သမ္မတရာထူးအား လုပ်ပိုင်ခွင့် အခွင့်အာဏာ အများအပြား သိမ်းကံျုးပေးအပ်ထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် အောင်ပွဲဖြစ်ကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ကြေညာ လိုက်ပြီး ထိုဆန္ဒခံယူပွဲ၏ ရလဒ်သည် သမိုင်းဝင်မည့် ဆုံးဖြတ်ချက် ဖြစ်သည် ဟု ချီးကျူး ပြောကြားလိုက်သည်။
ထောက်ခံသော ဘက်မှ ရသည့် မဲမှာ ဆန်ကျင်သော မဲထက် ၁ ဒသမ ၃ သန်း ပိုမိုကြောင်း တရားဝင် မထုတ်ပြန်ရ သေးသော ရလဒ်များက ပြသနေသည် ဟု Erdogan က အစ္စတန်ဘူတွင် သတင်းထောက်များကို ပြောသည်။
သမ္မတက ချွေးသိမ့်ပြေငြိမ်းသည့် လေသံဖမ်းပြီး မည်သည့်ဘက်မှ မဲပေးခဲ့သည် ဖြစ်စေမဲ ဆန္ဒရှင်အားလုံးကို ကျေးဇူးတင်ကြောင်း ပြောပြီး ထိုဆန္ဒခံယူပွဲသည် သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်သည် ဟု ဆိုသည်။
“ဧပြီလ ၁၆ ရက်နေ့ဟာ ထောက်ခံသူ၊ ကန့်ကွက်သူ အားလုံး အတွက်၊ သန်း ၈၀ သော ပြည်သူအားလုံး အတွက်၊ တုရကီပိုင်နက် ၇၈၀၀၀၀ စတုရန်းမိုင် အတွက် အောင်ပွဲဖြစ်တယ်” ဟု Erdogan က ပြောသည်။
အစိုးရပိုင် Anadolu သတင်းဌာနက ဖော်ပြသော ရလဒ်အရ မဲအားလုံး၏ ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်တွင် ထောက်ခံမဲ ၅၁ ဒသမ ၃ ရာခိုင်နှုန်း ရှိပြီး ကန့်ကွက်မဲ ၄၈ ဒသမ ၇ ရာခိုင်နှုန်း ရှိနေသည်။
မလျှော်ဩဇာ အသုံးပြုသည်ဟု တူရကီ၏ အဓိက အတိုက်အခံပါတီက စွပ်စွဲပြီး ဆန္ဒခံယူပွဲရလဒ်များကို လက်မခံကြောင်း ကြေညာသည် ဟု Anadolu သတင်းဌာနကပင် ကြေညာသည်။
Erdogan သည် သူ၏ အာဏာကို ချဲ့ထွင်ရန် ကြိုးစားခဲ့သော်လည်း ယခင်က အားထုတ်မှုတွင်မူ သူပူးတွဲ တည်ထောင်ခဲ့သည့် ပါတီသည် ဆန္ဒခံယူပွဲ မကျင်းပဘဲ ပြုပြင်ပြောင်းလဲရေးကို အတည်ပြုရန် လုံလောက်သော မဲအရေအတွက် မရခဲ့ပေ။
ယခုအစီအစဉ်သည် အာဏာရှင်ကဲ့သို့ တဦးတယောက်၏ လက်တွင် အာဏာအများအပြားကို စုစည်းပေးခြင်းသာ ဖြစ်သည် ဟု အတိုက်အခံတို့က ဝေဖန်ကြသည်။
ဤဆန္ဒခံယူပွဲ၏ ရလဒ်သည် တူရကီ၏ ရေရှည် နိုင်ငံရေး အနာဂတ်နှင့် နိုင်ငံတကာ ဆက်ဆံရေးအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိမည် ဟု မျှော်လင့်ရသည်။ အတည်ပြုပြီးပါက ယခုရလဒ်သည် Erdogan မျှော်မှန်းထားသကဲ့သို့ အပြတ်အသတ် အောင်ပွဲ မဟုတ်သော်လည်း သူသည် တိုင်းပြည်အုပ်ချုပ်ရေး အပေါ် သူ၏ ချုပ်ကိုင်မှုကို ခိုင်မာစေမည် ဖြစ်သည်။
ဆန္ဒခံယူပွဲက အဆုံးအဖြတ်ပေးသည့် သမ္မတစနစ် အစိုးရ လက်အောက်တွင် ရာထူးပျောက်ကွယ်မည့် ဝန်ကြီးချုပ် Binali Yildirim ကလည်း ရလဒ်များကို ကြိုဆိုကြောင်း ပြောပြီး အတိုက်အခံများသို့ လက်ကမ်းခဲ့သည်။
“ကျနော်တို့ အားလုံးဟာ တန်းတူညီမျှတဲ့ တူရကီ သမ္မတနိုင်ငံရဲ့ နိုင်ငံသားတွေ ဖြစ်ပါတယ်။ ထောက်ခံသူတွေရော ကန့်ကွက်သူတွေပါ အတူတူပဲ။ တန်းတူ တန်ဖိုးထားပါတယ်”ဟု သူက ပြောသည်။
“ဒီဆန္ဒခံယူပွဲမှာ ရှုံးသူရယ်လို့ မရှိပါဘူး။ တူရကီ နိုင်တယ်၊ တူရကီကို ချစ်တဲ့ ပြည်သူတွေ နိုင်တယ်” ဟု သူက ဆက်ပြောပြီး “ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရက်တစ် သမိုင်းမှာ စာမျက်နှာသစ်ကို ဒီဆန္ဒခံယူပွဲနဲ့ ဖွင့်လှစ်လိုက်ပါပြီ။ ဒီရလဒ်ကို ပြည်သူတွေ သက်သာချောင်ချိရေးနဲ့ ငြိမ်းချမ်းရေး အတွက် အကောင်းဆုံး အသုံးပြုရမယ်” ဟုလည်း သူက ထပ်ပြောသည်။
Erdogan ကို ထောက်ခံသူများသည် အစ္စတန်ဘူ ရှိ AK ပါတီဌာနချုပ် ပြင်ပတွင် စုဝေးကြပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ကြသည်။
သို့သော် အဓိက အတိုက်အခံ ပြည်သူ့ ဒီမိုကရက်တစ်ပါတီ (People’s Democratic Party) သို့မဟုတ် CHP ပါတီက ဆန္ဒခံယူပွဲ ရလဒ်နှင့် ပတ်သက်၍ သံသယဝင်နေပြီး ဒုဥက္ကဌ Erdal Aksunger က မဲပုံးများ၏ ၃၇ ရာခိုင်နှုန်း ကို လက်မခံဘဲ အယူခံဝင်မည် ဟု ပြောသည်။
“ကျနော်တို့ ရရှိထားတဲ့ အချက်အလက်တွေ အရ လိုသလို အလွဲသုံးချမှု ၃ ကနေ ၄ ရာခိုင်နှုန်းအထိ ရှိနေတယ်” ဟုထိုပါတီက တွစ်တာ တွင်ရေးသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို ဆန့်ကျင်သည့် ကာ့ဒ် လိုလားသော အတိုက်အခံ ပါတီကမူ မဲအားလုံး၏ သုံးပုံ နှစ်ပုံကို ကန့်ကွက်မည် ဟု ပြောသည်။
တရားဝင်တံဆိပ်တုံး ခပ်နှိပ်မထားသော မဲများကို လက်ခံသည့် တူရကီရွေးကောက်ပွဲ ကော်မရှင်၏ မကြုံစဖူး ဆုံးဖြတ်ချက် ကြောင့်လည်း CHP ပါတီကို ဒေါသထွက်စေကာ ပါတီ ဒုဥက္ကဌ Bulent Tezcan က ထို ဆုံးဖြတ်ချက်ကြောင့် ဆန္ဒခံယူပွဲ၏ တရားဝင်မှု ပြဿနာ ဖြစ်လာရသည် ဟု ပြောသည်။
တရားဝင် တံဆိပ်တုံး မနှိပ်ထားသော မဲဆန္ဒစာရွက်များသာ ရရှိသည်ဟု မဲဆန္ဒရှင်များက တိုင်ကြားပြီးနောက် လိမ်လည် မဲပေးကြောင်း ပြသနိုင်သော မဲများကိုသာ ပယ်မည် ဟု ကော်မရှင်က ပြောပြီး ထိုကြေညာချက် ထုတ်ပြန်ခဲ့သည်။
တနင်္ဂနွေနေ့က ကျင်းပသော ဆန္ဒခံယူပွဲတွင် ပါလီမန်စနစ်ကို သမ္မတ အစိုးရစနစ်နှင့် အစားထိုးရေး၊ ဝန်ကြီးချုပ်ရာထူးကို ဖျက်သိမ်းရေး၊ သမ္မတကို အုပ်ချုပ်ရေး အာဏာအားလုံး သိမ်းကျုံးပေးရေး စသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၁၈ ချက် ပြင်ဆင်ရေး ပါဝင်သည်။ ထိုအပြောင်းအလဲ များသည် ၂၀၁၉ တွင် စီစဉ်ထားသော နောက်တကြိမ်ရွေးကောက်ပွဲမှ စတင် အသက်ဝင်မည် ဖြစ်သည်။
ထိုပြုပြင်ပြောင်းလဲမှု အရ သမ္မတသည် ဝန်ကြီးများ၊ ထိပ်တန်း အစိုးရအရာရှိများနှင့် အမြင့်ဆုံး တရားစီရင်ရေး အဖွဲ့ဝင် ထက်ဝက်ကို ခန့်အပ်ကာ အရေးပေါ် အခြေအနေ ကြေညာသော အမိန့်များ ထုတ်ပြန်ခွင့် ရမည် ဖြစ်သည်။ သမ္မတ၏ သက်တမ်းကို ၅ နှစ် နှစ်ကြိမ် ခွင့်ပြုပြီး သမ္မတကို နိုင်ငံရေးပါတီ အကြီးအကဲ အဖြစ်လည်း ဆက်လက် တာဝန်ယူခွင့် ပြုထားသည်။
တူရကီပုံစံ သမ္မတစနစ်သည် လူ ၂၀၀ ကျော်သေဆုံးစေသည့် ယခင်နှစ်က မအောင်မြင်သော အာဏာ သိမ်းမှု၊ အစ္စလာမ်မစ် သမ္မတနိုင်ငံ အုပ်စုများနှင့် ကာ့ဒ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုများကြောင့် လှုပ်ခါနေသော နိုင်ငံသို့ တည်ငြိမ်မှု၊ ကြွယ်ဝချမ်းသာမှုများ ဆောင်ယူလာမည် ဟု Erdogan နှင့် သူ့ကို ထောက်ခံသူများက ပြောကြသည်။
ထိုပြောင်းလဲမှုသည် လူတဦးတည်းက ပဒေသရာဇ်ဆန်သည့် အုပ်ချုပ်မှုသို့ ဦးတည်ကာ ဖိနှိပ်မှု၊ အခွင့်အရေး ချိုးဖောက်မှုများ စွပ်စွဲခံနေရသော အသက် ၆၃ နှစ်အရွယ် Erdogan ကို ၂၀၂၉ ခုနှစ် အထိ အပြန်အလှန် ထိန်းကြောင်းမှု မရှိဘဲ အုပ်ချုပ်ခွင့် ပေးမည်ကို အတိုက်အခံတို့က စိုးရိမ်ကြသည်။
ဆန္ဒခံယူပွဲတွင် ဆန္ဒခံယူသည့် ကိစ္စရပ် အကြောင်းအရာများကို ဖော်ပြထားခြင်း မရှိဘဲ ထိုအချက်များကို အားလုံး နားလည်ပြီး ဖြစ်သည် ဟု ယူဆသည်။ မဲမေးသူများသည် ထောက်ခံရန်၊ ကန့်ကွက်ရန် တရားဝင်တံဆိပ်တုံးကို အသုံးပြုရသည်။
အစ္စတန်ဘူရှိ မဲရုံတခုတွင် စိတ်အားထက်နေသော မဲဆန္ဒရှင်များသည် မဲရုံဖွင့်ချိန် ၈ နာရီမတိုင်မီကပင် စောင့်ဆိုင်းနေ ကြသည်။
“ဘရိတ်မပါတဲ့ ဘတ်စ်ကားပေါ်ကို ကျနော် မတက်ချင်ဘူး။ တကိုယ်တော် စနစ်ဆိုတာ ဒါပဲလေ” ဟု ကန့်ကွက်မဲ ပေးခဲ့သည် ဟု ဆိုသူ အစ္စတန်ဘူမှ အသက် ၆၁ နှစ် အရွယ်ရှိ Husnu Yahsi က ပြောသည်။
အစ္စတန်ဘူရှိ အခြားသော ရပ်ကွက်တခုတွင်မူ ထောက်ခံမဲ ပေးသူတဦးက Erdogan အပေါ် အပြည့်အဝ ထောက်ခံမှုကို ပြသသည်။
“ထောက်ခံတယ်၊ ထောက်ခံတယ်။ ဒီခေါင်ဆောင်ဟာ ဘုရားပေးတဲ့ ခေါင်းဆောင်ပဲ။ ငါတို့ သူ့ကို ထောက်ခံမယ်။ သူ အုပ်ချုပ်တာ အရမ်းကောင်းတယ်” ဟု Mualla Sengul ဆိုသူက ပြောသည်။
Erdogan သည် ၂၀၀၃ ခုနှစ်တွင် ပထမဆုံးအကြိမ် အာဏာရခဲ့ပြီး ဝန်ကြီးချုပ်တာဝန်ယူကာ ၂၀၁၄ ခုနှစ်တွင် တူရကီ၏ ပထမဆုံး တိုက်ရိုက်ရွေးချယ်ခံ သမ္မတ တာဝန်ယူချိန်အထိ ဆက်လက် လုပ်ဆောင်ခဲ့သည်။
ဆန္ဒခံယူပွဲ အတွက် မဲဆွယ်ခြင်းမှာ သွေးကွဲစရာ ဖြစ်ခဲ့ပြီး ထောက်ခံသော ဘက်ကသာ နိုင်ငံတဝန်းတွင် ရုပ်သံ ထုတ်လွှင့်ခွင့်နှင့် ဘီလ်ဘုတ် ကြော်ငြာများ ရယူထားပြီး အကြီးအကျယ် တဘက်သတ် ဆန်သည်။ ကန့်ကွက်မဲကို ထောက်ခံသူများက ရိုက်နှက်ခြင်း၊ ဖမ်းဆီးခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းများ ရှိသည် ဟု တိုင်ကြားကြသည်။
တူရကီနိုင်ငံကို ပြဿနာများစွာ ရိုက်ခတ်ခံနေရချိန်တွင် ယခု ဆန္ဒခံယူပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ Erdogan သည် လွန်ခဲ့သော ဇူလိုင်လ အာဏာသိမ်းမှုကို ရင်ဆိုင်နိုင်ခဲ့ပြီး ထိုကိစ္စမှာ ယခင်က မဟာမိတ် ယခုရန်သူ ဖြစ်နေသည့် အမေရိကန်တွင် နေထိုင်သူ အစ္စလာမ်တရားဟောဆရာ Fethullah Gulen ၏ လက်ချက်ဟု စွပ်စွဲသည်။ Fethullah Gulen က အာဏာသိမ်းမှုကို မသိကြောင်း ငြင်းသည်။
သို့သော် အစိုးရ၏ ကျယ်ပြန့်လှသော ချေမှုန်းမှုသည် Fethullah Gulen ၏ နောက်လိုက်များနှင့် အခြားသော အစိုးရ ဆန့်ကျင်သူများကို ပစ်မှတ်ထားပြီး ၎င်းတို့ကို အကြမ်းဖက်သမားများ ဟု တံဆိပ်ကပ်ကာ အရေးပေါ် အခြေအနေ ကြေညာသည်။
အစိုးရ၏ ချေမှုန်းမှု အတွင်း တရားသူကြီးများ၊ ကျောင်းဆရာများ၊ ပညာရှင်များ၊ ဆရာဝန်များ၊ သတင်းစာဆရာများ၊ စစ်အရာရှိများ၊ ရဲများ အပါအဝင် လူ ၁ သိန်းခန့် အလုပ်ပြုတ်ပြီး လူ ၄၀၀၀၀ ကျော် အဖမ်းခံရသည်။ ရာပေါင်းများစွာသော သတင်းဌာနများနှင့် အစိုးရမဟုတ်သော အဖွဲ့များ ကိုလည်း ပိတ်လိုက်သည်။
တူရကီသည် တိုင်းပြည်၏ မတည်ငြိမ်သော အရှေ့တောင်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် ကာ့ဒ်စစ်သွေးကြွများ အကြား အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဗုံးခွဲတိုက်ခိုက်မှုများကိုလည်း အသစ်တဖန် ကြုံတွေ့နေရသည်။ ထို ဗုံးခွဲတိုက်ခိုက်မှု အချို့ကို ဆီးရီးယား နယ်စပ်ရှိ အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့ (IS) က ပြုလုပ်သည်။
ဆီးရီးယား စစ်ပွဲ ကလည်း ဒုက္ခသည် ၃ သန်းကို ဆီးရီးယား နယ်စပ် ဖြတ်ကျော် ဝင်ရောက်စေသည်။ နယ်စပ်ရှိ IS တပ်များ၏ ခြိမ်းခြောက်မှုကို ရှင်းလင်းရန် တူရကီက ဆီးရီးယား အတိုက်အခံများကို ကူညီရေး အတွက် ဆီးရီးယား အတွင်းသို့ တပ်များ စေလွှတ်သည်။ တချိန်တည်းတွင် တူရကီနှင့် ဥရောပ သမဂ္ဂ ဆက်ဆံရေးမှာ လွန်စွာ တင်းမာနေသည်။ အထူးသဖြင့် တင်းမာရခြင်းမှာ ဂျာမဏီနှင့် နယ်သာလန်တို့က တူရကီဝန်ကြီးများ အဝေးရောက် တာ့ခ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံ မဲဆွယ်ခွင့် မပေးသောကြောင့် Erdogan က ထိုနှစ်နိုင်ငံကို နာဇီများဟု စွပ်စွဲသောကြောင့် ဖြစ်သည်။ ။
(AP သတင်း ဆောင်းပါးရှင် Elena Becatoros and Zeynep Bilginsoy တို့၏ Turkish President Erdogan Claims Victory in ‘Historic Decision’ That Greatly Expands His Powers ကို ဘာသာပြန်သည်။)