ဆောင်းပါး

မယ်လစခန်းက အမေ့ခံ ကရင်ဒုက္ခသည်များ

Want create site? Find Free WordPress Themes and plugins.

အသက် ၈၀ အရွယ် ကရင်ဒုက္ခသည်တဦး ဖြစ်သော နော်ပယ် က သူ၏ ဝါတဲလေးအတွင်းမှ မီးဖိုချောင်နား တွင် လဲလျောင်းနေသည်။ ဒယ်အိုးများ၊ အိုး၊ ခွက်၊ ဓါတ်ဘူး၊ ခြင်းတောင်းများနှင့် ပုတ်သိုးနေသော အစားအစာများက သူ့ဘေးမှာ ရှုပ်ပွပြန့်ကျဲကာ ပြည့်နှက်နေသည်။

ဖျားနေသည့် အပြင်နေလည်ခင်း အပူရှိန်၏ ပြင်းထန်မှုကြောင်း ခြင်ထောင်ထဲမှ ထွက်လာသည့် အချိန်တွင် သူ၏ လက်များက တုန်ခါနေသည်။

“ကျမ ဝက်တွေကို အစာကျွေးရ ဦးမယ်” ဟု သူက တိုးတိုးပြောပြီးနောက် အသက်ရှုရန် ခဏနားလိုက်ပြီးမှ “ဒါပေမယ့် ကျမ မထနိုင်ဘူး။ ကျမ အရမ်းဖျားနေတယ်” ဟု ဆိုသည်။

နော်ပယ်က ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်သော မယ်လတွင် တယောက်တည်း နေထိုင်သည်။ မယ်လ စခန်းတွင် ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းရပါသည်။ မိသားစု သူ့ ဆီ လာမလည်တာ တော်တော်ကြာပြီဟု နော်ပယ်က ပြောသည်။

“ဆေးခန်းလည်း မသွားချင်ဘူး။ ဆေးခန်းသွားလည်း မယ်မယ်ရရ ဘာမှ ကုပေးတာ မရှိဘူး။ ကျမ မသွားချင်ဘူး။ သူတို့က ကျမကို ပါရာစီတမောလ် တွေပဲ ပေးတယ်” ဟု သူက ပြောသည်။

နိုင်ငံတကာ အစိုးရများက အလှူရှင်များက မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် တဖြည်းဖြည်းဖြစ်ပေါ်နေသည်ကို ရောင်ပြန်ဟပ်သည့် အနေဖြင့် သူတို့၏ ငွေကြေးထောက်ပံ့မှုများကို ဖြတ်တောက်လျှော့ချလာသည့်အတွက် စခန်းတွင် အစားအစာ နှင့် ကျန်းမာရေးအပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ နည်းပါးလာပြီ ဖြစ်သည်။

မယ်လစခန်းမှ ဒုက္ခသည်များအတွက် အလွန်ခက်ခဲသော အခြေအနေဖြစ်ပါသည်။ အချို့က ကုလသမဂ္ဂ၏ ပြန်လည်နေရာချထားရေး အစီအစဉ် ဖြင့် အခြားနိုင်ငံများသို့ ပြောင်းရွှေ့သွားခဲ့သည်။ အခြားသူများက ပိုမိုလုံခြုံသော နီးစပ်ရာနေရာများသို့ သွားရန် မိမိဖာသာ နည်းလမ်းရှာကြသည်။

သို့သော်လည်း အများစုက မြန်မာနိုင်ငံသို့ ပြန်လည်နေထိုင်ရန်အတွက် ဆန္ဒမရှိပါ။ လုံခြုံစိတ်ချသည့် အခြေအနေ မရှိသေးဟု ပြောကြသည်။ သူတို့၏ မိခင်မြေတွင် အိုးအိမ်၊ လယ်မြေနှင့် အခြားသော ပိုင်ဆိုင်မှုများ သို့ မဟုတ် ဆွေမျိုးများ မရှိကြတော့သောကြောင့် ဖြစ်သည်။ မြန်မာ့ တပ်မတော်နှင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများကြားတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေသော်လည်း သူတို့၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်လျှက်ရှိသည်။

“ဘာပဲ ဖြစ်ဖြစ် ကျမ မပြန်ဘူး။ ကျမမှာ ပြန်ဖို့ အကြောင်းမရှိဘူး။ ကျမမှာ ဘာမှ မကျန်တော့ဘူး” ဟု နော်ပယ် ခေါင်းကို ခါရမ်းရင်း ပြောသည်။

မြန်မာနိုင်ငံ အရှေ့ပိုင်းကရင်ပြည်နယ်တွင် ၁၉၇၀ နှစ်များမှသည် ၁၉၉၀ နှစ်များအထိပြုလုပ်ခဲ့သော စစ်ဆင်ရေးများ ကြောင့် အရပ်သား ကရင်နှင့် အခြားတိုင်းရင်းသားလူမျိုးများ သူတို့၏ နေအိမ်ကို စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ အများစု မှာ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး နေထိုင်ခဲ့ကြသည်မှာ ဆယ်စုနှစ် နှစ်ခုထက် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အစီအစဉ် စတင်ခဲ့ပြီးနောက် ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ ဒုက္ခသည် များကို ထောက်ပံံမှုများ ပေးနေသော နိုင်ငံတကာ အလှူရှင်များနှင့် NGO များက လူသားချင်းစာနာထောက်ထားမှု အကူ အညီများနေရာတွင် ဒုက္ခသည်များကို ထိုင်းနှင့် မြန်မာအစိုးရများ၏ အကူအညီဖြင့် နေရပ်သို့ ပြန်လည်ပို့ဆောင်ရေး ဘက် သို့ ပြောင်းလဲ ၍ ဦးစားပေးလုပ်ဆောင်လာကြသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တို့ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက မြန်မာ အစိုးရနှင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးခဲ့ကြသည်။

“ဒုက္ခသည် အများစုက တတိယနိုင်ငံတွေကို ပြောင်းရွှေ့နေကြပါတယ်။ တချို့က သူတို့ဇာတိမြို့တွေကို သွားလည်ခဲ့ကြတယ်။ ဒါပေမယ့် ကျနော်တို့ကို သတင်းမပေးတဲ့ အတွက် ဘယ်လောက်ရှိသလဲ ဆိုတာတော့ ကျနော်တို့ မသိပါဘူး” ဟု မယ်လ ဒုက္ခသည်စခန်း၏ ဥက္ကဌ စောအောနက်စ်က ပြောသည်။

အချို့ဒုက္ခသည်များက မြန်မာနိုင်ငံ၏ အခြေအနေကို သွားရောက်ကြည့်ရှုရုံသက်သက်သာ ဖြစ်သည့် အတွက် နေရပ်သို့ ပြန်ချင်သူများကို အကူအညီပေးနေသည့် ဒုက္ခသည် စခန်းများရှိ “မိမိဆန္ဒအလျောက် နေရပ်သို့ ပြန်သွားရေး စန်တာများ (volunteer repatriation centers)” သို့ ဆက်သွယ်ခြင်း မပြုခဲ့ကြပါ။

“တခြားလူတွေက အပစ်အခတ်ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ယုံကြည်ကြသလားဆိုတာတော့ ကျနော်မသိဘူး။ ဒါပေမယ့် ကျနော်ကတော့ မယုံဘူး” ဟု တဲအိမ်လေးထဲတွင် ထိုင်နေသော ပလယ်ဂေါ်က ပြောသည်။

သူ့သားကို ထိန်းကျောင်းနေသော ပလယ်ဂေါ်

၁၉၉၄ ခုနှစ်မှ စတင်၍ KNU မှ လက်နက်ကိုင် အဖွဲ့အများအပြားခွဲထွက် သွားခဲ့ရာ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ၊ နယ်ခြားစောင့်တပ်ဖွဲ့(BGF) နှင့် အဖွဲ့ငယ်တခု ဖြစ်သော ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA Peace Council) တို့ အပါအဝင် ဖြစ်သည်။

မြန်မာ့တပ်မတော်၏ အကူအညီဖြင့် DKBA က KNU ကို ထိုးစစ်တခု ပြုလုပ်ခဲ့ရာ ထောင်နှင့် ချီသော အရပ်သားများ နေ အိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီးသည့် နောက်မှာပင် ကရင်လက်နက်ကိုင် အဖွဲ့အစည်း များကြားမှ တိုက်ပွဲများက ကြိုကြားကြိုကြား ပေါ်ပေါက်လျှက် ရှိကြောင်းသိရသည်။

“ဘယ်အဖွဲ့ ယုံကြည်ရမှန်းတောင် ကျနော်မသိဘူး။ ကေအန်ယူအဖွဲ့ထဲမှာတောင် သဘောထားကွဲလွဲမှုတွေရှိတယ်။ ကရင်လက်နက်ကိုင်အဖွဲ့က သုံးလေးဖွဲ့တောင်ရှိနေတယ်။ ကျနော်တို့ ဘယ်သူ့ကို ယုံရမလဲ” ဟု ပလယ်ဂေါ်က သူ့သားကို ချီထားရင်း ပြော သည်။

“မကြာသေးခင်ကတောင် တိုက်ပွဲတွေဖြစ်တယ်လို့ ကျမတို့ကြားရတယ်” ဟု သူ၏ မိခင်ဖြစ်သူ အသက် ၅၉ နှစ်အရွယ် ဒေါ်မူကျူးလာ ကပြောသည်။ ဧပြီလ ၂၂ ရက်နေ့က တနင်္သာရီတိုင်း အတွင်းရှိ KNU ထိန်းချုပ်နယ်မြေတခု အတွင်းတွင် မြန်မာ့တပ်မတော် နှင့် KNU တပ်ဖွဲ့များကြား တိုက်ပွဲများ ပေါ်ပေါက်ခဲ့သည်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

“ကျမတို့ ထွက်ပြေးလာတုန်းက ကျမသား ပလယ်ဂါ်က အသက် ၇ နှစ်ပဲ ရှိသေးတယ်။ သူဘာမှ မသိသေးဘူး။ အဲဒီအချိန်မှာ အရမ်းငယ်သေးတယ်။ ကျမ သူ့ကို တလမ်းလုံး ချီပြီးခေါ်လာခဲ့ရတယ်” ဟု ကလေး ၄ ယောက်၏ မိခင် ဒေါ်မူကျူးလာ က ဆေးပေါ့လိပ်ကို ဖွာရင်း ပြောသည်။

“အရမ်းကို ဒုက္ခရောက်ခဲ့တဲ့ အချိန်ပါ။ ကျမတို့ တောထဲမှာ ပုန်းနေခဲ့ရတယ်။ တချို့ညတွေဆို အိပ်လို့မရဘူး” ဟု သူကပြောသည်။

KNU တပ်မဟာ ၇ ထိန်းချုပ်ရာ နယ်မြေမှ ရောက်လာခဲ့ကြသူများ ဖြစ်သည့် ဒေါ်မူကျူးလာနှင့် မိသားစုက မယ်လစခန်း တွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီ ဖြစ်သည်။

“ကျနော့်မှာ အိမ်ပြန်ဖို့ အစီအစဉ်မရှိဘူး” ဟု အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေရာချထားရေး အစီအစဉ်ကို စောင့်ဆိုင်းနေသော ပလယ်ဂေါ်က ပြောသည်။“ကျနော့်မှာ မြေမရှိဘူး။ အိမ်မရှိဘူး၊ အဲဒီမှာ ဆွေမျိုးတွေလည်း မရှိဘူး။”

ပြည်တွင်းစစ်ကြောင့် ထွက်ပြေးခဲ့ရသည့် မြန်မာဒုက္ခသည် ၈၀၀၀၀ ကျော်သည် အမေရိကနိုင်ငံတွင် အခြေချနေထိုင်လျှက်ရှိသည်ဟု NGO များက ခန့်မှန်းထားသည်။ အများစုမှာ ကရင်တိုင်းရင်းသားများ ဖြစ်သည်။

ဒုက္ခသည်စခန်း ၉ ခုတွင် လူဦးရေက တဖြည်းဖြည်းချင်း လျော့ကျလျှက်ရှိပြီး ၂၀၁၁ ခုနှစ်ကနေစပြီး လူဦးရေ ၁၄၀၀၀၀ ရှိခဲ့ရာမှ ယခုအခါတွင် ၉၈၀၀၀ ခန့်သာ ရှိတော့သည်ဟု The Border Consortium (TBC) ၏ အဆို အရ သိရသည်။ TBC သည် ပဋိပက္ခကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာရသည့် ဒုက္ခသည်များကို ကူညီပေးနေသည့် NGO ၉ခု ပူးပေါင်းထားသည့် အဖွဲ့အစည်း ဖြစ်သည်။

ရန်ပုံငွေ နည်းပါးလာခြင်းကြောင့် TBC က ဝန်ထမ်းများ လျှော့ချနေရပြီး ဝန်ထမ်းလစာများလည်း လျှော့ချနေရသည်။ ၎င်း၏ တနှစ် ဝန်ထမ်း အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၇ သန်း ရှိသော်လည်း လာမည့် နှစ် အတွက် ရန်ပုံငွေက မသေချာသေးဟု TBC ၏ အမှုဆောင် ဒါရိုက်တာ Sally Thompson ကပြောသည်။

ထောက်ပံ့ရိက္ခာများကို ထုတ်ပေးသော နေရာ

“ဒီမှာ အခက်အခဲတွေ မလွှဲမရှောင်သာ ရှိလာပါလိမ့်မယ်။ ဒါပေမယ့် ဒုက္ခသည်စခန်းတွေ အတွက် ရံပုံငွေ အထောက်အပံ့ ကျဆင်းလာတာကတော့ ကျမတို့ ရင်ဆိုင်ရမယ့် အမှန်တရားတခု ဖြစ်ပါတယ်” ဟု သူကပြောသည်။

ရန်ပုံငွေ ပြတ်တောက်မှုက ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် လုပ်ကိုင်နေသည့် အကူအညီပေးရေး လုပ်သား ၁၀၀၀၀ ခန့် အပေါ်တွင်လည်း သက်ရောက်မှု ရှိမည် ဖြစ်သည်။

“အလှူရှင်လည်း တကယ် ပိုက်ဆံမရှိ တာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် တနည်းပြောရရင် ဒါက ဖိအားတခုလိုပဲ ကျနော်ထင်တယ်” ဟု ကရင်ဒုက္ခသည် ကော်မတီ(KRC) ၏ အကြီးအကဲတဦးဖြစ်သူ စောတူးတူး က ပြောသည်။

ထိုင်းလုံခြုံရေးတပ်ဖွဲ့များကဲ့သို့သော ဒေသဆိုင်ရာ အာဏာပိုင်များ နှင့် International Organization for Migration (IOM) တို့က ဒုခသည်များ၏ သွားလာလှုပ်ရှားမှုများကို ကန့်သတ်မှုများ ပြုလုပ်လာကြသည်ဟု မယ်လ စခန်းမှ ဒုက္ခသည်များက ပြောသည်။ အာဏာပိုင်များ၏ ဖိအားကြောင့် စခန်းကော်မတီက ခေါင်းဆောင်များကိုလည်း မီဒီယာများနှင့် စကားမပြောရန် ညွှန်ကြားထားသည်ဟု သိရသည်။

“မယ်လစခန်းမှာ လူဦးရေက နှစ်စဉ် ကျဆင်းလာတယ်။ တနှစ်လျှင် ရာဂဏန်းလောက် ကျဆင်းလာတယ်” ဟု စောတူးတူး က ပြောသည်။

“အရင်တုန်းက ကျနော်တို့စခန်းမှာ လူ ၄၀၀၀၀ ကျော်ရှိတယ်။ အခု စခန်းမှာ လူ ၃၈၀၀၀ လောက်ပဲရှိတော့တယ်” ဟု သူက ထပ်ပြောသည်။

နာမကျန်း ဖြစ်နေသော သက်ကြီးရွယ်အို အမျိုးသမီးတယောက်ဖြစ်သည့် နော်ပယ် တို့လို ကာလရှည်စွာ ဒုက္ခသည် ဖြစ်ခဲ့ရသူ အချို့ အတွက်ကတော့ နေအိမ်ဆိုသည်မှာ အမေရိကန် နိုင်ငံမဟုတ်သလို မြန်မာနိုင်ငံလည်း မဟုတ်ပါ။

“မယ်လက ကျမအိမ်ပဲ။ ကျမသေတဲ့အထိနေသွားမယ်” ဟု သူကပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Saw Yang Naing ၏ Left Behind: Karen Refugees at Mae La Camp ကို ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading