ခါတော် သင်္ကြန်လ နွေဂိမှာန်ကား ပူပြင်းခြင်းဖြင့် လောကကြီးကို ကြိုဆိုနေလေပြီ။ လေရူးစွေ့စွေ့တွင် မြေသင်းနံ့၊ ကံ့ကော်ရနံ့၊ ပိတောက်ရနံ့တို့ကား ဟိုနားတရှိုက် ဒီနားတရှိုက်ဖြင့် ငု၊ ပိတောက် ၊ ကံ့ကော်ပန်းတို့မှာလည်း သင်္ကြန်ကို ကြိုလင့်လို့နေလေပြီ။
ထို့အတူ မြန်မာ့ ရိုးရာ သင်္ကြန်သည်လည်း ရိုးရာ အစဉ်အလာမှသည် သရုပ်ပျက် ဝတ်စား ဆင်ယင်မှုများဖြင့် ၊ ကခုန် သောက်စား မူးယစ်ပျော်ပါးသည့် ရေကစားပွဲတော်အဖြစ် တဖြည်းဖြည်း ပုံရိပ်များ ပြောင်းလဲလာနေသည်။
“တူးပို့” တေးသံတွေ ဟိုနားတစ၊ ဒီနားတစ ခပ်လွင့်လွင့် ကြားနေရ၍ သင်္ကြန်ရောက်ပြီ ဆိုသည့် အသိက လူငယ်တွေ၏ စိတ်ကို လှုပ်ခတ်ရင်း လည်ပတ်ရန်နှင့် ဝတ်စား ဆင်ယင်ရန်တို့အတွက် ပြင်ဆင်နေကြလေပြီ။
“ကျမတို့ ကတော့ ရေး၊ ဇီးဖြူသောင် ၊ ပင်လယ်ဝကို အကြတ်နဲ့ အတက်နေ့မှာ လည်မယ်၊ နှစ်ဆန်း တရက်နေ့မှာတော့ ရိုးဂိုး သွားမယ်” ဟု လည်ပတ်ရန် စဉ်းစားထားပုံကို ရေးမြို့ ဒူးယား ကျေးရွာမှ တက္ကသိုလ် ပထမနှစ် ကျောင်းသူ မိနွန်တယ်ပွန် က ရှင်းပြသည်။
သင်္ကြန်ကာလ အတွင်း ဖက်ရှင်ကျစေရန် အတွက် ဆံပင်ကို ဆေးဆိုးရန် စီစဉ်ထားပြီး မည်သည့် အရောင် ဆိုးရမည်ကို စဉ်းစားနေဆဲ ဖြစ်ကြောင်း၊ ထို့ပြင် သင်္ကြန်ကာလ ၃ ရက်တာ လည်ပတ်စဉ် ဝတ်ဆင်ရမည့် အဝတ်အစားများကိုလည်း အရန်သင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း မိနွန်တယ်ပွန်က ပြောသည်။
တူးပို့တေးသံ ကြားရသဖြင့် လူငယ်အများစုက သင်္ကြန် လည်ပတ်ရန် ကြိုတင် ရင်ခုန် နေကြသလို မိဘတွေကလည်း ရင်ခုန်ကြရသည်။ သို့သော် ရင်ခုန်သံချင်းကတော့ မတူညီကြပေ။ မိဘတွေ၏ ရင်ခုန်သံတွင် စိုးရိမ် သောက ဗျာပါဒများ အပြည့်။
“ကျမကတော့ ယာဉ်အန္တရာယ် ဖြစ်မှာ အရမ်း စိတ်ပူတယ်။ ကားတွေ ဆိုင်ကယ်တွေ တိုက်မိမှာ၊ ယာဉ်ပေါ်ကနေ ပြုတ်ကျမှာ စိတ်ပူတယ်။ အိမ်က မထွက်ခင်တော့ မှာလိုက်တာပါပဲ၊ ဒါပေမယ့် သိတဲ့အတိုင်းပဲ ဖြစ်ချင်တာ ဖြစ်နေကြတာ ချည်းပဲ” ဟု မိနွန်တယ်ပွန်၏ မိခင်က သမီးဖြစ်သူအား စိုးရိမ် ပူပန်မိသည့် အဖြစ်ကို သောကသံ နှော၍ ပြောပြ၏။
သင်္ကြန်တွင် မွန်ပြည်နယ် အတွင်းရှိ လူငယ်အများစုက ဆိုင်ကယ်နှင့် အုပ်စုလိုက် လည်ပတ် တတ်ကြသလို ကားငှားကာ ဆောင်းဘောက်စ်ကြီးများ တင်၍ အုပ်စုလိုက် လည်ပတ်ကြသည်လည်း ရှိကြသည်။ ယင်းသို့ ရေပက်ခံ ထွက်ရင်းဖြင့် ဟိုင်းလတ်၊ ဒိုင်နာ၊ Double Cab ကားများပေါ်တွင် ရေတိုင်ကီများ တင်ဆောင်လာပြီး ရေပက်ကြသည်များလည်း ရှိသည်။
လိုင်နာ၊ မိတ်ကပ်များ ခြယ်သပြီး ဟာသ ပုံစံ ဒီဇိုင်း၊ ရော့ခ်ကာ ၊ ပန့်ခ် စသည့် အသွင်အပြင် မျိုးစုံ မျက်နှာနှင့် ဆံပင်ပုံစံ တို့ကိုလည်း အမျိုးမျိုးပြုလုပ်ကာ ဆိုင်ကယ်များတွင် စတစ်ကာ ကပ်ပြီး အမှတ်အသား အလံများကို အုပ်စုလိုက် ကိုင် ဆောင်ကာ လည်ပတ်ကြသည့် လူငယ်များကို နှစ်စဉ် တွေ့မြင်နိုင်သည်။
ဆိုင်ကယ် အရှေ့ဘီး တခုလုံးကို ကပ်ထူ စက္ကူကပ် ၊ စတစ်ကာကပ်၊ စပရေးများဖျန်းပြီး ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ဒီဇိုင်း ထုတ်ကာ သူ့ထက်ငါ အထူးအဆန်း ဖြစ်အောင် တီထွင်ကြသည်။ အဝတ်အစားနှင့် ဦးထုပ် ဆင်တူများ ၊ ခေါင်းပတ် များ အဆုံး ပုံစံအမျိုးမျိုးဖြင့် ဖက်ရှင်ထွင်ကြသည်။ ဆိုင်ကယ်ကို ဆူဆူညံညံ အသံမြည်စေရန် ပါဝါ အိတ်ဇော များ တပ်၍ မောင်းနှင်ကြသလို သံစုံမြည်သည့် ဟွန်းများ တပ်၍လည်း မောင်းနှင်တတ်ကြသည်။
“ကျနော်တို့ အရွယ် အသက် ၂၀ ကျော်တွေကျတော့ ဘော်ဒါတွေ တစုတည်း ဖြစ်ဖို့ မလွယ်ဘူး၊ လေး ငါး ခြောက်ယောက် အဲဒီလို အုပ်စုဖွဲ့ပြီးပဲ သွားကြတယ်။ ဆယ်တန်း အောင်စ ၊ တက္ကသိုလ် စတက်ကြတဲ့ လူငယ်တွေ ကျတော့ အုပ်စုတောင့်တယ်၊ စုရတာ လွယ်တယ်” ဟု မော်လမြိုင်မြို့မှ ကိုဗဒင်က ၎င်း၏ အမြင်ကို ပြောပြသည်။
သင်္ကြန်ကာလ အတွင်း ဝတ်စား ဆင်ယင်မှု အပြင်အဆင်များနှင့် ပတ်သက်၍ ဖက်ရှင်ကျခြင်းဟု လူငယ်အများစု က ရှုမြင်ကြ သော်လည်း လူကြီးများကမူ သရုပ်ပျက် ဝတ်စား ဆင်ယင်ခြင်းဟု ရှုမြင်ကြသည်။ အထူးသဖြင့် မိန်းကလေးများမှာ အတိုအပြတ်များ ဝတ်စား၍ သင်္ကြန်ကာလ လည်ပတ်ခြင်းသည် လူကြီးများအတွက် မျက်စိ စပါးမွေး စူးစရာ ဖြစ်နေသည်။
တစ်ဖက်၌လည်း လူငယ်တိုင်း၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေး၊ တစ်ဖက်၌လည်း ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ၊ ဤနှစ်ခုမှာ သင်္ကြန်ရောက်တိုင်း လွန်ဆွဲကြသည့် လူငယ်နှင့် လူကြီးတို့၏ အမြင်များ ဖြစ်ကြသည်။
“မြင်ချင်တဲ့ ပုံရိပ်ကတော့ အေးအေးဆေးဆေး ရိုးရိုးယဉ်ယဉ်လေးနဲ့ လုံလုံခြုံခြုံနဲ့ ယဉ်ယဉ်ကျေးကျေး ရေပက်ကြမယ် ဆိုတဲ့ ပုံရိပ်လေးတော့ မြင်ချင်တယ်။ အခုဆိုရင် ဝတ်စားထားတာကလည်း အတိုအပြတ်တွေနဲ့ ၊ ဟိုပေါ်ဒီပေါ်တွေ ဆိုတော့ အဆင်မပြေဘူး၊ သရုပ်ပျက်တာပေါ့၊ မိဘတွေကတော့ ကိုယ့်ကလေးကို လမ်းကြောင်းမှန် ရောက်အောင် အတတ်နိုင်ဆုံး ပြောပြဖို့ လိုတယ်။ အဲဒီတော့မှ မြန်မာ့ရိုးရာ သင်္ကြန်ဆိုတာက ပိုပြီး အသက်ဝင်လာမှာ” ဟု အထက် တန်းပြ ကျောင်းဆရာမ တစ်ဦးက လက်ရှိခေတ် သင်္ကြန်အပေါ် သူ၏ အမြင်ကို ထုတ်ဖော် ပြောဆိုသည်။
ယခုနှစ် သင်္ကြန်တွင် သောက်စား မူးယစ်၍ ယာဉ်မောင်းနှင်ခြင်း၊ အသံမြည်စေမည့် ပါဝါအိတ်ဇော တပ်၍ မောင်းနှင်ခြင်း၊ နံပါတ်ပြား ဖြုတ်၍ မောင်းနှင်ခြင်း ၊ အပြိုင်အဆိုင် မောင်းနှင်ခြင်း ၊ဆိုင်ကယ် ဦးထုပ် မဆောင်းဘဲ မောင်းနှင်ခြင်း၊ နှစ်ဦး ထက်ပို၍ စီးနင်း မောင်းနှင်ခြင်း၊ အလံများ ထောင်၍ မောင်းနှင်ခြင်း စသည်တို့ မပြုလုပ်ရန် မွန်ပြည်နယ် အစိုးရက ဒေသန္တရ အမိန့်ထုတ်၍ ညွှန်ကြားထားပြီး ဖြစ်သည်။
ထို့ပြင် ယာဉ်အို ယာဉ်ဟောင်းများ၊ အနှေးယာဉ် ထော်လာဂျီ များကဲ့သို့ ယာဉ်များဖြင့် လည်ပတ်ခြင်း မပြုရန် ၊ ညစ်ညမ်း စာသားပါသည့် တံဆိပ် ၊ စတစ်ကာ အလံများ တပ်၍ လည်ပတ်ခြင်း မပြုရန်လည်း တားမြစ်ထားပြီး ဖြစ်သည်။
သင်္ကြန် ကာလအတွင်း လူငယ်များသည် အရက်သေစာ သောက်စား၍ ယာဉ်မောင်းနှင်ခြင်း ၊ အပျော်လွန်ကျူး၍ ယာဉ်များကို စည်းကမ်းမဲ့ မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားကြရပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သင်္ကြန် ကာလ ဧပြီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ယာဉ်မတော်တဆမှု ၄ မှုနှင့် မော်တော် ဆိုင်ကယ် မတော်တဆမှု ၄ မှု ဖြစ်ပွားခဲ့သည်။ ထိုမတော်တဆမှု ၈ မှုကြောင့် သေဆုံးသူ ၁၃ ဦး နှင့် ဒဏ်ရာ ရသူ ၂၆ ဦး ရှိခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ကျော်သူက ဧရာဝတီသို့ ပြောသည်။
ရဲမှူး ကျော်သူက “ ကျနော်တို့ အခု တပ်ဖွဲ့ တဖွဲ့နဲ့ပဲ ဖမ်းဆီး အရေးယူတာတွေ လုပ်နေတယ်။ မြို့နယ်မှူးနဲ့ စကားပြောပြီး အဖွဲ့နှစ်ဖွဲ့နဲ့ အင်အားတိုးပြီး ဖမ်းဆီး အရေးယူမှုတွေ လုပ်ဖို့ ဆုံးဖြတ်ထားတယ်” ဟု ပြောသည်။
ယခုနှစ် သင်္ကြန်ကာလတွင် တပြည်နယ်လုံး အတိုင်းအတာဖြင့် ဆူညံသံ အိတ်ဇောများဖြင့် မော်တော် ဆိုင်ကယ်များ မောင်းနှင်ခြင်း မပြုရန် ၊ သံစုံမြည် ဟွန်းများ တပ်ဆင်၍ မောင်းဆင်ခြင်း မပြုရန် စသည့် ယဉ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ယာဉ်ထိန်း၊ တပ်ထိန်း ၊ သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်း များနှင့် ပူးပေါင်း၍ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ပညာပေး ၊ ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ဧပြီလ ၁၂ ရက်နေ့အထိ ဆက်တိုက် လုပ်ဆောင် သွားမည် ဖြစ်သည်။
လက်ရှိတွင် စည်းကမ်း မလိုက်နာသည့် မော်တော်ယာဉ် ၃၁ စီး၊ မော်တော် ဆိုင်ကယ် အစီးရေ၂၅၀ ၊ သံစဉ်မြည် ဟွန်း၊ ယိုးဒယား နံပါတ်ပြားတပ် ဆိုင်ကယ် ၆၃ စီး တို့ကို ဖမ်းဆီး အရေးယူထားကြောင်း မော်လမြိုင်မြို့ မြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ရဲမှူး ကျော်သူက ဧရာဝတီသို့ ရှင်းပြသည်။
သို့သော် နှစ်စဉ် အစဉ်အလာ တရပ်လို ဖြစ်နေသည့် ထိုအခြင်းအရာများကို ကိုင်တွယ်နိုင်မှုနှင့် ထိရောက်မှု အတိုင်းအတာကို မွန်ပြည်နယ် အစိုးရ အဖွဲ့နှင့် လုံခြုံရေး တာဝန်ရှိ အဖွဲ့အစည်းများက သက်သေပြရမည် ဖြစ်သည်။
“ ပြီးခဲ့တဲ့ နှစ်တုန်းက ပါဝါ အိတ်ဇောတွေ တပ်ပြီး မောင်းနှင်တာကို ကြိုတင် သတိပေးပြီး လုပ်ဆောင်တယ်၊ ဆိုင်ကယ် ပြင်ဆိုင် ၊ ဆိုင်ကယ် ပစ္စည်း အရောင်းဆိုင်တွေကို မလုပ်ဖို့ ညွှန်ကြားတယ်၊ ထိရောက်မှုကတော့ ၆၀ ရာခိုင်နှုန်းလောက် ရှိခဲ့တယ်လို့ သုံးသပ်ရမယ်၊ ဒီနှစ်တော့ ဘယ်လို ဖြစ်လာမလဲတော့ မသိဘူး” ဟု သံဖြူဇရပ်မြို့ အရပ်ဘက် စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ကိုမင်းမင်းလတ်က ရှင်းပြသည်။
ထို့အတူ အရက်သေစာ သောက်စားထားပြီး လည်ပတ်ကြသည် ဖြစ်၍ ယာဉ်များကို ဟော့ဟော့ ရမ်းရမ်း မောင်းနှင်ခြင်း၊ အုပ်စုတစုနှင့် တစု ပြိုင်ဆိုင်ခြင်း၊ စောင်းမြောင်း ပြောဆိုရင်း ၊ ရန်စခြင်း စသည့် အကြောင်းအရာ များကလည်း သင်္ကြန် ကာလအတွင်း ဖြစ်ပွားလေ့ ရှိသည်။
“ တဖက်မှာတော့ အရမ်း စည်ကားပြီး၊ တစ်ဖက်မှာတော့ ကျေနပ်စရာ ကောင်းလောက်အောင် လုံခြုံမှု မရှိဘူး။ ပျော်စရာ လို့ ကျနော် မထင်ဘူး၊ တချို့ အရမ်းကို အုန်းအုန်း ကျွက်ကျွက်နဲ့ ဟေးလားဝါးလား ကြိုက်တဲ့လူ ကျတော့ အရမ်းကို ပျော် စရာ ကောင်းတယ်လို့ ယူဆမှာပဲ။ ရှုပ်ယှက်ခတ်မယ်၊ အဲဒီကြားထဲမှာ ရန်ရှာမယ်၊ တယောက်နဲ့ တယောက် နည်းနည်းမှ သည်းခံချင်စိတ် မရှှိကြဘူး။ ဟော့ဟော့ရမ်းရမ်းတွေ များတယ်” ဟု တက္ကသိုလ် ကျောင်းသား ထက်လင်းဇော်ကလည်း သူ၏ အမြင်ကို ပြောပြသည်။
“ မျက်နှာကို ဆေးခြယ်ထားမယ်၊ ကမယ်၊ တူညီဝတ်စုံတွေနဲ့ အလံထောင်ပြီး အုပ်စုလိုက် သွားမယ်၊ ပုံစံတွေက ထောင့် မကျိုးတာတွေ များတယ်၊ ပေါ်ပေါ်ထင်ထင် တုတ်ကိုင်ပြီး သွားကြတာတော့ မရှိဘူး၊ မပေါ့်တပေါ် ဆိုင်ကယ်ကြားမှာ ညှပ်ထားပြီး သွားမယ်၊ ဓားတွေကတော့ အနည်းနဲ့ အများတော့ ပါကြတာပဲ” ဟုလည်း ဆိုသည်။
သင်္ကြန် လည်ပတ်သည့် ယောကျ်ားလေး ရာနှုန်းပြည့် နီးပါးက အရက်သေစာ သောက်စားကြသလို မိန်းကလေး အတော် များများကလည်း သောက်စားကာ လည်ပတ် တတ်ကြသည်။ အချမ်းဒဏ် ကာကွယ်ရန် ဆိုသည့် ခေါင်းစဉ်ကြီး အောက် တွင် ကရဲ ခုန်ရဲ ရှိစေရန် ၊ ပိုမို တက်ကြွှစေရန် စသည့် ခေါင်းစဉ်ခွဲ အမျိုးမျိုးဖြင့် သောက်စားကြတော့သည်။
“ တနှစ်က ကျမတို့ ဘားအံသွားတယ်။ ကားပေါ်မှာ မိန်းကလေးတွေ ဘီယာ ပုလင်းကိုင်ပြီး သောက်နေကြတယ်။ တော် တော်ကို ရုပ်ပျက်ဆင်းပျက် နိုင်တယ်” ဟု သထုံမြို့နေ ဒေါ်ဆန်းဆန်းနွယ်က ကြုံတွေ့ရသည့် အတွေ့ အကြုံကို ပြန်ပြော ပြသည်။
အထူးသဖြင့် ၁၅ နှစ်သားမှ စ၍ အသက် ၂၀ ဝန်းကျင် အထိ လူငယ်များသည် စိတ်လွတ် ကိုယ်လွတ် ပျော်တတ်ကြကာ အသက် ၂၀ အထက် လူငယ်များကား ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်ကြသည်ဟု သုံးသပ်မိကြောင်း ဘီလူးကျွန်း၊ ရွာလွတ် ကျေးရွာမှ တက္ကသိုလ် ကျောင်းသား ကိုဝေယံထွန်းကလည်း သူ၏ အမြင်ကို သုံးသပ် ပြောဆိုသည်။
“ဆယ်တန်း ပြီးခါစနဲ့ တက္ကသိုလ် ကျောင်းသားတွေက အလွန်အကျွံ သောက်ကြတယ်၊ သတ်သတ်မှတ်မှတ် မရှိဘူး။ အလွန်အကျွံလည်း ပျော်ကြတယ်။ လူကြီးပိုင်းတွေ ကျတော့ ကိုယ့်အချိန်အဆကို ကိုယ်သိကြတယ်၊ ထိန်းနိုင်သိမ်းနိုင် ကြတယ်” ဟု ကိုဝေယံထွန်းက ဆိုသည်။
ယခုနှစ်တွင်တော့ ကိုဝေယံထွန်း တစ်ယောက် သင်္ကြန်လည်ရန် မစဉ်းစားဘဲ ရဟန်းခံရန် စီစဉ်ထားသည်ဟု ဆက်ပြောပြ သည်။
ဘီလူးကျွန်း ချောင်းဆုံမြို့နယ်တွင် သင်္ကြန်ကာလ၌ ရွာအလိုက် ဘုရားပွဲတော်များလည်း ရှိသဖြင့် လည်ပတ်စရာ အရပ်ဒေသအဖြစ် လူသိများသည်။ ယခင်က လှည်းယာဉ်ကျော့များကို အလှဆင်၍ လည်ပတ်ကြသော်ငြားလည်း ယခုအခါမူကား ထိုလှည်းယာဉ်ကျော့ နေရာတွင် ဆိုင်ကယ်များက နေရာယူသွားကြပြီ ဖြစ်သည်။
သင်္ကြန် အတွင်း မူးယစ် ၊ ကခုန် ရမ်းကားခြင်းများမှ တဆင့် လူငယ်အုပ်စု တစုနှင့် တစုအကြား ရန်ဖြစ်ကြလေ့ ရှိသေည်လည်း မည်သည့် အခြေအနေမျိုး၌ ဖြစ်ပွားသည်ဟူ၍ အတိအကျ ခေါင်းစဉ် တပ်၍တော့ မရပေ။
အသက် ၇၀ ကျော်ရှိပြီ ဖြစ်သည့် သထုံမြို့နေ ဦးအောင်နိုင်ကလည်း သားသမီးများ အရွယ် ရောက်သွားပြီ ဖြစ်သော်လည်း ကျား/မ မြေး ၁၃ ယောက်နှင့် မြစ် ၃ဦးတို့ အတွက် စိုးရိမ်ပူပန်နေရဆဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသည်။
“အရက်ကတော့ အခုက ဘယ်နေရာ ဝယ်ဝယ် ရတယ်လေ။ ကလေး ကစားစရာလို ဖြစ်နေပြီ။ မိန်းကလေးတွေလည်း သောက်ကြတာပဲ။ အိမ်ကနေ ထွက်သွားတယ် ဆိုကတည်းက စိတ်ပူနေရတယ်၊ ဆိုင်ကယ်တွေ အပြိုင်အဆိုင် မောင်းကြ မလား၊ တိုက်ကြမလား ၊ ခိုက်ရန်ဖြစ်ကြမလား ၊ သူတို့ အပေါင်းအသင်း သူငယ်ချင်း တွေထဲက တားမြစ်ထားတဲ့ မူးယစ်ဆေးဝါးတွေ သုံးကြမလား အဲဒါတွေပေါ့လေ။ ပြန်မလာမချင်းတော့ ရင်တမမနဲ့ စောင့်နေရတာပဲ” ဟု ဖြစ်သည့် ဦးအောင်နိုင်က မြေး၊ မြစ် များအတွက် ပူပန်ရသည့် အကြောင်းကို ရှင်းပြသည်။
မွန်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း၌ ရက်အလိုက် လည်ပတ်စရာ နေရာများ ရှိသည်။ ကျိုက်မရောနေ့ ၊ မုဒုံ – ကျိုက်က္ခမီ – စက်စဲနေ့ ၊ ရိုးဂိုးနေ့ စသည်ဖြင့် ရက်အလိုက် နေရာ ဒေသကွဲ၍ ကျင်းပကြလေ့ရှိသဖြင့် လည်ပတ် သူများကလည်း ရက်အလိုက် နေရာ တစ်ခုချင်းစီသို့ သွားရောက် လည်ပတ်ကြသည်။
အထူးသဖြင့် နှစ်ဆန်း တရက်နေ့၌ပင် ရေပက်ကစားကြသေးသည့် မွန်ပြည်နယ် သင်္ကြန်သည်ကား မြန်မာနိုင်ငံ၌ ပြောစမှတ် ပြုကြသည့် အလေ့အထ တခု ဖြစ်နေကာ ယင်းနေ့သည် အစည်းကားဆုံးနေ့ဟု ဆိုနိုင်ပေသည်။
အချို့အရပ်ဒေသများတွင် နှစ်ဆန်း တရက်နေ့ရောက်တိုင်း အိုးမဲသုတ် ကစားကြသည်များ ရှှိကြသော်လည်း ယခုအခါ အိုးမဲ မသုတ်တော့ဘဲ ပေါင်ဒါမှုန့်များ ၊ သနပ်ခါးများဖြင့် လိမ်းကျံ၍ ဆော့ကစားလာကြသည်။
ဤကစားနည်းမှာ နောက်ပိုင်းတွင် ရန်ဖြစ်စရာ စကားများစရာ ဓလေ့တစ်ခု ဖြစ်မှန်းမသိ ဖြစ်လာတော့သည်။ သောက်စား မူးယစ်ကာ ပေါင်ဒါများ၊ သနပ်ခါးများကို အမျိုးသမီးများ၏ မျက်နှာ၌ လိမ်းကျံခြင်း ၊ အမျိုးသမီးများ၏ ခန္ဓာကိုယ်ရှိ မဖွယ်မရာ နေရာများအား လိမ်းကျံခြင်းတို့ကြောင့် အတူလိုက်ပါလာသည့် အစ်ကို ၊ မောင်များနှင့် စကားများ၍ ရန်ဖြစ်ကြသည်များ ရှိလာသည်။
“ ကားနှင့် သွားရင်တော့ အဲဒီလိုမျိုး စိုးရိမ်ရတာ နည်းပေမယ့် ရှိတော့ ရှိပါတယ်၊ မဖွယ်မရာ ကိုင်ပြီး ပေါင်ဒါ၊ သနပ်ခါး အလိမ်းခံရမှာ စိုးရိမ်တယ်” ဟု မိနွန်တယ်ပွန်က သင်္ကြန်လည်ဖို့ တက်တက်ကြွကြွ ပြင်ဆင်နေရင်းဖြင့်ပင် စိုးရိမ်မှု အကြောင်းကို မရဲတရဲ ပြောဆိုသည်။
ထို့ပြင် သောက်စား မူးယစ်ကာ သင်္ကြန်လည်ပတ်ကြမည့် လူအုပ်ကြီးကို လုံခြုံရေး ယူပေးရမည့် ရဲအင်အားမှာလည်း အကန့်အသတ်ဖြင့် ရှိနေသည် ဖြစ်၍ ကိုင်တွယ်ရ ခက်နေကြောင်း သံဖြူဇရပ်မြို့ အရပ်ဘက် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ကိုမင်းမင်းလတ်က ရှင်းပြသည်။
“ ရဲအင်အားက ဖြန့်ပြီး နေရာချထားရတော့ တနေရာကို တယောက်၊ နှစ်ယောက်ပဲ ရှိတယ်။ သူတို့က သောက်စား ထားတယ် ဆိုရင် သူတို့ကို ထိန်းနိုင်ဖို့ ဆိုတာက မလွယ်ဘူး၊ သူတို့ဘက်က အရက်သေစာတင် မဟုတ်ဘူး မူးယစ် ဆေးဝါးတွေ သုံးထားတာမျိုးလည်း ဖြစ်နေနိုင်တယ်” ဟု ကိုမင်းမင်းလတ်က ရှင်းပြသည်။
သပြေခက်ကို နံ့သာရေ ဆွတ်ဖျန်း၍ ကစားကျီစယ်ကြသည့် ကြည်နူးဖွယ် သင်္ကြန်မှသည် ရန်စောင်မှုနှင့် သောက်စား မူးယစ် ကခုန်ကြ၍ သရုပ်ပျက် သင်္ကြန်အဖြစ် သို့ တနှစ်ထက် တနှစ် တဖြည်းဖြည်း ပြောင်းလဲလာလေသည်။ တိုးတက်လာသည်ဟု ဆိုရလေမည်လား ၊ ဆုတ်ယုတ်လာသည်ဟု ဆိုရမလား မပြောတတ်တော့ပေ။
မည်သို့ပင်ဆိုစေ သရုပ်ပျက် ယဉ်ကျေးမှု ရောပြွမ်းသည့် သင်္ကြန်၊ ရာနှုန်းပြည့် မတော်တဆမှု မရှိသော သင်္ကြန် ပွဲတော်ကား မဖြစ်နိုင်သော်ငြား ထိုအခြင်းအရာများကို အနည်းဆုံးသို့ လျှော့ချနိုင်မည့် သင်္ကြန်ပွဲတော် ဖြစ်ရေးအတွက် သင်္ကြန် လည်ပတ်ကြမည့် လူငယ်များမှ အစ ၊ မိဘ၊ မောင်နှမများ၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ ဝိုင်းဝန်း ကြိုးပမ်းကြရမည် ဖြစ်သည်။
သို့မှသာ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့ဖြင့် နှစ်လိုဖွယ်၊ ကြည်နူးဖွယ် ကောင်းသော သင်္ကြန်ပုံရိပ်ကို ပြသနိုင်မည် ဖြစ်၍ ဂုဏ်ယူစရာ ကောင်းသော ရိုးရာ သင်္ကြန်ကို ပြန်လည် ရရှိနိုင်မည် ဖြစ်ပေသည်။