ကျိုက္ခမီ ဘုရားနှင့် စက်စဲ ကမ်းခြေတို့သည် မွန်ပြည်နယ်သို့ လာရောက် လည်ပတ်သည့် ခရီးသွား ဧည့်သည်များ အတွက် မရောက်မဖြစ် သွားကြသည့် လည်ပတ်စရာ နေရာများ ဖြစ်သည်။
သို့သော်လည်း ထိုလည်ပတ် ချင်စဖွယ် စက်စဲ ကမ်းခြေ၏ သဲသောင်ပြင် ပေါ်တွင် လက်တွန်းလှည်း များဖြင့် ဈေးရောင်းသူ များ၏ အမှိုက် သရိုက်များ ကျန်ခဲ့သည်။ အချို့ဈေးသည် များက ယင်းအမှိုက် များကို သဲကျင်းတူး၍ ထိုသဲသောင်ပြင်၌ပင် မြှုပ်နှံ ကြသည်။
“ကျိုက္ခမီ၊ စက်စဲ သောင်ယံဦးမှာ ခရုကောက် ကြစို့လား” စသည့် သီချင်းများ၌ ထည့်၍ ဖွဲ့သီရသည်အထိ ခရီးသွား များအကြား လူသိများသည့် စက်စဲကမ်းခြေ၏ သန့်ရှင်းမှုသည်ကား ကျေနပ်စရာ မကောင်းလှပေ။
ဤအမြင် မတင့်တယ်သည့် စက်စဲ ကမ်းခြေအား အဆင့်မြင့် ပင်လယ် အပန်းဖြေစခန်းအဖြစ် ပြောင်းလဲ နိုင်ရေးမှာ ကြီးမားသည့် အခက်အခဲကြီး ဖြစ်နေပေသည်။
ထို့ပြင် တိုင်ကြား မှုများ ရှိလာခဲ့၍ မွန်ပြည်နယ် လွှတ်တော်က ဖွဲ့စည်းထားသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ် စောင့်ကြည့်ရေး ကော်မီတီမှ ယနေ့ ဧပြီလ (၁၉) ရက်နေ့တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်၍ သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ရ ပေသည်။
စစ်ဆေးရေး အဖွဲ့၌ ပါဝင်သည့် သံဖြူဇရပ် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက “လက်ရှိ အများပြည်သူ အပမ်းဖြေတဲ့ ကမ်းခြေ တစ်ခုကို ကမ်းခြေ သာယာ လှပရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင် တွေရဲ့လုပ်ဆောင်ချက်တွေ မပီပြင်တဲ့ အတွက်ကြောင့် ပြည်နယ် ကော်မီတီက ဆင်းစစ် ရတာပါ” ဟု ပြောသည်။
အုန်းစိမ်းခွံများ ကမ်းခြေ၏ ဟိုတစ်စ ဒီတစ်စ၌ ဖရိုဖရဲ။ ထိုသောင်ပြင်မှ သဲများကို တူး၍ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် အခြားနေရာများတွင် အသုံးချကြသည်။ ချောင်းများကို ပိတ်ဆို့၍ အမှိုက် ပစ်ကြသည်။
ထို့ပြင်လည်း ဟိုတယ်၊ ဘန်ဂလိုများ၏ အမှိုက်ပစ်၊ ရေဆိုးထုတ် စနစ်များမှာ စည်းကမ်းတကျ၊ သေသပ်မှုမရှိ။ ဈေးဆိုင်ခန်း များမှာလည်း စနစ်တကျ လုပ်ပိုင်ခွင့် လိုင်စင်များ ချပေး၍ ရယူထားခြင်းမဟုတ်။
“ဒီကော်မီတီက စက်စဲ သဘာဝ ပတ်ဝန်းကျင် ပျက်စီးနေတဲ့ ကိစ္စရပ်တွေ၊ တချို့ဘန်ဂလို တွေဆိုရင် အိမ်သာရေ တွေကအစ မြောင်းတူး ချထားတော့ ရေတက်ရင် ပင်လယ်ရေထဲ စီးဝင်နိုင်တယ်၊ မြေကြီး ဖို့လိုက်တော့ သဘာဝ ချောင်းတွေ ပိတ်ကုန်တယ်၊ ကရင်သောင် ကျေးရွာ ဆိုရင် အခြေအနေ တော်တော် ဆိုးသွားပြီ သချိုင်းဆိုရင် ပင်လယ်ရေအောက် မြုပ်တော့မယ်” ဟု ဦးဉာဏ်ဟိန်းမှ ကွင်းဆင်း စစ်ဆေးမှု အခြေအနေများကို ရှင်းပြသည်။
ဆိပ်ကမ်း သာယာရေးနှင့် စည်ပင် သာယာရေး လုပ်ပိုင်ခွင့်မှာ အခြေခံ ဥပဒေ ပုဒ်မ (၁၈၁) နောက်ဆက်တွဲ ဇယား (၂) အရ ပြည်နယ်နှင့်တိုင်း အစိုးရ၏ လုပ်ပိုင်ခွင့် အောက်တွင် ရှိသည့် လုပ်ပိုင်ခွင့် တစ်ခု ဖြစ်သည်။
စက်စဲ ကမ်းခြေသည် အခြား နာမည်ကြီ်း ကမ်းခြေများ ဖြစ်သည့် ငပလီ၊ ချောင်းသာ ၊ ငွေဆောင် ကဲ့သို့ ကမ်းရိုးတန်း ရှည်လျားခြင်း မရှိသော်လည်း သံဖြူဇရပ် မြို့နှင့် မလှမ်း မကမ်းတွင် ရှိခြင်း၊ ကျိုက္ခမီ ဘုရားသို့ သွားသည့် လမ်းကြောင်းပေါ်တွင် ရှိခြင်း ၊ မော်လမြိုင်မြို့မှ နေ့ချင်းပြန် သွားရောက် လည်ပတ်နိုင်ခြင်း တို့ကြောင့် ခရီးသွား ဧည့်သည်များ စွဲဆောင်နေသည့် လည်ပတ်စရာ နေရာတစ်ခု ဖြစ်နေပေသည်။
စက်စဲ ကမ်းခြေအား ပင်လယ်ကမ်းခြေ အပန်းဖြေ စခန်း အဖြစ်သို့ တိုးချဲ့နိုင်ရေး အတွက် အစိုးရ အဆက်ဆက်က စဉ်းစားချက်များ ရှိခဲ့သော်လည်း ထင်သာ၊ မြင်သာ ရှိသည့် တိုးတက်မှုများ မရှိခဲ့ပေ။
ထို့ပြင် စက်စဲ ကမ်းခြေ ပေါ်တွင်ရှိသည့် မြေနေရာများအား ဌာနဆိုင်ရာ များမှ ပိုင်ဆိုင်ထားမှု များပြားနေပြီး စည်ပင်၊ အလုပ်သမား ၊ မီးရထား စသည့် ဌာနဆိုင်ရာများ အပါအဝင် ဌာနဆိုင်ရာပေါင်း (၂၀) ကျော် တို့မှ ပိုင်ဆိုင် ထားကြသည်။
၎င်းမြေ များအား မစွန့်လွှတ် ရသေးသဖြင့် ဌာနဆိုင်ရာပိုင်မြေ အဖြစ် တည်ရှိနေဆဲဖြစ်ကာ ၎င်းမြေများကို အသုံးချ၍ စက်စဲ ကမ်းခြေ သာယာ လှပရေး စီစဉ် ဆောင်ရွက်ရန် အတွက်မှာ ကိုင်တွယ်ရန် ခက်နေသော ကိစ္စရပ် ဖြစ်နေ ပေသည်။
သံဖြူဇရပ် မြို့နယ် အရပ်ဘက် စည်ပင်သာယာရေး ကော်မီတီ ဥက္ကဋ္ဌ ဦးမင်းမင်းလတ် က “ဟိုးမဆလ ခေတ် ကတည်း က ဌာနဆိုင်ရာ အသီးသီးက ပိုင်ဆိုင်တဲ့ မြေကွက်တွေ ပေါ်မှာ သူတို့ ဌာနဆိုင်ရာ လူကြီးတွေ လာတဲ့ အခါကျရင် တည်းခိုဖို့ ဆိုပြီး ဆောက်ထားတဲ့ ဘန်ဂလိုတွေ၊ စီမံခန့်ခွဲ တာကလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာကပဲ စီမံခန့်ခွဲတယ်။ ပုဂ္ဂလိက လုပ်ပိုင်ခွင့်ရထားတာ ဆိုလို့ 21 Paradise တစ်ခုပဲ ရှိတယ်။ စည်ပင်မြေ ကလည်း အခုဆိုရင် ပုဂ္ဂလိက အနှစ် (၃၀) ဂရမ်နဲ့ ပြန်ပြီး အငှားချထားပေးတယ်” ဟု ပြောသည်။
စက်စဲ ကမ်းခြေ ပေါ်တွင် တည်ရှိသည့် ဟိုတယ်များသည် ဟိုတယ်လုပ်ငန်း လိုင်စင် ရရှိပြီး တည်ဆောက် ထားသည့် ဟိုတယ်များ မရှိပဲ အဆင့်မြင့် ဧည့်ရိပ်သာ အဆင့်သာ ရှိသည့် အဆောက် အဦးများ ဖြစ်သည်။
ထို့ပြင်လည်း ဟိုတယ်၊ ဘန်ဂလို များကို ဆောက်လုပ်ခွင့် လိုင်စင်များ အနစ်တကျ တင်၍ ဆောက်လုပ် ထားခြင်း မဟုတ်ပဲ ၊ မိမိတို့ ဌာနဆိုင်ရာပိုင် မြေများပေါ်တွင် သင့်တော် သလို တည်ဆောက် ခဲ့ကြခြင်း ဖြစ်သည်။
သို့အတွက်ကြောင့် ထိုစက်စဲ ကမ်းခြေ သာယာ လှပရေး အတွက် စီမံခန့်ခွဲရန် အခက်အခဲ စိန်ခေါ်ချက်သည် အစိုးရ အရပ်အရပ်အား ခေါင်းကိုက် စေခဲ့သည်။
သို့သော်လည်း မိမိတို့ အစိုးရ လက်ထက်တွင် ထိုအခြေအနေ အရပ်ရပ်အား ကိုင်တွယ် သွားမည် ဖြစ်ကာ စက်စဲ ကမ်းခြေ စီမံခန့်ခွဲရေးအား မွန်ပြည်နယ် အစိုးရ အဖွဲ့၏ စီမံခန့်ခွဲရေး လက်အောက်သို့ ရောက်ရှိ လာအောင် စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ဆိုပါသည်။
ဒေါက်တာ အေးဇံက “ဒါကို စနစ်တကျ ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာကို ကျွန်တော်တို့ စီစဉ် နေပါတယ်။ ဥပမာ ဟိုတယ် တစ်ခု ဆောက်မယ် ဆိုရင် စက်မှု/စီးပွား ဂရမ် လိုပါတယ်။။ နောက်ပြောရဦးမယ် ဆိုရင် သံဖြူဇရပ် မြို့ဟာ ၁၉၆၄ ခုနှစ်ကတည်းက မြို့လို့ သတ်မှတ် ခဲ့ပေမယ့် မြေဂရမ်တွေက အခုထိ ကျေးလက် မြေဂရမ် ဖြစ်နေ တုန်းပဲ။ ဒီနှစ်မှာ သံဖြူဇရပ် မြို့ကို မြို့မြေ ဖြစ်အောင် လုပ်ဆောင် သွားမယ်” ဟု ဆိုပါသည်။
လွယ်မယောင်နှင့် ခက်ခဲသည့် ထိုစက်စဲ ကမ်းခြေ စီမံခန့်ခွဲရေး ပြသနာအား ယခင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် လက်ထက် တွင်လည်း ကိုယ်တွင် ဖြေရှင်းနိုင်ရန် ကြိုးပမ်း ခဲ့သော်လည်း ကျေနပ်စရာ ကောင်းသည့် အောင်မြင်မှုများ မရရှိခဲ့ပေ။
ယခင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် လက်ထက်တွင် စက်စဲကမ်းခြေ သာယာလှပရေး ကော်မီတီ (ပြည်နယ်)၊ စက်စဲ ကမ်းခြေ သာယာ လှပရေး ကော်မီတီ (မြို့နယ်) စသည့် အဆင့်ဆင့် ကော်မီတီများ ဖွဲ့စည်း၍ ကမ်းခြေ သာယာ လှပရေး ဆောင်ရွက် ခဲ့သော်လည်း ထိရောက်မှု မရှိခဲ့ပေ။
ထို့ပြင် ထပ်မံ၍ နေ့စဉ် ကမ်းခြေ သာယာလှပရေး စီမံဆောင်ရွက် နိုင်ရန်အတွက် ကျေးရွာ အဆင့် ကမ်းခြေ သာယာ လှပရေး ကော်မီတီ ကိုလည်း ထပ်မံ ဖွဲ့စည်း၍ ကိုင်တွယ် ခိုင်းခဲ့ရာ တွင်လည်း ကော်မီတီ ရန်ပုံငွေ မရှိခြင်း ၊ လုပ်ဟန်နှင့် စီမံ ခန့်ခွဲရေး မကွျှမ်းကျင် မှုများကြောင့် ထိရောက်မှု နည်းပါးခဲ့သည်။
ထို့ကြောင့်လည်း ယခင် ကန့်သတ်ထားသည့် ကမ်းခြေ၌ ဆိုင်ကယ်များ စီးနေကြဆဲ ၊ မြင်းများ စီးကြဆဲ၊ တွန်းလှည်းများဖြင့် ဈေးရောင်းကြဆဲ ၊ အမှိုက်သရိုက် များလည်း ပရပွ ဖြစ်နေဆဲ ကမ်းခြေကြီး ဖြစ်နေ ပေသည်။
၂၀၁၅ NLD အစိုးရ တက်လာပြီးနောက် မွန်ပြည်နယ် အတွင်းရှိ ကျိုက်ထီးရိုး ဘုရား၊ စက်စဲကမ်းခြေ ၊ မော်လမြိုင်မြို့ တို့ကို ခရီးသွားများ လည်ပတ်စရာ နေရာ ဖြစ်လာ စေရေး အတွက် အဆင့်မြှင့်တင်ရန် အစီအမံများ ချ၍ ဆောင်ရွက် ခဲ့ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ဆိုပါသည်။
“အမှန်တစ်ကယ်တော့ စက်စဲကမ်းခြေက အစိုးရက အုပ်ချုပ်တဲ့ ကမ်းခြေ တစ်ခု ဖြစ်တယ်၊ အခုက ဘယ်လို ဖြစ်နေလဲ ဆိုတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးက အုပ်ချုပ်တဲ့ ကမ်းခြေ ဖြစ်နေတယ် ဆိုတော့ ဒီဟာ ကတော့ မဖြစ်သင့်ဘူး ” ဟု ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ဆိုပါသည် ။
စက်စဲကမ်းခြေတွင် ဖွင့်လှစ် ထားသည့် ဟိုတယ်၊ ဘန်ဂလိုများအား လုပ်ထုံးလုပ်နည်း ၊ စည်းကမ်းများလိုက်နာ စေရန် အတွက် ညွှန်ကြား ထားပြီး ဖြစ်ကာ အကယ်၍ ကော်မီတီ စစ်ဆေးမှုများ၌ လိုက်နာဆောင်ရွက် ထားခြင်း မရှိဟု တွေ့ရှိ ခဲ့ပါက စစ်ဆေး အရေးယူ မှုများလုပ်ဆောင် သွားမည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိန်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။
“ဟိုတယ်တွေ အမှိုက်တွေ စနစ်တကျ ပစ်အောင် ကွျှန်တော်တို့ ညွှန်ကြား ထားပြီး ဖြစ်တယ်၊ ဒါကို မလိုက်နာဘူး ဆိုရင်တော့ သတိပေး ခံရမယ်၊ ပြန်ပြီး စစ်ဆေးမယ်။ ဘယ်လောက် ကျူးလွှန်လဲ ဆိုတဲ့အပေါ် ဘယ်လောက် အဆင့် အရေးယူ မလဲ ဆိုတာမျိုးကို လုပ်ဆောင် သွားမယ်၊ ဟိုတယ် ခေတ္တပိတ်တဲ့ အဆင့် အထိ အရေးယူ တာမျိုးတော့ လုပ်လို့ ရတာပေါ့လေ၊ ဒါပေမယ့် တစ်ခါမှတော့ မလုပ်ခဲ့ပါဘူး” ဟု ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။
မွန်ပြည်နယ်၏ လူသိများသည့် ကမ်းခြေ တစ်ခု ဖြစ်သည့် စက်စဲကမ်းခြေ သည်ကား ယနေ့အထိပင် သန့်ရှင်း သာယာ လှပသည့် ကမ်းခြေ တစ်ခုအဖြစ် လာရောက် လည်ပတ် သူများ ပြောစမှတ် မပြုနိုင် ကြသေးပေ။
အထူးသဖြင့် မြေယာ ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲရေး ရှူပ်ထွေးနေမှုကား ဤကမ်းခြေအား အဆင့်မြှင့်တင်ရေး စီမံချက်ကို စောင့်ကြိုနေသည့် အကြီးမားဆုံးသော အခက်အခဲ ဖြစ်ပေသည်။
ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရ ဝန်ကြီးချုပ် ဦးအုန်းမြင့် လက်ထက် ၌လည်း ဤစက်စဲ ကမ်းခြေအား အဆင့်မြှင့်တင် နိုင်ရေး ကြိုးပမ်း ခဲ့သော်လည်း မအောင်မြင်ခဲ့သည့် အခြင်းအရာကို ယခု NLD အစိုးရ က စွမ်ဆောင် ပေးနိုင်လေမည်လား။
စက်စဲကမ်းခြေကား နှစ်လို့ဖွယ် သန့်ရှင်းမှုနှင့် လတ်ဆတ်သည့် ပင်လယ် လေနုအေးများကို ပိုင်ဆိုင်သည့် ကမ်းခြေ တစ်ခု ဖြစ်လာစေရေးမှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၏ အပြောနှင့် အလုပ် လက်တွေ့ ကျမကျကို အဖြေညှိရမည့် သချၤာ ညီမျှခြင်း တစ်ခု ဖြစ်ပေသည်။