ရန်ကုန်ရှိ အထွေထွေ ရောဂါကု ဆေးရုံတရုံတွင် ဆေးကုသမှုခံယူရင်း တနင်္လာနေ့ နံနက်က ကွယ်လွန် သွားခဲ့သော ရိုးသားတည်ကြည်ပြီး အမှန်တရား အတွက် မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့သူ၊ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်နှင့် ဝါရင့် သတင်းစာဆရာကြီးလည်း ဖြစ်သည့် ဦးဝင်းတင်၏ ဘဝဖြတ်သန်းမှုမှ မြန်မာနိုင်ငံအနေနှင့် သင်ခန်းစာယူစရာ များစွာ ရှိနေလေသည်။
အသက် ၈၄ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့သော ဦးဝင်းတင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ကို စတင် ထူထောင်သူများထဲတွင် တဦးအပါအဝင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် က သူ့ကို ရိုးသားတည်ကြည်မှု ပြည့်ဝသူ၊ မှန်တာကို လုပ်ရဲသူ ဟု ခေါ်ပြီး နိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုကို ဦးဆောင်ရာတွင် အရေးပါသော အခန်းမှ ပါဝင်သူ ဟု ပြောခဲ့သည်။
သို့သော် ဖိနှိပ်တတ်သော မည်သည့် အစိုးရအတွက် မဆို ဦဝင်းတင်သည် မဟာရန်သူတော်ကြီး ဖြစ်ခဲ့သည်။ သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ယခင်စစ်အစိုးရက သူ့ကို ဆယ်စုနှစ် နှစ်ခုနီးပါး ထောင်သွင်းအကျဉ်းချကာ ညှဉ်းပမ်း နှိပ်စက်သည်၊ ဆေးကုသခံယူခွင့် ပိတ်ပင်သည်၊ သူ၏ နေအိမ်ကိုလည်း သိမ်းယူခဲ့သည်။ မတတ်သာသည့် အဆုံး ၂၀၀၈ ခုုနှစ်တွင် သူ့ကို ပြန်လွှတ်ပေးလိုက်ရသော အခါ သူ့ကို ခံဝန်ဖြင့်သာ လွှတ်ပေးမည်ဟု စစ်အစိုးရက ခြိမ်းခြောက် ပြန်သည်။ ထိုသို့သော ဖိအားများ ရှိစေကာမူ သူသည် သူ၏ မူကို အလျှော့မပေးခဲ့ပေ။
ထောင်သွင်း အကျဉ်းချခံထားရစဉ် ကလည်း ဦးဝင်းတင်သည် ဒီမိုကရေစီသို့ ရိုးရှင်းဆီလျော်သည့် လမ်းကြောင်း တခုကို ချမှတ်ပေးသော “စု၊ လွှတ်၊ တွေ့” ဟူသည့် ဆောင်ပုဒ်ကို တီထွင်ခဲ့သည်။ မြန်မာနိုင်ငံ၏ လက်ရှိ ခေါင်းဆောင်များသည် ၎င်းတို့၏ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အပေါ် စိုးစဉ်းမျှအလေးအနက် ထားသည် ဆိုလျှင် ၎င်းတို့သည် ထိုဆောင်ပုဒ်ကို နှလုံးသားတွင် ကောင်းစွာ မှတ်သားထားကြမည်သာ ဖြစ်သည်။
“စု” ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးကို ဆိုလိုသည်။ “လွှတ်” ဟူသော လွှတ်တော် အတွက်အတိုကောက် စကားလုံးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရသော ၁၉၉၀ ရွေးကောက်ပွဲမှ ရွေးချယ်သော ကိုယ်စားလှယ်များနှင့် လွှတ်တော် ခေါ်ယူရေးဖြစ်သည်။ “တွေ့” ဟူသော စကားမှာ အုပ်ချုပ်သူ အစိုးရနှင့် အတိုက်အခံ အုပ်စုများ တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေး ဆွေးနွေးပွဲကို ဆိုလိုသည်။
ထိုဆောင်ပုဒ်ကို နိုင်ငံရေး အကျဉ်းသားများနှင့် အတိုက်အခံ နိုင်ငံရေး သမားများက လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့ကြ သော်လည်း အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် စစ်အစိုးရက “စု၊ လွှတ်၊ တွေ့” ကို မသိကျိုးကျွံပြုခဲ့ ကြသည်။ သမ္မတ ဦးသိန်းစိန် လက်အောက်တွင် ဦးဝင်းတင်၏ မူဝါဒ ၃ ခုအနက် ပထမတခုနှင့် ပတ်သက်၍ တိုးတက်မှု အချို့ ရှိခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ မှစ၍ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ထောင်များမှ လွှတ်ပေးခဲ့ သော်လည်း အချို့မှာ သံတိုင်များ နောက်တွင် ရှိနေဆဲ ဖြစ်သည်။
ဒုတိယ မူဝါဒမှာ လုံးဝ အကောင်အထည် ပေါ်မလာခဲ့ပေ။ ၁၉၉၀ ရွေးကောက်ပွဲ၏ ရလဒ်ကို ဦးသန်းရွှေ အစိုးရက ပယ်ဖျက်ခဲ့ကာ ၎င်းတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း လွှတ်တော် ကိုယ်စားလှယ် နေရာများတွင် လက်ရှိ အာဏာရ (ကြံ့ခိုင်ရေး) ပါတီကိုယ်စားလှယ်များသာ အနိုင်ရရေး အတွက် မဲလိမ်ခဲ့ကြသည်။ သို့သော် ၂၀၁၂ တွင် ကျင်းပသည့် လွတ်လပ်မျှတသော ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုုယ်စားလှယ်များက (၄၃) နေရာ အနိုင်ရကာ ဦးဝင်းတင်၏ မျော်မှန်းချက်နှင့် နီးကပ်လာအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။
နောက်ဆုံး မူဝါဒ ဖြစ်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးမှာ အရေးအကြီးဆုံး ဖြစ်သည်။ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အသိုင်းအဝန်းတို့၏ ထောက်ခံမှုဖြင့် အတိုက်အခံအုပ်စုများက အာဏာရ ခေါင်းဆောင်များကို အကြိမ်ကြိမ် တောင်းဆို ခဲ့သော်လည်း နိုင်ငံရေး ဆွေးနွေးပွဲမှာ ပေါ်ပေါက်လာခြင်း မရှိသေးပေ။ လူမျိုးစုများနှင့် ဆွေးနွေးရာတွင် နေပြည်တော် က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ဦးစွာ ရုပ်ဆောင်ရမည်ဟု ဆိုကာ နိုင်ငံရေး ပြဿနာများနှင့် ပတ်သက်သော အရေးပါသည့် ဆွေးနွေးပွဲများကို ဆက်လက် နှောင့်နှေးအောင် လုပ်ဆောင်နေသည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသည့် သမ္မတ ဦးသိန်းစိန်၊ စစ်တပ်အကြီးအကဲ နှင့် လွှတ်တော် ဥက္ကဋ္ဌတို့နှင့် လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ လျစ်လျှူရှုခံထားရပြီး အစိုးရ၏ မခိုင်မာသော ပြုပြင်ပြောင်းလဲရေး ကတိကဝတ် အတွက် အရှက်ရစရာ ဖြစ်ခဲ့သည်။
ဤကိစ္စများ အတွက် အကြံဉာဏ်ကောင်းများ ရရှိရန် နိုင်ငံပြင်ပမှ ဖြစ်ရပ်များကို လေ့လာသင့်ပါသည်။ အထူးသဖြင့် ယနေ့ မြန်မာတို့သည် တောင်အာဖရိက၏ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး တိုက်ပွဲကို လေ့လာနိုင်သည်။ ၂၀၁၂ ခုနှစ်က ဝါရှင်တန်မှ Carnegie Endowment for International Peace တွင် ပြောကြားသော မိန့်ခွန်းတခုတွင် တောင်အာဖရိက သမ္မတဟောင်း ဒီကလပ် က တိုင်းပြည်၏ ပထမဆုံး ဒီမိုကရေစီ ပြည့်ဝသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရန် ၁၉၉၃ ခုနှစ် နှောင်းပိုင်းတွင် သူနှင့် နယ်လ်ဆင်မင်ဒဲလားတို့ မည်သို့မည်ပုံ လုပ်ဆောင်ခဲ့သည်ကို မျှဝေခဲ့သည်။ ဒီမိုကရေစီသို့ ကူးပြောင်းရေး အတွက် သင်ခန်းစာ ၅ ခုကို သူထောက်ပြသည်။
“ပထမဆုံး အချက်အနေနဲ့ အကြမ်းဖက်မှု သံသရာက လွတ်မြောက်ချင်ရင်၊ ပိုမို ကြွယ်ဝချမ်းသာတဲ့ လူ့အဖွဲ့အစည်း အတွက် အုတ်မြစ်ချချင်ရင်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ချင်ရင်… စလုပ်ရမှာက အခြေခံကျတဲ့ အပြောင်းအလဲ လိုအပ်တာကကို ခေါင်းဆောင်တွေ အနေနဲ့ ယုံကြည်ကြရမယ်” ဟု သူက ပြောသည်။
အသားအရောင် ခွဲခြားမှု အဆုံးသတ်ရေး လှုပ်ရှားမှုသည် နောက်ဆုံးတွင် လူမည်းနှင့် လူဖြူခေါင်းဆောင် အားလုံး၏ ထောက်ခံမှုကို ရခဲ့သည်။ မြန်မာနိုင်ငံတွင်မူ ပြီးခဲ့သည့် ၃ နှစ်တွင် တိုးတက်မှုအချို့ ရရှိခဲ့ပြီး ထိုအကန့်အသတ် ရှိသော ပြုပြင်ပြောင်းလဲရေးကို နိုင်ငံတကာ အသိုင်းအဝန်းက ချီးကျူးခဲ့ကြသဖြင့် အစိုးရသည် အခြေခံကျသည့် အပြောင်းအလဲ လိုအပ်သည်ဟု ယူဆပုံမရပေ။
ဒီကလပ် ပြောတဲ့ ဒုတိယ အချက်ကတော့ စနစ်သစ်တခုဟာ အားလုံး ပါဝင်ခွင့်ရှိတဲ့ ညှိနှိုင်းမှုတွေက ရတဲ့ သဘော တူညီချက်တွေ အပေါ် အခြေခံရင် အောင်မြင်မှု အရဆုံးပဲ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ “ကျနော် ဘာကြောင့် အားလုံး ပါဝင်ခွင့်ရတဲ့ ညှိုနှိုင်းမှုတွေကို အလေးထားရတာလဲ။ ပဋိပက္ခ အများစုမှာ ကွဲပြားတဲ့ အစီအစဉ်တွေ၊ မတူညီတဲ့ စိုးရိမ်ပူပန်မှုတွေ၊ ကွဲပြားတဲ့ ရည်မှန်းချက်တွေနဲ့ ပါဝင်ပတ်သက်သူ အများကြီး ရှိကြလို့ပါ” ဟု သူက ရှင်းပြသည်။
“လူဦးရေရဲ့ အများစု ပါဝင်ခွင့်ရတဲ့၊ ကျယ်ပြန့်တဲ့၊ အများ သဘောတူညီချက် အပေါ် အခြေခံတဲ့ သဘောတူညီချက် တွေ ရမှပဲ ကျနော်တို့ဟာ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို၊ စေ့စပ်ညှိုနှိုင်းရရှိတဲ့၊ ဒီသဘောတူညီချက်ရဲ့ မူတွေကို ကျနော်တို့ ပိုင်မယ်။ ဒါမှ ရေရှည်တည်တံ့မယ် ဆိုတာ သေချာနိုင်တယ်” ဟု သူ ဆက်ပြောသည်။
တတိယအချက်အနေဖြင့် တောင်အာဖရိက သမ္မတဟောင်းက “ဒီလို ဆွေးနွေးညှိုနှိုင်းမှုတွေနဲ့ သူတို့တွေ ကနေ ရလာတဲ့ သဘောတူညီမှု တွေဟာ ပဋိပက္ခမှာပါဝင်တဲ့သူအသီးသီးရဲ့ ကျိုးကြောင်းဆီလျော်တဲ့ စိုးရိမ်မှု တွေနဲ့ ရည်မှန်းချက် တွေကို ဖြည့်ဆည်းပေးရမယ်။ ဒါဟာဘက်အသီးသီးက စွန့်လွှတ်အနစ်နာ ခံရမယ် လို့ ဆိုလိုတာပဲ။ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်မှာ နိုင်သူ၊ ရှုံးသူ မရှိရဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကျနော် ပြောချင်တာက စေ့စပ်ညှိုနှိုင်းမှုဟာ အပေးအယူ အပေါ် အခြေခံရမယ်။ အားလုံးမှာ နစ်နာတာတွေ ရှိပေမယ့် အားလုံးဟာ စေ့စပ်ညှိနှိုင်းမှုကနေ ကျေနပ်စရာတွေ ရရမယ်” ဟု ဆက်ပြောသည်။
မြန်မာနိုင်ငံတွင်မူ အားလုံး ပါဝင်ပတ်သက်နိုင်မှုသည် ရှားပါးလှသည်။ အစိုးရက အတိုက်အခံနှင့် လူမျိုးစုများ၏ တောင်းဆိုမှုကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုသောကြောင့် စေ့စပ်ညှိုနှိုင်းမှုများတွင် အပေးအယူ မရှိပေ။
စတုတ္ထ အချက်အနေဖြင့် ဒီကလပ် က ညီညွတ်မှုနှင့် ကွဲပြားစုံလင်မှု အကြား ချိန်ခွင်လျှာ ညီရေးကို ထောက်ပြသည်။
“အဲဒီမှာ ပြသနာကတော့ ကွဲပြားမှုကို ဘယ်လို နေရာချထားမလဲ၊ ဘယ်လို စီမံမလဲ ဆိုတာပဲ။ ပြဿနာကို ဖြေရှင်းချင်ရင်၊ အကူးအပြောင်း နိုင်ငံတွေမှာ ငြိမ်းချမ်းမှု ရှိချင်ရင် ညီညွတ်မှုနဲ့ ကွဲပြားမှု အကြား ချိန်ခွင်လျှာ ညီဖို့ လိုတယ်။ အရေးပါတဲ့ လူမျိုးစုတွေဟာ သူတို့တွေ ခွဲခြားဆက်ဆံခံရတယ်လို့ မထင်ဖို့ လိုတယ်။ သူတို့တွေဟာ အဖွဲ့အစည်း တခုလုံးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြု ခံရတယ် လို့ ခံစားရဖို့လိုတယ်” ဟု သူက ပြောသည်။
ထိုအချက်မှာ လူမျိုးစုများစွာ ရှိပြီး အစိုးရကို ဆယ်စုနှစ် များစွာကြာ တိုက်ခိုက်နေသော မြန်မာနိုင်ငံအတွက် ရှုပ်ထွေးလှသော အချက်ဖြစ်သည်။ အာဏာရ ကြံခိုင်ရေး ပါတီက လူမျိုးစုများ တောင်းဆိုသည့် ဖက်ဒရယ်စနစ်ကို ထုထောင်ရန် စိတ်မပါလှပေ။
နောက်ဆုံးအချက် အနေဖြင့် ဒီကလပ်က အတိတ်မှ နိုင်ငံရေး ရာဇဝတ်မှုများ ဖြေရှင်းရန် နည်းစနစ် ရှာဖွေရေးကို ပြောသည်။
“နိုင်ငံအများအပြားမှာ စေ့စပ်ညှိုနှိုင်းမှု အောင်မြင်ရေး အတွက် ကြီးမားတဲ့ အတားအဆီး တခုရှိတယ်။ အဲဒီ အတားအဆီး ကတော့ ခေါင်းဆောင်တွေ အနေနဲ့ အခြေအနေကို ပြောင်းပစ်ဖို့ အစီအစဉ်တွေ ချမှတ်ရာမှာ၊ ဒီမိုကရေစီ နဲ့ ပိုမို လွတ်လပ်မှုကို ဆက်လက်ချီတက်ရာမှာ အတားအဆီး ဖြစ်စေတဲ့ အချက်ပဲ။ ဒါကို မေးခွန်းနှစ်ခုတည်းနဲ့ အနှစ်ချုပ်လို့ ရတယ်။ ‘ငါ အာဏာစွန်လွှတ်ရရင် ထောင်ကျမလား ဆိုတဲ့ မေးခွန်းနဲ့ ငါ့ကို အရေးယူကြမလား’ ဆိုတဲ့ မေးခွန်းပဲ” ဟု သူက ပြောသည်။
မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ဟောင်းများသည် (လက်ရှိ စစ်တပ်ခေါင်းဆောင်များ၊ အစိုးရ အရာရှိများ၊ အာဏာရပါတီမှ သူများ အပါအဝင်) ထိုကဲ့သို့သော စိုးရိမ်စိတ်ဖြင့် နေကြရသည်မှာ သေချာသည်။ ဤနေရာတွင် တောင်အာဖရိက၏ ခြေရာကို နင်းပြီး အစိုးရနှင့် အတိုက်အခံအုပ်စုများ အကြား နိုင်ငံရေးဆွေးနွေးပွဲ အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ကို ဆွေးနွေးခြင်းကို ရွေးချယ်နိုင်သည်။ စစ်မှန်သော ပြုပြင်ပြောင်းလဲရေးတွင် အပြည့်အဝ ပါဝင်နိုင်ရေး အတွက် မြန်မာ အတိုက်အခံ ခေါင်းဆောင်များ အနေဖြင့် တန်ပြန် အပြစ်ပေးလိုသော စိတ်ကို စွန့်လွှတ်လိုက်နိုင်ခြေ ရှိပါသည်။
တဖန် ထိုအချက်များသည်လည်း နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမှသာ ဖြစ်ပေါ်လာနိုင်ပြီး ဦးဝင်းတင်၏ တတိယမူဝါဒ ဖြစ်သော “တွေ့” နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေးသို့ ပြန်ရောက်လာပြန်သည်။ တွေ့ဆုံဆွေးနွေးရေး မရှိပါက မြန်မာ နိုင်ငံသည် ဒီမိုကရေစီ သို့ ရောက်မည် မဟုတ်ပေ။ စစ်တပ် ခေါင်းဆောင်များနှင့် အာဏာရ ပါတီ ခေါင်းဆောင်များက အခြေခံကျသော အပြောင်းအလဲ လိုအပ်သည်ဟု မယူဆလျှင် တွေ့ဆုံဆွေးနွေပွဲများ ပေါ်ပေါက်မည် မဟုတ်ပေ။
ကံမကောင်း အကြောင်းမလှ စွာပင် ဦးဝင်းတင်ကို ခေါင်းမာသူဟု မြင်သော ယခင်အာဏာရ ပါတီ ခေါင်းဆောင်သည် ဦးဝင်းတင် ယခု ကွယ်လွန်သောအခါ မိကျောင်းမျက်ရည် ကျကောင်းကျပြမည် ဖြစ်သော်လည်း ဦးဝင်းတင်၏ နိုင်ငံရေး အကြံဉာဏ်များကို အလေးအနက် ထားမည့် သဘော မရှိပေ။ ပြီးခဲ့သည့် ၃ နှစ် အတွင်း အစိုးရ၏ ပြုပြင်ပြောင်းလဲရေးများ အရ တိုင်းပြည်၏ စစ်တပ်ခေါင်းဆောင်များသည် အခြေခံကျသော အပြောင်းအလဲ လိုအပ်သည် ဟု ယုံကြည်ကြောင်း ပြသသည့် လက္ခဏာ မရှိလှပေ။
ဤ အချက်ကို လက်တွေ့ဝါဒီ တဦးဖြစ်သည့် ဦးဝင်းတင်က နားလည် သဘောပေါက်ပြီး ဖြစ်သည်။ ထိုကြောင့်ပင် ဦးသိန်းစိန်အစိုးရကို သူ အယုံအကြည် မရှိခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်က သူ၏ နေအိမ်တွင် ပြုလုပ်သော အင်တာဗျူးတွင် ထိုစဉ်က အစိုးရထိပ်တန်း ခေါင်းဆောင်များကို သူ့အနေဖြင့် “သူခိုးဂိုဏ်း”တခု အဖြစ်သာ သဘောထားနိုင်သည်ဟု စာရေးသူကို ပြောခဲ့သည်။
“သတင်းစာဆရာတွေ အပါအဝင် ကျုပ်တို့အားလုံးဟာ လိုဏ်ခေါင်းထဲမှာပဲ ရှိနေသေးတယ်။ ထွက်ပေါက် မရှိရင် သတင်းစာဆရာတွေက ဖောက်ထွက်ရမယ်” ဟုလည်း သူက ဆက်ပြောသည်။
အဖမ်း မခံရမီကပင် နှစ်ပေါင်းများစွာ တဦးတည်း နေထိုင်ခဲ့ရပြီးသည့်တိုင် ဦးဝင်းတင်၏ ဘဝတွင် ဒီမိုကရေစီရေး တိုက်ပွဲ ဟူသည့် တွယ်ညှိစရာ တခုတော့ ရှိနေပါသေးသည်။ “ကျနော့် နောက်ဆုံးထွက်သက် အထိ ကျနော့် လက်ကျန် ခွန်အားနဲ့ စစ်အာဏာရှင်စနစ်ကို ဖြိုချဖို့ ကြိုးစားမယ်” ဟုလည်းသူက ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက ဧရာဝတီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
နောက်ဆုံး အချိန်အထိ သူသည် ထိုကတိကို စောင့်ထိန်းခဲ့သည်။ သူ ကွယ်လွန်ခြင်းနှင့် အတူ မြန်မာနိုင်ငံသည် မဟာလူသားတဦး ဆုံးရှုံးခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ၂၀၁၄ ခုနှစ်က ဖော်ပြခဲ့သော Win Tin’s Lessons for Burma ကို ဘာသာပြန်သည်။)