စာရေးသူ- ဗန်းမော်တင်အောင်
စာအုပ်အမည်- ဒေါက်တာရေချမ်း
အမျိုးအစား- ဝတ္ထုရှည်
ထုတ်ဝေသည့်တိုက်- ယဉ်မျိုး
ထုတ်ဝေသည့် ခုနှစ်-၂၀၀၈၊ ဒီဇင်ဘာ၊ တတိယအကြိမ်
တန်ဖိုး- ၂၀၀၀ကျပ်
၂၀၁ရ၊ ဇွန်လ၉ရက်နေ့ဆိုရင် မြန်မာ့စာပေထဲက ကြယ်ကြီးတပွင့်ဖြစ်တဲ့ စာရေးဆရာကြီး ဗန်းမော်တင် အောင်( ၉၇ )နှစ် ပြည့်ပါတော့မယ်။
စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမားကြီး ဗန်းမော်တင်အောင်ကို ၁၉၂၀၊ ဇွန်လ ၉ရက် ပဲခူးမြို့မှာ မွေးဖွားခဲ့ပြီး ၁၉၇၈၊ အောက်တိုဘာ၊ ၂၃ရက်၊ ည၇နာရီ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
“စစ်ပြီးခေတ်မှာ လူငယ်တွေကို သြဇာအလွှမ်းမိုးနိုင်ဆုံး စာရေးဆရာဟာ ဗန်းမော်တင်အောင်ပဲဖြစ်ပါတယ်”လို့ စာရေး ဆရာမကြီး လူထုဒေါ်အမာက ရေးခဲ့ပြောခဲ့ရတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်။
ပြည်သူ့ဘက်ရပ်တည် အဆင်းရဲခံ၊ အထိန်းသိမ်းခံ လူထုကို လမ်းပြခဲ့ကြတဲ့ စာရေးဆရာတွေကို စစ်အာဏာရှင်တွေက သူ တို့အာဏာစည်းစိမ်ကို လုယူမယ်လို့ အမြဲတစေတွေးပြီး ရန်သူသဖွယ်ချေမှုန်းလေ့ရှိကြတာ စစ်အာဏာရှင်ကို ကြုံဖူးသူ တိုင်း သိကြပါတယ်။
ဆရာဗန်းမော်တင်အောင်ဟာ မြန်မာ့နိုင်ငံရေးလောကနဲ့စာပေလောကအတွက် လုပ်ဆောင်ချက်ပေါင်းများစွာ စာအုပ် ပေါင်းများစွာကို သေတပန်သက်တဆုံး ရေးသားဆောင်ရွက်ခဲ့ပါတယ်။ ဆရာ့ရဲ့ကလောင်များကတော့ မောင်တင်အောင်၊ မဟာအောင်၊ မောင်ရေချမ်းတို့ဖြစ်ပြီး လင်းယုန်ဂျာနယ်ကိုလည်း ၁၉၅၀ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။
၁၉၅၁-၆၃ခုနှစ်များမှာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကော်မတီဝင်အဖြစ် ဆရာကြီးသခင်ကိုယ် တော်မှိုင်းတို့နဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများကို ဆောင်ရွက်ခဲ့ပါတယ်။
ယနေ့ထိမြန်မာ့နိုင်ငံရေးလောကထဲမှာ အကိုးကားထားပြောရတဲ့ ဆရာ့စကားတခွန်းကတော့ “လူတစ်ယောက်ရဲ့ တန် ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့သမိုင်းတာဝန်ကို သူ ဘယ်လောက်သယ် ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့တိုင်းတာရမှာပဲ”ဆိုတဲ့ သမိုင်းပေတံဆိုင်ရာ စကားပဲဖြစ်ပါတယ်။
တိုင်းပြည်အတွက် လူမျိုးအတွက် ‘ချောက်ထဲကျဖို့ လက်တလုံးအလို’ဆိုပြီး ကြွားလုံးထုတ် ဖျက်ဆီးခဲ့တဲ့သမိုင်းမျိုး မရေး ခဲ့ဘဲ မကြောက်မရွံ့ုလုပ်စရာရှိတာလုပ်ခဲ့တဲ့သူမျိုးဆိုတာကိုလည်း ခုဒီစကားမှာလည်း မြင်နေရပါတယ်။ “ကျနော့်မှာ အတ္တ ဆိုလို့ မခင်ဦးကို ချစ်ခဲ့တာပဲရှိပါတယ်”ဆိုပြီး တိုင်းပြည်အတွက် ကိုယ်ကျိုးစီးပွားဆိုလို့ အဲဒီအတ္တလေးပဲရှိတာကို ဆိုလိုခြင်း ဖြစ်ပါလိမ့်မယ်။
ယခုစာအုပ်ကတော့ ဆရာဗန်းမော်တင်အောင်ရဲ့များစွာသော မာစတာပိတွေထဲက ဒေါက်တာရေချမ်းဆိုတဲ့ နိုင်ငံရေးဆိုင် ရာ ဝတ္ထုရှည်ပဲဖြစ်ပါတယ်။ ဆရာကိုယ်တိုင်ထုတ်ဝေခဲ့တဲ့လင်းယုန်ဂျာနယ်မှာ ၁၉၅၀၊ သြဂုတ်လမှာ ရေးခဲ့တာဖြစ်ပါတယ်။ အကြိမ်ကြိမ် ပြန်လည်ရိုက်နှိပ်ထုတ်ဝေခဲ့ရပြီး လူငယ်စာဖတ်ပရိသတ်များကြား ကျမ်းကိုးတခုလိုဖြစ်ခဲ့ကြောင်း ၁၉၆၀ နောက်ပိုင်းကတည်းက ယခုစာအုပ်ကို ဖတ်မိခဲ့သူတဦးက ပြောပြပါတယ်။
ဒေါက်တာရေချမ်းကို အပြင်လောကမှာ ရူးသွပ်စွဲလမ်းကြသလို ဆရာရဲ့ထင်ရှားတဲ့ဇာတ်ကောင်တဦးဖြစ်တဲ့ အညတြ ကြက်တောဆိုတဲ့အမည်ကိုလည်း အပြင်လောကမှာ နာမည်တခုအဖြစ် မှည့်ခေါ်ကြကြောင်းပါသိရပါတယ်။
ဒေါက်တာရေချမ်းဝတ္ထုရှည်မှာ ဆရာဗန်းမော်တင်အောင်ကိုယ်တိုင် ပထမအကြိမ်ထုတ်မှာ အမှာစာ ရေးထားပြီးနောက် ပိုင်း ပြန်ရိုက်နှိပ်ထုတ်ဝေတဲ့ စာအုပ်များမှာတော့ ကဗျာဆရာကြီး ဒဂုန်တာရာ၊ စာရေးဆရာ ဉာဏ်မောင်ချစ် (ကျောင်းသား ခေါင်းဆောင် ဦးလှရွှေ) တို့က အမှာစာများရေးထားပါတယ်။
ဒေါက်တာရေချမ်းဝတ္ထုနဲ့ပတ်သက်ပြီး ကဗျာဆရာကြီးဒေါင်းနွယ်ဆွေက ရှုမဝမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၁၉၇၈မှာ “မဆန်းသော သေခြင်းမှ ထာဝရပျောက်ဆုံးသူ” ဆိုပြီး ယခုလို ကဗျာရေးသားခဲ့ပါတယ်။
“ကရုဏာကြိုးတံတား၊ ချောက်ကမ်းပါးသို့
လျှောက်သွားရင်းမှ၊ ကြိုးပြတ်ကျသူ
ထိုလူတစ်ယောက်မှာ၊ ဇာတ်သိမ်းနာစွ
ဒေါက်တာရေချမ်း၊ ဇာတ်လမ်းယနေ့တိုင်
မမေ့နိုင်သေး၊ လမ်းဘေးပါမောက္ခ
သူ့ဘဝကို၊ တသကြေကွဲ
စိတ်ထဲ မြင်ယောင်နေမိသေးတော့သည်”လို့ ဖတ်ရပါတယ်။
စာရေးဆရာ ဗန်းမော်တင်အောင်ဟာ နိုင်ငံရေးဆိုင်ရာ ရပ်တည်မှုတွေကို ဇာတ်ကောင် ပရော်ဖက်ဆာရေချမ်းက တဆင့် သူ့ကျမ်းပြုရာမှာ ကူညီခဲ့သူ သူမြတ်နိုးချစ်ခဲ့ရသူ ခင်ခင်ကြီးကို ပြောတဲ့စကားတွေထဲကတဆင့် စာဖတ်ပရိသတ်ကို ပြော ပြခဲ့ပါတယ်။
“တက္ကသိုလ်ပညာကို ပိုက်ဆံရှိပြီး အားနေတဲ့လူငယ်တွေတိုင်း စည်းမဲ့ကမ်းမဲ့ ဝင်ရောက်သင်ကြားခွင့်ပေးမယ့်အစား ပိုက် ဆံရှိရှိ မရှိရှိ တကယ်ဉာဏ်ထက်ပြီး လူတွေအတွက်အများဆုံး အသုံးကျနိုင်မယ့် လူငယ်ကလေးတွေကိုသာ အစိုးရက စိ စစ်သင်ကြားပေးနိုင်ရင် ပိုပြီးတော့ ကောင်းမှာပဲထင်တယ်”
“ဖက်ဆစ်ယူနီဘာစီတီတွေက တိုင်းပြည်အတွက်လို့ပြောတယ်။ တကယ်ဆိုတော့ တိုင်းပြည်ကိုခြယ်လှယ်နေတဲ့ အရင်း ရှင်ကြီးတွေအတွက်ပဲ။ ဆိုဗီယက်ယူနီဘာစီတီတွေမှာတော့ တကယ့်ပြည်သူလူထုအတွက်ပဲ မခင်ခင်ကြီး”
“ကျောင်းမှာ ရခဲ့သော ‘အသိ’သည် ‘ပညာ’ မဟုတ်။ ‘သညာ’ သာဖြစ်ပါသည်။ သည် ‘သညာ’ဖြင့် ဘဝနှင့်လောကကို ရှာဖွေစူးစမ်း၍ လေ့လာခြင်းသာ ‘ပညာ’ ဟူ၍ခေါ်ရပေလိမ့်မည်။”
“ဖြစ်အောင်လုပ်ဖို့ကတော့ ပြည်သူ့အစိုးရရဲ့တာဝန်ပဲ။ အစိုးရဟာ သူ့တာဝန် သူလုပ်ဖို့ကို ပြည်သူတွေက ဆူဆူပူပူ လုပ်ပေးဖို့ ဝတ္တရားရှိတယ်”
ယောလုံကွင်းအနက်ကိုစီး၍ ရှပ်အကျီအဖြူလက်ရှည်ကို ခပ်လျော့ရဲရဲဝတ်၊ ရှပ်အကျီကြယ်သီးကို အပြည့်အစုံမတပ်၊ နက် ပြာရောင် ကတ္တီပါဖိနပ်စီး၊ မျက်မှန်ထူထူလည်းတပ်ထားပြီး လက်ဖက်ရည်ခါးခါး (ခုခေတ်အခေါ် ကျစိမ့်လို)ကို ၁၀ ခွက် နီးပါး သောက်တဲ့အလေ့အကျင့်ရှိတဲ့ ပါမောက္ခ ဒေါက်တာရေချမ်းရဲ့အပြုအမှုတွေဟာ မဆလတခေတ်မှာတော့ ပြင်ပ လောက အထူးသဖြင့် ကျောင်းသားလောကမှာ စတိုင်တခုဖြစ်ခဲ့ပါတယ်။
အမျိုးသမီး ၃ယောက်လောက်နဲ့သာ ဘဝမှာ ဆုံခဲ့ပြီး ပညာရပ်ဆိုင်ရာထဲနစ်နေတဲ့ ပါမောက္ခကျမ်းပြုဆရာကြီး ဒေါက်တာ ရေချမ်းရဲ့ဇာတ်သိမ်းဟာလည်း ဆွေးမြေ့ခံရခက်ကြီးပါပဲ။ ကျမ်းပြု၊ စန္ဒရားတီး၊ လက်ဖက်ရည်ခါးခါးနဲ့ စီးကရက်သောက်၊ အိပ်ချိန်မမှန် စားချိန်မမှန်တဲ့အထီးကျန် ပညာတတ်ကြီးဘဝထဲ ခင်ခင်ကြီးဝင်ရောက်လာချိန်ကစလို့ ပျော်ရွှင်မှု အနည်း ငယ်ရခဲ့ပြီး ဇာတ်နာစွာနဲ့ ဒေါက်တာရေချမ်း အသည်းနာကွယ်လွန်ခဲ့ရပါတယ်။
ဒေါက်တာရေချမ်း၊ ခင်ခင်ကြီး၊ စိုးမြင့်စတဲ့ ဇာတ်ကောင်၃ဦးနဲ့ တနှစ်ကျော်ကြာတဲ့ ဇာတ်လမ်းတပုဒ်ဆိုသော်လည်း ၁၉၅၀ တဝိုက် ဗမာပြည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကိုဖတ်ရမှတ်ရတဲ့အပြင် စကားလုံးနုနုရွရွလေးများကို လည်း ကဗျာဆန်ဆန်ဖတ်ရပါတယ်။
ခေတ်ကို မှန်ကန်စွာ မှတ်တမ်းတင်ပြီး ကောင်းမွန်တဲ့အကျိုးနဲ့ ပြင်ဆင်ဖို့ကြိုးပမ်းခဲ့သူတို့သာ လူသေသော်လည်း အမည် နာမ ကျန်ရစ်ခဲ့ရိုးအမှန်ပါ။
ဗန်းမော်တင်အောင်လို့ဆိုလိုက်ရင် သူ့ဇာတ်ကောင်၊ သူ့ဇာတ်လမ်းတွေနဲ့ ဘာကြောင့် တွဲဖက်ပြောကြသလဲဆိုတာ သိချင် ရင်တော့ ဒေါက်တာရေချမ်းလို ဇာတ်ကောင်ပါဝင်တဲ့ သူ့ဝတ္ထုတွေ သူ့စာအုပ်တွေဖတ်ဖို့ကတော့ မလွဲမသွေလိုအပ်ချက်လို့ သာ ဆိုလိုက်ရပါတော့တယ်။