ဆောင်းပါး

ထိုင်းနယ်စပ် အမှိုက်ပုံကို မှီခိုနေရသည့် မြန်မာရွှေ့ပြောင်းအခြေချများ

Want create site? Find Free WordPress Themes and plugins.

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့စွန်ရှိ အမှိုက်ကျင်းကြီးသို့ ရောက်လာသောအခါ သတ္တုချောင်းများ၊ အဝတ်ဆွေးများ မှသည် အစားအစာ အပုပ်အသိုးများ အထိပါသော လူတရပ်ထက်မကမြင့်မားသည့် အမှိုက်ပုံကြီးတွင် ယင်ကောင်များ တဝီဝီ ဖရိုဖရဲ ပျံသန်းနေသည်ကို တွေ့ရသည်။
“ပစ်ထားတဲ့ အစားအစာတွေထဲမှာ စားလို့ရသေးတာ ပါရင် ကျမတို့ စားကြတယ်။ လိုအပ်ရင် ချက်တယ်။ ပြန်သုံးလို့ ရတဲ့ အမှိုက်တွေကို ကောက်ယူပြီး ပြန်ရောင်းတာ” ဟု ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှ ရောက်လာပြီး သားသမီး၊ မြေးများနှင့် အမှိုက်ပုံတွင် နေထိုင်နေသည်မှာ ၁၅ နှစ်ကျော်ကြာပြီဖြစ်သည့် အသက် ၄၅ နှစ်အရွယ် မြန်မာအမျိုးသမီး မစမ်းအေးက ပြောပြသည်။

“ကျမတို့ ဒီမှာ တနေ့ ဘတ် ၂၀ လောက် ဆိုရင် နေလို့ ရတယ်” ဟု ယင်ကောင်များ ရစ်ဝဲနေသော ခွက်မှ လက်ဖက်ရည်ကို အနည်းငယ်မျှ သောက်ရင်း မစမ်းအေးက ပြောသည်။

မဲဆောက်တမြို့လုံးမှ အမှိုက်များကို စွန့်ပစ်ရာ မဲပ ဟု ခေါ်သော အရပ်မှ အမှိုက်ပုံများမှာ တောင်ကုန်းငယ်များ သဖွယ် ဖြစ်နေသည်။

အမှိုက်ရွေးရန် ပြင်ဆင်နေသော မစန်းအေး

“ကျန်းမာရေးအတွက် ကတော့ မကောင်းဘူး ပေါ့။ အရင်တုန်းက ဘာရောဂါမှ မရှိဘူးလေ။ အခုတော့ ကျောအောင့်တယ်၊ ရင်ဘတ် အောင့်တယ်။ အနံ့နံပေမယ့် အသားကျသွားပါပြီ။ စစချင်းတုန်းက အန်ပြီး ၅ ရက်လောက် ထမင်းမစားနိုင်ဘူး။ အခုတော့ အဆင်ပြေသွားပါပြီ” ဟု မစမ်းအေး ပြောသည်။

အမှိုက်ထဲမှ ကောက်ယူထားသော ပစ္စည်းများ ရောင်းပြီး တလလျှင် ဘတ် ၂၀၀၀ ခန့် ရသည် ဟု သူက ပြောသည်။

“မကောင်းတဲ့၊ ညစ်ပတ်တဲ့၊ နံတဲ့အမှိုက်တွေကို ကြောက်နေရင် ဘယ်လို အသက်ဆက်ရှင် မလဲ။ ဒါက ကျနော်တို့ အတွက် မီးဖိုချောင်လိုပါပဲ။ ဒီမှာပဲ စားတယ်၊ ဒီမှာပဲ နေတယ်” ဟု အသက် ၄၉ နှစ်အရွယ်ရှိ ကိုသန်းဦးက အမှိုက်ပုံမှ ပြန်လည် ပြုပြင် အသုံးချနိုင်သော ပစ္စည်းများ ကောက်ရင်း ပြောသည်။

သူ့မျက်နှာမှ ချွေးများ စီးကျနေပြီး အဝတ်အစားများမှာလည်း ချွေးများ ရွှဲနေသည်။

အမှိုက်ပုံအနီး ဆော့ကစားနေသော မစန်းအေး၏ မြေး

“ဒီအနံ့တွေက ကျန်းမာရေး အတွက် မကောင်းမှန်း သိပါတယ်။ ခေါင်း အရမ်းကိုက်ပြီး မူးဝေေ၀ ဖြစ်တတ်တယ်။ တခါတခါ ချောင်းအရမ်း ဆိုးတယ်” ဟုလည်း သူက ဆက်ပြောသည်။

ကိုသန်းဦးသည် သူ၏ အိုမင်းနေသော မျက်မမြင်မိခင်နှင့် အမှိုက်ပုံအနီးတွင် နေထိုင်သည်မှာ ၁၂ နှစ် ရှိပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ကိုင်နေပြီ ဖြစ်သော်လည်း သူ၏ ဇာတိတွင် သူ့အတွက် အလုပ် မရှိသောကြောင့် ပြန်ရန် အစီအစဉ် မရှိဟု သူက ပြောသည်။ အမှိုက်ကောက်ပြီး ပြန်ရောင်းသော ဝင်ငွေမှာ တနေ့လျှင် ဘတ် ၁၅၀ ရသည်ဟု ဆိုသည်။ ထိုငွေသည် သူနှင့် သူ့အမေ အတွက် လုံလောက်သည် ဟုလည်း ဆိုသည်။

အမျိုးသမီးများနှင့် ကလေးများ အပါအဝင် အခြားသူ အများအပြားလည်း နေပူပူတွင် အမှိုက်ကောက်ရင်း လွန်စွာ အလုပ်ရှုပ် နေကြသည်။ အမှိုက်ပုံပေါ်တွင် မိသားစု ၁၀၀ ကျော်နေထိုင်နေကြပြီး အချို့မှာ ထိုနေရာတွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီဟု ဒေသခံများ၏ အဆိုအရ သိရသည်။

ပြန်အသုံးပြုနိုင်သော အမှိုက်များကို ရွေးချယ်နေသော ကိုသန်းဦး

မဲဆောက်မှ မြန်မာ့ရေးရာ လှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးသည် ထိုဒေသမှ မြန်မာအလုပ်သမားများကို ကူညီနေသည်မှာ ၁၄ နှစ် ကြာပြီ ဖြစ်သည်။ လတ်တလောတွင် မဲဆောက် အမှိုက်ပုံ အနီးတွင် နေထိုင်သောမြန်မာ ၃၀၀ ခန့် ရှိပြီး ဇာတိမြို့ရွာများတွင် ဆင်းရဲပြီး အလုပ် မရှိသောကြောင့် ရောက်လာကြသည်ဟု သူက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“သူတို့တွေက အမှိုက်ကို မှီခိုနေကြရတာ။ အမှိုက်ကောက်ပြီး အသက်မွေး ဝမ်းကျောင်းကြတယ်” ဟု သူက ဆက်ပြောသည်။

ကိုသန်းဦးနဲ့ အမှိုက်ကောက်ဖော်များ

မဲဆောက်သည် စီးပွားရေး တိုးတက်လာသော်လည်း ထို တိုးတက်မှု အကျိုးကို မဲဆောက်တွင် နေထိုင်လုပ်ကိုင်သော မြန်မာ ရွှေ့ပြောင်းလုပ်သားများ ခံစားကြရခြင်း မရှိကြောင်း ဦးမိုးကြိုးက ရှင်းပြရင်း စက်ရုံများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် အမှိုက်ကောက်သူများ၏ ဘဝမှာ နောက်ကျကျန်ခဲ့သည် ဟု ဆိုသည်။

ရွှေ့ပြောင်း အခြေချများအား တိုးတက်မှုကို ခံစားရခြင်း မရှိအောင် ဖယ်ရှားထားကြောင်းလည်း အမှိုက်ကောက်သူ ကိုသန်းဦးက ပြောသည်။ “တိုးတက်မှုဆိုတာ ကျနော်တို့နဲ့ ဘာမှ မဆိုင်ဘူးဗျာ”

မဲဆောက်အမှိုက်ပုံတွင် အမှိုက်ကောက်နေသူ မြန်မာအမျိုးသမီးတဦး

မစမ်းအေးနှင့် အမှိုက်ပုံ၏ ဆက်စပ်မှုမှာ လူနေမှုပုံစံတခု ဖြစ်နေသည်။ အမှိုက်သည် အသက်မွေးဝမ်းကျောင်း အတွက် မှီခိုနေရသော ရင်းမြစ် ဖြစ်နေသည်။
“ဒါက ကျမတို့ အတွက် ရွှေပုံ၊ ငွေပုံကြီး ပါပဲ။ ဒီအမှိုက်ကို မှီခိုနေရတာ” တဲအတွင်း မြေးများ ကစားနေစဉ် ဆေးပေါ့လိပ်ကို ဖွာနေသော မစမ်းအေးက ပြောသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading