ဆောင်းပါး

ကရင် အမျိုးသမီးခေါင်းဆောင် ပြောတဲ့ စစ်နဲ့ ငြိမ်းချမ်းရေး

Want create site? Find Free WordPress Themes and plugins.

ညောင်လေးပင် ခရိုင်၊ မွန်းမြို့နယ်တွင် ၁၉၇၅ ခုနှစ် မေလက သူ၏ ကျောင်းနေဖက် သူငယ်ချင်းတဦး မြန်မာ့ တပ်မတော်၏ လက်ထဲတွင် ကြုံတွေ့ခဲ့ရသည့် ကံကြမ္မာဆိုးကို ပြန်ပြောပြသည့်အချိန်တွင် ကရင် အမျိုးသားအစည်းအရုံး (KNU) ၏ ဝါရင့်ခေါင်းဆောင်တဦး ဖြစ်သော နော်စီဖိုးရာစိန် စပြီး ငိုတော့သည်။

“ဗမာစစ်သားက သူ့ကို အဝတ်အစားတွေ ချွတ်ပြီး နေပူထဲမှာ ထားတယ်။ အဲ့ဒီအချိန်မှာ သူက ကိုယ်ဝန်ကြီးနဲ့ပါ။ စစ်သားတွေက သူ့ကို မုဒိန်းကျင့်ကြတယ်။ မျက်လုံးတွေကို တလုံးပြီး တလုံး ထုတ်ပစ်တယ်။ နောက်ဆုံးတော့ သူ့ကို သတ်လိုက်ကြတယ်” ဟု သူက အတိတ်ကို ပြန်ပြောပြသည်။

အသက်၂၀ အရွယ် ကျောင်းဆရာမလေးကို မီးရထားကျေးရွာ၏ အလယ်သို့ ဖမ်းဆီးခေါ်ဆောင်မသွားမီက တိုက်ပွဲတွင် KNU တပ်သား တဦး ဖြစ်သည့် သူ့ခင်ပွန်းကို စစ်သားများက သေနတ်ဖြင့် ပစ်ခဲ့ကြကြောင်း မျက်မြင်သက်သေများက နော်စီဖိုးရာစိန်ကို ပြောခဲ့ကြသည်။ မီးရထားကျေးရွာသည် KNU တပ်မဟာ ၃ ၏ နယ်မြေအတွင်းတွင် ရှိပါသည်။

“ကျမ အမအကြီးဆုံးနဲ့ အငယ်ဆုံး ညီမတို့ရဲ့ ရည်းစားတွေလည်း တိုက်ပွဲမှာပဲ သေဆုံးခဲ့ကြတယ်။ ကျမ အသက် ၁၉ နှစ်မှာ ကျမရဲ့ ရည်းစားလည်း တိုက်ပွဲမှာ ကျသွားတယ်” ဟုလည်း ပြောပြသည်။

နော်စီဖိုးရာစိန်ကို ကရင်ပြည်နယ်တွင် မွေးဖွားခဲ့သည်။ ကရင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား ဖြစ်ပွားခဲ့သော ဆယ်စုနှစ်များစွာကြာ ပြည်တွင်းစစ်အတွင်း သိန်းနှင့် ချီသော ပြည်သူများ အတိဒုက္ခရောက်ခဲ့ရသည်။ သေဆုံးသူ မည်မျှရှိမည်မှာ မှတ်တမ်းမှတ်စုများ စနစ်တကျ မရှိခဲ့သဖြင့် မသိနိုင်သော်လည်း လက်ရှိ စစ်ပြေးဒုက္ခသည် တသိန်းကျော် ထိုင်း-မြန်မာနယ်စပ်အနီး ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရသည်။

စစ်ပွဲမှ အဖြစ်ဆိုးများက KNU ဒုတိယ ဥက္ကဌဟောင်းအတွက် အမြဲတမ်း အသစ် အသစ်လို ဖြစ်ခဲ့ရပြီး စစ်ကြောင့် ဖြစ်လာရသော ကြေကွဲစရာ ဇာတ်လမ်းများကလည်း ရင်မှာ တဖန် နာကျင်စေရန် ဖန်နေသည်။

“ယောက်ျားတွေက စစ်ပွဲမှာ သေဆုံးတယ်ဆိုရင်၊ အဲဒါပြီးပြီ။ မသေရင်လည်း အောင်ပွဲခံပြီး။ သူတို့အတွက်တော့ ရိုးရှင်းတယ်။ ဒါပေမယ့် အမျိုးသမီးတွေအတွက်ကတော့ ခံစားချက်က ဒဏ်ရာတခုလို ကျန်နေတယ်။ အဲဒါက စိတ်ဒဏ်ရာပဲ။ စစ်ပွဲပေါ် သူတို့ကြောက်လန့်မှုက လွယ်လွယ်ကူကူ ပျောက်ပျက်မသွားနိုင်တဲ့ လတ်ဆတ်တဲ့ ဇာတ်လမ်းတခုလိုပဲ” ဟု နော်စီဖိုးရာစိန်က ပြောရင်း သစ်သားထိုင်ခုံကို မှီ ချလိုက်သည်။ အဖြစ်ဆိုးများကို ပြောပြရင်း စိတ်ထိခိုက်ပြီး စကားဆက်မပြောနိုင်တော့။ ရေတခွက်သောက် အနားယူရင်း စိတ်ကို တည်ငြိမ်စေရန် ထိန်းချုပ်သည်။ ပြီးတော့ ဆက်ပြောသည်။

“အမျိုးသမီးတွေက သူတို့ကလေးတွေ သေမှာလား ဒါမှမဟုတ် သူတို့ ခင်ပွန်းတွေ အသတ်ခံရမှာလားဆိုတာ စိုးရိမ်နေရ တယ်။ သူတို့ အမြဲတမ်း စိုးရိမ်ပူပန်မှုနဲ့ နေနေရတယ်။ ဒီ စိတ်ဒဏ်ရာတွေကို ကုစားဖို့ အချိန်ယူရပါလိမ့်မယ်” ဟု သူက ပြောသည်။

ဦးသိန်းစိန် သမ္မတ တာဝန်ယူစဉ်ကာလ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတခု

အသက် ၆၂ နှစ် အရွယ် နော်စီဖိုးရာစိန်က KNU တွင် ကျောင်းဆရာမ၊ အမျိုးသမီး အခွင့်အရေးတက်ကြွလှုပ်ရှားသူ၊ KNU အထွေထွေ အတွင်းရေးမှူးနှင့် ဒုတိယ ဥက္ကဌအဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်။ အဖွဲ့အစည်းအတွင်းမှ အာဏာ အားပြိုင်မှုတခုကြောင့် မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် KNU ၏ ခေါင်းဆောင်မှု နေရာကို သူ လက်လွှတ်ခဲ့ရသည်။

နေပြည်တော်နှင့် ရင်းနှီးလိုသည့် KNU ခေါင်းဆောင်များနှင့်မတူ သူက မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြားတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အားထုတ်မှုတခု ဖြစ်သည့် ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် စတင်ခဲ့သော မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သတိနှင့် ချဉ်းကပ်သူ ဖြစ်သည်။

ထို့ကြောင့် စေ့စပ်ညှိနှိုင်းသူများနှင့် လေ့လာစောင့်ကြည့်သူ အချို့က သူ့ကို သဘောထား တင်းမာသူ အဖြစ် သတ်မှတ်ခဲ့ကြသည်။ သတ်မှတ်ခံရခြင်းကြောင့်လည်း သူ အံ့အားသင့် ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများက သူ့ကို ငြိမ်းချမ်းရေး မည်မျှ အရေးကြီးကြောင်း သင်ကြားပေးခဲ့ပြီး ဖြစ်သည်။

စစ်ပွဲဆိုသည့် အဓိပ္ပါယ်ကို အမျိုးသမီးများ ပို ခံစားကြရကြောင်း သူ့ဘဝနှင့် ယှဉ်ပြောသည်။ “ ကျမတို့က ထိခိုက်ခံစားရတဲ့ သူတွေပါ။ ကျမ အသက် ၂ နှစ် အရွယ်ထဲက စပြီး ကျမရဲ့ မိသားစုက ကျမတို့ ဘေးကင်းလုံခြုံရေးအတွက် တနေရာကနေ တနေရာကို ရွှေ့ပြောင်းနေခဲ့ရတယ်။ ကျမ မိခင်က စစ်ရှောင်ထွက်ပြေးရင်း ကလေးမွေးခဲ့ရတယ်။ ဒါက ကျမ ကလေးဘဝကစလို့ စစ်ပွဲရဲ့ ဆိုးကျိုးတွေကို ဘယ်လောက် ကြာအောင်ခံစားခဲ့ရသလဲ ဆိုတာပါပဲ” နော်စီဖိုးရာစိန်က ပြောပြသည်။

“ကျမ ကလေးဘဝကထဲက ငြိမ်းချမ်းရေးကို အိပ်မက် မက်ခဲ့တယ်။ ကျမတို့ ဆုံးရှုံးခဲ့တဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်နေခဲ့တယ်” ဟုလည်း ဆိုသည်။

သူ၏ အတွေ့အကြုံအရဆိုလျှင် အမျိုးသားများက ငြိမ်းချမ်းရေးလမ်းကြောင်းကို အမျိုးသမီးများနှင့် ကွဲပြားစွာ ချဉ်းကပ်ကြ သည်။ သူ၏ ကိုယ်ပိုင်ချဉ်းကပ်မှုက အရပ်သားများ အထူးသဖြင့် အမျိုးသမီးများ ဘေးကင်းလုံခြုံရေးကို သေချာစေမည့် သတိထား၍ စေ့စပ်သေချာသော ချဉ်းကပ်မှု ဖြစ်သည်ဟု သူကဆိုသည်။

နိုင်ငံရပ်ခြား ခရီးစဉ်တခု အတွင်း အိမ်ရှင်များက ပန်းပေး ကြိုဆိုစဉ်

“အမျိုးသားတွေက အပေါ်ယံပဲ စဉ်းစားကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အမျိုးသမီးတွေလို မခံစားကြရဘူး။ အမျိုးသမီးတွေက အသေးစိတ် ပိုစဉ်းစားတယ်။ တိုက်ခိုက်ချိန်မှာ အမျိုးသားတွေက တယောက်ကို တယောက် သတ်ကြတယ်။ ဒါပေမယ့် သူတို့ သဘောတူညီချက် တခုရပြီဆိုရင် သူတို့က စစ်ပွဲပြီးပြီလို့ ထင်တယ်။ အပေါ်ပိုင်းအဆင့် မှာ သဘောတူညီချက်ရပြီဆိုရင် သူတို့က စစ်ပွဲပြီးပြီလို့ တွေးကြတယ်” ဟု သူက ပြောသည်။

ပဋိပက္ခအတွင်းတွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားပြုကျင့်ခြင်းများ ခံစားခဲ့ရသည်။ ပေါ်တာအဖြစ် အဓမ္မစေခိုင်းခံရခြင်း၊ ပေါ်တာလုပ်ရင်းလည်း တခါတရံတွင် အသတ်ခံရခြင်း၊ မတရားပြုကျင့်ခံရခြင်းများ ကြုံတွေ့ခဲ့ကြရသည်။ ထို့ကြောင့် စစ်ပွဲဆိုသည်မှာ အမျိုးသမီးများအတွက် ပိုဆိုးသည်ဟု နော်စီဖိုးရာစိန်က ပြောသည်။

စစ်ပွဲများအတွင်း အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်းများကို ၂၀၀၂ ခုနှစ် ရှမ်းအမျိုးသမီးလှုပ်ရှားမှု ကွန်ရက်(SWAN) နှင့် ရှမ်း လူ့အခွင့်အရေး ဖောင်ဒေးရှင်း တို့က မှတ်တမ်းပြုစု ထုတ်ဝေဖြန့်ချိခဲ့သော “License to Rape,” အမည်ရှိ အစီရင်ခံစာကြောင့် လူအများ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ် အတွင်း မြန်မာ့တပ်မတော်က ရှမ်းပြည်နယ်တွင် ကျူးလွန်ခဲ့သော မတရားပြုကျင့်မှု ၁၇၃ ခု နှင့် အမျိုးသမီးနှင့် မိန်းကလေး ၆၀၀ ကျော် ပါဝင်သည့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများ အကြောင်းကို ဖော်ပြထားသည်။

“အမျိုးသားတွေက စစ်ပွဲကို ဘယ်လို တိုက်ရမလဲဆိုတာကိုပဲ သိကြတယ်။ သူတို့ ဆန္ဒပေါ်မှာမူတည်ပြီးတော့ သူတို့ စစ်ပွဲဆင်နွှဲတယ်။ စစ်ပွဲ ရပ်ချင်ရင် ရပ်တယ်။ အမျိုးသမီးတွေ ဘယ်လို ထိခိုက်နစ်နာခဲ့ရတယ် ဆိုတာကို သူတို့ နားမလည်ကြဘူး” ဟု နော်စီဖိုးရာစိန်က ထောက်ပြသည်။

သို့သော် အမျိုးသမီးများသည် အမြဲတမ်း သူများပြုသမျှ နုနေရသူများ မဟုတ်ပဲ အမျိုးသားများက မြန်မာ့ တပ်မတော်က နှိပ်စက်ခံရမည်ကို စိုးရိမ်ကြသည့်အခါ အမျိုးသမီးများက ကျေးရွာအကြီးအကဲ အဖြစ် တာဝန်ယူရသည်ကိုလည်း ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တပ်မတော်ကိုယ်စားလှယ်များက သူ့ကို သဘောထားတင်းမာသူဟု မြင်ကြခြင်းမှာ သူ၏ အတိတ်အကြောင်းများက သူ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် အလွန်သြဇာလွှမ်းမိုးနေသောကြောင့် ဖြစ်မည်ဟု နော်စီဖိုးရာ စိန်က သုံးသပ်သည်။

“အပစ်အခတ် ရပ်စဲရေးဆိုတာ ပစ်ခတ်တာ ရပ်လိုက်ရုံနဲ့ မပြီးဘူး။ အမျိုးသမီးတွေ အပါအဝင် အရပ်သားတွေ ဘေးကင်းလုံခြုံရေးအတွက် ဖြစ်သင့်ပါတယ်။ ဒါကြောင့် ကျေးရွာတွေကနေ အစိုးရတပ်တွေ ဖယ်ရှားပေးသင့် တယ်လို့ ကျမတို့ ထောက်ပြခဲ့တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

KNU ၏ အထွေထွေ အတွင်းရေးမှူးနှင့် ဒုတိယ ဥက္ကဌ အဖြစ်ဆောင်ရွက်နေစဉ် အတွင်း မြန်မာအစိုးရဘက်မှ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူများနှင့် နေပြည်တော်၊ ရန်ကုန် နှင့် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်တို့တွင် နော်စီဖိုးရာစိန် တို့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသည်။

KNU ၏ ထိပ်တန်းခေါင်းဆောင်ဖြစ်မလာမီက နော်စီဖိုးရာစိန်က ကရင်အမျိုးသမီး အစည်းအရုံး (KWO) တွင် ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။

KNU က ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာအစိုးရနှင့် အပြန်အလှန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခုကို ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) ကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ထိုးခဲ့သည်။ သို့သော်လည်း မြန်မာ့တပ်မတော်က KNU ထိန်းချုပ် နယ်မြေများ အတွင်းရှိ ၎င်းတို့၏ တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းခြင်း မပြုသေးပါ။

မြန်မာနိုင်ငံတွင် သက်တမ်းအရင့်ဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည့် KNU က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်တိုင်ဆုံးဖြတ်ခွင့် အတွက် မြန်မာနိုင်ငံ အင်္ဂလိပ်ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် တနှစ်အကြာ ၁၉၄၉ ခုနှစ် ကတည်းက မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

KNU က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီးများထဲတွင် အကြီးဆုံး အဖွဲ့အစည်းတခု ဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ထိုးထားသည့် အဖွဲ့ ၈ ဖွဲ့တွင် လည်း ပါဝင်နေသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မြန်မာ့တပ်မတော်မှ တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေးကို ဦးစား ပေးသင့်သည်ဟု နော်စီဖိုးရာစိန် ကပြောသည်။ တပ်မတော်အနေဖြင့် အရပ်သားများ၏ ယုံကြည်စိတ်ချမှုကို ရယူရန် လို အပ်သည်ဟုလည်း သူက အလေးအနက် ဆိုသည်။

တပ်မတော်မှ တပ်ဖွဲ့များ၏ ကြမ်းတမ်းသော ရက်စက်မှုများ ကြုံတွေ့ရပြီးနောက် ရွှေ့ပြောင်းဒုက္ခသည်များက သူတို့၏ ကျေးရွာများသို့ မပြန်ရဲကြပါ။ မြန်မာ့တပ်မတော်က သူတို့၏ ဘေးကင်းလုံခြုံမှုကို ကတိပြုသည့်တိုင် အမျိုးသမီးများမှာ ကျရောက်လာနိုင်သည့် အန္တ ရာယ်ကို ကာကွယ်ရန် အားနည်းသူများ ဖြစ်ကြသည်ဟု နော်စီဖိုးရာစိန်က ပြောသည်။

စစ်ပွဲကို တိုက်ခိုက်ခဲ့သူများ ဖြစ်သော မြန်မာ့တပ်မတော်နှင့် KNU ခေါင်းဆောင်ပိုင်းက ယခုအချိန်တွင် သူတို့ တဘက်နှင့် တဘက် နားလည်သည်ဟု ပြောနေရုံဖြင့် မလုံလောက်သေးဟု သူက ဆိုလိုက်သည်။

“သူတို့ အခု တယောက်နဲ့ တယောက် ချစ်ပါတယ်လို့ ပြောကောင်းပြောနိုင်ပါတယ်။ သူတို့ စစ်တပ်ချင်း ပြန်လည်သင့်မြတ် မှု ရှိကောင်း ရှိပါမယ်။ ဒါပေမယ့် အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံမှုကို သူတို့က ဂရုစိုက်ပါတယ် ဆိုတာကို သူတို့ သက် သေပြဖို့ အရေးကြီးပါတယ်” ဟု နော်စီဖိုးရာစိန်က ပြောသည်။

“အတိတ်ဆိုးတွေက ခုထိ ခံစားနေရတုန်းပဲ။ မြန်မာ့တပ်မတော်နဲ့ ကျမတို့ ခေါင်းဆောင်တွေ အနေနဲ့ အမျိုးသမီးတွေရဲ့ ဘေးကင်းလုံခြုံမှုကို စဉ်းစားသင့်ပါတယ်။”

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ  Saw Yan Naing ၏ Women and War: A Karen Leader’s Account ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading