မြန်မာပြည်မှာ ဒီမိုကရေစီ တိုက်ပွဲကို နှစ်ပေါင်းများစွာ ဆင်နွဲခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထု ထောက်ခံမှုနဲ့ အာဏာရလာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဟာ အစိုးရဖွဲ့နိုင်ပြီး တနှစ်ကြာသည်အထိ ပြည်သူအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ထိရောက်အောင် မဆောင်ရွက်နိုင်သေးဘူးလို့ အတိုက်အခံ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်လျက် ရှိပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေကို ပြည်သူတွေ မျှော်လင့်သလောက် မဆောင်ရွက်နိုင်သလို တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေးမှာလည်း မအောင်မြင်တာ၊ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့ တပ်မတော်နဲ့ ဆက်ဆံရေး မတည်ဆောက်နိုင်သေးတာတွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်တဲ့။
NLD ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ မအောင်မြင်ရသေးတဲ့ အဓိက အကြောင်းရင်းကတော့ လုပ်ပိုင်ခွင့် အာဏာ အားလုံးဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ရောက်ရှိနေပြီး အဲဒီလို ဗဟိုချုပ်ကိုင်မှု များပြားရာကနေ စတယ်လို့ ပြောနိုင်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောပါတယ်။
“အကုန်လုံး ကိုင်ထားပြီးတော့ အသေးအမွှားကအစ ဆုံးဖြတ်နေမယ်ဆိုရင် လူတော်တွေကို ခန့်ထားမိရင်တောင်မှ လူတုံးဖြစ်သွားမှာပဲ၊ ညံဖျင်းသွားမှာပဲ။ အဓိက ခေါင်းဆောင်လုပ်သူနဲ့ပဲ ဆိုင်တယ်”လို့ ဦးရဲထွန်းက ပြောပါတယ်။
အဲဒီအမြင်ကို ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေကလည်း သဘောတူပြီး အစိုးရအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည် မသိရင် ဘာမှ ဆက်မလုပ်နိုင်တဲ့ အခြေအနေမျိုးတွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
“အစိုးရအဖွဲ့ဝင်တွေကို တာဝန်ပေးထားတာက အကန့်အသတ်တွေ ရှိပုံရတယ်။ တခုခုလုပ်ဖို့ တာဝန်ပေးထားတာထက် ဆုံးဖြတ်တော့ မယ်ဆိုရင် ခွင့်ပြုချက် တောင်းရတာမျိုးတွေ ရှိနေတယ်။ ဥပမာ ငြိမ်းချမ်းရေးကိစ္စဆိုရင် တခုခု အဆုံးအဖြတ်ဆိုရင် ပြန်ပြန်မေးနေရတာ မျိုးတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံးအဖြတ် သူတို့ တောင်းနေရတာမျိုးတွေ ရှိတယ်။ ဆုံးဖြတ်ချက် တန်းမချနိုင်ဘူး” လို့ ဦးသုဝေက ပြောပါတယ်။
အဲဒီအပြင် ပြည်ထောင်စုအဆင့် အစိုးရ ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကိုပါ ဗဟို ချုပ်ကိုင်မှု ပြုလုပ်ထား တာကြောင့် အမှန်တကယ်တော့ သူတို့အားလုံးရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ သတ်သတ်မှတ်မှတ် အများ ပြည်သူသိအောင် မူ ချမှတ် ပေးပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ပြုသင့်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတဦးဖြစ်တဲ့ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။
“အဲဒီ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေနဲ့အညီ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပြီးတော့ အလုပ်လုပ်ကိုင်တဲ့ အလေ့အထကို အမြန်ဆုံး ထူထောင် နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်”လို့ သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်မှာ နံပါတ် ၂ ရာထူးဖြစ်တဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို ရယူထားတဲ့ အပြင် နိုင်ငံခြားရေးနဲ့ သမ္မတရုံး ဝန်ကြီး ရာထူး တာဝန်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ကိုယ်တိုင် ဦးဆောင်နေပါတယ်။
တိုင်းပြည်မှာ အရေးကြီးတဲ့ နိုင်ငံတော်အဆင့် ကော်မတီတွေဖြစ်တဲ့ တည်ငြိမ်ရေးနဲ့ လုံခြုံရေး ကေ်ာမတီ၊ စီးပွားရေး ကော်မတီတို့လို ကော်မတီ ၅ ခုလောက်မှာလည်း ဥက္ကဋ္ဌ တာဝန်တွေ ယူထားပါတယ်။ အဲဒီလို အခြေအနေမှာ သူတယောက်တည်းနဲ့ အရာအားလုံးကို သိပြီး မှန်မှန်ကန်ကန်ဖြစ်အောင် ဆုံးဖြတ်နိုင်ဖို့ မလွယ်ဘူးဆိုတဲ့ သုံးသပ်မှုမျိုးတွေ ထွက်ပေါ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ကြည့်ရင် ကြံ့ခိုင်ရေးပါတီဝင် အဟောင်းများ၊ စစ်ဗိုလ်ချုပ်ဟောင်းများ ထက်ဝက် ခန့် ပါဝင်နေတဲ့အပြင် ဒုဝန်ကြီးနဲ့ အမြဲတန်း အတွင်းဝန်တွေကို ကြည့်လိုက်ရင်လည်း ယခင် အစိုးရဟောင်း လက်ထက်က လူတွေ ပိုများနေလို့ ဒီလို အခြေအနေမျိုးမှာ အပြောင်းအလဲကို သိသာအောင် လုပ်ဖို့ ခက်တယ်လို့ ရန်ကုန်တိုင်း NLD ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းဦးက ဝန်ခံပါတယ်။
“အစိုးရအဖွဲ့မှာလည်း အားနည်းချက်တွေ ရှိနေသေးတယ်။ တချို့ ပြည်ထောင်စု ဝန်ကြီးတွေရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရတာ လူမှန်၊ နေရာမှန် မဖြစ်ဘူးလို့ ကျနော်ကတော့ ထင်တယ်။ ပညာရေး၊ စီးပွားကူးသန်းတို့လို ဌာနတွေမှာ ထောက်ပြစရာတွေ ရှိတယ်”လို့ သူက ပြောပါတယ်။
အုပ်ချုပ်ရေးမှာလည်း ပြည်ထဲရေး ဝန်ကြီးဌာနကို NLD က ချုပ်ကိုင်လို့ မရနိုင်တဲ့အချိန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည် ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာတွေက တပ်မတော်ရဲ့ လက်အောက်မှာပဲ အလုပ်လုပ်နေရဆဲ ဖြစ်နေတာကြောင့် တိုင်းပြည်က အစိုးရ ၂ ခု လက်အောက်မှာ ရောက်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်ဆိုတဲ့ သုံးသပ်မှုများလည်း ရှိနေတဲ့အပေါ် သူက အခုလို တုန့်ပြန်ပါတယ်။
“ဒေါ်စုရဲ့ သဘောက ပွတ်တိုက်မှု သဘောနဲ့ ပေါက်ကွဲမှု အကြီးကြီးနဲ့ နိုင်ငံရေးအသွင်ဆောင်တဲ့ ပြောင်းလဲမှုမျိုးကို သူ မသွားချင်ဘူး။ ဖြည်းဖြည်းချင်း နားလည်မှုတည်ဆောက်ပြီး ပြောင်းလဲဖို့ ကြိုးစားမှာ။ အဲဒီအတွက် အထိအခိုက်တော့ နည်းမယ်”လို့ ဒေါက်တာ စိုးဝင်းဦးက ပြောပါတယ်။
အပြောင်းအလဲကို ဖော်ဆောင်ချင်တဲ့ NLD အစိုးရမှာ အရင်လူတွေ ချန်ခဲ့တဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ဘတ်ဂျက်ကိစ္စတွေကို အမှိုက် ပုံကြီးတခုကို ချန်ထားခဲ့တာကြောင့် အဲဒီကိစ္စတွေကို ရှင်းနေရတာနဲ့တင် အချိန်ကုန်နေပြီး အလုပ်မဖြစ်တာမျိုးတွေ ဖြစ်နေတယ်လို့လည်း ဒေါက်တာ စိုးဝင်းဦးက ဆိုပါတယ်။
ပညာရေး အသုံးစရိတ် ၂ ဆ မြင့်တက်လာတာနဲ့ အကျင့်ပျက် ခြစားမှုတွေကို အပြုတ်တိုက်နေတာမျိုးတွေက အောင်မြင်မှုပဲလို့ NLD အသိုင်းအဝိုင်းက ပြောဆိုမှု အပေါ် မြန်မာနိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက သဘောမတူပါ။
ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်တဲ့အထဲမှာ ဥပမာအားဖြင့် အစိုးရက ပြုပြင်ဖို့ တုံ့ဆိုင်းနေတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို နိုင်ငံရေး အသိုင်းအဝိုင်းက ထောက်ပြပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာသူတွေက ဒီလိုပုဒ်မမျိုးကို ဘာကြောင့်မပြင်ချင်သလဲဆိုတာ သူတို့ နားမလည်နိုင် ဖြစ်နေပါတယ်တဲ့။
ဝါရင့်နိုင်ငံရေး သမားကြီး ဦးသုဝေကတော့ အစိုးရသစ်မှာ အောင်မြင်တာတွေလည်း ရှိပြီး လုပ်ဖို့ လိုအပ်နေတာတွေလည်း အများကြီး ရှိပေမယ့် ကြိုးစားတဲ့လမ်းကတော့ မှန်နေကြောင်း၊ သို့သော် လုပ်နည်းလုပ်ဟန်များကိုမူ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“NLD က လူသစ်တွေဆိုတော့ အတွေ့အကြုံနည်းတယ်။ စေတနာတော့ ရှိတယ်။ လုပ်ချင်တဲ့ စိတ်ပြင်းပြတာတော့ သူတို့မှာ ရှိတယ်။ ဒါပေမယ့် လုပ်နိုင်တဲ့ အားနည်းနေတာပေါ့။ အဲဒါကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်ကတော့ မဖြစ်နိုင်သေးဘူး”လို့ သူက ဆိုပါတယ်။
လွှတ်တော်ကို ကြည့်မယ်ဆိုရင်လည်း လွှတ်တော် သက်တမ်း ၁ နှစ်အတွင်းမှာ ဥပဒေ ၂၀ ခု လောက်ပဲ ပြဋ္ဌာန်းနိုင်တဲ့သဘောရှိပြီး ဥပဒေ ၂၀ ခု မှာလည်း ဖျက်သိမ်းတဲ့ ဥပဒေ၊ ပြင်ဆင်ဖြည့်စွက်တဲ့ ဥပဒေတို့ကို တွက်လိုက်ရင် ဥပဒေ ၁၀ ခု ပတ်ဝန်းကျင်လောက်ပဲ ပြုနိုင်တာကို တွေ့ရတယ်လို့ ဆိုကြပါတယ်။
ဒေါက်တာ ရန်မျိုးသိမ်းက “ဒါတွေကို ကြည့်မယ်ဆိုရင် လွှတ်တော်တွေရဲ့ စွမ်းဆောင်ရည်က အင်မတန်မှ အားနည်းသေးတယ်လို့ ပြောလို့ရတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အရေးကြီးတဲ့ ဥပဒေတွေကို အမြန်ဆုံး ပြဋ္ဌာန်း အတည်ပြုနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်” လို့ ပြောပါတယ်။
NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်သူ ဦးဉာဏ်ဝင်း ကတော့ “အပြောင်းအလဲက ရှိပါတယ်။ အပြောင်းအလဲ ရှိတယ်ဆိုတာ ကိုလည်း အားလုံးလည်း သိပါတယ်။ အပြောင်းအလဲကို မကျေနပ်နိုင်သေးတာ၊ ပြောင်းလဲသင့်သလောက် မပြောင်းလဲဘူးလို့ ထင်နေကြတာ။ ဒါတွေက လူပုဂ္ဂိုလ်တွေရဲ့ လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်နဲ့ တွေးခေါ်နိုင်စွမ်းပါ” လို့ ဆိုပါတယ်။
လက်ရှိမှာလည်း အစိုးရက အုပ်ချုပ်ရေး၊ လွှတ်တော်က ဥပဒေပြုရေး တာဝန်တွေကို ဆောင်ရွက်နေပြီး ပါတီအနေနဲ့ အစိုးရ အဖွဲ့အပေါ်မှာ ဝင်ရောက်ဆောင်ရွက်တာမျိုး မရှိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“သူတို့ အစိုးရအဖွဲ့ကလည်း ပါတီအပေါ်မှာ ဝင်ရောက် ဆောင်ရွက်တာမျိုး မရှိပါဘူး။ ဒါက ဥပဒေနဲ့အညီ၊ ဥပဒေအရ ပြောတာပါ။ ပါတီကတော့ ပါတီရဲ့ လုပ်ငန်းစဉ်တွေ အတွင်းမှာ အစိုးရအဖွဲ့ ရှိနေသလားဆိုတာပဲ ကြည့်ပါတယ်” လို့ ဆိုပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်တယောက် အစိုးရအဖွဲ့က ဝန်ကြီးအပြောင်းအလဲ ကိစ္စတွေအထိ ဝင်ပါနေတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။
ဘတ်ဂျတ်လျှော့ လူလျှော့ ပေါ်လစီနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းမှု အပြောင်းအလဲတွေနဲ့ အစိုးရသစ်ဟာ အခုမှာ မနိုင်မနင်းဖြစ်လာလို့ လတ်တလော ဒု-ဝန်ကြီးတွေနဲ့ ပြန်အားဖြည့်နေပါတယ်။ အခု ဧပြီလကုန်ပိုင်းမှာလည်း NLD အစိုးရရဲ့ အုပ်ချုပ်ရေးပိုင်း ဝန်ကြီးတချို့အပြောင်းအလဲရှိမယ် ဆိုတဲ့ သတင်းတွေ နေပြည်တော် နိုင်ငံရေး အသိုင်းအဝိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပြီး ကိုယ်စားလှယ်တွေထဲက ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ကော်မတီ အတွင်းရေးမှူး ဦးနေဖူးဗဆွေနဲ့ အမျိုးသား လွှတ်တော်က ဦးအောင်ကြည်ညွှန့်တို့ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့တွေ ဘယ်လို ဝန်ကြီးဌာနတွေမှာ ဘာရာထုူးတွေ ရယူကြမလဲဆိုတာလည်း စုံစမ်းလို့ မရသေးပေမယ့် အစိုးရအဖွဲ့ကို အင်အား ဖြည့်ဖို့အတွက် အခုလို လုပ်ဆောင်တာလို့ သိရပါတယ်။
အစိုးရသစ်ရဲ့ အဓိက ဦးစားပေးတခုဖြစ်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုကလည်း အားရစရာ ဖြစ်မလာသေးပါဘူး။ ၂၁ ရာစု ပင်လုံကို ဆက်ကျင်းပဖို့ ရှိပေမယ့် ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေမှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးဖို့ သဘောမတူနိုင်ကြသေးပါဘူး။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နေစဉ်မှာပဲ တိုက်ပွဲတွေက တပ်မတော်နဲ့ တိုင်းရင်းသားတွေကြားမှာ ဖြစ်ပွားနေဆဲ ဖြစ်နေလို့ အရပ်ဘက် ထိန်းချုပ်မှုအောက်မှာ တပ်မတော် ရှိမနေတာကလည်း ငြိမ်းချမ်းရေးရဖို့ အကြောင်းရင်းတရပ် ဖြစ်နေတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ငြိမ်းချမ်းရေးရရှိဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီကို သွားရမှာဖြစ်ပြီး အခု အစိုးရက ဦးဆောင်နေတဲ့ ၂၁ ပင်လုံဆီကို အကုန်လုံးက ဦးတည်နေတယ်လို့ ထင်ကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်သူတွေကို နောက်ဆုံး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမလား၊ စစ်ရေးနည်းနဲ့ ဖြေရှင်း မလားဆိုတာကို ဒေါက်တာ တူးဂျာက မေးခွန်းထုတ်ပါတယ်။
“ငြိမ်းချမ်းရေးက ရှေ့ကိုတော့ ရွေ့ပါတယ်။ ဒါပေမယ့် မမြန်ဘူး ဖြစ်နေတယ်။ စိန်ခေါ်မှုတွေက များတာကိုး။ အချိန်ကလည်း တိုတောင်း သေးတယ်။ ကျနော်ကတော့ ဒီအစိုးရကို အကောင်းမြင်တယ်။ ငြိမ်းချမ်းရေးကလည်း ဆွေးနွေးနေဆဲပဲ”လို့ သူက ဆိုပါတယ်။
ဒေါက်တာ တူးဂျာက “ငြိမ်းချမ်းရေးရသွားရင် ပြည်ထောင်စု သဘောတူညီမှု စာချုပ် ချုပ်မယ်။ အဲဒါက ဖက်ဒရယ် ပုံစံ ဖြစ်လာမယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝ သယံဇာတခွဲဝေမှု အားလုံး ဖက်ဒရယ် ပုံစံ ဖြစ်သွားမယ်။ အဲဒီအချိန်မှာ တပ်က ထောက်ခံအားပေးတယ်ဆိုရင် တိုင်းပြည်မှာ ဘာပြဿနာမှ ရှိမှာ မဟုတ်တော့ဘူး”လို့ ဆိုပါသေးတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူအများက မျှော်လင့်တကြီးနဲ့ မဲပေးခဲ့ကြတော့ မဲဆန္ဒရှင် ပြည်သူတွေ အသံကရော ဘယ်လိုရှိမလဲ။ ကုန်ဈေးနှုန်း ကျဆင်းအောင် လုပ်မပေးနိုင်တာ၊ မြန်မာငွေ တန်ဖိုး ကျနေတာ၊ အလုပ်လက်မဲ့တွေ ပေါလာတာနဲ့ တရားဥပဒေ စိုးမိုးမှု ကျဆင်းလာတာမျိုးတွေ ဖြစ်နေတယ်လို့ လူမှုကွန်ရက်မှာ နေ့စဉ်နဲ့အမျှ ပြောဆိုနေတာ တွေ့နေပါတယ်။
ရန်ကုန်မြို့ တက္ကစီ ဒရိုင်ဘာ ဦးကြည်လင်းကတော့ အပြောင်းအလဲ ရှိလာမှာကို စိတ်ရှည်ရှည်နဲ့ ဆက်စောင့်မယ်လို့ဆိုပြီး တိုင်းပြည်ရဲ့ အခြေအနေက ပိုကောင်းမလာရင်တောင် ပိုမဆိုးသွားဖို့ကိုပဲ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့တွေကတော့ တနေကုန်လမ်းပေါ်မှာပဲ။ ရဲတွေလည်း ပိုက်ဆံတောင်းတုန်းပဲ” လို့ သူက ဆိုပါတယ်။
NLD အစိုးရသစ်လက်ထက်မှာ အမှတ်တရ အဖြစ်ဆုံးကိစ္စတခုကတော့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံကို ပိတ်ဆို့ အရေး ယူထားတဲ့ Sanction ကို ရုတ်သိမ်းလိုက်တာပါပဲ။ Sanction ရုတ်လိုက်ပေမယ့် မြန်မာ့ စီးပွားရေး သိသိသာသာ တက်လာတာ မရှိလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့ဝင်တွေဟာ လူမှန်နေရာမှန် မဖြစ်သေးဘူးလို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ဦးရဲထွန်းက“အများက ပြောနေကြသလိုပါပဲ။ အပြောင်းအလဲ ကြီးကြီးမားမား မရှိသေးပါဘူး။ ဆင်းရဲမှုကို မြင့်တင်ဖို့ ဆိုတာမှာလည်း ဒီဘက်ခေတ်မှာ ပိုဆိုးသွားတယ်လို့တောင် ပြောရမလို ဖြစ်နေပြီ။ ဗမာငွေ တန်ဖိုးကျတာ၊ အလုပ် လက်မဲ့တွေ ပေါလာတာ။ အခြေခံ စားကုန်ပစ္စည်းတွေ ဈေးတက်လာတာ။ အားရစရာ မရှိဘူး”လို့ ပြောပါတယ်။