ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစု ပင်လုံ ဒုတိယ အကြိမ်ကို မကြာခင် ကျင်းပတော့မှာ ဖြစ်ပေမယ့် ယနေ့ အချိန်အထိ ရခိုင်ပြည်နယ်မှာတော့ ရခိုင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ခြင်း မရှိသေး ပါဘူး။
မေလ ၂၄ ရက်မှာပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်ကျင်းပဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) မှာ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။
ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီကို ရခိုင်ပြည်နယ်အစိုးရ၊ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေက ကိုယ်စားလှယ်၃ ဦးစီ၊ စုစုပေါင်း၉ဦး နဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။
NCA မူအရ ပြည်ထောင်စု ငြိမ်ချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ချမှတ်ထားတဲ့ အခြေခံလမ်းညွန် ချက် တွေနဲ့ အညီ အဲဒီ ကြီးကြပ်မှု ကော်မတီရဲ့လမ်းညွန်မှုနဲ့ လက်နက်ကိုင် အဖွဲ အစည်း တွေနဲ့ တရားဝင် နိုင်ရေးပါတီတွေက လူမျိုးအလိုက် ကျင်းပတဲ့ အမျိုးသားအဆင့် နိုင်ရေး ဆွေးနွေးပွဲကို ခေါ်ယူကျင်းပ နိုင်ပါတယ်။
အဲဒါကြောင့် ဒေါက်တာ အေးမောင် ဦးဆောင်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) နဲ့ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့လူမျိုးအလိုက် ကျင်းပတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဦးဆောင် ကျင်းပဖို့ တာဝန်ရှိတာ ဖြစ်ပါတယ်။
ရက္ခိုင့် တပ်မတော် (AA) ကတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ တာဝန် ရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တခုတော့ မဟုတ်သေး ပါဘူး။
အခု ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ်ဟာ ပထမ ပင်လုံညီလာခံနဲ့ မတူဘဲ နိုင်ငံရေးဆုံးဖြစ်ချက် ရလဒ်တခု ထွက်လာအောင် အကြိတ်အနယ် ဆွေးနွေးကြမှာလို့တာဝန် ရှိသူတွေက ပြောကြားထားပါတယ်။
ဒါပေမယ့် မကြာခင် ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစုပင်လုံ ဒုတိယ အကြိမ်မှာ ရခိုင်လူထု အသံကို တင်ပြနိုင်ဖို့ ရခိုင် လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပရ သေးပါဘူး။
ဘာကြောင့် မကျင်းပနိုင်သေးတာလဲ၊ ဘာ အခက်အခဲတွေ ရှိနေသလဲ ဆိုတာ ဆွေးနွေး တင်ပြပါ့မယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီအာဏာ ရရှိပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ပထမအကြိမ်ကို ၂၀၁၆ ခု သြဂုတ်လ၃၁ ရက် မှ စက်တင်ဘာလ၃ ရက် အထိ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
အဲဒီအချိန်ကတော့ ရခိုင်အမျိုးသားပါတီကိုယ်စား ဒေါက်တာအေးမောင် စာတမ်းတစောင် တင်သွင်း ခဲ့ပါတယ်။
အဲဒီစာတမ်းက ရခိုင်အမျိုးသား ညီလာခံ (ကျောက်ဖြူ) က ချမှတ်ထားတဲ့ မူဝါဒတွေကို အခြေခံရေးသားထားတဲ့ စာတမ်းပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ရခိုင်အမျိုးသား ပါတီ က တင်သွင်း ခဲ့တဲ့ စာတမ်းဟာ ရခိုင်ပြည်သူလူထု တရပ်လုံးရဲ့ အသံကို ဘယ်လောက် ထင်ဟတ်စေသလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပါတယ်။
မကြာသေးခင်က ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် ရရှိဖို့ ANP၊ALP နဲ့ ရခိုင် လူမှု အဖွဲ့အစည်းတွေနဲ့ ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီကို၂၁ ဦး နဲ့ ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီ ကော်မတီအဖွဲ့ဝင် တွေဟာ ရခိုင်ပြည်နယ် မြို့နယ်တွေမှာရခိုင်လူထုနဲ့တွေ့ဆုံပြီး လက်ရှိ ငြိမ်ချမ်းရေး ဖြစ်စဉ်တွေကို ရှင်းလင်း ခဲ့ပါသေးတယ်။
ဒါအပြင် ကော်မတီက ရခိုင်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ UPDJC နဲ့ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် တွေကို တင်ပြခဲ့ပါတယ်။
ဒါပေမယ့် UPDJC က ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှု မရှိဘူး၊ ထိလွယ် ရှလွယ်ဒေသ ( Sensitive Area) ဆိုတဲ့ အကြောင်းပြချက်နဲ့ ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို ကျင်းပခွင့် မပြုသေးတာ ဖြစ်ပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ခေါင်းဆောင် တဦးလည်းဖြစ်၊ UPDJC အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်း ကတော့ “ဒါမဖြစ်သင့်ဘူး၊ လက်ရှိ ရခိုင်ပြည်နယ်က ငြိမ်းချမ်းပါတယ်”လို့ ပြောပါတယ်။
တကယ်တော့ UPDJC ရဲ့ရခိုင်ပြည်နယ်မှာ တည်ငြိမ် အေးချမ်းမှု မရှိဘူးဆိုတဲ့ အကြောင်းပြချက် တခုတည်းကြောင့် မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံမှာ ရခိုင်ပြည်သူလုထု သဘောထား ပါဝင်မှု၊ နိုင်ငံရေးအရ ပါဝင်မှုကို လျစ်လျူရှူ တဲ့ သဘောလို့ သုံးသပ်မိပါတယ်။
အခုလို ရခိုင်အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေပွဲ ကျင်းပခွင့် မပြုတာဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD နဲ့သူတို့ ဆောက်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရခိုင်လူထု တရပ်လုံး ရဲ့ ယုံကြည်မှုလည်း ကျဆင်းစေပါတယ်။
ရခိုင် အမျိုးသား ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ အကောင် အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စိတ်ဝင်စားမှု၊ ယုံကြည်မှု မရှိတာ ကြောင့် ရခိုင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပ နိုင်တာလို့ဝေဖန်မှုတွေ ရှိနေပါတယ်။
ဒေါက်တာ အေးမောင်ဟာ အရေးကြီးတဲ့ UPDJC အစည်းအဝေးးတွေကို မတက်ရောက်ဘဲ၊ ရခိုင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေးထက် အမ်း ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင် ရေး အတွက်သာ အလေးပေး ဆောင်ရွက် ခဲ့ပါတယ်။
ရခိုင် အမျိုးသား ပါတီ ဒု ဥက္ကဌ ဦးခိုင်ပြည်စိုးကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ် ကို ကျင်းမယ့်ရက် အနည်းအငယ်အတွင်း ကျမှ ကျင်းပခွင့် ပြုလာပါက ရခိုင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပမှာမဟုတ်ဘဲ ညီလာခံမတက်ဖြစ်ဖို့ကို ပိုများတယ် လို့ မီဒီယာမှ တဆင့် ပြောကြားထားပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံကို မတက်ဘူးဆိုရင် ရခိုင် လူမျိုးတို့ရဲ့ နိုင်ငံရေး အရ ဆွေးနွေးခွင့်၊ တင်ပြခွင့်တွေလည်း ဆုံးရှုံးသွားနိုင်ပါတယ်။
တကယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ တက်ရောက်မယ်ဆိုရင် ရခိုင် ပြည်သူ တရပ်လုံး ရဲ့ ကိုယ်စား ဘာတွေကို ဆွေးနွေးကြမလဲ ဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်ပါ တယ်။
ဒေါက်တာ အေးမောင် ဦးဆောင်သော ANP ပါတီဟာ ရခိုင်ပြည်နယ်တွင် အစိုးရ ဖွဲ့စည်းခွင့် မရရှိ သောကြောင့် NLD အစိုးရကို အတိုက်အခံ အဖြစ် ရပ်တည်မယ်လို့ ပြောဆိုမှုကြောင့် NLD ပါတီနဲ့ သဘောထား တင်းမာမှုတွေ ရှိကြတယ်။
အဲဒီအတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရရဲ့ ရခိုင် အမျိုးသား ပါတီ (ANP) အပေါ် ထားတဲ့ နိုင်ငံရေး မူဝါဒသဘောထားကို ချပြလိုက်တာလို့ သုံးသပ်မိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရဟာ ရခိုင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှ ရခိုင် အမျိုးသားများကြား ဘုံတူညီသော အခြေမူဝါဒတွေနဲ့ ရခိုင် အမျိုးသား ညီညွတ်မှု ရရှိလာမှာကို စိုးရိမ်တဲ့ သဘောတွေလည်း ရှိပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဟာ အရင် ဦးသိန်းစိန် အစိုးရလက်ထက် နဲ့ မတူ ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ ရန်ပုံငွေ ကန်သတ်မှုတွေကြောင့် ရခိုင်လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေနွေးပွဲ ကျင်းပဖို့ အခက်အခဲ ဖြစ်နေတာလို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုရဟာ ရခိုင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်ပခွင့်ပြုဖို့ နဲ့ အောင်မြင်စွာ ကျင်းပနိုင်ဖို့ အလေးပေး ဆောင်ရွက်သင့် ပါတယ်။
အဲဒါမှ မကြာခင် ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ ဒုတိယ အကြိမ်မှာ တခြား တိုင်းရင်း သား တွေနဲ့ အတူ ရခိုင် အမျိုးသား တရပ်လုံးရဲ့ သဘောထားကို တင်ပြနိုင်မှာ ဖြစ်ပါ တယ်။
တဖက်မှာလည်း ရခိုင် နိုင်ငံရေး ခေါင်းဆောင်တွေဟာ သူတို့ရဲ့ နိုင်ငံရေး မူဝါဒများကို ပြန်လည် သုံးသပ်ပြီး ရခိုင် လူထု တရပ်လုံးအတွက် အကျိုးရှိတဲ့ မူဝါဒကို ကျင့်သုံးသင့်နေပြီလို့ တိုက်တွန်း အကြံပြုရင်း နိဂုံးချုပ်အပ်ပါတယ်။ ။
ထွန်းထွန်းနိုင်သည် ရခိုင်နိုင်ငံရေး နှင့် ပြည်သူ့ရေးရာ မူဝါဒ သုံးသပ်ချက် ဆောင်ပါးများကို ရေးသားနေသူ တစ်ဦးဖြစ်ပါ သည်။ သူသည် ၂၀၁၃- ခုနှစ်တွင် ဖိလစ်ပိုင် တက္ကသိုလ်မှ မဟာဗျူဟာ စီမံကိန်းရေးဆွဲရေး နှင့် ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့ ကို ရရှိခဲ့သူလည်း ဖြစ်ပါသည်။