေနဲ့ အတူ လည်ပတ်ခြင်း၊ သူများကျွေးသော အစားအသောက်တွေကို မချင့်ချိန်ဘဲ စားသောက်ခြင်း စတာတွေကို ရှောင်ကြဉ်ကြဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
မြန်မာလူမျိုးတွေအနေနဲ့ ယဉ်ကျေးမှုနဲ့ မြန်မာ့ဓလေ့ထုံးစံကို အလေးထားသင့်ပြီး ခေတ်မီတဲ့ ဝတ်စားဆင်ယင်မှု အပေါ် မှတ်ချက်တစုံတရာပေးလိုခြင်း မရှိပေမယ့်လည်း ပြစ်မှုအများစုုမှာ အမျိုးသမီးတွေက ကျူးလွန်တာထက် အမျိုး သမီးတွေအပေါ်မှာ အမျိုးသားတွေက ကျူးလွန်ကြတာများပါတယ်လိုု့ တမာရိပ်အမျိုးသမီး သံချပ်အဖွဲ့ဝင် ဒေါ်မာဦးက ပြောပါတယ်။
ဒါပေမယ့်လည်း တကယ်ဖြစ်လာတဲ့အခါ အမျိုးသားတွေကိုု အရေးယူမှုမျိုးတွေ မရှိကြဘူးလိုု့ တောင်ဒဂုံမြို့နယ်နေ အသက် ၃၀ အရွယ် ဒေါ်စုစုက ပြောပါတယ်။
“သင်္ကြန်ကာလမှာ အမျိုးသားတွေက အမျိုးသမီးတွေကို ကာကွယ်မှုပေးဖို့၊ ရှိဖို့လိုပါတယ်။ ခုခေတ်က အမျိုးသား တွေက ကာကွယ်မှုမပေးတဲ့အပြင် အမျိုးသမီးတွေကို ထိပါးနှောက်ယှက်မှုတွေ လုပ်လာတာတွေ အမျိုးသမီးတွေကို စော်ကားတဲ့ စနောက်မှုတွေပါ ပြောဆိုလာတဲ့အပေါ် သက်ဆိုင်ရာက အရေးယူမှုတွေ မပြုလုပ်ကြပါဘူး” လို့ ဆိုပါတယ်။
အမျိုးသမီးတွေကို ကွက်ပြီး သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ မလုပ်ရဘူးဆိုုတဲ့ တားမြစ်ချက်မျိုးကိုတော့ အမျိုးသမီး တွေက ဘဝင်မကျကြဘဲ ဒါဟာ ခွဲခြားမှုတွေ ရှိနေတယ်ဆိုတာ ပြသနေတယ်လိုု့ပြောကြပါတယ်။
ဒေါ်မာဦးကတော့ “တားမြစ်မယ်ဆို အမျိုးသားကော အမျိုးသမီးပါ တားမြစ်သင့်တယ်” လိုု့ပြောပါတယ်။
“အမျိုးသမီးရော အမျိုးသားပါ အဝတ်အစားကို လုံခြုံအောင် ဝတ်ဖို့လိုအပ်ပါတယ်။ အမျိုးသမီးတွေ သရုပ်ပျက် မဝတ် ရဘူးလို့ပြောတာထက် အမျိုးသားတွေကိုပါ ပြောသင့်တယ်။ အမျိုးသမီးတွေကိုပဲ တဖက်သတ်ဖိနှိပ်တာ မလုပ်သင့်ဘူး။ အမျိုးသားတွေပါ သရုပ်ပျက်ရင်၊ ယဉ်ကျေးမှု မရှိရင်၊ အမျိုးသမီးတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုစနောက်ရင် အရေးယူသင့်ပါတယ်။ မျှတအောင် ဆောင်ရွက်သင့်ပါတယ်”
Hiburma.net မှ ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။