ဆောင်းပါး

အသံတိတ် လူသတ်သမား (ကျောက်မီးသွေး) ၏ ခြောက်လှန့်ခံ ဒေသခံများ

Want create site? Find Free WordPress Themes and plugins.

“ဤရွာ ကလေး သာယာသည်။ ဘူးသီး၊ ခရမ်းသီး ပေါ၏။ ရာသီမရွေး မအားကြပါ။ နွားများ မွေးမြူ ထားသည်။ ပျော်ပျော် မွေ့မွေ့ နေကြသည်။” ဟူ၌ သူငယ်တန်း သင်ပုန်းကြီး ဖတ်စာ၌ ဖတ်ခဲ့ ရသည့် စာပိုဒ်လေးကို ဤရွာ အရောက်၌ သတိရ မိလာသည်။

မြို့ပြ မွန်းကျပ်မှုမှ ခေတ္တ ဖယ်ခွာခွင့် ရလာသော ကျနော်တို့ အဖို့ စိမ်းစိုသော တောအုပ်များ၊ တောင်တန်းများ၊ သန့်ရှင်းသော လတ်ဆတ်သော လေနုအေးများ စသော အရာရာတိုင်းက စွဲမက်စရာများ ဖြစ်နေသည်။

ရွာ၏ အနောက်ဘက် အစွန်တွင် ပင်လယ်ပြင်နှင့် ထိစပ် နေသည့်အတွက် ဤပင်လယ်ပြင် မှလည်း ရေထွက် စားသောက်ကုန် ပစ္စည်းများ အလျံအပယ် ထွက်ရှိနေသည်။ ဤရွာသည် မွန်ပြည်နယ်ရှိ ရေးမြို့နယ်၏ အနောက်ဘက် ၁၁ မိုင်ခန့် အကွာတွင် တည်ရှိသည့် “အင်ဒင်” ရွာဖြစ်သည်။

သို့သော် ဤရွာသည် “အသံတိတ် လူသတ်သမား” ဟု တင်စားကြသည့် “ကျောက်မီးသွေး” လျှပ်စစ် ဓါတ်အားပေး စီမံကိန်းမှ ထွက်ကျ လာမည့် ဘေးထွက် ဆိုးကျိုးများကို ခံစား ရမည်ဟု ခြိမ်းခြောက် ခံနေရသော ရွာဖြစ်သည်။

“ကျနော်တို့ ဘိုးစဉ် ဘောင်ဆက် ကတည်းက ဒီမြေ၊ ဒီရေကို အမှီသဟဲလုပ်ပြီး ရှင်သန် လာနေကြတာ အခုဆိုရင် သားသမီး မြေး၊ မြစ် တွေကိုလည်း ဒီအမွေ တွေကိုပဲ ဆက်ထားခဲ့ စေချင်တယ်၊ ကျနော်တို့ မြေပေါ်မှာ လာပြီး စီမံကိန်း မဆောက်ပါနဲ့လို့ တောင်းပန် ချင်တယ်” ဟု စီမံကိန်း လျာထား ဧရိယာ ဧက ၅၀၀ အတွင်း ၎င်း၏ လယ်မြေ ပါဝင်နေသူ တစ်ဦး ဖြစ်သည့် ဦးအောင်က ပြောပြသည်။

ဤအကြောက်တရားသည် ရွာသားများ ထံသို့ ၂၀၁၄ ခုနှစ် ဧပြီလခန့်က စတင် ရောက်ရှိ လာသည်။ ထိုင်း ‑ ဂျပန် ဖက်စပ် အများပိုင် ကုမ္ပဏီ တခု ဖြစ်သည့် “Toyo Thai” ကုမ္ပဏီသည် ရန်ကုန် သီလဝါ ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန် အတွက် လိုအပ်သည့် လျှပ်စစ် ဓါတ်အား မဂ္ဂါဝပ် ၁၂၈၀ ထုတ်လုပ်ရန် အတွက် ဤရွာအား ရွေးချယ်ခဲ့ခြင်းက အစပြုသည်။

၂၀၁၃ ခုနှစ်တွင် Toyo ‑ Thai ကုမ္ပဏီသည် အင်ဒင် ဒေသခံများ၏ သဘောထား ဆန္ဒများကို အလျဉ်း ရယူခဲ့ခြင်း မရှိပဲ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်ရန် အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့နှင့် Memorandum of Understanding (MoU) ချုပ်ဆို ခဲ့သည်။

စီမံကိန်း ဧရိယာ အဖြစ် ဤရွာအား ရွေးချယ် ထားခဲ့သော်လည်း အခြား ရွာနီး ချုပ်စပ်များ ဖြစ်သည့် နှစ်ကရုပ်၊ အင်ဒင် ရွာသစ် (ငါးဖမ်းစခန်း ကျေးရွာ) ၊နှီးနှူ ၊ သာဂရံ၊ ပလိုင်သိမ် ၊ ရေပေါ်သောင် စသည့် ရွာများ သည်လည်း ဤအကြောက် တရားနှင့် မကင်း။ ထို့ကြောင့် ကျေးရွာ ၇ ရွာပေါင်း၍ လူအင်အား ၆၀၀၀ ကျော်ဖြင့် ၂၀၁၅ ခုနှစ် မေလ ၅ ရက်နေ့တွင် ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည်။

အင်ဒင် ရွာသား များ၏ ကန့်ကွက်မှုနှင့် Toyo ‑ Thai ကုမ္ပဏီမှ စီမံကိန်း ဆောက်လုပ်ရန် ကြိုးပမ်းမှုတို့၏ အပွတ် အတိုက် တို့ကား ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် တောက်လျှောက် ကြီးထွား လာခဲ့သည်။ တကြိမ်၌ Toyo ‑ Thai ကုမ္ပဏီသည် လက်ရဲ ဇက်ရဲ ရှိသည်ဟု နာမည်ကြီးသည့် ပုဖ္ပဝတီ ကျေးရွာ (ကိုရင်လေး) ကျေးရွာတွင် အခြေချ နေသည့် မွန်ပြည်သစ်ပါတီဝင်ဟောင်း တဦး ဖြစ်သူ ဗိုလ်မှူးရွှေ ဟု လူသိများသူအား လုံခြုံရေး လိုက်ပါစေလျက် ဂျပန် ပညာရှင် နှစ်ဦးနှင့် အတူ အင်ဒင် ရွာသို့ လာရောက် ခဲ့စဉ် ရွာသား များနှင့် လူစု လူဝေး အသွင် သဏ္ဍာန်ဖြင့် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားခဲ့ကြောင်း ရွာသား များက ပြန်ပြောင်း ပြောပြ ခဲ့သည်။

ရွာသားများ၏ ကန့်ကွက်မှု မြင့်တက်နေချိန်၌ ထိုစီမံကိန်းအား ဗူမိဗေဒ ဆိုင်ရာနှင့် ဂေဟစနစ် ဆိုင်ရာ အလွတ်တန်း အချက် အလက် ကောက်ယူရန် နိုင်ငံခြား ပညာရှင် တဦးနှင့် အတူ ၂၀၁၅ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့၌ သွားရောက် ခဲ့စဉ် ဆန္ဒပြ၍ နှင်ထုတ် ခံခဲ့ရကြောင်း (National Enlightenment Institute – NEI) အဖွဲ့မှ ဒါရိုက်တာ ဖြစ်သည့် ဦးကျော်စံဝင်းက ပြောသည်။

“စီမံကိန်း ဧရိယာကို သွားချင်တယ် ဆိုပြီး ပြောတော့ ရွာသား တွေက လမ်းမပြ ပေးဘူး၊ ဘုန်းကြီးနဲ့ အရင် တွေ့ရမယ်လို့ ပြောတယ်၊ အဲဒီတော့ ဆရာတော်ကို သွားလျှောက် တာပေါ့ ၊ အလွတ်တန်း အချက်အလက် လာကောက်တာပါ ဆိုပြီး လျှောက်နေတဲ့ အချိန်မှာပဲ ဘုန်းကြီးကျောင်း ပေါ်မှာ လူတွေ အများကြီး ဖြစ်လာတယ်၊ ကျောင်းအောက်မှာ ဝူးဝူး ဝါးဝါး အော်သံတွေ ကြားနေရတယ်၊ ကျောင်းပေါ်က ဆင်းလာတော့ ဒန်ပုံးတွေ ဒန်အိုးတွေ ခေါက်ပြီး အလိုမရှိလို့ အော်ပြီး ဝိုင်းမောင်းထုတ်တာ၊ လမ်းပေါ်မှာ လူတွေ အပြည့် ရွာလုံးကျွတ် နီးပါးပဲ” ဟု ဦးကျော်စံဝင်းက ၎င်း၏ အတွေ့အကြုံကို ရှင်းပြ ပြောဆိုခဲ့သည်။

ရွာသား အများစုမှာ ကျောက်မီးသွေး စီမံကိန်းကို ကန့်ကွက်၍ အနည်းစု မှာကား အကယ်၍ စီမံကိန်း အကောင်အထည် ဖော်ဖြစ် ခဲ့ပါက မိမိတို့ပိုင် လယ်ယာမြေများကို ဈေးကောင်း ပေး၍ ကုမ္ပဏီမှ ဝယ်ယူမည့် အတွက် အကျိုးအမြတ် မျှော်ကိုးသူ အနည်းစုလည်း ရှိသည်။

“ရွာသားတွေက ဒီစီမံကိန်းကို အလိုမရှိဘူး ဆိုတာပဲ၊ ကျနော်တို့ အတိုင်းအတာနဲ့ ဖူလုံတယ်။ အဖေအမေတွေ လယ်၊ ယာ ၊ ဥယျာဉ်ခြံတွေနဲ့ ရှင်သန် လာခဲ့ကြတယ်၊ ကျနော်တို့လည်း ဒီအလုပ်နဲ့ပဲ ထမင်း စားတယ်။ သူများတွေ ကားစီးရင် ကျနော်တို့လည်း စီးနိုင်တယ်၊ သူများတွေ ဆိုင်ကယ်စီးရင် ကျနော်တု့ိ စီးနိုင်တယ်၊ သားသမီးတွေကိုလည်း ပညာသင်ကြား ပေးနိုင်တယ် ဆိုတော့ ဒီစီမံကိန်းကို လုံးဝ လက်မခံဘူး၊ အဆုံးအစွန်အထိ ကန့်ကွက် သွားမယ်” ဟု စီမံကိန်း ဧရိယာ၌ လယ်မြေ ပါဝင်သူ အင်ဒင် ရွာသား ဦးလေးတင် က ပြောသည်။

ကျောက်မီးသွေးအား အပူပေး၍ မီးရှိူ့လျှင် ထွက်လာနိုင်သည့် အာဆင်းနစ် အဆိပ်ဓါတ်၊ ခဲအဆိပ်ဓါတ်၊ မာကျူရီဓါတ် အပါအဝင် ကျောက်မီးသွေး ပြာမှုန့်များမှ တဆင့် လေထု၊ ရေထု ညစ်ညမ်းမှု၊ ဂေဟ စနစ် ပျက်ဆီးမှု တို့ကို ရွာသား များမှာ ခရေစေ့ တွင်းကျ မသိရှိ ထားသော်လည်း ထိုစီမံကိန်း ဆောက်လုပ်ဖြစ်ခဲ့ပါက ဤဆိုးကျိုး များကြောင့် မိမိတို့ လယ်မြေများ ပျက်စီးမည်၊ သီးပင် စားပင်များ ပျက်စီးမည်၊ ရေသယံဇာတ ပျက်စီးမည် စသည့် အကြမ်းဖျင်း သိရှိ ထားကြသည်။

အင်ဒင် ကျေးရွာအုပ်စုဝင် ရွာ ၆ ရွာမှ စီးပွားဖြစ် သီးနှံပင်များမှ ရရှိသည့် နှစ်စဉ် အလိုက် ဝင်ငွေအား စစ်တမ်း ကောက်ယူ ခဲ့ရာတွင် ဈေးကွက်ဝင် သီးနှံ ၁၃ မျိုးတို့အား ကောက်ယူ ခဲ့ရာ၌ ၂၀၁၄ ခုနှစ်တွင် စုစုပေါင်း ဝင်ငွေ ၄၅၈, ၀၁၃, ၅၆၀ ကျပ် ရရှိ ခဲ့ကြောင်း စစ်တမ်း စာအုပ်၌ ဖော်ပြ ထားသည်။ ဤဝင်ငွေ တန်ဖိုးများသည် လယ်မြေမှ ရရှိသည့် ဝင်ငွေနှင့် ပင်လယ် သယံဇာတမှ ရရှိသည့် ဝင်ငွေ များအား ထည့်သွင်း ထားသေးခြင်း မရှိသေးပေ။

ထို့ကြောင့် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ခင်တွယ် မက်မောသည့် ရွာသားများအဖို့ ဤအရာ၏ တန်ဖိုးများကို တိုးတက်မှု ပြယုဂ်များနှင့် အလဲအလှယ် မလုပ်လိုကြောင်း သိရသည်။

“အဲဒီမြေက လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက လယ်မြေ၊ တမံကျိုးသွားတော့ ပယ်လယ်ရေဝင်တော့ လယ်တွေပျက်တယ်၊ နောက်တော့ ဒီတိုင်းပဲ ထားခဲ့တယ်၊ ၂၀၀၆ မှာ စစ်တပ်က သိမ်းယူလိုက်တယ်၊ သိမ်းလိုက်တယ် ဆိုရုံပဲ ဘာမှ မလုပ်ဘူး အဲမြေပေါ်မှာ။ ၂၀၁၄ မှာ အဲဒီမြေကို တပ်က ပြန်စွန့်လွှတ်တယ်၊ ပြီးခဲ့တဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတုန်းကပေါ့ အဲဒီ တပ်စွန့်လွှတ်မြေကို ပြန်လည် ထုတ်ယူဖို့ မူလပိုင်ရှင်တွေကို ပြန်ခေါ်ပေးတယ်၊ ဘယ်သူမှ မလာကြဘူး၊ အဲဒီတော့ ပြီးခဲ့တဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးက တပ်စွန့်လွှတ်မြေကို ပြန်ရဖို့ ဦးက အပါအဝင် ဘယ်နှစ်ဦး၊ ဦးခ အပါအဝင် ဘယ်နှစ်ဦး ဆိုပြီး အဲလို ကိုယ်စားပြုပြီး ပုံစံ ၇ စာရွက် ထုတ်လာခဲ့တယ်၊ အခုတော့ စီမံကိန်း ဧရိယာ ဖြစ်နေတယ်” ဟု အင်ဒင် ကျေးရွာ ကျေးရွာ အုပ်ချုပ်ရေးမှူးဦး ဦးတင်ရှောင်က ဧရာဝတီအား ရှင်းပြသည်။

ဒေသခံများသည် စီမံကိန်းကို အမျိုးမျိုး ကန့်ကွက်နေကြပြီး ကျောက်မီးသွေး စီမံကိန်းနှင့် ၎င်းတို့၏ ဘေးထွက် ဆိုးကျိုးများ အကြောင်း၊ ကျောက်မီးသွေး စီမံကိန်းကြောင့် ဖြစ်လာမည့် လေထု၊ ရေထု ညစ်ညမ်းမှု၊ ဂေဟ စနစ်ပျက်စီးမှု အကြောင်း အပြင်းအထန် လေ့လာ ကြပြီး အိမ်နီးချင်း ထိုင်းနိုင်ငံရှိ ကျောက်မီးသွေး စက်ရုံအကြောင်း သွားရောက် လေ့လာ ကြသည်။

“ကျောက်မီးသွေး” လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ စီမံကိန်းအား ကန့်ကွက် နေသည့် အံဒင် ရွာသား များအား (၃) နှစ်တာခန့် နည်းပညာပိုင်း ဆိုင်ရာ အကူအညီ ပေးနေသည့် ထိုင်းနိုင်ငံ အခြေစိုက် Toward Ecological Recovery and Regional Alliance ‑ TERRA အဖွဲ့မှ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဂေဟစနစ်ပညာရှင် Mr. Montree Chantawong က အံဒင် ကျေးရွာတွင် တွေ့ရှိ ရသည့် ဂဏန်းမျိုးစိတ် တမျိုးသည် အရှေ့တာင် အာရှ နိုင်ငံများ အနက် မြန်မာ နိုင်ငံ တွင်သာ တွေ့ရှိနိုင်သည့် ဂဏန်း မျိုးစိတ် တမျိုး ဖြစ်ကြောင်း ရှင်းပြ ခဲ့သည်။

“ကျနော်တို့ ဒီဒေသမှာ ရှိတဲ့ သီးပင် စားပင်တွေ၊ ရေနေသတ္တဝါတွေ ၊ ငှက်တွေကို မှတ်တမ်း ပြုစုပါတယ်၊ အဲဒီမှာ အထူးအဖြင့် တွေ့ရတဲ့ ဂဏန်း မျိုးစိတ် တမျိုးဟာ ဆိုရင် မြန်မာနိုင်ငံမှာပဲ တွေ့ရနိုင်တဲ့ ရှားပါး ဂဏန်း မျိုးစိတ်တမျိုး ဖြစ်ပါတယ်။ ရှာတွေ့ဖို့လည်း အင်မတန် ခက်ခဲပါတယ်။ ရှာဖွေ တွေ့ရှိပြီး မှတ်တမ်းတင်နိုင်တဲ့ ရေနေသတ္တဝါတွေကို မော်လမြိုင် တက္ကသိုလ်က အဏ္ဏဝါ သိပ္ပံဌာနနဲ့လည်း ကျနော်တို့ သွားရောက် အကြုံပြု ဆွေးနွေးပါတယ်၊ ဒီဒေသမှာ တွေ့ရတဲ့ ဂဏန်း အမျိုးအစားဟာ ရှားပါးမျိုးစိတ်ဝင် ဂဏန်း အမျိုးအစား ဖြစ်တာကို တွေ့ရှိ ခဲ့ရတယ်” ဟု Mr. Montree Chantawong က ဧရာဝတီသို့ ရှင်းပြ ပြောဆိုသည်။

Toyo ‑ Thai ကုမ္ပဏီမှ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်ရန် အဆိုပြု ထားသည့် အင်ဒင် ကျေးရွာ အပါအဝင် ရွာနီး ချုပ်စပ် ကျေးရွာ ၇ ရွာသို့ ၃ နှစ်တာ အချက် အလက် မှတ်တမ်း ကောက်ယူ ခဲ့ရာ၌ သီးပင်စားပင် မျိုးစိတ်ပေါင်း ၂၆ မျိုးကျော်၊ ငှက်မျိုးစိတ်ပေါင်း ၇၁ ကျော်၊ ငါးမျိုးစိတ်ပေါင်း ၁၃၈ ကျော်၊ ပုဇွန်မျိုးစိတ် ၁၅ မျိုးကျော် ၊ ဂဏန်းမျိုးစိတ်ပေါင်း ၇ မျိုးကျော် တွေ့ရှိခဲ့ရကြောင်း စစ်တမ်း စာအုပ်၌ ဖော်ပြ ထားသည်။

ထို့ပြင် ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးသို့ သွားရောက်၍ စီမံကိန်း ကန့်ကွက်စာ ပေးပို့ ခဲ့သည်။ Toyo – Thai ကုမ္ပဏီအား ငွေကြေး အထောက် အပံ့ထုတ်ချေး ပေးနေသည့် Japan Bank for International Cooperation – JBIC နှင့် Japan International Cooperation Agency – JICA တို့အား ကန့်ကွက်ကြောင်း စာပို့ကြသည်။ ဒေသ ဖွံ့ဖြိုးရေး လုပ်ဆောင် ပေးမည်ဟု ကုမ္ပဏီက ပြောလာသော်လည်း ဒေသခံများက ခါးခါး သီးသီး ငြင်းဆို ခဲ့ကြသည်။ ရွာသားများ ထည့်ဝင် ငွေဖြင့် ရွာလယ် လမ်းမကြီးအား ကွန်ကရစ်လမ်း ခင်းကြသည်။

ဤစီမံကိန်း၏ မူလ ရည်မှန်းချက်မှာ ရန်ကုန်ရှိ သီလဝါ ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန်သို့ လျှပ်စစ်ဓါတ်အား ထုတ်လုပ် ပေးရန် ဖြစ်သည့် အတွက် ထိုအထဲမှ လျှပ်စစ် ဓါတ်အား အချို့ ကျေးရွာ အတွက် ခွဲဝေ ပေးနိုင်သည်မှာ ဖြစ်နိုင်ခြေ ရှိသော်လည်း ကျောက်မီးသွေး ဆိုးကျိုးကြောင့် ထွက်ပေါ် လာမည့် သက်ရောက်မှု များအား ဤရွာသား များကို ခံစား စေသည်မှာ တရားမျှတမှု မရှိဟု Mr. Montree Chantawong က ထောက်ပြ ပြောဆိုသည်။

Toyo ‑ Thai ကုမ္ပဏီမှ အဆိုပြုထားသည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်မှာ ဤရွာမှ ၂ ကီလိုမီတာသာ ကွာဝေးသည်။ စီမံကိန်း အတွက် ကုန်းပေါ်၌ မြေဧက ၅၀၀ ကျော်အား လျာထားပြီး ပင်လယ်ပြင်သို့ ထိုးထွက် သွားသည့် ၃ ကီလိုမီတာမှ ၅ ကီလိုမီတာ အရှည် ရှိသည့် ဆိပ်ခံ ဘောတံတား တခု တည်ဆောက်နိုင်ရန် ကုမ္ပဏီ ဘက်မှ အဆိုပြု ထားသည်။

ကုမ္ပဏီ ဘက်မှ စီမံကိန်း တည်ဆောက်မည် ဆိုပါက နိုင်ငံခြားသား ပညာရှင် ထောင်ဂဏန်းမှ သောင်းဂဏန်း အထိ ခေါ်ယူ လာမည်ဟု အဆိုပြု ထားရာ အိမ်ခြေ ၅၀၅ အိမ်ရှိပြီး လူဦးရေ ၂၇၆၈ ဦးသာ ရှိသည့် အင်ဒင်ရွာ၏ အနာဂတ်အပြောင်းအလဲအပေါ် စိုးရိမ်ပူပန်ကြသည်။

အကယ်၍ နိုင်ငံခြားသား အလုပ်သမား အများအပြား ဝင်ရောက် လာပါက လူမှုရေး ပဋိပက္ခဆိုင်ရာ ပြသနာရပ်များ ပါဝင်နိုင်မည့်အပေါ် စိုးရိမ်ကြသည်။

ကုမ္ပဏီ သည် ဤစီမံကိန်း အတွက် အမေရိကန် ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ခန့် ရင်းနှီး မြုပ်နှံရန် လျာထားခဲ့ပြီး ၂၀၁၃ မှ ၂၀၁၅ ခုနှစ် အထိ ထိုစီမံကိန်း အကောင်အထည် ပေါ်ရေးကို အစဉ် တစိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ရွာသား များနှင့် အတိုက်အခံ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ ဒေသခံ ရွာသား ၂၀ ကျော်ကို ရေးမြို့မ ရဲစခန်းက ၂၀၁၅ ခုနှစ် ဇွန်လ ၁၅ ရက်နှင့် ၂၃ ရက်နေ့၌ နှစ်ကြိမ်တိုင် ခေါ်ယူ စစ်ဆေးခံရသဖြင့် မတရားသဖြင့် တိုင်ကြားခံရသည်ဟုဆိုကာ အဆိုပါ ရွာသားများဘက်ကမှ ရပ်တည်မည်ဟု ဆိုပြီး ဒေသခံ ရွာသား ၃၅၀ သည် ရဲစခန်းထိ လာရောက်ထွက်ဆိုကြသည်ဟု သိရသည်။

ကုမ္ပဏီ ဘက်မှ ကျောက်မီးသွေး လောင်စာ သုံး၍ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ပါက ကုန်ကျ စရိတ် နည်းပါးပြီး လျှပ်စစ်မီးအား ဈေးသက်သက် သာသာဖြင့် ပြန်လည် ရောင်းချ နိုင်မည်ဟု တင်ပြ ထားသော်လည်း ထုတ်လုပ်မှု စရိတ် တွက်ချက် ရာတွင် ဆိုးကျိုး သက်ရောက်မှုကြောင့် ပြန်လည် ပေးဆပ် ရမည့် ပမာဏအား ထည့်သွင်း တွက်ချက်ထားမှု မရှိကြောင်း Toward Ecological Recovery and Regional Alliance ‑ TERRA ဂေဟစနစ်ပညာရှင် တစ်ဦး ဖြစ်သူ Ms. Areeya Tivasuradej က ထောက်ပြ ပြောဆို ခဲ့သည်။

“ပင်လယ်ပြင်က ထွက်တဲ့ ပုဇွန်တွေ၊ သစ်သီးဝလံတွေကို ကျနော်တို့က စားလို့ရတယ်။ အဲဒီ တန်ဖိုးတွေ ရှိတယ်၊ ကုန်သွယ် ရောင်းဝယ် ကြတယ်၊ အဲဒီက တဆင့် အခွန် ဝင်ငွေ တန်ဖိုးတွေ သတ်မှတ်လို့ ရတယ်၊ တခြား တန်ဖိုး တွေလည်း ရှိတယ်၊ အိမ်နီး နားချင်းတွေ လက်ဆောင်ပေးတယ်၊ အလှူအတန်း လုပ်နိုင်တယ်၊ နောက်သားစဉ် မြေးဆက် တွေကို အမွေ ပေးခဲ့လို့ ရတယ်။ ကုမ္ပဏီရဲ့ ရင်းနှီးမြုပ်နှံမှု တွက်ချက် ရာမှာ ဒီစီမံကိန်းကြောင့် ဒါတွေ အထွက်နည်း သွားပြီး ဒီနစ်နာမှု တန်ဖိုးတွေကို ထည့်တွက် ထားတာ မရှိဘူး၊ စီမံကိန်း ဧရိယာထဲမှာ ပါတဲ့ ကွမ်းပင် တပင်ကို ကျပ် ၅၀၀ နဲ့ လျော်ကြမယ် ဆိုပါစို့၊ ရှေရှည် မှာတော့ ကွမ်းပင်ဟာ အဲဒီ ကျပ် ၅၀၀ ထက်ကို ပိုပြီး အခြား တန်ဖိုး တွေလည်း ပါဝင် နေတယ်” ဟု Ms. Areeya Tivasuradej က ရှင်းပြသည်။

Toyo ‑ Thai အများပိုင် ကုမ္ပဏီ သည် ၂၀၁၆ ခုနှစ်၌ ၎င်း၏ ရှယ်ယာရှင် များအား ပြန်လည် တင်ပြသည့် အစီရင် ခံစာ၌ ၂၀၁၅ ရွေးကောက်ပွဲ ပြီးဆုံး သည်မှာ တနှစ်သာ ရှိသေး၍ အစိုးရ လည်ပတ်မှု ကောင်းစွာ မဖြစ်ထွန်း သေးဖြင့် အစိုးရ လည်ပတ်မှု ကောင်းစွာ ဖြစ်ထွန်း လည်ပတ်သည့် အချိန်၌ စီမံကိန်းအား ပြန်လည် စတင်သွားမည် ဖြစ်ပြီး စီမံကိန်း လျာထားမှုများ တိုးတက်မှု ရှိဆဲ ဖြစ်ကြောင်း အစီရင် ခံခဲ့သည်ဟု Toward Ecological Recovery and Regional Alliance – TERRA အဖွဲ့မှ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဂေဟစနစ်ပညာရှင် Mr. Montree Chantawong က ဧရာဝတီသို့ ရှင်းပြသည်။

သို့သော် Toyo ‑ Thai အများပိုင် ကုမ္ပဏီ၏ ဤရပ်တည်ချက်သည် ၂၀၁၇ ခုနှစ် ဧပြီလတွင် လုံးဝ ပြောင်းလဲ သွားကြောင်း Mr. Montree Chantawong က ထပ်မံ ရှင်းပြသည်။

“တိုယိုထိုင်း အများပိုင် ကုမ္ပဏီက နှစ်တိုင်းရဲ့ ဧပြီလမှာ ရှယ်ယာရှင် တွေကို အစည်းအဝေး ခေါ်ယူပြီး တနှစ်တာ အစီရင်ခံစာ တင်ပြ ပေးရတယ်၊ ၂၀၁၆ ဧပြီတုန်းက ရှယ်ယာရှင်တွေက အင်ဒင် ကျောက်မီးသွေး စက်ရုံ စီမံကိန်း နှောင့်နှေး ရတဲ့ အပေါ် မေးတော့ ကုမ္ပဏီက ရွေးကောက်ပွဲ ပြီးကာစ ဖြစ်လို့နဲ့ အစိုးရ လည်ပတ်မှု အားမကောင်း သေးလို့ တာဝန်ယူမယ့် ဌာနဆိုင်ရာတွေ အဆင်သင့် မဖြစ်လို့ ဆိုပြီး ဖြေကြား ခဲ့တယ်။ ဒီနှစ် ၂၀၁၇ မှာလည်း ဒီမေးခွန်း ကိုပဲ ရှယ်ယာရှင်တွေ ထပ်မေးကြတယ်။ အဲဒီမှာ ကုမ္ပဏီဘက်က ဒီစီမံကိန်းကို ရှေ့ဆက် လုပ်ဆောင်လို့ မရတဲ့ အတွက် ခေတ္တ ယာယီ ရပ်ဆိုင်း ထားရမယ် ဆိုပြီးတော့ ဖြေကြား ခဲ့တယ်” ဟု Mr. Montree Chantawong က ဧရာဝတီသို့ အတည်ပြု ပြောကြား ခဲ့သည်။

စီမံကိန်း စတင် ဆောက်လုပ်ရန် ကြိုးပမ်းချိန် ၂၀၁၄ ခုနှစ်မှ စ၍ ၂၀၁၆ ခုနှစ်အထိ ကုမ္ပဏီ ဘက်မှ ဤကဲ့သို့ စီမံကိန်းအား ရပ်ဆိုင်းမည်ဟု တကြိမ်မှ ထုတ်ဖော် ပြောကြား ခဲ့ခြင်း မရှိခဲ့သေည်လည်း ယခုနှစ်တွင်မှ စီမံကိန်း ရှေ့ဆက် လုပ်ဆောင်ရန် အဆင်မပြေ သဖြင့် ခေတ္တ ယာယီ ရပ်ဆိုင်း ထားရကြောင်း ပထမဆုံး အကြိမ် ထုတ်ဖော် ပြောကြား ခြင်းလည်း ဖြစ်ကြောင်း ၎င်းက ထပ်မံ ရှင်းပြသည်။

ဤရပ်ဆိုင်းထားမှုမှာ ယာယီသာ ဖြစ်၍ မည်သည့် အချိန်တွင် စီမံကိန်း ပြန်စမည်နည်းဟု ရွာသားများကစောင့်ကြည့်နေကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading