“လက်ရှိအခြေအနေက ပဋ္ဋိပက္ခ ဖြစ်ပွားနေတဲ့ဒေသတွေကအမျိုးသမီးတွေ လုံခြုံဖို့မပြောနဲ့ဦး၊ မြို့ပေါ်မှာနေတဲ့ ကိုယ် တွေတောင် လုံခြုံဖို့ သိပ်အာမခံချက်ရှိတာ မဟုတ်ဘူး” ဟု ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network) မှ ဒေါ်မေစံပယ်ဖြူက ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသစ်စတင်တာဝန်ယူချိန် ၂၀၁၆ ခုနှစ်တွင် မြန်မာ တနိုင်ငံလုံး၌ မုဒိမ်းမှုပေါင်း ၁,၁၀၀ ဖြစ်ပွားခဲ့ပြီး၊ အရွယ်ရောက်ပြီးသူ မုဒိမ်းကျင့်ခံရမှု ၄၉၂ မှုနှင့် အရွယ်မရောက် သေးသည့် သက်ငယ်မုဒိမ်းမှု ၆၇၁ မှု ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည် မုဒိမ်းမှုစာရင်းအရ တရက်လျှင် အမျိုးသမီး ၃ ဦးနှုန်း အဓမ္မပြုကျင့်ခံနေရကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။ ထို့အပြင် ၂၀၁၆ ခုနှစ်အတွင်း အကြမ်းဖက်မှု၊ လုယက်မှုများ ပိုမိုများလာပြီး အမျိုးသမီးများ လုံခြုံရေးသည် ယခင်ကထက် ပိုမိုဆိုးရွားလာသည်ဟု အမျိုးသမီးအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက ဆိုသည်။
ဒေါ်မေစံပယ်ဖြူက “အကြမ်းဖက်ခံရမှုတွေ လူသိရှင်ကြား ပိုတွေ့လာရတယ်။ အဲဒါက အစိုးရသစ်ကြောင့်လို့ ပြောလို့ မရဘူး။ လူတွေက သတင်းပို့တတ်လာတာ၊ အကြမ်းဖက်ခံရရင် တုံ့ပြန်ပြောဆိုဖို့ ဝန်မလေးတော့တာ၊ အဲဒါတွေ ကြောင့်ပါ” ဟု ပြောသည်။
NLD အစိုးရသစ်လက်ထက်၌ အမျိုးသမီးများအတွက် လုံခြုံရေး ပိုစိုးရိမ်လာရကြောင်း၊ မကြာခဏ လုယက်မှု၊ အိမ်တွင်း အနုကြမ်းစီးမှုများ ဖြစ်ပွားနေသကဲ့သို့ လူအသွားအလာများသည့် လေဆိပ်ကဲ့သိုု့ နေရာမျိုးတွင် သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အမျိုးသမီးများအနေဖြင့် တနေ့ထက်တနေ့ စိုးရမ်ပူပန်မှုများဖြင့် ဖြတ်သန်းနေရကြောင်း ရန်ကုန်မြို့တွင်နေထိုင်သည့် အသက် (၄၀) ကျော် ဒေါ်ချောစုက ပြောသည်။
“တနှစ်အတွင်း ပြဿနာတွေ အများကြီး ဖြစ်ခဲ့တယ်။ မြို့ထဲဖြစ်ဖြစ်၊ မြို့ပြင်ဖြစ်ဖြစ် အချိန်တိုင်း နေရာတိုင်း တွေးကြောက်နေရတယ်။ အိမ်ထဲတောင် တယောက်တည်း မနေရဲဘူး။ အကြမ်းဖက်ခံနေရတဲ့ သတင်းတွေလည်း နေ့တိုင်းလိုလို ကြားနေရတော့ ကျမတို့အတွက် ဘယ်မှာနေရမှန်းတောင် မသိတော့ဘူး” ဟု ဒေါ်ချောစုက ဆိုသည်။
မုဒိမ်းမှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ အများအပြား ဖြစ်ပေါ်နေသော်လည်း NLD အစိုးရသစ် တာဝန်ယူခဲ့ သည့် ၁ နှစ်ကျော် ကာလအတွင်း အမျိုးသမီးရေးရာကိစ္စများကို ဦးစားပေး ဆောင်ရွက်မှုမရှိသေးကြောင်း အမျိုးသမီး အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများက ဆိုသည်။
ထို့အပြင် NLD အစိုးရသစ် တာဝန်ယူပြီးသည့်နောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ပိုများပြားလာပြီး တိုက်ပွဲများကြောင့် အမျိုးသမီးများစွာ စစ်ဘေးရှောင်ထွက်ပြေးနေရသည်။
အစိုးရသစ်အနေဖြင့် ရန်ကုန်မြို့အတွင်း ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သော်လည်း အမျိုးသမီးများအတွက် အခက်အခဲ များစွာ တွေ့နေရသေးကြောင်း ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network) မှ ဒေါ်မေစံပယ်ဖြူက ပြောသည်။
“အစိုးရဟောင်းရော အသစ်ရော အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချမှုရှိတဲ့ ပတ်ဝန်းကျင် အလုပ်ခွင် လမ်းပန်း ဆက်သွယ်ရေး စတာတွေကို ပိုကောင်းမွန်အောင်လုပ်ပေးဖို့ လိုတယ်လို့ အလေးထားကြပုံ မရဘူး” ဟု ဒေါ်မေစံပယ်ဖြူ က ဆိုသည်။
အစိုးရသစ်သည် အမျိုးသမီးရေးအတွက် အစီအစဉ်ရေးဆွဲ လုပ်ဆောင်မှု မတွေ့ရှိရကြောင်း၊ အမျိုးသမီးများအပေါ် အကာအကွယ်ပေးရေး ဥပဒေတရပ်ကို လွှတ်တော်တွင် ဦးစားပေးအနေဖြင့် လုပ်ဆောင်ခြင်းမျိုး မရှိကြောင်း၊ မြန်မာ့ အမျိုးသမီးသမဂ္ဂ ဥက္ကဌ ဒေါ်တင်တင်ညိုက ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသည် တနည်းအားဖြင့် ပြည်သူကတင်မြှောက်သည့် အစိုးရဖွဲ့စည်းရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလွဲ၍ ကျန်သူများအားလုံးသည် အမျိုးသားများသာ ဖြစ်ခဲ့ သည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး အခြေစိုက် ထားဝယ်အမျိုးသမီးသမဂ္ဂ အတွင်းရေးမှူး မယ်မာလာကျော်သိန်းက “ကျမတိုု့ တိုုင်းဒေသကြီးအစိုုးရ အနေနဲ့ အမျိုးသမီးအရေးကိုု စိတ်ဝင်စားမှု မရှိသလိုု နားလည်မှုလည်း မရှိဘူးလို့ ပြောရပါမယ်။ ပြီးတော့ ကျမတို့ ပြည်နယ်ဝန်ကြီးချုပ်ကလည်း အမျိုးသမီးဖြစ်ပေမယ့် အမျိုးသမီးအရေးမှာ ပါဝင်ဆောင်ရွက်မှုအနေနဲ့ ကျမတို့ဖိတ်တဲ့ အခမ်းအနားတွေ၊ သူတို့အစိုးရကလုပ်တဲ့ အမျိုးသမီး များနေ့လို အခမ်းအနားတွေမှာ မိန့်ခွန်းလာပြောတာလောက်ပါပဲ” ဟု ပြောသည်။
တဖက်တွင်လည်း NLD အစိုးရသစ်လက်ထက်၌ ပွင့်လင်းလွတ်လပ်မှုနှင့် ပညာပေးမှုများ များပြားလာသည့်အတွက် အမှုအခင်းများ၊ ရာဇဝတ်မှုများကို ပိုမိုသိရှိလာကြရခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
NLD အစိုးရသစ် လက်ထက်အတွင်း မုဒိမ်းမှု များလာသည့်အပေါ် ဒေါ်တင်တင်ညိုက “အစိုးရသစ်လက်ထက်မှ မုဒိမ်း မှုတွေ ပိုများလာတယ်လို့ ပြောလို့တော့ မရပါဘူး။ ကျမတို့ လူမှုအသိုင်းအဝန်းမှာ ဖြစ်နေခဲ့တာ ကြာပါပြီ။ တရားဥပဒေ အရ သေချာဖြေရှင်းပေးနိုင်တာ မရှိတဲ့အပေါ် ပိုမိုအတင့်ရဲလာတယ်လို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။
ယခုနောက်ပိုင်း အမျိုးသမီးများသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပြီး မတရားမှုများကို တိုင်ကြားလာသည့် အတွက် မုဒိမ်းမှုများ ပိုများလာသည်ဟု ယူဆရကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုကို တိုင်ကြားသည့်အခါတွင် အမျိုးသမီးအရေးကို နားလည်ပေးသည့် ရှေ့နေများ၊ ရဲများ၊ တရားသူကြီးများ လိုအပ်ကြောင်း ဒေါ်တင်တင်ညို က ပြောသည်။
သို့သော် အစိုးရအနေဖြင့် အမျိုးသမီးများ၏ လုံုခြုံရေးအတွက် အခိုင်အမာ လုပ်ဆောင်ပေးနေမှုများ မတွေ့ရကြောင်း အမျိုးသမီးရေး လှုပ်ရှားတက်ကြွသူများက ပြောဆိုသည်။
ထားဝယ်အမျိုးသမီးများသမဂ္ဂ အတွင်းရေးမှူး မယ်မာလာကျော်သိန်းက “အစိုးရအနေနဲ့ ဒေသဆိုုင်ရာ အမျိုးသမီး တွေရဲ့ လုံခြုံရေး အခြေအနေနဲ့ပတ်သက်ပြီး အခုချိန်အထိ မျှမျှတတ ပြောဆိုလုပ်ဆောင်ပေးတာတွေ ဘာတခုမှ မရှိသေးပါဘူး။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မခံရအောင်၊ ကလေးသူငယ်နဲ့ မိန်းကလေးတွေ မုဒိမ်းကျင့်မခံရအောင် အဝတ်အစားကို လုံလုံခြုံခြုံ ဝတ်ဆင်ပေးကြပါဆိုတဲ့ သတိပေးစကား တခွန်းကလွဲရင် ဘာလှုပ်ရှားမှု (Action) မှ မတွေ့ရဘူး” ဟု ဆိုသည်။
သို့သော်လည်း အခြေအနေတွေက အရင်ကထက် ပိုဆိုးလာသည်ဟု ပြောဆိုဖို့ခက်ပါသည်ဟု မယ်မာလာကျော်သိန်း က ပြောသည်။
“သက်ငယ်မုုဒိမ်းတွေက များလာတာလားဆိုတော့ ပြောရခက်တယ်၊ အရင်ကတော့ တိုင်တန်းရ မှန်းမသိလိုု့၊ အကူ အညီ ပေးတဲ့ အဖွဲ့အစည်းတွေလည်း မရှိလို့၊ မုုဒိမ်းမှုတွေက ရဲစခန်းတွေ၊ တရားရုံုးတွေကို ရောက်မလာတာလည်း ဖြစ်နိုင်တယ်။ အခုနှစ်ဆန်းပိုင်းမှာ ကျမတိုု့အဖွဲ့ အကူအညီပေးနေတဲ့ သက်ငယ်မုုဒိမ်းမှု ၈ မှု ရှိနေပြီ။ ၂၀၁၅ – ၂၀၁၆ ခုနှစ်အတွင်းမှာ သက်ငယ်မုုဒိမ်းမှု ၁၈ မှု အထိ ကျမတို့ လက်လှမ်းမီ ကောက်ယူပြီး အကူအညီပေးနိုင်ခဲ့တယ် ဆိုတော့ ရာခိုင်နှုန်းအရ ပြန်တွက်ရင် များလာတာလို့လည်း ပြောနိုင်မယ်ထင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီး ၅ ဦးတွင် ၁ ဦးသည် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာအရ အိမ်တွင်းအကြမ်းဖက်မှု ခံစားနေရကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြီးခဲ့သည့် မတ်လ ၂၃ ရက်တွင် ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည့် ၂၀၁၅ – ၂၀၁၆ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်စစ်တမ်း (MDHS) တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် ပင်လုံတွင် တိုင်းရင်းသား လူငယ်များနှင့် တွေ့ဆုံခြင်း၊ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သော်လည်း အောက်ခြေတွင် အမျိုးသမီး အရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း မရှိသေးကြောင်း အမျိုးသမီး အရေး ဆောင်ရွက်နေသူများက ပြောသည်။
အစိုးရသစ်က အမျိုးသမီးအဖွဲ့အစည်းများ အပါအဝင် အခြားသော ဒီမိုကရေစီအရေး လုပ်ဆောင်နေသည့် လူမှု အဖွ့ဲအစည်းများနှင့် ပုံမှန်တွေ့ဆုံမှုများကိုပါ ပြုလုပ်သင့်ကြောင်း အမျိုးသမီးအရေး လုပ်ဆောင်နေသည့် အဖွဲ့များက ဆက်ပြောသည်။
လက်ရှိလွှတ်တော်၌ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူများ ပါဝင်နေသကဲ့သို့ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးများတွင် အမျိုးသမီးဝန်ကြီးချုပ်များ ခန့်အပ်ထားသော်လည်း အမျိုးသမီးရေး ကိစ္စရပ်များတွင် ရှေ့တန်းသို့ ရောက်လာခြင်း မရှိသေးသည်ကို တွေ့ရသည်။
ထိုအခြေအနေများအပေါ် မြန်မာ့အမျိုးသမီးသမဂ္ဂမှ ဒေါ်တင်တင်ညိုက “နိုင်ငံတော်နဲ့ ချီလာပြီဆိုတော့ ပါတီရဲ့ လမ်းညွန်မှုအတိုင်းပဲ လုပ်ဆောင်ရတယ်လို့ ကျမမြင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးအရေး နောက်ခံရှိတဲ့ ခေါင်းဆောင်တွေအနေနဲ့ အခြားသောသူတွေထက်ပိုပြီး အမျိုးသမီးအသံတွေ ထွက်လာအောင် အမျိုးသမီးတွေကို အကာအကွယ်ပေးနိုင်တဲ့ဥပဒေ ပေါ်ထွက်လာအောင် ရှေ့ကနေကြိုးစားဆောင်ရွက်လာရင် ကျမတို့အတွက် အတိုင်းထက်အလွန်ပါပဲ” ဟု ပြောသည်။
လွှတ်တော်အတွင်း၌ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်လာပြီး ပါတီ၏မူကို အခြေခံ၍ လုပ်ဆောင်နေကြ သော်လည်း ကိုယ်စားပြု ပြည်နယ်အလိုက် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်သည့် ပညာပေးမှုများ၊ အမျိုးသမီး စွမ်းဆောင် ရည် မြှင့်တင်မှုနှင့် ပညာပေးများကို တတ်နိုင်သရွေ့ ပြုလုပ်နေကြသည်ကို တွေ့မြင်လာရသည်။
ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် အရေးကြီးသကဲ့သို့ အမျိုးသမီးများ အကြမ်းဖက်မှုအပေါ် ကာကွယ်ပေးနိုင်သည့် ဥပဒေ ယန္တရားများ ရှိလာရန်လည်း အရေးကြီးကြောင်း၊ အမျိုးသမီးများအနေဖြင့် မိမိတို့လုပ်ငန်းခွင်များ၌ အဆင်ပြေစွာ လုပ်ကိုင်နိုင်ရန် ဖန်တီးပေးနိုင်ရေးနှင့် လုပ်ငန်းခွင်လုံခြုံရေးများကို အစိုးရသစ်အနေဖြင့် ထည့်သွင်းစဉ်းစားရန် လိုအပ် ကြောင်း အမျိုးသမီးရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်များက တောင်းဆိုနေကြသည်။