ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့နောင်လာမယ့် ၄ နှစ်အတွင်းမှာ ဦးဆောင်မယ့် ခေါင်းဆောင်သစ် စာရင်း ထွက်ပေါ်လာတဲ့ အခါ KNU ရဲ့ (၁၆) ကြိမ်မြောက် ညီလာခံကို စောင့်ကြည့်နေကြသူ အများအပြား တအံ့တသြ ဖြစ်ခဲ့ကြရပါတယ်။
အရင်က ကြီး ၅ ကြီးလိုု့ခေါ်တဲ့ ထိပ်တန်း ခေါင်းဆောင် ၅ ဦးမှာပါခဲ့တဲ့ အထဲက ၃ ဦးဟာ ထိပ်ပိုင်းခေါင်းဆောင် နေရာတွေ မှာသာ မကပဲ ဗဟိုကော်မတီ ၅၅ ဦး စာရင်းမှာတောင် မပါဘဲဖြစ်သွား ခဲ့ပါတယ်။ ဒါဟာ KNU အတွင်း အုပ်စုနှစ်စုအားပြိုင်မှုရဲ့ ရလာဒ်တွေ ဖြစ်တယ်လို့ လူအများက သုံးသပ်ကြပါတယ်။
ပြီးခဲ့တဲ့ (၁၅) ကြိမ်မြောက် ညီလာခံမှာကတည်းက KNU ခေါင်းဆောင်ပိုင်းမှာ ဥက္ကဌ ဗိုလ်ချုပ် ကြီးမူတူးစေးဖိုး ပါဝင်တဲ့အုပ်စုနဲ့ ဒု-ဥက္ကဌ ပဒိုနော်စီဖိုးရာစိန် အုပ်စုဆိုပြီး အုပ်စုနှစ်စုအားပြိုင်မှုတွေ ရှိနေတယ်လို့ အများက မြင်ခဲ့ကြတာပါ။
ဒီလို အုပ်စုအားပြိုင်မှုတွေက KNU အတွင်း အမျိုးသမီးတွေ ဦးဆောင်မှုနေရာ ပါဝင်မှုကိုလည်း စတေးရသလို ဖြစ်ခဲ့တယ်ဆိုတာ ဖြစ်စဉ်တွေက ဖော်ပြနေပါတယ်။
ဒါဟာ အမျိုးသမီးတွေ အတွက်တော့ ဆုံးရှုံးမှုတခုဖြစ်ပါတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ရဲ့ အထွေထွေ အတွင်းရေးမှူး နော်ကညောဖောက ပြောပါတယ်။
“တကယ့်အ တွေ့အကြုံတွေရှိတဲ့ နော်စီဖိုးရာစိန်လို ခေါင်းဆောင်မျိုး မပါလာတာက နှမျောစရာ ပေါ့နော်။ ကျမတို့ အမျိုးသမီးတွေ အတွက် ရှုံးတယ်။ သူက အနှစ် ၄၀ ကျော်တောင် လုပ်လာတဲ့သူ၊ သူမပါလာတာတော့ စိတ်မကောင်းဘူး။ အခုတော့ အမျိုးသမီး ၅ ဦးတော့ ပါလာတယ်။ တစ် ယောက်ကတော့ အသက်ငယ်ပြီး အတွေ့အကြုံ မရှိသေးဘူး”
KNU ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အဆင့်ဆင့် ခေါင်းဆောင်မှုတွေမှာ အမျိုးသမီးတွေ အနည်း ဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရမယ်လို့ မူအရ ချမှတ်ထားပါတယ်။ ဒါပေမယ့် ဒါဟာလက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။
အရင် ၁၅ ကြိမ်မြောက် ညီလာခံ သက်တမ်းအတွင်းမှာ ဗဟိုကော်မတီဝင် ၄၅ ဦး ရှိခဲ့တဲ့ အထဲက အမျိုးသမီး ၄ ဦးသာ ပါဝင်ခဲ့ပါတယ်။
အခု ကျင်းပပြီးသွားတဲ့ (၁၆) ကြိမ်မြောက် ညီလာခံမှာတော့ ဗဟိုကော်မတီဝင် ၅၅ ဦး ထားရှိဖိုု့ ဆုံးဖြတ်ခဲ့ပေမယ့် အမျိုးသမီး ပါဝင်မှုကိုတော့ အနည်းဆုံး ၃ ဦးလို့သာ သတ်မှတ်ခဲ့ပါတယ်။
ဖွဲ့စည်းပုံမှာ မူအရ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ဖို့ သဘောတူညီပြီးနောက် အမျိုးသမီး ၇ ဦး အထိ မဖြစ်မနေ ထည့်သွင်း ပေးဖို့ အမျိုးသမီးတွေရဲ့ တောင်းဆိုချက်ကို မဲခွဲဆုံးဖြတ်ခဲ့တယ်လို့ နော်ကညောဖောက ပြောပါတယ်။
“အမှန်ဆိုရင် ဗဟိုအမြဲတမ်းကော်မတီ အရေအတွက်က တိုးလာတာမို့ ကျမတို့ အမျိုးသမီး ပါဝင်ဖို့ ပိုပြီးများလာရမယ်လေ။ ဒါကြောင့် အမျိုးသမီးက ၁၂ ယောက် အနည်းဆုံး ပါရမယ်။ ဒါပေမယ့် အနည်းဆုံး ၇ ယောက်တော့ ပါဝင်ရမယ်ဆိုပြီး ကျမတို့က တင်ပြတာ မရဘူးလေ။ နောက်ဆုံး မဲခွဲတော့ အရင်အတိုင်းပဲ ၃ ဦးပဲ ဖြစ်သွားတယ်”
ဒီညီလာခံမှာ အုပ်စုအားပြိုင်မှုတွေ ရှိခဲ့ပြီး ပြည်ပရောက် ကရင်အမျိုးသားတွေကိုလည်း ကိုယ်စား လှယ်မဟုတ်ပဲ လေ့လာသူ အဖြစ်သာ တက်ရောက်ခွင့် ပြုခဲ့တယ်လို့ နော်ဘလူးမင်းနိုက်ဇန်က ပြောပါတယ်။
“အမှန်က ဖွဲ့စည်းပုံထဲမှာ အဖွဲ့ဝင်တိုင်းဟာ သုံးသပ်ဝေဖန် အကြံပြုနိုုင်တယ်ပေါ့။ ဒါပေမဲ့ အဲဒီမှာ မမှန်ဘူးဆိုရင် ခေါင်းဆောင် လုပ်တဲ့ လူတွေအနေနဲ့က ပြန်ပြီးတော့ ရှင်းလင်းချက် ရှိရတာပေါ့နော်။ အခုက ရှင်းလင်းချက် မရှိတဲ့အခါကျတော့ အပြစ်လိုမျိုး နှစ်ဖက်စလုံး ဖြစ်သွားတယ်ပေါ့နော်။ ဒါပေမဲ့ နားလည်နိုင်အောင်တော့ အချင်းချင်း စိတ်ဝမ်းကွဲတာတော့ မဟုတ်ဘူး။ စိတ်မကောင်းကြ တာတော့ တကယ်ဖြစ်သွားတာပေ့ါ”
KNU ဗဟိုအလုုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ မန်းငြိမ်းမောင် ကတော့ အမျိုးသမီးတွေ အနေနဲ့ ၃၀ ရာနှုန်း ပါဝင်ဖို့ အများကြီး ကြိုးစားဖို့ လိုနေသေးတယ်လို့ ပြောပါတယ်။
“အမျိုးသမီးတွေက ၃၀ ရာခိုင်နှုန်း တောင်းဆိုတယ်။ ၃၀ ရာခိုင်နှုန်း ပြည့်မီဖို့ဆိုတာ အများကြီး သူတို့ဘက်က ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အဲဒါကိုု မကြည့်ပါဘူး။ အရေးကြီးတာ အမျိုးသမီးတွေရဲ့ အခွင့်အရေး ဘာညာဆိုပြီးတော့ ကျနော်တို့က နောက်ဆုံးကျတော့ သူတို့ကို ၃၀ ရာခိုင်နှုန်း ပြည့်မီအောင် တဖြည်းဖြည်း ကြိုးပမ်း ဆောင်ရွက် သွားမယ် ဆိုပြီးတော့ ကွန်ကရက် ကနေ အကြံပြုပါတယ်။ ဒါပေမယ့် ကိုယ်စားလှယ်တွေရဲ့ မဲပေးရွေးချယ်မှုမှာ ၅ ဦးပါလာပါတယ်”
ဒါ့အပြင် (၁၆) ကြိမ်မြောက် ညီလာခံမှာ ရွေးချယ်တင်မြှောက်မှုဟာ တရားမျှတမှုရှိတယ် လို့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
“အဲဒီလို အမြင်မရှင်းတာတွေ မဖြစ်အောင်လို့ ကျနော်တို့ ကြိုတင်ပြီးတော့ ရှင်းရှင်းလင်းလင်း ဖြစ် အောင် လုပ်ခဲ့ပါတယ်”
(၁၆) ကြိမ်မြောက် ညီလာခံတက်ကြတဲ့ ကိုုယ်စားလှယ် ၂၁၈ ဦးမှာ အမျိုးသမီး ကိုယ်စားလှယ် ၂၃ ဦးပါဝင်ပြီး ပြည်တွင်း ပြည်ပ ကရင်အမျိုးသား ၁၀၀ ကျော် လေ့လာသူတွေအဖြစ် တက်ရောက်ခဲ့ပါတယ်။
အမျိုးသမီးတွေ ပါဝင်မှု လျော့နည်းရတာဟာ မဲခွဲဆုံးဖြတ်မှုအပေါ် မူတည်သလို တက်ရောက်လာတဲ့ ကိုယ်စားလှယ် အများစုက အမျိုးသားတွေ ဖြစ်နေတာရယ်၊ အမျိုးသားတွေက အမျိုးသမီး တွေအပေါ်ထားတဲ့ သဘောထားအပေါ် သက်ရောက်မှုတွေ ရှိတယ်လို့ နော်ဘလူးမင်းနိုက်ဇန်က ပြောပါတယ်။
“အမျိုးသမီးပါဝင်မှု လျော့သွားရတာက မဲပေးတဲ့အပေါ်မှာ မူတည်တယ်။ ကွန်ကရက်ထဲမှာ မဲပေးတဲ့လူ ၂၁၈ ယောက်ထဲမှာ အမျိုးသမီးက ၂၃ ယောက်ဘဲဆိုတော့ ၂၀၀ နီးနီးက အမျိုးသား တွေဘဲဖြစ်တဲ့အတွက် အမျိုးသားတွေက အမျိုးသမီးတွေ အပေါ်မှာ ဘယ်လိုမြင်သလဲ၊ ဘယ်လို သဘောထားသလဲ၊ ဘယ်လိုဆုံးဖြတ်သလဲ ဆိုတာ သူတို့ရဲ့စိတ်ထဲမှာ ခံယူတဲ့အတိုင်း မဲပေးတဲ့ အပေါ်မှာ ပေါ်လာတာပဲ”
ထိုင်းနယ်စပ်မှာ နှစ်ပေါင်းများစွာရှိနေတဲ့ ကရင်အမျိုးသမီးခေါင်းဆောင် တချို့ဟာ သူတို့ရဲ့ အတွေ့ အကြုံတွေအပေါ် ယုံကြည်မှုတွေ အပြည့်ရှိပေမယ့် အမျိုးသားတွေရဲ့ ယုံကြည်လက်ခံနိုင်မှုမှာ အားနည်းသေးတဲ့အတွက် အခုလို အမျိုးသမီးပါဝင်မှု တက်မလာတာ ဖြစ်တယ်လို့ နော်ဘလူးမင်းနိုက်ဇန် က ပြောပါတယ်။
“ပြောမယ်ဆိုရင် ပုဂ္ဂိုလ်ရေးဆန်သွားလိမ့်မယ်။ ကျမတို့နားလည်တာက တက်တက်ကြွကြွနဲ့ အင် တိုက်အားတိုက် ဆွေးနွေး အကြံပြုပြီး စကားများများပြောတဲ့ အမျိုးသမီးတွေကျတော့ ချန်ထားခြင်း ခံရတယ်ပေါ့။ စကားပြောနည်းပြီး ဟုတ်ကဲ့၊ မှန်ပါတယ် ပြောတဲ့ သူတွေကတော့ လူကြိုက်များတာ ပေါ့နော်။ အဲဒါနဲ့ အမြင်တော့ နည်းနည်း စောင်းသွားတယ်လို့ ကျမမြင်ပါတယ်”
ကွန်ကရက်မှာ အမျိုးသမီးတွေကို ပြည့်ပြည့်ဝဝ ထောက်ခံတဲ့ အမျိုးသားတွေရှိပေမယ့်လည်း အမျိုးသမီး တွေအပေါ်မှာ အထင်သေးတဲ့ အမျိုးသားတွေ အများကြီး ရှိနေသေးတဲ့အတွက် နောက်ပိုင်း အမျိုးသမီးတွေ လုပ်တဲ့ သင်တန်း၊ အလုပ်ရုံ ဆွေးနွေးပွဲ၊ တွေ့ဆုံပွဲတွေမှာ အမျိုးသမီးတွေချည်းသာ မဟုတ်ဘဲ အမျိုးသားတွေကို ပါဝင်ဆွေးနွေးနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ နော်ဘလူးမင်းနိုက်ဇန်က ပြောပါတယ်။
Hiburma.net မှ ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။