“သင်္ကြန်နှစ်ဦး တူးပို့ တူးပို့ တူးသံမြူးသာယာ၊ သင်္ကြန်မယ်များ တူးပို့ တူးပို့ တူးမာရဲ့နော်ဗျာ ဆိုတဲ့ မြို့မငြိမ်း ဖော်ကျူးခဲ့တဲ့ သင်္ကြန် သီချင်းသံက အမရပူရ မြို့ထဲကလမ်းဘေးက အုန်းလက်မဏ္ဍပ် ကလေး ပေါ်ကနေ ပျံ့လွင့်နေပါတယ်။
မဏ္ဍပ်ပေါ်က ကလေးတွေကလည်း သင်္ကြန်ဒိုးသံနဲ့အတူ ကွေးနေအောင်ကသလို ကားပေါ်က လူတွေကလည်း သီချင်းတွေလိုက်ဆို၊လက်ခုပ်တွေတီးပြီး ကလေးတွေကို အားပေးကြတယ်။
စင်ပေါ်က မိန်းကလေးတွေကလည်း ရေဖလားတွေ နဲ့ခပ်ပြီးပက်လိုက်၊ ရေပက်ခံကားပေါ်က တလှည့်ပြန်ပက် လိုက် စလိုက်နောက်လိုက်နဲ့ ပျော်စရာကောင်းလှတဲ့ အမရပူရမြို့ ခေါ် တောင်မြို့ က သင်္ကြန်မြင်ကွင်းပါပဲ။
ရပ်ကွက်တွေထဲမှာရေပက်နေတဲ့ လူငယ်တသိုက်ကလည်း “ရေပက်ချင်လို့ ဆိုင်ကယ်လေးခဏရပ်ပေး ပါ အုန်း”လို့ဆိုကာ ရေကစားထွက်လာတဲ့ မိန်းခလေးတွေကို ရေဖလားကိုယ်စီနဲ့လောင်းကြတယ်။
လမ်းပေါ်သွားနေတဲ့ဆိုင်ကယ်တွေကိုလည်း ကလေးတွေက မမီမကမ်းလှမ်းပက် လို့ရေကစား ကြတယ်။ “သင်္ကြန်ကား တွေလာပြီပက်ပက် ”လို့ ဆိုတဲ့အသံကြောင့် ကလေးတသိုက် အိမ်ပေါက်၀ ရေကန်ထဲကနေ အလုအယက်ရေခွက်တွေနဲ့ခပ်လို့ လှမ်းပက်လိုက်ကြတယ်။
“ဟိုဘက်မှာ စတုဒီသာကြွေးနေတယ်နော် ၊“ဒီမှာ မုန့်လုံးရေပေါ်စားသွားပါအုံး “လို့လည်း ခင်ခင်မင်မင် ဖိတ်ခေါ်ကြတယ်၊ ဒါတွေကတော့ ရိုးရာမပျက်တဲ့တောင်မြို့က ရေကစားကြပုံပေါ့။
မန္တလေးနဲ့မဝေးတဲ့ အမရပူရမြို့ခေါ် တောင်မြို့ရဲ့ ရပ်ကွက်တိုင်းလမ်းတိုင်းမှာ လူငယ်၊လူကြီး တွေ စုပြီး ရေကစားကြတာ တွေ့မြင်ရမှာပါ။
တချို့က ရေမော်တာ နဲ့ ရေပိုက် တွေကိုင်ကာ မတ်တပ်ရေကစားကြသလို့ လမ်းဘေးမှာ လူ၁၀ ယောက် လောက်သာဆံ့တဲ့ သစ်သားနဲ့ဆောက်ထားတဲ့ မဏ္ဍပ်အသေးစားလေး ပေါ်ကနေရေပက်ကြတယ်။
မန္တလေး-စစ်ကိုင်းလမ်းမကြီးဘေးတစ်လျှောက်မှာ ရေပက်ကြတဲ့သူရှိပေမယ့် အဲဒီလမ်းကနေ ဦးပိန်တံတား ကိုသွားတဲ့အခါ ရပ်ကွက်အတွင်းဖြတ်ရတဲ့ လမ်းမကြီးတလျှောက် ရေကစားကြတဲ့သူပိုများပါတယ်။
ကိုယ့်အိမ်က ရပ်ကွက်လမ်းကြားထဲမို့ လူစည်တဲ့ လမ်းမကြီးတက်ရေကစားချင်ရင်လည်း လမ်းမကြီး ဘေးမှာရှိတဲ့ ရေတွင်းကြီးထဲကနေ ရေခပ်ပက်ကြရုံပါပဲ။အုန်းလက်နဲ့အလှဆင်ထားတဲ့ မဏ္ဍပ်တွေဟာ နေ့အပူချိန် ဘယ်လောက်ပြင်းပြင်း အေးဆေးရေကစားလို့ရတယ်။
ဒါကြောင့်လည်း အမရပူရမှာ နေ့ခင်း အချိန်မှာ ရေကစားနားတဲ့သူတချို့ကလွဲလို့ တော်တော်များများ အမရပူရသူအမရပူရသားတွေက နေကုန် ရေကစားကြပါတယ်။
အိမ်တိုင်းနီးပါးလိုရေထွက်ကစားကြတဲ့အခါ လမ်းမပေါ်မှာ ရေတွေအိုင်ထွန်းပြီး ချောင်းဖြစ်နေပြီလို့တော့မထင်လိုက်ပါနဲ့၊ ရေကစားကြတဲ့သူတွေအားလုံးက ပလပ်စတစ်ပုံးတွေထဲရေထည့်ပြီးရေခွက်နဲ့ပက်ကြလို့ ရေပက်ခံရသူတစ်ကိုယ်စာ ရေစိုယုံမို့ လမ်းပေါ်မှာ ရေတွေအိုင်ထွန်းမနေပါဘူး။
ရေပက်မဏ္ဍပ်အသေးစားလေးတွေ ရှိပေမယ့် တစ်ချို့မဏ္ဍပ်တွေမှာဆို ရေပိုက်နဲ့တောင်ပက်တာ မဟုတ် ဘဲ ရေခွက်နဲ့ပဲ ခပ်ပက်ကြတာပါ။
တကယ်တမ်း သင်္ကြန်ဆိုတာ ရေဖြုန်းတီးတဲ့ပွဲတော်မှမဟုတ်တာ။ နှစ်ဟောင်းကအညစ် အကြေးတွေကို သန့်စင်ပါစေဆိုတဲ့ မေတ္တာစိတ်နဲ့ သပြေခက်နဲ့ရေပက်တာကစခဲ့တာပါ။
သင်္ကြန်ပွဲတော် ဆိုတာ မြန်မာရိုးရာ ပွဲတော်တစ်ခုအဖြစ် ရှိနေခဲ့ပြီးတော့ ခေတ်တွေပြောင်းလဲလာ တာနဲ့ အမျှ ကျင်းပပုံတွေ မတူတော့တာပါ။
လက်ရှိတောင်မြို့သင်္ကြန်ကတော့ နယ်တွေမှာသာတွေ့ရတော့တဲ့ ကိုယ့်ရိုးရာဓလေ့ မြန်မာနည်းမြန်မာဟန် ရေကစားတာတွေ့နိုင်ပါသေးတယ်။
ယဉ်ကျေးတယ်။ရေကစားကြသူအချင်းချင်းအလွန်အကျွံ စနောက်တာတွေမရှိဘူး။ ကိုယ့်အိမ်ရှေ့ ဒါမှမဟုတ် အိမ်နားမှာ ရေပက်တဲ့သူတွေ အိမ်ကိုသွားပြီး ရေကစားယုံပဲ။ ကိုယ့်အိမ်ရှေ့ ရပ်ကွက်ထဲ သူငယ်ချင်းတွေ စုပြီးစိတ်ကြိုက်ရေကစားနိုင်တယ်။ ကိုယ့်ရပ်ကွက်လေးထဲက တနိုင်တပိုင် မဏ္ဍပ်အတွက် စပွန်စာမလို ဘူး။ ကြော်ငြာမရှိဘူး။ မဏ္ဍပ်ထိုင်ကြေး အတွက် ငွေကြေး ပူစရာမလိုဘူး။ ရန်ဖြစ်ထိခိုက်ခံရမှာမပူရဘဲ မိသားစု မျက်စိအောက်မှာရေကစားရလို့လုံခြုံတယ်။
မဝေးသေးတဲ့ခေတ်တွေတုန်းက အမရပူရမြို့ နဲ့ မန္တလေးမြို့ဟာ သင်္ကြန် ပွဲတော်ရေကစားကြပုံ အတူတူပဲ လို့ မန္တလေးသား စာရေးဆရာ ဆူးငှက်က ဆိုပါတယ်။ကုန်းဘောင်မင်းဆက် ဖြစ်တဲ့ မင်းတုန်းမင်း က အမရပူရမြို့ ကနေ မန္တလေးမြို့ကို ပြောင်းရွှေ့ပြီး မြို့သစ် ၊နန်းသစ် တည်ခဲ့တာကြောင့် အမရပူရ နဲ့ မန္တလေးက ခေါင်းနင်း ဆင်း မြို့ညီအမ လို့တောင် လူထုဒေါ်အမာကတင်စားရေးသားခဲ့ပါတယ်။
အမရပူရမြို့သူမြို့သားတွေက အမရပူရမြို့မြောက်ဘက်မှာရှိတဲ့ မန္တလေးမြို့ကို မြောက်မြို့လိုခေါ်ခဲ့ပြီး အမရပူရမြို့ကိုတော့ မန္တလေးရဲ့တောင်ဘက်မှာရှိလို့ တောင်မြို့လို့ခေါ်တွင်တယ်။
နယ်မြေချင်းဆက်တဲ့ တောင်မြို့နဲ့ မန္တလေး ဟာ သင်္ကြန်ပွဲတော်မှာ အရင်က ရေကစားကြတဲ့ ပုံစံ တူပေမယ့် မန္တလေးမြို့ဟာနိုင်ငံရေး၊စီးပွားရေးအခင်းအကျင်းပြောင်းလဲသွားတာကနေ ယနေ့ခေတ် သင်္ကြန်ပွဲတော်ကျင်း ပပုံခြင်းကွာခြားလာတာပါ။ ၁၉၉၀ ခုနှစ်နောက်ပိုင်း မန္တလေးသင်္ကြန် တဆစ်ချိုးပြောင်းလဲသွားပေမယ့် အမရပူရမြို့ က မန္တလေးလက်အောက်က သာမန်မြို့လေးဖြစ်တော့ သူ့ပုံစံအတိုင်းပဲ သင်္ကြန်ပွဲနွှဲကြရင်း အရင်အတိုင်းကျန်နေတာ လို့ ဆရာဆူးငှက်က ပြောပါတယ်။
တခြားနယ်လေးတွေမှာလည်း ရှေးမူမပျက် ရိုးရာအတိုင်း သင်္ကြန်ပွဲတော်နွှဲကြတာတွေ့မြင်နိုင်ပေမယ့် မန္တလေးနဲ့ နယ်မြေတစ်ဆက်တည်းဖြစ်နေတဲ့ အမရပူရ သင်္ကြန်က ပိုပြီးသိသာထင်ရှားစေတာလို့ လည်းဆိုတယ်။
သမိုင်းကိုပြန်လှန်ရင် အမရပူရ မြို့သူမြို့သားတွေက ထူးထူးခြားခြား သင်္ကြန်ပွဲနွှဲခဲ့ကြသူတွေ မဟုတ်ပါလား။
ကုန်းဘောင်မင်းဆက်မှာ အပျော်အပါးဝါသနာပါလှတဲ့ ပုဂံမင်းက အတာနှစ်သစ်ကူးရေဖျန်း သဘင်ခံသည်မှာ ရက်ပေါင်းလေးဆယ်မှ လေးဆယ့်ငါးရက် ထိကြာရာ ရှင်ဘုရင်ကလည်းကျင်းပတော့ အမရပူရမြို့သူမြို့ သားတွေကလည်း သင်္ကြန်ပွဲတော်ကို ရက်ပေါင်းလေးဆယ်ကျော် ဆင်နွှဲခဲ့ရသည်ပင်။
ဒီလိုခေတ်အဆက်ဆက် ရေသဘင်ပွဲနွှဲလာတဲ့တောင်မြို့ကို သင်္ကြန်ကာလအတွင်း မန္တလေးမြို့ပေါ်က ဒေသခံတချို့ကဆို ပွဲတော်အတွင်း တစ်ရက်အချိန်ပေးပြီး သီးသီးသန့်သန့် သွားလည်ကြလေ့ရှိတယ် ။
မြို့တည်ခဲ့တာ နှစ် နှစ်ရာကျော်သက်တမ်းရှိပြီဖြစ်တဲ့ အမရပူရမြို့ဟာလည်း ဦးပိန်တံတားနဲ့ သမိုင်းဝင်နေရာ များကြောင့် ယနေ့ခေတ်အထိ မြန်မာသာမက ကမ္ဘာမှာပါကျော်ကြားပါတယ်။
သင်္ကြန်ချစ်သူတွေကလည်း မန္တလေးမြို့ကိုမနက်ပိုင်းလည်ပြီး နေ့လည် ထမင်းစားနားချိန် အမရပူရမြို့ထဲဖြတ် လို့ တောင်သမန်အင်းကိုသွားကြတယ်။ အင်းဘေးက သက်တမ်းတစ်ရာကျော်နေပြီဖြစ်တဲ့ မယ်ဇယ်ပင် တန်း အောက်မှာလည်း လာရောက်အနားယူကြတဲ့ သင်္ကြန်ကားတွေ တန်းစီနေတာကတော့ ခေတ်တွေပြောင်းပေ မယ့် မပြောင်းလဲတဲ့ မြင်ကွင်းပါပဲ။
တောင်သမန်အင်း မရောက်ရင် တောင်မြို့ရောက်တယ်မမည်ဘူး လို့ဆိုတဲ့ အင်းထဲက သက်တမ်းရှည် ဦးပိန်တံတားပေါ်လည်း လမ်းလျှောက်ကြသူတွေအပြည့်။
တောင်သမန်လေအေး ရူရှိုက်ရင်း အကြော်စား၊ အမရပူရ ဒေသထွက် မြန်မာ့ချည်ထည် များ ဝယ်ယူရင်း ကြော်ငြာစီးပွားသင်္ကြန်မရှိတဲ့မြို့၊ယဉ်ကျေးစွာရေကစားတဲ့မြို့၊ မင်းနေပြည်တော်ဟောင်းဖြစ်ခဲ့တဲ့ မြို့ တည် သက်တမ်း နှစ်ပေါင်းနှစ်ရာကျော် ပြီဖြစ်တဲ့ အမရပူရမြို့ထဲကို သင်္ကြန်ရက်တွေမှာ ရေပက်ခံ ထွက်ကြရအောင်။