ရန်ကုန်၊ လမ်းမတော်မြို့နယ်ရှိ အနှိပ်အကြောပြင် ဆေးခန်းတခုမှ မျက်မမြင် အကြောပြင် ပညာဆရာ ကိုအောင်သန်းဦး သည် အောက်တိုဘာလအတွင်းက ပုဂ္ဂလိက ဘဏ်ခွဲတခုသို့ သွားရောက်ခဲ့ရာတွင် ဘဏ်ဝန်ထမ်း တဦးက ဝန်ဆောင်မှုပေးရန် ခါးခါးသီးသီး ငြင်းဆန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
လမ်းမတော်မြို့နယ် ဘဏ်ခွဲတွင် ငွေစာရင်း ဖွင့်ပြီး လစာငွေတချို့တဝက်ကို စုဆောင်းရန်ဆိုသည့် ရည်ရွယ်ချက်မှာ လည်း အကောင်အထည် မပေါ်ခဲ့ပေ။
“မျက်မမြင်တွေ ဆိုရင် ငွေစာရင်းဖွင့်လို့မရဘူး။ အထပ်ထပ် အခါခါပြောနေတာ နားမလည်ဘူးလား ဆိုပြီး ကျနော့်ကို လူတွေ အများကြီးရှေ့မှာ အော်တယ်။ မသိရင် သူတို့ဘဏ်က ငွေတောင်းနေတာ ကျနေတာပဲ။ ရုတ်တရက်တော့ ကျနော် ရှက်သွားတယ်။ သိမ်ငယ်သလို ခံစားရတယ်” ဟု ၂၉ နှစ် အရွယ်ရှိ ကိုအောင်သန်းဦးက ရင်ဖွင့်သည်။
ကိုအောင်သန်းဦးသည် ညီဖြစ်သူကို ခေါ်ဆောင်ကာ အဆိုပါ ဘဏ်ခွဲသို့ သုံးကြိမ် သွားရောက်ကာ ငွေစာရင်းဖွင့်ရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
“ပထမအကြိမ်တုန်းက ကျနော်က ညီလေးနဲ့ အတူသွားတာ တယောက်တည်း ဖွင့်မရလို့ ပြန်လာရတယ်။ နောက် တခါ ကျနော့် ညီမှတ်ပုံတင်ပါ ယူပြီး သွားတော့ အဲဒီဝန်ထမ်းက အပေါ်ထပ်က မန်နေဂျာကို သွားပြောတယ်။ ပူးတွဲ (စာရင်း) လည်း မရပါဘူး လို့ ဆိုပြီး အသည်းအသန် ငြင်းလိုက်တယ်” ဟု ကိုအောင်သန်းဦး မျက်နှာကို လက်ဖြင့်ပွတ်ရင်း ကတုန်ကယင်နှင့် ပြောပြသည်။
အဆိုပါဘဏ်၏ တာဝန်ခံ မန်နေဂျာကို သွားရောက် တွေ့ဆုံမေးမြန်းရာတွင် အမြင်အာရုံ မသန်စွမ်းသူ ငွေစာရင်း ဖွင့်လှစ်ခြင်းကို လက်ခံဆောင်ရွက်ပေးခြင်း မပြုရန် ရုံးချုပ်က ညွှန်ကြားထားကြောင်း ဖြေဆိုခဲ့သည်။
“မျက်မမြင်တွေ အတွက် ငွေစာရင်းဖွင့်လှစ်တာကို လက်ခံပေးဖို့ သတ်မှတ်ချက် မရှိသေးပါဘူး။ တခြား သန်စွမ်းသူ တဦးနဲ့ ပူးတွဲ အကောင့် ဖွင့်လှစ်တာ ဖြစ်ဖြစ် လက်မခံပါဘူး။ ကျမတို့ ဘဏ်ခွဲတိုင်းကို ရုံးချုပ်က ညွန်ကြားထား ပါတယ်” ဟု ဘဏ်မန်နေဂျာက ပြောသည်။
အကြောပြင် ပညာဆရာ ကိုအောင်သန်းဦးက သူနှင့် ဘဝတူများကြား ဆက်သွယ်စုံစမ်း မေးမြန်းပြီး အမြင်အာရုံ မသန်စွမ်းသူများကို လက်ခံပေးသည့် ကြည့်မြင်တိုင်မြို့နယ်ရှိ အခြား ပုဂ္ဂလိက ဘဏ်တခုတွင် သွားရောက်ပြီး ငွေစာရင်း ဖွင့်လှစ်ခဲ့ရသည်။
မတူသည့် မူဝါဒ
မသန်စွမ်းများ အတွက် ဘဏ်စာရင်း ဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်ပြီး ပုဂ္ဂလိက ဘဏ်တခုနှင့် တခု မူဝါဒ မတူကြပေ။ တချို့ဘဏ်များက မျက်မမြင်များကို ငွေစာရင်း ဖွင့်လှစ်ခွင့် လုံးဝမပြုဘဲ တချို့ဘဏ်များက မူဝါဒတွင် ထည့်သွင်း ရေးဆွဲ ထားသည့်တိုင် အောက်ခြေဝန်ထမ်းများက သိရှိလိုက်နာမှု အားနည်းကြသည်ကို တွေ့ရသည်။
မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို ၂ဝ၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေ၏ ပုဒ်မ ၇၇ (က) တွင် မသန်စွမ်းများအား မသန်စွမ်းမှုကို အကြောင်းပြုပြီး သိလျက်နှင့် တမင်ခွဲခြား ဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ နှိမ့်ချခြင်း ပြုသူကို ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၅ သိန်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံး ဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။
ကိုအောင်သန်းဦးက မျက်မမြင်တို့သည် ငွေကြေးဆိုင်ရာ လုံခြုံမူ မရှိသကဲ့သို့ ခံစားနေရကြောင်း၊ မိမိပိုင်ငွေကို လုံခြုံစွာ ထိန်းသိမ်းထားခြင်း မရှိပါက မသမာသူတို့ အသက်အန္တရာယ် ပြုသည့် အခြေအနေနှင့်ပင် ကြုံလာရနိုင် ကြောင်း ပြောပြသည်။
“ကျနော်တို့ အမြင်အာရုံ မသန်စွမ်းသူတွေက အများသူငါတွေလို သွားချင်တိုင်း သွားလို့ မရဘူး။ အပြင်ကို သွားမယ် ဆိုရင် လူတယောက် အကူအညီလို ပါတယ်။ ဘဏ်ကို သွားမယ် ဆိုရင်လည်း ညီအစ်ကို မောင်နှမတွေ၊ စိတ်ချရတဲ့ သူငယ်ချင်းတွေကို အကူအညီ တောင်းရပါတယ်။ ဒါကြောင့် ကိုယ်နေထိုင်တဲ့ နေရာနဲ့ နီးစပ်တဲ့ နေရာ၊ ဘဏ်မှာ ငွေစာရင်း ဖွင့်ဖို့ ကြိုးစားတာပါ” ဟု သူက ဆက်ပြောသည်။
အများပြည်သူ အတွက် ဝန်ဆောင်မှုပေးသော ဘဏ်လုပ်ငန်းများက မသန်စွမ်းသူတို့ အတွက် ထည့်သွင်း စဉ်းစား ပေးသင့်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ အမှုဆောင် အရာရှိချုပ် ဦးနေလင်းစိုးက ပြောသည်။
“မသန်စွမ်းတွေကို သန်စွမ်းသူတွေ ဖြစ်အောင် လုပ်ပါ ဆိုရင်ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘဏ်လုပ်ငန်း တွေကို မသန်စွမ်းသူတွေ အတွက် ပြင်ဆင်ပေးရမယ်။ အလွယ်တကူ သွားလာနိုင်အောင် စီစဉ်ပေးရမယ်။ ဘဏ် ဝန်ဆောင်မူတွေ၊ စနစ်တွေက မသန်စွမ်းတွေ အတွက် အခက်အခဲ ဖြစ်နေတယ် ဆိုရင်လည်း မသန်စွမ်းအဖွဲ့အစည်း တွေနဲ့ တိုင်ပင်ပြီး နည်းလမ်းတွေ ရှာဖွေပြီး ပြင်ဆင်ပေးရမယ်” ဟု ဦးနေလင်းစိုးက ပြောသည်။
အလုပ်အကိုင် အခွင့်အလမ်း
မြန်မာနိုင်ငံ လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း၊ အရေအတွက် အားဖြင့် ၂ ဒသမ ၃ သိန်းခန့်သည် မသန်စွမ်းများ ဖြစ်ကြောင်း၊ အမြင်အာရုံ မသန်စွမ်းသူများက အများဆုံး ဖြစ်ကြောင်း၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းအရ နိုင်ငံတွင်း မသန်စွမ်း လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ ဖြစ်နေ ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အမြင်အာရုံ မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းကို ရည်ညွန်းပါက အနှိပ် အကြောပြင် အလုပ်ကို ပူးတွဲ မြင်ကြသည်။ တခြားသော ပညာရပ်များဖြင် အသက်မွေးဝမ်းကျောင်း ပြုလုပ်သူများ ရှိသော်လည်း အလွန် နည်းပါးနေသေးသည်။
မီဒီယာတခုတွင် အသံဖမ်းအင်ဂျင်နီယာ အဖြစ် လုပ်ကိုင်နေသော ကိုစောမနိုင်းက ကျေးလက်ဒေသရှိ အမြင်အာရုံ မသန်စွမ်းသူ အများစုမှာ ပညာသင်ကြားခွင့် မရရှိကြခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း မရရှိကြ ကြောင်း ထောက်ပြသည်။
မျက်မမြင်များအဆင်ပြေရေး
မျက်မမြင်တဦး ဖြစ်သည့် အသံဘက်ဆိုင်ရာ ကျွမ်းကျင်သူ ကိုစောမနိုင်းသည်လည်း နေ့စဉ် ရုံးဆင်းရုံးတက်ရန် သွားလာရသည့် အခါ အခြားသော မျက်မမြင်များကဲ့သို့ အခက်အခဲများ ကြုံနေရသည်။
မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က မြန်မာနိုင်ငံတွင် အမြင်အာရုံ မသန်စွမ်းသူတို့ ပြင်ပတွင် သွားလာရာတွင် လည်းကောင်း၊ ATM ခေါ် အလိုအလျောက် ငွေထုတ်စက်ကို သုံးစွဲရာတွင် လည်းကောင်း ယုံကြည်ရသူ တဦး၏ အကူအညီကို မဖြစ်မနေ ယူနေရသည် ဟု ရှင်းပြသည်။
အမြင်အာရုံ မသန်စွမ်းသူ ဦးအောင်ကိုမြင့်က ဂျပန်၊ စင်ကာပူ၊ ဖိလစ်ပိုင် စသည့် ခရီးစဉ်များအတွင်း ATM ငွေထုတ်စက် အသုံးပြုဖူးကြောင်း၊ ထိုနိုင်ငံများရှိ ATM စက်များတွင် မျက်မမြင်တို့ အဆင်ပြေစေရန် အသံဖြင့် ညွှန်ကြားသည့် စနစ် ပါရှိကြောင်း ရှင်းပြသည်။
ရန်ကုန်မှ အမြင်အာရုံ မသန်စွမ်းသူတဦး ဖြစ်သည့် မယမင်းဥမ္မာ ကလည်း မြန်မာနိုင်ငံတွင် အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၊ လမ်းများ၊ မီးပွိုင့်များတွင် အမြင်အာရုံ မသန်စွမ်းသူတို့ သွားလာရန် အမှတ်အသားများ ၊ အသံစနစ်များ ပြုလုပ်ပေးစေလိုကြောင်း ပြောသည်။ အထူးသဖြင့် ရန်ကုန်မြို့တွင် ဘတ်စ်ကားများ မဆင်မခြင် မောင်းနှင်ခြင်း၊ မှတ်တိုင် မဟုတ်သော နေရာတွင် ခရီးသည် အတင်အချ ပြုလုပ်ခြင်းများကလည်း မျက်မမြင်တို့ အတွက် အသက်အန္တရာယ် ရှိကြောင်း မယမင်းဥမ္မာက ထောက်ပြသည်။
၎င်းအနေဖြင့် အာဆီယံနိုင်ငံ အချိုနှင့် ဒိန်းမတ်နိုင်ငံတို့တွင် သွားရောက် ပညာသင်ယူခဲ့ စဉ်က သွားလာဆက်သွယ်ရာ တွင် လွယ်ကူခဲ့သည် ဟု ပြောသည်။
“အဲဒီနိုင်ငံတွေမှာက အများပြည်သူတွေ အသုံးပြုတဲ့ လမ်းတွေမှာ အမြင်အာရုံ မသန်စွမ်းတွေ အတွက် အမှတ်အသားတွေ၊ အသံစနစ်တွေ ပါဝင်နေတဲ့ အပြင် ဈေးဝယ်စင်တာတွေမှာ အကူဝန်ထမ်းတွေပါ ထားရှိတဲ့ အတွက် လုံခြုံစိတ်ချရတယ် လို့ ခံစားမိပါတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်မှ မျက်မမြင် အကြောပြင်ပညာဆရာ ကိုအောင်သန်းဦးကလည်း အစိုးရအနေဖြင့် သော်လည်းကောင်း၊ လူမူအဖွဲ့ အစည်းများက သော်လည်းကောင်း အမြင်အာရုံ မသန်စွမ်းသူများအတွက် သင့်တော်မည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးမည် ဆိုပါက ကိုယ်တိုင်လည်း တိုင်းပြည်အကျိုး အတွက် တထောင့်တနေရာမှ ကူညီနိုင်မည် ဖြစ်ကြောင်း ပြောသည်။ ။