မောင်ကေတို့ ဖေ့ဘုတ်ရပ်ကွက်ကြီးထဲ ဒီတရက်နှစ်ရက်အတွင်း ဟော့အဖြစ်ဆုံးကတော့ မြန်မာ့ခရမ်းပြာဆိုလား၊ ဘာလား အရှုပ်တော်ပုံနဲ့မန္တလာရွှေမြို့တော်က အမတ် မီးခံသေတ္တာ အမခံရတဲ့ သတင်း၊ နောက် မဟာရွှေမြို့တော်ရန် ကုန်က YBS (တချို့ကလည်း Yangon Beer station လို့ပြောင်ခေါ်တာ ကြားမိ) ညည်းချင်းများပဲဖြစ်ပါတယ်။
မီးခံသေတ္တာ အမခံရတဲ့သတင်းကတော့ မောင်ကေထင်တာက သူသတ်သမားက နန်းတော်ထဲဝင်ပြီး ဘုရင်ကြီး အိပ်စက် နေတုန်း မျက်နှာ “ထုံး” ဝင်တို့တာနဲ့တူနေတာမို့ အမတ်မင်းများ ပေါ့ပေါ့ဆဆမနေဖို့ သတိပေးခေါင်းလောင်းလို့ ထင်တာ ကြောင့် အမတ်မင်းများ သတိကပ်တော်မူကြဖို့ပါပဲ။
တဆက်တည်း မောင်ကေတို့ ရွှေပြည်ကြီးလည်း မီးခံသေတ္တာတောင် အလုံးလိုက်အခိုးခံရတဲ့လုံခြုံရေးစနစ်ကြီးနဲ့ပါလားလို့ ကျောချမ်းမိပါတယ်။ ထားပါလေ။ ခရမ်းပြာနဲ့ YBS ကတော့ မောင်ကေတို့ ထားလို့မရဘူး။
ဟုတ်တယ်လေ။ ဒီလောက် ဟစ်အဖြစ်ဆုံးနှစ်ခုမှာ တခုက မောင်ကေလည်း မကြည့်ရသေးဘဲ (တကယ်တော့ အမြည်း လေးတော့ မြည်းပြီး) ဖမ်းမယ်ဆီးမယ်ဟေ့လို့ နိုင်ငံတော် ပြန်ကြားရေးကြီးက ထိုဇာတ်ကားအား သူကြည့်ရှုပြီး မောင်ကေ တို့ကျ မြန်မာငွေသား တသောင်းပေးတောင် ဒေါင်းမရတဲ့ကိစ္စကြီးလေ။
နောက်တခုကတော့ ကွီးလို့အများခေါ်ကြတဲ့ ရွှေကိုယ်တော် ဝန်ကြီးချုပ်ရဲ့မဟာစီမံကိန်း ဝိုင်ဘီအက်စနစ်ကို ရန်ကုန်မြို့နေ သဟာဆွေ(MPTဆွေသဟာနဲ့ဘာမျှ မဆိုင်) တို့ မေးခွန်းထုတ်နေချိန် ရွှေကိုယ်တော် ခွင့်တော်တင်ပြီး နှုတ်တော်ဆွံ့နေလို့ ပဲဖြစ်ပါတယ်။
မောင်ကေတို့မဟာရန်ကုန်(လက်ဖက်ရည်ဆိုင်မဟုတ်)နေ အခြေခံလူတန်းစားတွေခမျာ ကွီးပြုသမျှ နုနေရတဲ့ ဘဝလေ။ သင်္ကြန်အပြီး ရာသီဥတုက ပူ၊ ကားက ကျပ်၊ လမ်းကပိတ် ဟန်ကိုကျနေတာပဲ။
ဧပြီလ၅ရက်ကတည်းက ယာဉ်စီးခကို မှတ်တိုင် အလိုက်ကောက်ဖို့ ညွှန်ကြားထားတယ်လို့ကြားလိုက်ရပေမယ့်လည်း ဘယ်တက်တက် ၂၀၀ ကျပ်ကလည်း ကွီး မှာထားပေမယ့် တောင်းမြဲတောင်းဆဲ။
ဥပဒေတရပ် ထုတ်ပြန်ထားပြီးရင် လိုက်နာ မလိုက်နာကိုလည်း သိမှရမှာပေါ့လို့။ ကိုယ်ထုတ်ထားတဲ့ ဥပဒေတရပ် ဘယ် လောက်ထိ လိုက်နာ၊ ပျက်ကွက်ကြသလဲဆိုတာ ကွီးကိုယ်တိုင်သိမှ ဘာဆက်လုပ် ဖြည့်စွက်၊ နုတ်ပယ်ရမယ်ဆိုတာ သိ တော့မှာပေါ့။ ခုတော့ ဒီလိုမဟုတ်ပါပဲ (အဲလေ သီချင်းနဲ့ ရောကုန်ပြန်ပါပြီ)။
ခု ကွီးက ခွင့်ယူထားတယ်ဆိုတော့ မောင်ကေတို့လည်း ဘယ်သူ့တိုင်လို့တိုင်ရမှန်းမသိ၊ မေးရမှန်းမသိဖြစ်နေကြတာပေါ့။
ကွီးလုပ်လိုက်ရင် အဲတိုင်းကြည့်ပဲလို့ မောင်ကေ့သူငယ်ချင်းကတော့ ဟိုတနေ့က ပြောတယ်။ ကောက်ရိုးမီးပါကွာလို့လည်း ထည့်ပြောတယ်။ သူက အချက်အလက်နဲ့ပြောတာဆိုတော့ မောင်ကေလည်း ငြိမ်နေရတော့တာ။
“ညဈေးတန်းကွာ။ သူလုပ်တာ မင်းစဉ်းစားကြည့်စမ်း။ ခု ဘယ်လို အခြေအနေရှိလဲ။ လူတွေညနေရုံးဆင်း ကျောင်းဆင်းရင် ဗိုက်ဆာလို့မှ ကမ်းနားလမ်းဘက်ထိ သွားစားနေရ။ ကြာတော့ မသွားချင်ကြတော့၊ ဈေးသည်တွေလည်း မရောင်းရဘူး ညည်းနေကြပြီ။ ခု YBS ဘယ်သူတွေ အဆင်ပြေသတုံး။”
သူက မေးခွန်းတွေထုတ်နေတော့ မောင်ကေလည်း အင်း၊ အဲနဲ့ပါးစပ်ကြီး ဖြဲနေလိုက်တာပေါ့။ မောင်ကေ ကိုယ်တိုင်လည်း နေ့စဉ် ကွီးရဲ့မဟာစီမံကိန်းထဲက ဟိုလိမ့်ဒီလိမ့်နဲ့ ဇီးဖြူသီးတလုံးဆိုတော့လေ။
နောက်ထပ် စာချိုးလိုလို စာညွန့်လိုလိုလေးကလည်း မောင်ကေ့ဝန်းကျင်မှာက ရေပန်းစားလို့နေပါတယ်။ “ပြည်သူစိတ်ပျက် YBS တဲ့” ခမျ။
ဒီလို ပင်ပန်းမှုတွေနဲ့ မနက်လင်းတာနဲ့ဆုံကြုံနေရတဲ့မောင်ကေလည်း သူများတွေ ခရမ်းပြာဆိုတော့ လိုက် ခရမ်းပြာ မိ တော့တာပေါ့။ (ဆိုင်ဆိုင် မဆိုင်ဆိုင် မွန်တံတားနဲ့ဆိုင် အဲလေ)
မောင်ကေတို့တိုင်းပြည်ကြီးကလည်း ဇူကာဘတ်လေး ကျေးဇူးနဲ့ လူမှုရပ်ကွက်ကြီးကို ကောင်းကောင်းအသုံး ချနေကြတာ မောင်ကေတို့မျက်မြင်ပဲ။ အစိုးရရော၊ ပြည်သူတွေရော၊ ဒီမိုတွေရော၊ အရိုးစည်းရိုးထိုးတာတွေရော ဘဘ မသူတွေရော ဒီကြားထဲ စက်စီဆိုသူတွေရော အို စုံလို့။
ဖေ့ဘုတ်ရွာကြီးထဲက ခရမ်းပြာလိုကိစ္စရပ်ကြီးတောင် ပြန်ကြားရေးကြီးတို့ ဝဇီပိတ်ကိုယ်တော်တို့ကတောင် ထုတ်ပြန်ချက် တွေထုတ်လာတဲ့အထိ သူတို့လည်း ဇူကာဘတ်သံသရာထဲ ပါနေတယ်ဆိုတာ ပြလိုက်တာပဲလို့ မောင်ကေတော့ တွေးမိ တယ်။
ကွီးလည်း လူချောင်တဲ့လိုင်းကားစီးပြီး ဓာတ်ပုံတွေတင်လိုတင်ဆိုတော့ အရင်ညဈေးတန်းကိစ္စလို အဖျားရှူးသွားမှာတော့ မောင်ကေကြောက်မိတယ်။ နောက်ပြီး စာမေးပွဲစစ်ချိန်ကျမှ ခွင့်ယူတာတော့ ကောင်းဘူးလေ။ ခွင့်တိုင်တယ်ဘာညာဆိုတာ သဘောကျပေမယ့် တကယ်ဆုံးဖြတ်ဖြေရှင်းရမယ့်သူက ခွင့်ဆိုတော့လေ၊ တမျိုးကြီးပဲ။
ဇန်နဝါရီ ၁၆ရက်က စလိုက်တဲ့ YBS စနစ်ကြီးက ခုဆို ဧပြီ ၁၆ ရက်က ၃ လ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ မောင်ကေတို့မှာတော့ YBS ကားသစ်တွေလာတော့မှာ၊ တရုတ်ကုမ္ပဏီ Yutong ဆီက ဘတ်စ်ကားစီးရေ တထောင်ကျော်တောင် မှာထားတယ် ဆိုတော့လည်း ဆင့်ဘာကြီး ခွေးမျှော်ဆိုသလို မျှော်တလင့်လင့်ဖြစ်ရတာပေါ့လေ။
တသက်လုံး BM တွေ ဒိုင်နာတွေ စီးလာခဲ့တဲ့ရွှေမြို့တော်သူ/ သားများဟာလည်း မျှော်ကြတာပေါ့။ BM တွေ ဒိုင်နာတွေကို အရည်အချင်းမပြည့်မီလို့ ထုတ်ပယ်မယ်လည်းဆိုသေး ကားမရှိတော့လည်း ပြန်ထည့်ဆွဲ။ ခုထွက်၊ ခုဆွဲ အို ရှုပ်နေတာပဲ။ စီမံ ကိန်းတခုကို ခု တမျိုး တော်ကြာတမျိုး မရရင် ခွင့်တိုင်တာက နောက်ဆုံးဆိုပြီး ဟစ်ဟော့သီချင်းလိုကို အော်ဆိုလိုက် ချင်တော့တာ။
မထသကနေ YRTA ပြောင်းရုံ၊ ယာဉ်လိုင်းနံပါတ်တွေ ပြောင်းရုံလောက်နဲ့တင် YBS စနစ်ဆိုရင်တော့ မောင်ကေတို့ပြည်သူ တွေက ပေါက်ပေါက်ဖောက်ကြမှာပဲ။ ဟုတ်တယ်လေ။ ကြက်ခြင်းထဲက ကြက်တွေလို စမ်းသပ်ချင်တိုင်းစမ်းသပ်မယ်ဆိုရင် တော့ ကွီးကို အချစ်ပေါ့လိုက်မှာလို့ ကြိုပြောထားရမှာပဲ။
မောင်ကေတို့ကတော့ ခရမ်းပြာ မကြည့်ရလည်းနေပါ။ ကားကျပ်မှုတွေနဲ့ ကမ္ဘာကျော်နေတဲ့ရန်ကုန်မြို့တော်ကြီးမှာ အလုပ် ဆီကိုသွားတဲ့ လိုင်းကားလေး ချောင်ချောင်ချိချိနဲ့ လမ်းကြောင်း ရှင်းရှင်းလေး ဖြစ်စေချင်တာပဲ။ အစိုးရဆိုတာ မောင်ကေ တို့ခိုင်းဖို့လို့ ပြောထားတယ်မို့လား။