လက်ရှိတွင် မွန်ပြည်သူများအဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) တွင် လက်မှတ် ရေးထိုးမည်လား၊ ပြည်တွင်းရှိ မွန်နိုင်ငံရေး ပါတီများ၏ စုစည်းမရသော အခြေအနေအား ကိုင်တွယ် ဖြေရှင်းရန် ဖွဲ့စည်းထားသည့် “ပေါင်းစပ် ညှိနှိုင်းရေး ကော်မရှင်” ကို မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် မည်သို့ ဆက်လက် ရပ်တည်မည်နည်း ဆိုသည့် အချက်များမှာ စိတ်ဝင်စားစရာ ကောင်းသည့် မေးခွန်းများ ဖြစ်နေသည်။
ယင်းအဖြေကို မွန်ပြည်သစ်ပါတီ ဌာနချုပ်၊ ရေးချောင်းဖျား စခန်းတွင် ဧပြီလ ၂၃ ရက်နေ့မှ စတင်ကျင်းပနေလျှက်ရှိပြီး တပတ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားသော ဗဟိုကော်မတီ အစည်းအဝေး၌ တစုံတစ်ရာ အဖြေ ထုတ်ပေးနိုင်မည်ဟု မျှော်လင့်ထားကြသည်။
NCA ကို လက်ခံပြီး ယင်းလမ်းကြောင်းဖြင့်သာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ သို့ တက်ရောက်မည့် မွန်ပြည်သစ် ပါတီအဖို့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းများက ဘေးကျပ် နံကျပ် ဖြစ်ဖွယ် ရှိနေသည်။
ယခင်က မြန်မာ့ ငြိမ်းချမ်းရေးအတွက် ချဉ်းကပ်လမ်းကြောင်းအဖြစ် NCA တခုသာ ရှိခဲ့ရာမှ ဧပြီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် ပန်ဆန်း (ပန်ခမ်း) ကြေညာချက်ကြောင့် NCA မရေးထိုးဘဲ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်လှမ်းနိုင်မည့် “ပန်ခမ်း” လမ်းကြောင်းမှ တဆင့်လည်း ချဉ်းကပ်နိုင်သဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွက် ရွေးချယ်စရာများ ဖြစ်လာခဲ့သည်။
ထိုအခြေအနေများကြောင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးကို NCA လမ်းကြောင်းဖြင့် သွားမည်ဆိုသည့် မွန်ပြည်သစ် ပါတီ၏ မူလ ရပ်တည်ချက်မှာ ယခင်အတိုင်း ရှိနေဆဲလားဟု မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့ပေသည်။
မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် က “လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွေနဲ့ ဆက်စပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ် စဉ်းစားပါ၊ သေသေချာချာ ဆွေးနွေး ဆုံးဖြတ်ပါ၊ တယောက်တည်းရဲ့ ပုဂ္ဂလိက ဆန္ဒကိုပဲ အခြေခံ မဆွေးနွေးစေချင်ဘူး၊ လက်ရှိ ပကတိ နိုင်ငံရေးရဲ့ အရှိတရား တွေအပေါ် ကိုက်ညီတဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ လိုပါတယ်” ဟု မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေး ပထမနေ့ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နှစ်ပေါင်း ၇၀ နီးပါး ရှိလာပြီ ဖြစ်သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းနိုင်ရေးအတွက် နဝတ၊ နအဖ စစ်အစိုးရနှင့် ဦးသိန်းစိန် အစိုးရ အပါအဝင် လက်ရှိ NLD အစိုးရတို့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပုံစံ အမျိုးမျိုးဖြင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ သော်လည်း ယနေ့အချိန်ထိ တိုင်းရင်းသားနှင့် အစိုးရတို့အကြား ထင်သာ မြင်သာရှိသည့် ယုံကြည်မှုများ မတည်ဆောက်နိုင်သေးပေ။
ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်ကပင် NCA စာချုပ် ထွက်ရှိနိုင်ရန် အတည်ပြုနိုင်ခဲ့ပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ ထွက်ပေါက် အဖြစ် မျှော်လင့်ထားခဲ့ကြသော်လည်း လက်တွေ့တွင် သေနတ်သံများက မြောက်ပိုင်း၌ ညံစီနေဆဲပင် ဖြစ်သည်။ ထို့အတူ စစ်ဘေးရှောင်ဒုက္ခသည်များ၏ အိမ်ပြန်ချိန် မျှော်လင့်ချက်သည်လည်း အိမ်မက်သဖွယ်သာ ဆက်လက်တည်ရှိနေသည်။
ဤအခြေအနေတွင် မွန်ပြည်သစ် ပါတီ အနေဖြင့် မည်သို့ ရပ်တည်မည်နည်း ဆိုသည်မှာ စဉ်းစားစရာ ဖြစ်နေကြောင်း မွန်ပြည်သစ်ပါတီ၏ နိုင်ငံရေး ဌာန တာဝန်ခံ အသက် ၇၀ ကျော် အရွယ်ရှိ နိုင်စိုက်ထောက ထုတ်ဖော် ပြောဆိုသည်။
မွန်ပြည်သစ်ပါတီ၏ တော်လှန်ရေး ခရီးကြမ်း တလျှောက်တွင် တိုက်ပွဲ ကြီးငယ် အသွယ်သွယ်၊ အန္တရာယ် အမျိုးမျိုး တို့ကို ကျော်ဖြတ် လာခဲ့ရသည့် ယခင် စစ်သက်တမ်း ဝါရင့် စစ်သားဟောင်းကြီး တယောက် ဖြစ်သူက ဇွန်းဖြင့် ပုံးပြည့်ရန် ရေခပ်ရသကဲ့သို့ နှစ်ပေါင်းများစွာ ကြိုးပမ်းမှုကြောင့် ရရှိခဲ့သည့် တော်လှန်ရေး အသီးအပွင့်များသည် မျှော်မှန်းထားသည့် နိုင်ငံရေး အောင်မြင်မှုများ မရမီ ပျက်စီးသွားမည်ကို စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောကြားသည်။
ဗဟိုကော်မတီ အစည်းအဝေး၏ ဧပြီ ၂၃၊ ၂၄ နှစ်ရက်တာ အစည်းအဝေး ပြီးချိန်တွင် ပါတီ၏ အစီရင်ခံစာ အတည်ပြုခြင်းနှင့် ဌာနများ၏ အစီရင်ခံစာများအား ဖတ်ကြား တင်သွင်းခြင်းတို့သာ ပြုလုပ်ရသေးသဖြင့် အရေးကြီး အကြောင်းအရာများကို မကိုင်တွယ်ရသေးပေ။
မွန်ပြည်သစ် ပါတီသည် ၂၀၁၂ ခုနှစ်တွင် ပြည်နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုထားပြီး ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ ဖြစ်သည်။
၂၀၁၂ မှ စ၍ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးတို့အတွက် တွေ့ဆုံ ဆွေးနွေးမှုများကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုဖြင့်သာ အားလုံး ပါဝင်ရေး (All Inclusive) မူဖြင့် လျှောက်လှမ်းမည်ဟု ခံယူထားရာမှ ၂၀၁၇ ခုနှစ်တွင် ချဉ်းကပ်ရေး လမ်းကြောင်းကို ပြောင်းလဲရန် သဘောထား ရှိလာခဲ့သည်။
ယင်းအတွက် လက်ရှိ ကျင်းပနေသည့် ဗဟိုကော်မတီ အစည်းအဝေးက တိကျသည့် အဖြေတစ်ခုကို မလွဲမသွေ ထုတ်ပေး ရမည် ဖြစ်သည်။
NCA ပေါ်ပေါက်ရေး လုပ်ငန်းစဉ် တလျှောက် ပါဝင်လာခဲ့သည့် မွန်ပြည်သစ် ပါတီအတွက် NCA စာချုပ်ကို လက်ခံထားပြီး ဖြစ်သော်လည်း ယခင် တပ်ပေါင်းစု ဦးဆောင်မှု အောက်၌ အားလုံးပါဝင်ရေး မူဖြင့် ရှေ့ဆက်မည့် ဦးတည်ချက်မှ အားလုံး မပါဝင် နိုင်သော်လည်း NCA ကို လက်ခံသည့် တခြား လက်နက်ကိုင် အဖွဲ့များ စု၍ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုဆီသို့ တစတစ ဦးတည်သွားရန် ဖြစ်လာခဲ့ပေသည်။
အစိုးရတပ်မတော်နှင့် အင်အားချင်း မယှဉ်သာသည့် တိုင်းရင်းသားများအဖို့ မျှော်မှန်းထားသည့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် လည်းကောင်း ၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် လုပ်ပိုင်ခွင့်များ ပြည့်ဝသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် လည်းကောင်း အချင်းချင်း စုစည်း၍ သွားရန် ကနဦး၌ ရည်ရွယ်ထားခဲ့သော်လည်း လက်တွေ့တွင် ထိုကဲ့သို့ အားကောင်းစွာ စုစည်းနိုင်ခြင်း မရှိခဲ့ပေ။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထပ်မံ ပေါ်ပေါက်လာခဲ့သည်။
“ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးဟာ ညှိနှိုင်းနေရဆဲ အခြေအနေမှာ ရှိနေတယ်၊ ကျနော်တို့ ဖြစ်ချင်သလို ရာနှုန်းပြည့် ဖြစ်ဦးမှာ မဟုတ်ဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံမှာ တပ်မတော်ဟာ အသာစီး ရထားတဲ့ အခြေအနေ တချို့ ရှိတယ်၊ ဖွဲ့စည်းပုံအရ အထူးအခွင့် အရေး ရထားတာ ရှိတယ်၊ ဆိုတော့ စစ်တပ်က လက်ရှိမှာ မူဝါဒ တမျိုး စွဲကိုင်ထားတယ်၊ လက်ရှိမှာ အာဏာရထားတဲ့ NLD အစိုးရကလည်း တမျိုး ရှိနေတယ်၊ ဆိုတော့ ကျနော်တို့ နိုင်ငံရေး ပြဿနာဟာ အခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင် ဖြတ်သန်းရဦးမှာ ဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က ဆိုသည်။
မွန်ပြည်သစ်ပါတီသည် မြန်မာပြည်တောင်ပိုင်း၌ အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ ဖြစ်ပြီး ၎င်းတို့ ထိန်းချုပ်နယ်မြေ များ၏ တောင်ဘက်၊ မြောက်ဘက်နှင့် အရှေ့ဘက် များတွင် NCA စာချုပ်အား လက်မှတ် ရေးထိုး ထားပြီး ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ် နယ်မြေများနှင့် ထိစပ်နေသည်။
၂၀၁၇ နှစ်ဆန်း ဇန်နဝါရီနှင့် ဖေဖော်ဝါရီ လများအတွင်း မွန်ပြည်သစ်ပါတီ၏ အမှတ် – ၂ ထားဝယ်ခရိုင် လက်အောက်ခံ တပ်ရင်းနှင့် KNU လက်အောက်ခံ ဘိတ်-ထားဝယ်ခရိုင် တပ်များအကြား လက်နက်ကိုင် ထိတွေ့မှုများ ၅ ကြိမ်ခန့် ဖြစ်ပွား ခဲ့သည်။
မကြာမီက ကျင်းပ ပြီးစီးခဲ့သည့် KNU ကွန်ဂရက် အစည်းအဝေးတွင် အစိုးရ တပ်မတော်နှင့် နီးစပ်သူများဟု ဝေဖန်သံများ ထွက်ပေါ်နေသည့် KNU ထိပ်တန်း ခေါင်းဆောင်များသာ ပြန်လည် ရွေးချယ်ခံခဲ့ရခြင်းအပေါ် မွန်ပြည်သစ် ပါတီအနေဖြင့် မည်သို့ သဘောထားကာ ဆက်လက် ရပ်တည်သွားမည် ဆိုခြင်းကို ဗဟိုကော်မတီ အစည်းအဝေး၌ပင် အဖြေထုတ်ရမည် ဖြစ်သည်။
ထို့ပြင် NCA စာချုပ်အား လက်မှတ် ရေးထိုးခြင်း မပြုဘဲ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုကို တိုက်ရိုက် တက်လှမ်းမည့် “ပန်ခမ်း” လမ်းကြောင်း ထပ်မံ ပေါ်ပေါက်လာသည့်အတွက် မွန်ပြည်သစ် ပါတီအနေဖြင့် ရှေ့ဆက် မည်သို့ ရပ်တည် မည်နည်း ဆိုခြင်းအပေါ် ဘေးကျပ်နံကျပ် ဖြစ်စေခဲ့သည်။
လက်ရှိ ကျင်းပနေသည့် ဗဟိုကော်မတီ အစည်းအဝေးသည် ရှေ့ဆက် ဖြစ်ပေါ်နေမည့် နိုင်ငံရေး အခင်းအကျင်းများနှင့် ပတ်သက်၍ လည်းကောင်း ၊ မွန်အမျိုးသား ညီညွတ်ရေးဆိုင်ရာ ရပ်တည်ချက်နှင့် ပတ်သက်၍လည်းကောင်း ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်မှုအတွက်ပါ မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်နှင့် အခန်းကဏ္ဍကို ထုတ်ဖော် ပြသရမည့် အစည်းအဝေး တခုလည်း ဖြစ်သည်။