၈နှစ်တိုင်တိုင် အရက်၊ ဘီယာ ရောင်းချခွင့်မရှိသော၊ အရက်၊ ဘီယာ သောက်သုံးမှုကို ထိန်းချုပ်ထားသော မြို့ဆိုသော ချင်းပြည်နယ်က ထန်တလန်မြို့ပုံရိပ်သည် အတိတ်မှာပင် ကျန်ရစ်နေခဲ့ပေတော့မည်။
ထန်တလန်က လူငယ်တွေ အရက်သောက်ချင်တိုင်း နယ်နိမိတ်ချင်း ထိစပ်နေသည့် ဟားခါးမြို့နယ်ထဲက ရွာလေးတွေဆီ ခြေဦးလှည့်စရာ မလိုတော့။
ခိုးကြောင်ခိုးဝှက် သယ်ယူရောင်းချစရာမလိုဘဲ ထန်တလန်မြို့အထင်ကရနေရာက စားသောက်ဆိုင်တွင် အရက်၊ ဘီယာများ လွတ်လွတ်လပ်လပ် ပေါ်ပေါ်တင်တင် ရောင်းချသောက်သုံးနေကြပြီဖြစ်သည်။
ထန်တလန်မြို့နယ်တွင် မူးယစ်စေတတ်သည့် အရက်၊ ဘီယာရောင်းချမှု မရှိစေရေးနှင့် သောက်သုံးမှုမရှိစေရေး အတွက် ရှစ် နှစ်ဝန်းကျင်ကြာ အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့သော်လည်း လုပ်သလောက် အရာမရောက်ခဲ့သည့် ယစ်မျိုးကင်းစင် တိုက် ပွဲကို ၂၀၁၅ ခုနှစ်မှစတင်ကာ လက်လျှော့ခဲ့ရသည်ဟု ယင်းတိုက်ပွဲတွင် ပါဝင်ခဲ့သူ ထန်တလန်မြို့နယ် နှစ်ခြင်းအသင်းတော် ဥက္ကဌ ဦးလောမ်ဘိခ် က ဆိုသည်။
ဖွံ့ဖြိုးမှုနည်းပါးပြီး ပညာရေး နိမ့်ကျသည့် ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်း စည်းကမ်းမဲ့ဖွင့်လှစ်ရောင်းချသည့် အ ရက်ဆိုင်များကြောင့် သောက်သုံးသူဦးရေ တိုးလာသည်သာမက လူငယ်များအတွက် အကျင့်စာရိတ္တပျက်ပြားမှုဖြစ်စဉ်များ၊ မူးယစ်မှုမှအစပြုသော မတော်တဆ ထိခိုက်သေဆုံးမှု ဖြစ်စဉ်များမှ ကာကွယ်ရေးအတွက် ဒေသခံ ချင်းတိုင်းရင်းသားများက ၂၀၀၆ ခုနှစ်တွင် အရက်၊ ဘီယာ ရောင်းချခွင့်ပိတ်သိမ်းပေးရန် နိုင်ငံတော်သို့ တင်ပြခဲ့သည်။
တနိုင်ငံလုံးတွင် အရက်၊ ဘီယာ ရောင်းချခွင့် ယစ်မျိုးလိုင်စင်များကို တရားဝင် ချထားပေးခဲ့သော်လည်း ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် ထန်တလန်မြို့နယ်အတွက် ယစ်မျိုးလိုင်စင်များကို ပိတ်သိမ်းပေးခဲ့သည်။
ထန်တလန်မြို့နယ်တွင် အရက်ဘီယာရောင်းချမှု မရှိစေရေး ဒေသခံများက အခြားနည်းဖြင့်လည်း ကြံဆောင်ခဲ့ကြသေး သည်။ ၂၀၀၈ ခုနှစ်မှစတင်ကာ ထန်တလန်မြို့နယ်အတွက် နိုင်ငံတော်ကချပေးထားသည့် ယစ်မျိုးလိုင်စင်ကို ထန်တလန် မြို့နယ်ရှိ ခရစ်ယာန်အသင်းတော်များနှင့်အတူ မြို့မိမြို့ဖများက ရယူကာ အသင်းတော် ရန်ပုံငွေဖြင့် ယစ်မျိုးခွန်ပေး ဆောင်ခဲ့သည်။
ယစ်မျိုးခွန်အရပ်ရပ်အတွက် တနှစ်လျှင် အနည်းဆုံး ကျပ်သိန်း ၂၀ ပေးဆောင်ကာ လိုင်စင်များရယူခဲ့သော်လည်း အရက် ဘီယာဆိုင်ဖွင့်လှစ်ခြင်းမပြုခဲ့ပေ။
တဖက်ကလည်း အရက်သေစာ သောက်စားမှုများထိန်းချုပ်ရန်အတွက် ၂၀၁၀ခုနှစ် ထန်တလန်မြို့ခရစ်ယာန်ရာစုနှစ်ပွဲ ကျင်းပသည့်အခမ်းအနားတွင် အရက်ရောင်းချသူ၊ အရက်ချက်သူ မိသားစုများကို အသင်းတော်မှ ထုတ်ပယ်ခြင်း၊ မိသားစု သာရေး၊ နာရေးနှင့်ပတ်သက်၍ အသင်းတော်က တာဝန်ယူကူညီဆောင်ရွက်ပေးမည်မဟုတ်ဟုလည်း ကြေညာစာတမ်း ထုတ်ပြန်ခဲ့သည်။
ကြေညာစာတန်းထုတ်ပြန်သည့်အပြင် လူငယ်များကို မူးယစ်စေတတ်သည့် အရက်၊ ဘီယာသောက်သုံးမှု အကျိုးအပြစ် နှင့်ပတ်သက်၍ အသိပညာများပေးမှုများဆောင်ရွက်ခဲ့သည်။ ဘာသာရေးနှင့်ကိုက်ညီမှုမရှိသည့်အတွက် အသင်းတော် များကလည်း လူငယ်များ အရက်ပြတ်စေရန် ကဲန်ပိန်း ပြုလုပ်ခဲ့သော်လည်း ၂၀ ရာခိုင်နှုန်းခန့်သာ အောင်မြင်မှုရရှိခဲ့သည် ဟု ယင်းသို့ ဆောင်ရွက်ခဲ့သူများက ဆိုသည်။
ထန်တလန်မြို့၏အဓိက စီးပွားရေးသည် တောင်ယာစိုက်ပျိုးခြင်းပင်ဖြစ်သည်။ ပင်ပန်းသည့်ဒဏ်၊ ရာသီဥတုဒဏ် ခံနိုင်စေ ရေးအတွက် အရက်သည်သာ အဖော်ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
အရက်ဘီယာဆိုင်မရှိ၊ အရက်နှင့်ပတ်သက်၍ သတိပေး၊ ပညာပေးမှုများဆောင်ရွက်သော်လည်း ထန်တလန်မြို့တွင် အရက်ဘီယာ သောက်သုံးမှုနှင့်ရောင်းချမှုမှာ တရားမဝင်အဖြစ် ရှိနေခဲ့ခြင်းဖြစ်သည်။
ထန်တလန်မြို့တွင် တရားဝင်လိုင်စင်ဖြင့် ရောင်းချခြင်းမရှိသော်လည်း နီးစပ်ရာဒေသမှ ဝင်လာပြီး မြို့ထဲတွင် မှောင်ခို ရောင်းသည်။
အဆိုပါမှောင်ခိုဈေးကွက်ကို အသင်းတော်မှ သင်းအုပ်ဆရာများက တားမြစ်ခဲ့သေးသည်။ ထန်တလန်မြို့သည် ပင် လယ် ရေမျက်နှာပြင်အထက် ပေ ငါးထောင်နီးပါးရှိကာ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှ မိုင် ၂၀ ကျော် ကွာဝေးသည်။ အရက်၊ ဘီယာ တရားဝင်ရောင်းချခြင်းမရှိသည့် ထန်တလန်မြို့အတွက် မှောင်ခိုရောင်းချရန် ဟားခါးမြို့မှ အများဆုံး သယ်ယူ သည်။
“ည ၁ နာရီ လောက်ဆိုင်ကယ်နဲ့ဟားခါးကနေ သယ်တယ်။ အသင်းတော်က ပါစတာတွေက ညတညလုံး မြို့အထွက်က စောင့်တယ်။ ဖမ်းတယ်။ ဖမ်းသော်လည်း ပိုပိုပြီး ဝင်လာတယ်”ဟု နှစ်ခြင်းအသင်းတော် ဥက္ကဌ ဦးလောမ်ဘိခ် က ဆိုသည်။
မှောင်ခိုသယ်လာမှုကို ထန်တလန်မြို့အဝင်၊ အထွက်လမ်းမကြီးပေါ်တွင် ဝင်လာသည့် ကားဆိုင်ကယ်များကို ရပ်တန့် စစ် ဆေးကာ တွေ့ရှိပါက ပုလင်းထဲမှ အရက်များလမ်းဘေးတွင် သွန်ပစ်သည်။ ပုလင်းလိုက် ဖျက်ဆီးသည်။
“သယ်တဲ့သူတွေကလည်း အသေခံကို သယ်တယ်၊ ဒီလောက် စောင့်ဖမ်းလည်း တပုလင်းရရ နှစ်ပုလင်းရရ ဆိုင်ကယ် အံ ဝှက်ထဲ ထည့်သယ်တာပဲ၊ ကြာတော့ ပါစတာတွေနဲ့ ဒေသခံတွေ ထိပ်တိုက်တွေ့လာတာမျိုးတွေရှိတယ် “ဟု ထန်တလန် ဒေသခံ အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။
မှောင်ခိုသယ်ယူမှု ရပ်တန့်ရန်အလို့ငှာ သယ်ယူသူများကို အသင်းတော်က ပါစတာများကိုယ်တိုင် တရားစွဲဆိုမှုများ ရှိခဲ့ သည်။ သို့သော် တရားရုံးဒဏ်ငွေ ကျပ်ငါးဆယ်သာ ပြစ်ဒဏ်ကျခံစေသဖြင့် ယင်းသို့တရားစွဲခြင်းကလည်း ထိရောက်သည့် အနေအထားမဟုတ်ဟု နှစ်ခြင်းအသင်းတော် ဥက္ကဌ ဦးလောမ်ဘိခ် က ဆိုသည်။
” အသင်းတော်က ယစ်မျိုးလိုင်စင်ယူထားတဲ့အချိန်တုန်းက ရဲကလည်း ရောင်းတယ်။ စစ်တပ်ကလည်း ရောင်းတယ်။ ရပ် ကွက်ထဲကနေ ရောင်းတာလည်းရှိတယ်”ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် အာဏာပိုင်များထံမှ အကူအညီ မရဘဲ အရက်၊ ဘီယာ မှောင်ခိုရောင်းချနေသူများကို မိမိတို့ကသာ အရက် ဝယ်သူ ဟန်ဆောင်အသွင်ယူကာ စောင့်ဖမ်းရသည်များလည်း ရှိခဲ့ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
ရေရှည်တွင် မှောင်ခိုများကိုဖမ်းရန်မတတ်နိုင်တော့သဖြင့် ယစ်မျိုးခွန်ကို ထန်တလန်မြို့နယ်အတွက် တားမြစ် ပိတ် ပင် နိုင်ရန်နှင့် လိုအပ်သော ဥပဒေကို ထုတ်ပြန်ပေးနိုင်ရန် ၂၀၁၃ ခုနှစ် မတ်လတွင် ချင်းတိုင်းရင်းသားများ နှစ်ထောင် ကျော် က ထန်တလန်မြို့တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ပြီး ဒေသခံ ၁၃၀၀ ကျော်တို့က လက်မှတ်ရေးထိုး၍လည်း တောင်းဆို ခဲ့သည်။
ယင်းသို့ဆောင်ရွက်ခဲ့သော်လည်း ဘာမျှ ထူးခြားလာမှုမရှိဟု တားမြစ်ပေးရန် တောင်းဆိုသူများတွင် ပါဝင်သူ ဒေသခံ တ ဦးက ဆိုသည်။
အရက်၊ ဘီယာ ရောင်းချခြင်းမရှိစေရန် ယစ်မျိုး လိုင်စင်ပိတ်သိမ်းပေးရန်တောင်းဆိုနေစဉ်တွင်ပင် ထန်တလန်မြို့နယ် ရှိဒေသခံအချို့ကလည်း သတ်မှတ်စည်းကမ်းများနှင့်အညီ အရက်ဆိုင်များ ဖွင့်လှစ်ရောင်းချရန် နိုင်ငံတော်သို့ တင်ပြလာ ခဲ့သည်။
ယစ်မျိုးလိုင်စင်ရယူထားပြီး ရောင်းချပေးခြင်းမရှိသည့်အတွက် ယစ်မျိုးဥပဒေနှင့် ညီညွှတ်မှုမရှိခြင်း၊ မှောင်ခိုဈေးကွက် ဖြစ်လာသဖြင့် ဈေးကြီးပေးကာ ဝယ်ယူသောက်သုံးရခြင်းတို့ကြောင့် တရားဝင်ဖွင့်လှစ်ပေးသင့်သည်ဟု ပြည်နယ်အစိုးရ အဖွဲ့က ဆုံးဖြတ်ပေးခဲ့သည်။
ယစ်မျိုးလိုင်စင်ချထားခြင်းသည် ချင်းပြည်နယ် တစ်ခုလုံးနှင့် သက်ဆိုင်သော အခွန်ရရှိရေးကိစ္စရပ် ဖြစ်ပါသဖြင့် ထန် တလန်မြို့နယ် တခုတည်းအတွက် ပိတ်ပင်ပေးရန် လတ်တလော အခြေအနေတွင် မဖြစ်နိုင်ပါကြောင်း ပြည်ထဲရေး ဝန် ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း က ပြောကြားထားသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသည့်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ထန်တလန်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်း၏ ယစ်မျိုးခွန်ပိတ်သိမ်းပေးရန်နှင့် ပတ်သက်သည့် မေးခွန်းကို ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များစုပေါင်းကာ တားမြစ်မှု အောင်မြင်မှုမရရှိခဲ့သည့်ထန်တလန်မြို့အတွက် ချင်းပြည် နယ်အစိုးရကသာ မူဝါဒချမှတ်ကာ လုံးဝအရက်၊ ဘီယာ မရောင်းရ သတ်မှတ်ပါမှသာ အောင်မြင်နိုင်မည်ဖြစ်သည်ဟု အ ရက်ဘီယာကင်းစင်ရေးကြိုးပမ်းခဲ့သူများက ဆိုသည်။
ယစ်မျိုးလိုင်စင်မယူထားဘဲ အရက်၊ ဘီယာရောင်းချသည့်အခါ ၁၅၀၀ ကျပ် တန်သည့် ဘီယာတပုလင်းသည် ကျပ်၄၀၀၀ အထိ မှောင်ခိုဈေးပေါက်သည်။
ဓာတုဗေဒဆေးများဖြင့် အရက်တုများချက်လုပ်ခြင်းတို့ကြောင့် လူငယ်များ သေဆုံးဖြစ်စဉ်များရှိခဲ့သည်။ အရက်ဘီယာ ပိတ်ပင်မှုကို သဘောမတူသည့် ဒေသခံများရှိလာသည့်အပြင် လူငယ်များ အရက်အတု သောက်သုံးခြင်းကင်းဝေးစေရန် နှင့် ပုံမှန်ဈေးနှုန်းဖြင့် သောက်သုံးနိုင်ရန် တားမြစ်မှုကို ၂၀၁၅ ခုနှစ်တွင် လက်လျှော့ခဲ့ကြသည်။
” ပိတ်ပင်လေလေ ပိုဆိုးလေလေ ဖြစ်နေတယ်။ ဒီတော့ လက်လျှော့လိုက်တဲ့သဘောပဲ။ လူငယ်တွေက သောက်တာပဲ၊ အချိန်တန်သေတာပဲ”ဟု နှစ်ခြင်းအသင်းတော် ဥက္ကဌ ဦးလောမ်ဘိခ်က ဆိုသည်။
ယခုအခါ လူဦးရေ ငါးသောင်းခန့်နေထိုင်သည့် ထန်တလန်မြို့နယ်တွင် ယစ်မျိုးလိုင်စင်ဖြင့် အရက်ဘီယာ ၃ ဆိုင်ခန့် ဖွင့်လှစ်ထားပြီဖြစ်သည်။