တရုတ်ကတော့ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကျူးကျော်ရန်စမှာ မဟုတ်ပါဘူး။ ဘန်ဒေါင်းမူ ငါးချက်အတိုင်းနေမှာပါလို့ ပြောပေမယ့် မြန်မာ့ကတော့ တရုတ်ရဲ့ မီးစတဖက် ရေမှုတ်တဖက်ကစားကွက်တွေကို သိုင်းပြောင်းပြန်နည်းနဲ့ တန်ပြန် ကစားဖို့ အမြဲစဉ်းစားနေရတယ်ဆိုရင် မမှားပါဘူး။
ပီကင်းဟာ ဗမာကွန်မြူနစ်ပါတီ (ဗ-က-ပ)ကိုလည်း ညီနောင်ပါတီဆက်ဆံရေးဆိုပြီး ဆက်ဆံရေးမပျက်နေသလို မ-ဆ-လ အစိုးရ (ဦးနေဝင်း ဦးဆောင်တဲ့ အစိုးရ) ကိုလည်း ဆက်ဆံရေးပြန်ကောင်းအောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။
ဗ-က-ပ ခေါင်းဆောင်တွေဟာ ပီကင်းမှာ ကျကျနန နေရသလို၊ တရုတ်သတင်းစာတွေမှာလည်း သူတို့ရဲ့ အကြောင်းကို ဖော်ပြတာတွေ တရုတ်အစိုးရရဲ့ ဧည့်ခံပွဲတွေကို တက်ရောက်တဲ့ပုံတွေကို ဖော်ပြခံရတာ ဖြစ်ပါတယ်။ ဒါဟာ ဦးနေဝင်းအစိုးရ ခေါင်းဆောင်တွေ တပ်မတော်ခေါင်းဆောင်တွေ အတွက် အိပ်မရတဲ့ညတွေကို ဖန်တီးခဲ့တာ အမှန်ပဲဖြစ်ပါတယ်။
ဦးနေဝင်းက တရုတ်နဲ့ သံတမန်ရေးအရ ပြန်ကောင်းဖို့ ကြိုးစားနေချိန်မှာ တရုတ်ထောက်ပံ့ထားတဲ့ ဗ-က-ပ တပ်တွေဟာ ရှမ်းပြည်မှာ တပ်မတော်နဲ့ တဂျိန်းဂျိန်း တိုက်ပွဲတွေဆင်နွဲနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်အလယ်ပိုင်းက ပဲခူးရိုးမမှာ အခြေစိုက်စိုးမိုးဖို့ ကြိုးစားခဲ့တဲ့ ဗ-က-ပ ဟာ ဖြတ်လေးဖြတ်ထိုးစစ်ကြောင့်ပြိုကွဲခဲ့သလို၊ သခင်ဇင်နဲ့ သခင်ချစ် တို့ကို တပ်မတော်ဖက်က ပဲခူးရိုးမ တိုက်ပွဲမှာ အသေဖမ်းမိခဲ့ပြီး နောက်ပိုင်း ဗ-က-ပဟာ ပဲခူးရိုးမမှာ ခါးပြတ်သွားခဲ့ပါတယ်။
ဗ-က-ပ ရဲ့ ဗဟိုဌာနချုပ်လို့ သတ်မှတ်တဲ့ ပဲခူးရိုးမကို တပ်မ ၇၇ ရဲ့ အထူးတပ်ဖွဲ့တွေက ဝင်ရောက်ရှင်းလင်းခဲ့တာကြောင့် သေဆုံးခဲ့ တာဖြစ်ပါတယ်။ ၁၉၇၅ခုနှစ် မတ်လအလယ်မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ တရုတ်မှာလဲ နိုင်ငံရေးအပြောင်း အလဲ ဖြစ်နေချိန် ဖြစ်ပါတယ်။
၁၉၇၂ မှာ အမေရိကန်သမ္မတ ရစ်ချတ်နစ်ဆင် ပီကင်းကို သမိုင်းဝင်ခရီးစဉ်လာရောက်ခဲ့တယ်။ ပထမဆုံးလာခဲ့တဲ့ အမေရိကန်သမ္မအဖြစ် သမိုင်းတွင်ခဲ့သလို တရုတ်ဟာ သူ့ရဲ့ ပိတ်ထားတဲ့ သံတခါးတွေကို ဖွင့်ဖို့အတွက်အဓိကကျတဲ့ ခြေလှမ်းတွေစပြီး လှမ်းနေပြီဖြစ်ပါတယ်။
၁၉၇၆ ဇန်နဝါရီ ၈ရက်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချုအင်လိုင်း ကွယ်လွန်သွားပါတယ်၊ နောက် ၂နှစ်အကြာ ၁၉၇၈ ခုနှစ် စက်တင်ဘာ ၉ရက်နေ့မှာ တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုံး ကွယ်လွန်ပြန်ပါတယ်။
၁၉၇၇ ခုနှစ် ဇူူလိုင်လ ပီကင်းမှာ ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ တိန့်ရှောင်ဖိန် အာဏာပြန်ရလာပြီး ဒုဝန်ကြီး ချုပ်ဖြစ်လာတယ်၊ သူဟာ အုပ်စုတွင်း တိုက်ပွဲတွေကြား အပယ်ခံထားရက ပြန်ပေါ်လာတယ်၊ ဦးနေဝင်းက ဒီအချက်ကို ကောင်းကောင်း ရိပ်မိပုံရတယ်။ အနာဂါတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့် မြင်းကို သူလောင်းရမယ် ဆိုတာ ဦးနေဝင်းက သိပုံရပါတယ်။
၁၉၇၈ ဇန်နဝါရီလထဲမှာ တိန့်ရှောင်ဖိန်ဟာ မြန်မာပြည်ကို ၆ ရက်ကြာခရီးစဉ်လာရောက် လည်ပတ်ခဲ့ပါတယ်။ လေဆိပ်မှာ အမြောက် ၁၉ ချက် ပစ်ဖောက်ပြီး ဦးနေဝင်းကိုယ်တိုင် ကောဇောနီခင်းပြီး ဆင်းကြိုခဲ့ပါတယ်။ ကျောင်းသား၊ကျောင်းသူနဲ့ ကြက်ခြေနီစတဲ့ လူပေါင်းတသိန်းကျော်ကို လေဆိပ်မှာဆင်းကြိုစေခဲ့ပါတယ်။
အစိုးရသတင်းစာတွေမှာ တိန်ရှောင်ဖိန်ရဲ့ လေယာဉ်ပေါ်က ဆင်းတဲ့အချိန်ကစပြီး ပြန်တဲ့အချိန်အထိ မျက်နှာဖုံး သတင်းတွေနဲ့ ခမ်းခမ်းနားနားဖော်ပြကြိုဆိုခဲ့ပါတယ်။ ဦးနေဝင်းဟာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးမှာ ဘယ်လောက် ကျွမ်းကျင်သလဲဆိုတာ တရုတ်က မျက်မြင်မြည်းစမ်းခွင့်ရခဲ့ပါတယ်။
ဒီအတွင်းမှာ တရုတ်ကို သဘောကျလာအောင် လုပ်ပြတဲ့ အနေနဲ့ (ပီကင်းရဲ့တောင်းဆိုချက် လည်းဖြစ်ပါတယ်) ခမာနီ ကွန်မြူနစ်တွေ အုပ်ချုပ်နေတဲ့ တမ္ဘာလုံးက သပိတ်မှောက်ထားတဲ့ ကမ္ဘောဒီးယားကို ဦးနေဝင်းက အလည်အပတ်သွားပြခဲ့ပါတယ်။
တရုတ်ရဲ့ လက်ဝေခံ ခမာနီကို လူဝင်ဆံ့အောင် သံတမန်ရေးအရ ဦးနေဝင်း တရုတ်ကိုမျက်နှာလုပ်ပြီး ရွှေ့လိုက်ရတဲ့ အကွက်တကွက်ပဲဖြစ်ပါတယ်။
ဒီလို ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေး ပြန်လည်အစပျိုးခဲ့တဲ့ နောက်ပိုင်း ၁၉၇၈ ခုနှစ်မှာ တရုတ်အစိုးရက ဗကပဗဟိုရုံးနဲ့ အသံလွှင်ဌာနကို ပန်ဆန်းဘက်မှာပဲ အခြေချဖို့ စတင်ဖိအားပေးပါတော့တယ်။
၁၉၈၀ခုနှစ်မှာတော့ ဦးနေဝင်းဟာ ပီကင်းကို တခေါက်သွားလည်ခဲ့ပါသေးတယ်၊ သူ့ရဲ့ ဆယ့်တစ်ကြိမ်မြောက်ခရီးစဉ်ပါ။ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ တရုတ်က ဗ-က-ပ ကို ထောက်ပံ့ကူညီနေတာတွေကို ရပ်ဆိုင်းပြီး ပြည်တွင်းသောင်းကျန်းမှု ရပ်ဆိုင်းဖို့ကို တရုတ်ရဲ့ အကူအညီရယူရေးဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ တရုတ်ဟာ ဗ-က-ပ ကို ကူညီနေတာတွေကို လျော့ချနေပြီ ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာပဲ တိန့်ရှောင်ဖိန်ရဲ့ စီစဉ်ပေးမှုကြောင့် ဦးနေဝင်းဟာ ဗကပ ဥက္ကဋ္ဌ သခင်ဗသိန်းတင်နဲ့ မိနစ် ၉၀ အကြာ လျှို့ဝှက် တွေဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်၊ အဲဒီနောက်ဆက်တွဲကတော့ ၁၉၈၁ ခုနှစ်မှာ ဗကပ ကိုယ်စားလှယ် သခင်ဖေတင့်ဟာ လားရှိုးမှာ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံကာ ဗကပကို တရားဝင်အသိအမှတ်ပြုရေး ထပ်မံဆွေးနွေးခဲ့ပေမယ့် ဆွေးနွေးပွဲပျက်သွားခဲ့ပါတယ်။
၁၉၈၀ခုနှစ် မှာ ဦးနေဝင်းဟာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် တရားဝင်ထုတ်ပြန်ပေးခဲ့တဲ့အတွက် ဗကပ ဗိုလ်သက်ထွန်း နဲ့ အဖွဲ့ လက်နက်ချအလင်းဝင်ခဲသလို၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ရခိုင်ကွန်မြူနစ် ကျော်ဇံရွှီး စတဲ့ အဖွဲ့တွေ လည်း အလင်းဝင်ခဲ့ပါ တယ်။
တရုတ်ရဲ့ နိုင်ငံခြားရေး မူဝါဒဟာလည်း မော်စီတုံးမရှိတဲ့ နောက်ပိုင်း တိန့်ရှောင်ဖိန်လက်ထက်မှာ ပြောင်းလဲခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ Ideology တွေဖက်ကို ဇောင်းပေးတဲ့ နိုင်ငံခြားရေးပေါ်လစီမဟုတ်တော့ပါဘူး။
ဦးနေဝင်း အစိုးရနဲ့ တရုတ် ထောက်ခံအားပေးခဲ့တဲ့ ဗကပ အခြေအနေကို ကြည့်မယ်ဆိုရင် ၁၉၈၆ ခုနှစ်က ဖြစ်ခဲ့တဲ့ စီစီဝမ် တာပန်တိုက်ပွဲ အပြီး ဗကပ အခြေခံဒေသတွေဖြစ်တဲ့ ပန်ဆိုင်း၊ မုန်းပေါ်၊ ကွန်ဟိုင်းနဲ့ မန်ဟီးရိုး စတဲ့ ဒေသတွေကို အစိုးရ တပ်တွေ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် နောက် ၂နှစ်အကြာမှာတော့ ၁၉၈၈မှာ ဒီမိုကရေစီလှုပ်ရှားမှုကြီးနဲ့ ကြုံကာ ဦးနေဝင်းရဲ့ ၂၆ နှစ် မ-ဆ-လ ပြုတ်ကျသွားခဲ့ပါတယ်။
မြန်မာဆိုရှယ်လစ်လမ်းစဉ်အစိုးရကို ဖြုတ်ချရာမှာ ဗကပ မြေအောက်ယူဂျီ အဖွဲ့အစည်းဖြစ်တဲ့ “၄၈၂၈”လှုပ်ရှားမှုက လည်း ကြိုးကိုင်ကဏ္ဍမှ ပါဝင်ခဲ့တယ်ဆိုတာ စစ်ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန်က သတင်းစာရှင်းလင်း ပွဲက နေ အတိအလင်းထုတ်ဖော်ပြောခဲ့ရပါတယ်။
၁၉၈၉ ခုနှစ်မှာ ဗ-က-ပ ဟာ ဖုန်ကြားရှင်ရဲ့တပ်တွင်း ပုန်ကန်မှုကနေ ဧပြီလမှာတော့ “ဝ”တပ်ဖွဲ့တွေ ဟာ ပန်ဆန်းမှာ ရှိတဲ့ ဗကပဗဟိုကို ဝင်ရောက်သိမ်းပိုက်လိုက်ရာက ၄၁နှစ်ကြာ ဗကပ လက်နက်ကိုင် တော်လှန်မှုဟာ အဆုံးသတ်ခဲ့ပါတယ်။ သခင်ဗသိန်းတင်အပါအဝင် ဗကပ ခေါင်းဆောင်တွေလည်း တရုတ်ပြည်ဘက်ကို ထွက်ပြေးခိုလှုံခဲ့ပါတယ်။
ဗကပ တရုတ်-မြန်မာ နယ်စပ်မှာ ပြိုကွဲသွားခဲ့ပြီးနောက်မှာတော့ ဝနဲ့ ကိုးကန့်လက်နက်ကိုင် တွေဟာ မြန်မာစစ်အစိုးရ (နဝတ/နအဖ) နဲ့ အပစ်အခတ်ရပ်စဲ ရေးယူ ခဲ့ပါတယ်။
၁၉၈၉ မှာတော့ တရုတ်နိုင်ငံမှာလည်း ကမ္ဘာကျော် တီယန်မင်လှုပ်ရှားမှု ဖြစ်ခဲ့ပြီး တရုတ်အစိုးရက အကြီးအကျယ်နှိမ်နင်း ဖြိုခွင်းခဲ့ပါတယ်။ ၁၉၈၈ စက်တင်ဘာလမှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်ထဲက တဦးဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွှန့်က တီယန်မင်လှုပ်ရှားမှုကို နှိမ်နင်းခဲ့တာနဲပတ်သက်ပြီး တရုတ်အစိုးရကို စာနာကြောင်း တရားဝင်ပြောကြားခဲ့ပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုကို သွေးထွက်သံယိုနှိမ်နင်းခဲ့လို့ နိုင်ငံတကာက သပိတ်မှောက်နေချိန်မှာ မြန်မာနဲ့ တရုတ်ရဲ့ ဆက်ဆံရေးဟာ ပိုလို့တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ သမိုင်းမှာ ကြီးမားတဲ့အလှည့်အပြောင်းတခုလို့ ဆိုရမှာပါ။
အဲဒီနောက်ပိုင်း တရုတ်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် စစ်အာဏာရှင်အစိုးရဘက်က စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး တွေမှာ ကျောထောက်နောက်ခံပြု ရပ်တည်လာခဲ့သလို၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာအရေး ဆွေးနွေးမှုတွေကို တလျှောက်လုံးပယ်ချပေးခဲ့ပါတယ်။
ဒါပေမယ့် တရုတ်- မြန်မာဆက်ဆံရေးဟာ ဝန်ကြီးချုပ် ဦးနု၊ ဗိုလ်ချုပ်ကြီး နေဝင်းတို့ လက်ထက်ကလို မဟုတ်တော့ပဲ မြန်မာ စစ်အာဏာရှင်တွေဟာ တရုတ်ရဲ့ လက်ဝေခံဖြစ်သွားတယ်လို့ သတင်းစာအာဘော်တွေက ဆယ်စုနှစ် ၂ စုတိုင်တိုင် ဝေဖန်ရေးသားခဲ့ပြီး တိုင်းပြည်ရဲ့ သံယံဇာတတွေကို လက်ညှိုးထိုးပြီး တရုတ်ကိုရောင်းစားခဲ့တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
ကိုးကား ။ ။ David I. Steinberg နှင့် Hongwei Fan တို့၏ Modern China Myanmar Relationship
ဆက်စပ် ဖတ်ရှု့ရန်
ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အဖုအထစ်များနှင့် ပျားရည်ဆမ်း ကာလများ (အပိုင်း ၁)
ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အဖုအထစ်များနှင့် ပျားရည်ဆမ်း ကာလများ(အပိုင်း ၂)