မဖူးအိဇော် ခေါ် ဖူးဖူးတွင် နားကပ်ဝတ်ဆင်နိုင်မည့် နားရွက်နှင့် လက်စွပ်ဝတ်ဆင်နိုင်သည့် လက်တို့ အပြည့်အစုံ မရှိ တော့ပေ။
သို့သော် အသက် ၁၈ နှစ်ပြည့်၍ ကိုယ်ခန္ဓာ ခွဲစိတ်ပြုပြင်ပြီးပါက တခြားသူများကဲ့သို့ လက်စွပ်၊ နားကပ်တို့ ပြန်လည် ဝတ်ဆင်နိုင်မည်ဟု ယုံကြည်နေသည်။
အသက် ၇ နှစ်အရွယ် ဖူးဖူးသည် အသက် ၄ နှစ်ဝန်းကျင် အရွယ်က မတော်တဆ မီးလောင်မှုတခုကြောင့် မျက်နှာပြင်၊ ဝမ်းဗိုက်နှင့်လက်တို့ မီးလောင်ခံခဲ့ရ၍ ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့သည်။
သူခံစားခဲ့ရသည့် ဝေဒနာသည် နုနယ်သည့် အရွယ်နှင့်မလိုက်အောင်ပင် ကြီးမားခဲ့သည်။ မီးလောင် မခံရမီက ဖူးဖူး သည် အသား ဖြူဖြူ၊ ဝဝ တုတ်တုတ်နှင့် ချစ်စရာကောင်းသည့် ကလေးငယ်တဦး ဖြစ်သည်။
ဖူးဖူး၏ မိခင် ဒေါ်ခင်စန္ဒာလင်းက “သမီးလေးကို မြင်တာနဲ့ သရဲသရဲဆိုပြီး တခြားကလေးတွေက ထွက်ပြေးကြတယ်၊ အဲဒီအချိန်မှာ မိခင် တယောက်ရဲ့ ခံစားချက်က မပြောပြနိုင်လောက်အောင်ပဲ ခံစားရတယ်၊ အရမ်းလည်း စိတ်ထိခိုက် ရတယ်” ဟု ညှိုးငယ်သော မျက်နှာဖြင့် ပြောပြသည်။
လမ်းထဲရှိ မိဘတချို့သည် မိမိတို့ကလေးများအား တခုခုပြောမရလျှင် ဖြစ်စေ၊ ငိုနေသည့်အချိန်တွင် ဖြစ်စေ ဖူးဖူး၏ အမည်ကို ခေါင်းစဉ်တပ်၍ ခြိမ်းခြောက်ပြောဆိုမှုများ ရှိကြောင်း၊ ထိုအချိန်မျိုးတွင် မိခင်တဦးအနေဖြင့် အထူးပင် ဝမ်းနည်းမိကြောင်းလည်း ပြောသည်။
“ဖူးဖူးကိုကြောက်တဲ့ ကလေးတချို့ငိုရင် ဖူးဖူးကို ခေါ်လိုက်မယ်နှော် ဆိုပြီး ပြောတာမျိုးပေါ့၊ ကိုယ့်ကလေး အငိုတိတ်ဖို့ ကျမသမီးလေးနဲ့ ခြိမ်းခြောက်တာမျိုးကိုတော့ မိခင်တယောက်အနေနဲ့ မဖြစ်စေချင်ဘူးပေါ့” ဟု ဝမ်းနည်းစကား ဆို သည်။
ဖူးဖူးကိုမြင်လျှင် ကြောက်တတ်သည့် ကလေးများ အိမ်ရှေ့ရောက်လာပါက ဖူးဖူးအား အပြင်မထွက်ခိုင်းတော့ဘဲ အိမ်ထဲ တွင်သာ နေစေသည်။
ဖေးဖေးမမရှိသည့် ကလေးများနှင့်သာ ဆော့ကစားစေသည်။ မည်သည့်အရပ် ဒေသသို့ သွားသည်ဖြစ်စေ ဖူးဖူး၏ အခြေအနေကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်၍ ခံနိုင်ရည်ရှိစေရန် ပြင်ဆင်ထားကြောင်း မိခင် ဖြစ်သူ ဒေါ်ခင်စန္ဒာလင်း က ပြောသည်။
ဖူးဖူးသည် မင်းသမီး မိုးယုစံကို နှစ်သက် သဘောကျသူဖြစ်ပြီး ကြီးလာလျှင် ထိုမင်းသမီးကဲ့သို့ ဆံပင်ရှည်ရှည်နှင့် ချောမော လှပသူ ဖြစ်လာမည်ဟုလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေသည်။
သူကြီးလာရင်ကော မိုးယုစံလို လှမှာလားဟု မေးခွန်းတွေ မေးပါက “လှမှာပေါ့ သမီးရဲ့” ဟုသာ နှစ်သိမ့် ပြောဆို ရသော်လည်း စိတ်ထဲတွင် အလွန်နာကျင် ထိခိုက်ရသည်ဟု ဒေါ်ခင်စန္ဒာလင်း က ပြောပြသည်။
“သမီးကြီးလာရင် မိုးယုစံလိုပဲ ဆံပင်အရှည်ကြီး ထားမယ်”ဟု ဖူးဖူးက ပြောသည်။
ဖူးဖူး၏ ဦးခေါင်းတခုလုံးသည် မီးလောင်ဒဏ်ရာများ ရရှိသွားသောကြောင့် ဆံပင်ပေါက်ရန် ခက်ခဲသွားသည်။
သို့သော်လည်း သူအသက် ၁၈ နှစ် ပြည့်၍ ခွဲစိတ်ပြုပြင်ပြီးပါက ဆံပင်များ ပြန်ပေါက်လာပြီး မင်းသမီး မိုးယုစံ ကဲ့သို့ ဆံပင်ရှည်ထားမည်ဟု အမြဲကြွေးကြော်နေတတ်သူ ဖြစ်သည်။
ဖူးဖူးသည် ပုံမှန်စကားပြောနိုင်သော်လည်း ပါးတခြမ်းမှာ မီးလောင်ဒဏ်ရာကြောင့် စကားပြောလျှင် အားစိုက်ရ၍ အနည်းငယ် လေးလံနေပြီး အသံပီသမှု မရှိပေ။
အသက် ၅ နှစ်ပြည့်ချိန်တွင် ကျောင်းအပ်ရန် ပြင်ဆင်ခဲ့သော်လည်း ဖူးဖူး၏ ရုပ်သွင်ပြင်ကြောင့် ကျောင်းအများစုက လက်မခံခဲ့ကြပေ။
မီးလောင်ခံခဲ့ရစဉ်က နေထိုင်ရာမှာ မြောက်ဥက္ကလာပမြို့နယ် (ဂ) ရပ်ကွက်တွင် ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် လက်ရှိ နေထိုင်ရာ မြောက်ဒဂုံမြို့နယ် ဘုရင့်နောင် ၂ ရပ်ကွက်သို့ ပြောင်းရွှေ့ခဲ့ကြသည်။
၂၀၁၂ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ ညနေ ၈ နာရီဝန်းကျင် အချိန်တွင် အသက် ၄ နှစ်ဝန်းကျင် အရွယ် ဖူးဖူးသည် နေအိမ်၌ တယောက်တည်း အိပ်ပျော်နေစဉ် ဘုရားကျောင်းဆောင်ပေါ် ထွန်းညှိထားသည့် ဖယောင်းတိုင်မီးက ဖူးဖူး အိပ်နေသည့် ခြင်ထောင်ပေါ်သို့ ပြုတ်ကျပြီးမိနစ် ၂၀ ခန့် မီးလောင်ခံခဲ့ရသည်။
“ကျမတို့က ၁၀ ပေအိမ်လေး ငှားနေတာ၊ အိမ်ပေါ်က နှင်ချခံရမယ့် အခြေအနေ ဖြစ်နေလို့ ကျမက ရ.ဝ.တ ရုံး သွားနေတဲ့ အချိန်၊ အကြီးကလေး နှစ်ယောက်က လမ်းပေါ်ထွက်ဆော့နေတဲ့ အချိန်၊ အဖေဖြစ်သူက အလုပ်က ပြန်မလာသေးတဲ့ အချိန်မှာ ဖြစ်သွားရတာ၊ မီးလောင်နေတယ်ဆိုပြီး လူတွေ ဝိုင်းအုံလာတဲ့အချိန်မှာ သမီးလေးရဲ့ အပေါ်ပိုင်း တခုလုံးက မီးလောင်နေပြီ” ဟု ဒေါ်ခင်စန္ဒာလင်းက ပြန်လည် ပြောပြသည်။
ဖူးဖူးသည် အငယ်ဆုံးကလေးဖြစ်ပြီး သူ့အထက်တွင် အစ်ကိုတယောက်နှင့် အစ်မတယောက် ရှိသည်။ မီးလောင် ခံရ စဉ် ချက်ချင်း ဆေးဝါးကုသခဲ့ပါက ကောင်းမွန်သည့် အနေအထားရှိနိုင်ခဲ့သော်လည်း စီးပွားရေး အခြေအနေကြောင့် မကုသနိုင်ခဲ့ပေ။
နောက်ပိုင်းတွင် ဖူးဖူးမီးလောင်ခံရသည့် သတင်းက မီဒီယာများ၌ ပျံ့နှံ့သွားပြီး စေတနာရှင်များ၏ ကူညီမှုကြောင့် ခွဲစိတ်မှုတချို့ ပြုလုပ်နိုင်ခဲ့သည်။
ဖူးဖူးအား ဆေးဝါးကုသရန် ကူညီထောက်ပံ့ ပေးခဲ့သူများတွင် အနုပညာရှင် တချို့လည်း ပါဝင်ခဲ့သည်။
ခွဲစိတ်မှုတချို့ ပြုလုပ်ခဲ့သော်လည်း မျက်နှာသွင် ပြင်ပုံမှန်ပြန်ဖြစ်ရန် အချိန်နှင့်ငွေ အများအပြား လိုအပ်နေသေးသည်။
ဖူးဖူး၏ ရုပ်သွင်ပြင်ကြောင့် စာသင်ကျောင်းများက လက်မခံသည့်အတွက် မသန်စွမ်း ကျောင်းတွင် ထားရန် တိုက်တွန်း မှုများရှိသော်လည်း ဖူးဖူးက ထိုကျောင်းတွင် မတက်လို၍ မထားဖြစ်တော့ပေ။
ဖူးဖူးသည် စာရေးစာဖတ်နိုင်ပြီး ဉာဏ်ရည် ဉာဏ်သွေးလည်း ပုံမှန်ဖြစ်သည်။ ကျောင်းစတင် အပ်ရမည့် အချိန်က အားငယ်မှု မရှိစေရန် ဆွေမျိုးသားချင်း ကလေးများရှိသည့် မြောက်ဥက္ကလာပ မြို့နယ်ထဲက ကျောင်းတခုတွင် ထားရန် ကြိုးပမ်းခဲ့သော်လည်း ဆရာ၊ ဆရာမများက လက်မခံခဲ့ဟု သိရသည်။
“ကလေးရဲ့ ရုပ်ကိုကြည့်ပြီးတော့ တခြားကလေးတွေ အတွက် အနှောင့်အယှက် ဖြစ်လာနိုင်တယ် ဆိုပြီးတော့ ကျောင်း တွေက လက်မခံကြဘူး၊ နောက်ဆုံးတော့ အခုတက်နေတဲ့ ကျောင်းက ဆရာမကြီးက အစစအရာရာ ကူညီ ပေးတဲ့ အတွက် ကျောင်းတက်ခွင့်ရသွားတယ်”ဟု ဒေါ်ခင်စန္ဒာလင်းက ဆိုသည်။
ဖူးဖူးလက်ရှိ ပညာသင်ကြားနေသည့် မြောက်ဒဂုံ၊ ဘုရင့်နောင် ၂ ရပ်ကွက်ရှိ အ.မ.က ၃ ကျောင်း၏ ကျောင်းအုပ် ဆရာမကြီး ကိုယ်တိုင် မြို့နယ် ပညာရေးမှူးထံ၌ ဖူးဖူးအတွက် တာဝန်ယူကြောင်း ကတိပေးပြီးမှသာ ကျောင်းတက်ခွင့် ရထားခြင်းဖြစ်သည်။
အတန်းထဲတွင် သီးသန့်ထိုင်ခုံဖြင့် ရှေ့ဆုံးတွင် ထိုင်စေသည်။ တခြား ကလေးများ၏ ခွဲခြားဆက်ဆံမှု မခံရစေရန်နှင့် ကြောက်ရွံ့မှု မရှိကြစေရန်လည်း တခြားကလေးများကို ဆရာမကြီးက သွန်သင်ဆုံးမထားသည်။
ယခုအချိန်တွင် ဖူးဖူးသည် ပထမတန်း ဖြေဆိုထားပြီး ဒုတိယတန်းသို့ တက်ရောက်ရန်ပင် အဆင်သင့်ဖြစ်နေလေပြီ။
“ကျောင်းမှာသူငယ်ချင်း ၁၀ ယောက်လောက် ရှိတယ်၊ ချစ်စုလှိုင်က အချစ်ဆုံး သူငယ်ချင်းပဲ၊ သမီး မုန့်စားသွားရင် သူနဲ့ပဲသွားတယ်” ဟု ဖူးဖူးက သူ့အချစ်ဆုံး သူငယ်ချင်းအကြောင်းကို တက်ကြွစွာ ပြောပြနေသည်။
ဖူးဖူးအား ခွဲစိတ်ပြုပြင်ပေးရန် ပြည်ပနိုင်ငံတချို့က ကမ်းလှမ်းမှု ရှိခဲ့သော်လည်း ထိုအချိန်က ကုသပေးနေသည့် ဆရာဝန်ကြီး တချို့က မိမိတို့နိုင်ငံတွင်သာ တာဝန်ယူ ကုသပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ နောက်ပိုင်းတွင် ငွေကြေး မပြေလည်၍ ဆေးရုံသို့ပင် ပုံမှန်မသွားနိုင်ခဲ့ကြောင်း မိခင်ဖြစ်သူက ပြောသည်။
ဖူးဖူး၏ ခန္ဓာကိုယ်တခုလုံးကို ပုံမှန်အတိုင်း ဖြစ်စေရန် ခွဲစိတ်မည်ဆိုပါက သိန်းပေါင်း သောင်းဂဏန်း အထိ ကုန်ကျ နိုင်ပြီး နားရွက် တဖက်အား ပလတ်စတစ် ဆာဂျရီ ပြုလုပ်လျှင်ပင် ကျပ်သိန်း ၅၀၀ ဝန်းကျင် ကုန်ကျမည်ဟု ဆရာဝန် က ပြောကြောင်းလည်း သိရသည်။
“နားရွက်လေးတဖက် ခွဲစိတ်ပြုပြင်ရင်တောင် သိန်း ၅၀၀ လောက်ကုန်မယ်ဆိုတော့ တကိုယ်လုံး ခွဲစိတ်ဖို့ဆိုတာကို ကျမတို့အနေနဲ့ အိပ်မက်တောင် မမက်ရဲပါဘူး” ဟု ဒေါ်ခင်စန္ဒာလင်းက ဆိုသည်။
မီးလောင် ဒဏ်ရာများကြောင့် ဆေးကုသပြီး နောက်ပိုင်းတွင် သာမန်နေထိုင် မကောင်းဖြစ်ပါက ရပ်ကွက် ဆေးခန်း များမှ ဆေးများဖြင့် မတိုးတော့ကြောင်း၊ မီးလောင်ဒဏ်ရာများကို ကုသပေးသည့် ရန်ကုန်ဆေးရုံကြီးရှိ ဆရာဝန်ကြီး များထံ သွားရောက် ပြသရကြောင်း၊ ဆေးရုံကြီးသို့ သွားပြပါက ဆေးဖိုးဝါးခ မကုန်ကျသော်လည်း ခရီးစရိတ်ကြောင့် ဆေးရုံသို့ ပုံမှန် မသွားနိုင်ခဲ့ကြောင်း သိရသည်။
“ဆေးရုံကို တခေါက်သွားပြမယ်ဆိုရင် ကားငှားသွားဖို့ လမ်းစရိတ်က အရေးကြီးတယ်၊ လိုင်းကား စီးပြီးသွား ပြန်ရင် လည်း ကလေးကို လူတွေကြည့်တာတို့ တခုခု ထိခိုက်စရာတွေ ဖြစ်လာမှာကိုလည်း မလိုလားဘူး၊ အဲဒီတော့ ဆေးရုံ တခါသွားပြမယ်ဆိုရင် ငွေကလုံလောက်မှုရှိတဲ့ အချိန်မျိုးမှ သွားပြဖြစ်တယ်”ဟုလည်း မိခင်ဖြစ်သူက ဆိုသည်။
လက်ရှိတွင် ရောဂါကြီးကြီးမားမား ဖြစ်လေ့မရှိသော်လည်း ခွဲစိတ်ထားရသည့် လည်ပင်းတွင် အသားပိုများ မကြာခဏ ထွက်လေ့ရှိ၍ လှီးဖြတ်ရလေ့ ရှိသည်။
ထိုသို့ မလှီးဖြတ်ပါက တဖက်မှတဖက်သို့ လှည့်စောင်းကြည့်ရန်ပင် ခက်ခဲပြီး နာကျင်ကြောင်း ဖူးဖူးက ပြောသည်။
ပတ်ဝန်းကျင်တွင် ဝေဖန်ကဲ့ရဲ့ခံရ၍ ဒေါသဖြစ်ခဲ့ရသော်လည်း နောက်ပိုင်းတွင် မကြားချင်ယောင် ပြုကာ စိတ်လျှော့ ထားခဲ့ကြောင်း ဒေါ်ခင်စန္ဒာလင်း က ပြောပြသည်။
မိခင်၏ ပေါ့ဆမှုကြောင့် သားသမီးဖြစ်သူ အဖြစ်ဆိုးနှင့်ကြုံခဲ့ရခြင်းဟု ဝေဖန်ကဲ့ရဲ့မှုများကို ကြိမ်ဖန်များစွာကြားခဲ့ ရသည်ဟုလည်း ဆိုသည်။
ထို့ထက် ဆိုးသည်ကား ဖူးဖူးအား ဆေးဝါး ကုသရန် ကူညီထောက်ပံ့ကြသည့် ငွေများထဲက ဖူးဖူး၏ အနာဂတ် အတွက် ဟု ဆိုကာ ၁၀ ပေ အိမ်ငယ်နှစ်လုံး ဝယ်ယူပြီး ငှားရမ်းထားသဖြင့် မျောက်ပြ ဆန်တောင်း နေသည်ဟု ကဲ့ရဲ့ မှုများကိုလည်း ရင်နှင့်မဆံ့ ခံစားခဲ့ရကြောင်း ဒေါ်ခင်စန္ဒာလင်း က ရှင်းပြသည်။
“ကဲ့ရဲ့ပြောဆိုကြတာတွေကိုသာ ပြန်ပြီးတုံ့ပြန်မယ်ဆိုရင် သူတို့သတ်လို့ ကျမလည်း သေနေလောက်ပြီ၊ နောက်ပိုင်း မှာ ပြဿနာတွေကို ရှောင်ဖယ်လိုတဲ့အတွက် အရေးကြီးမှပဲ အပြင်ထွက်ဖြစ်တော့တယ်” ဟု ဒေါ်ခင်စန္ဒာလင်း က ဆို သည်။
သမီးငယ်၏ အနာဂတ်အတွက် ရည်ရွယ်ပြီး “ဖူးဖူး” အမည်ဖြင့် တံဆိပ်ရိုက် လုပ်ငန်း အသေးစားတခုကိုလည်း ထူထောင် ထားသည်။
အောင်မြင်မှုမရှိသေးသော်လည်း ဖူးဖူး အသက်ကြီးလာပါက အိမ်တွင်း၌ပင် ကိုယ်တိုင်ဦးစီး လုပ်ကိုင်နိုင်မည်ဟု မိခင် ဖြစ်သူက ပြောသည်။
သူ၏ သမီးငယ်သည် ပန်းချီရေးဆွဲခြင်းကို ဝါသနာပါပြီး ပွဲလမ်းသဘင်များကို ကြိုက်နှစ်သက်သူဖြစ်၍ ပွဲလမ်း သဘင် များ ရှိပါက နှုတ်ခမ်းနီဆိုး၊ မိတ်ကပ်များ လိမ်းခြယ်ပြီး ပြင်ဆင်သွားရသည်ကို သဘောကျကြောင်းလည်း ဒေါ်ခင်စန္ဒာလင်း က ပြောပြသည်။
“သူကတော့ အလှတွေပြင် နှုတ်ခမ်းနီတွေဆိုးပြီး ပွဲသွားချင်တယ်၊ ပွဲတွေသွားရင်လည်းပဲ ကလေးပီပီ ရှေ့ဆုံးမှာပဲ ထိုင်ချင်တယ်၊ ဒါပေမယ့် သူများတွေ ကဲ့ရဲ့ခံရမှာစိုးလို့ ရိုးရိုးသနပ်ခါးပဲ လိမ်းပေးလေ့ရှိတယ်” ဟုလည်း ဒေါ်ခင်စန္ဒာလင်း က ပြောသည်။
ဖူးဖူးကတော့ ဘယ်သူတွေ ဘယ်လိုပင် သူ့ကို ဝေဖန်နေစေကာမူ “ကြီးလာရင် လူတွေ အများကြီး ကို ခွဲစိတ်ပေးရတဲ့ ဆရာဝန်မကြီး လုပ်မယ်”ဟု ပြောပါသည်။ ။