ဆောင်းပါး

ဆောရီးပြောတာ ရှက်စရာ မဟုတ်ပါ

Want create site? Find Free WordPress Themes and plugins.

Sorry ရဲ့အဓိပ္ပာယ်က ဝမ်းနည်းပါတယ်။ တောင်းပန်ပါတယ်ဆိုတာ လူတိုင်းအသိဖြစ်ပါတယ်။ ကိုယ့်အပြုအမှု၊ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အခြားသူအပေါ် မှားသွားတယ်လို့ ကိုယ်ထင်ရင် Sorry လို့ပြောကြရတာ တိုးတက်ပြီးယဉ်ကျေး တဲ့နိုင်ငံများမှာ လူ့ကျင့်ဝတ်တခုလိုဖြစ်နေပါပြီ။
ကိုယ့်အပြုအမူ၊ လုပ်ဆောင်ချက်တခုကြောင့် တပါးသူနစ်နာထိခိုက်သွားလို့ ဝမ်းနည်းပါတယ်၊ တောင်းပန်ပါတယ်ဆိုတဲ့ စကား လေးဟာ နစ်နာသူဘက်က အနည်းငယ်မျှ စိတ်ဖြေစရာတော့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ မျက်နှာလွှဲ ခဲပစ်ထက် စာရင် Sorry ဆိုတဲ့စကားလေးက ပြုလုပ်လိုက်သူရဲ့အသိအမှတ်ပြုမှုဖြစ်နေလို့ပါပဲ။

မြန်မာမှာတော့ Sorry ဆိုတဲ့စကားနဲ့ထပ်တူ “ကန်တော့” ဆိုတာလည်းရှိပါတယ်။ ဘုန်းကြီး၊ လူကြီးသူမရှေ့(ဝါ) ကိုယ့် ထက် အသက်အရွယ်ကြီးသူရှေ့သွားတာလာတာကအစ “ကန်တော့”ဆိုတဲ့ စကားလေးပြောဆိုပြီး ဖြတ်လျှောက်သွားလာ လေ့ရှိကြပါတယ်။

ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားစတဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တခု ဟာ ခေတ်ကာလရွေ့လျားလာတာနဲ့အမျှ ပျောက်ဆုံးကွယ်ပျောက်တော့မယ့်ပုံဖြစ်နေပါတယ်။ အထူးသဖြင့် မြို့ပြဆန်လာတဲ့ နေရာမျိုးတွေမှာ အတွေ့ရများလာတာပါပဲ။

ဒီဆောင်းပါးလေး မရေးခင် တပတ်လောက်ရန်ကုန်မှာ မြင်ခဲ့ကြုံခဲ့တဲ့ဖြစ်စဉ်လေး၂ခုကို ပြောပြချင်ပါတယ်။ တခုက မြို့ပတ် ရထားပေါ်မှာ။ ဝန်ထမ်းမိန်းကလေးတယောက်က အသက်၅၀ကျော် လူကြီးတယောက်ရဲ့ခြေထောက်ကို ဖြတ်လျှောက်ရင်း နင်းမိသွားပါတယ်။

မိန်းကလေးက နင်းမိသူကို တချက်တော့ လှည့်ကြည့်ပြီး သူလိုရာကို ဆက်သွားပါတယ်။ Sorry၊ တောင်းပန်ပါတယ်၊ ကန် တော့ အစရှိသဖြင့် ပြောမယ်ဆို ပြောလို့ရတာတွေရှိပေမယ့် တက်နင်းခံရသူ (သူ့ထက်လည်း အသက်အရွယ်ကြီးရင့် တဲ့သူ) ကို ဘာတခွန်းမှ ပြောဆိုသွားခြင်းမလုပ်ခဲ့ဘူး။

ကာယကံရှင်တော့ မသိဘူး။ အဲဒီမြင်ကွင်းကို မြင်လိုက်တဲ့သူတွေမျက်နှာတွေကတော့ စိတ်မသက်မသာဖြစ်ကြရပါတယ်။ မည်မျှ အရေးတကြီးသွားစရာရှိစေကာမူ ကိုယ့်အပြုအမူတခုအတွက် တဖက်သားကို တောင်းပန်စကား မဆိုဖြစ်လောက် အောင် ဘယ်သူသေသေ ငတေမာခေတ်ကြီးဖြစ်နေပြီလားလို့လည်း တွေးပူမိပါတယ်။

နောက်မြင်ကွင်းတခုကတော့ ကမ္ဘာအေးလမ်းမကြီးပေါ်က အငှားယာဉ်တစီးနဲ့ ကိုယ်ပိုင်ကားတို့ပြဿနာဖြစ်ပါတယ်။ ကိုယ် ပိုင်ကားပိုင်ရှင်က အငှားကားရှေ့မှာ လမ်းကြောင်းဖြတ်ဝင်လိုက်ရာကစ ယာဉ်စည်းကမ်းကို စဖောက်လိုက်တာဖြစ်ပါတယ်။ ကိုယ်ပိုင်ကားပေါ်က သူက မှန်လေးတချက်ချပြီး ဆောရီးဗျာ ဘာညာတချက်မလုပ်တော့ အငှားယာဉ်ပေါ်က သူကလည်း ကားပေါ်ကဆင်းကာ ရုန့်ရင်းကြမ်းတမ်းတဲ့ဆဲဆိုသံတွေနဲ့ ပြဿနာဖြစ်ကြတော့တာပါပဲ။

ဖြစ်စဉ်တွေမှာ သာမန်ကြည့်ရင် အသေးအဖွဲလေးတွေဆိုပေမယ့် နေ့စဉ်ကြုံဆုံဖြတ်သန်းနေရတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ကိုယ့်လုပ်ရပ်ကို အမှန်ထင်ပြီး ဆောရီးလေးတချက်မလုပ်မိရာက မှုခင်းတွေ၊ ရုံးရောက် ဂါတ်ရောက်ဖြစ်ကြရတာတွေ ဒုနဲ့ ဒေးပါ။

လူ့အဖွဲ့အစည်းအတွင်းမှာ ကိုယ့်လုပ်ရပ် ကိုယ့်အပြုအမူကြောင့် တပါးသူ ထိခိုက်နစ်နာသွားမှုကို ဖြစ်ချင်ရာဖြစ်ကွာ ဂရုမစိုက် ဘူးဆိုရင်တော့ အရိုင်းအစိုင်း လူ့အဖွဲ့အစည်းကြီး ဖြစ်သွားမှာသေချာပါတယ်။

ဆက်ပြီး အကျယ်ချဲ့ပြောမယ်ဆိုရင် နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ အမှားအယွင်းတွေ ပြုလုပ်ထားတာတောင် Sorry မလုပ်ရင် ယဉ် ကျေးတဲ့ကမ္ဘာကြီးမရနိုင်ပါဘူး။ တာဝန်ခံမှု၊ တာဝန်ယူမှုစိတ်ဓာတ်နဲ့ ကိုယ့်လုပ်ရပ်ဟာ မှားယွင်းသွားတယ် (ဝါ) မှားယွင်းတယ် လို့ယူဆရရင် တဖက်အပေါ် ဆောရီး သို့မဟုတ် တောင်းပန်တာဟာ လူယဉ်ကျေးတွေရဲ့ပြယုဂ်လို့လည်း ဆိုချင်ပါတယ်။

တောင်းပန်တဲ့ကိစ္စဟာ လူ့အဖွဲ့အစည်းထက် ပိုမို စဉ်းစားရင် အစိုးရတရပ်ဟာ အကြောင်းပြချက်တခုနဲ့ စီမံကိန်းတခု ပဲဖြစ်ဖြစ် လုပ်ဆောင်ရာမှာ မှားယွင်းသွားရင် ဆောရီး၊ တောင်းပန်ပါတယ်ဆိုရင် နစ်နာသူပြည်သူလူထုကလည်း ပြန် အလျော်အစား မလုပ်သော်ငြား မှားမှန်း သိတဲ့အစိုးရကို အနည်းနဲ့အများတော့ ခွင့်လွှတ်မေ့ပစ်ကြမယ်ထင်ပါတယ်။

ဆောရီးလည်းမလုပ် ဖြစ်ခဲ့တဲ့အကြောင်းအရာကိုလည်း ပြန်ပြောမခံတဲ့ အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့ရင်ထဲက ကြည်ညို မှုကိုတော့ ရနိုင်မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံရေးသမိုင်းဖြစ်စဉ်တွေမှာလည်း ဆောရီးမလုပ်ခဲ့တဲ့ဖြစ်စဉ်တွေ အများကြီးရှိခဲ့ပါတယ်။ ဦးသန့်အရေးအခင်း၊ ဗ ကသ အဆောက်အအုံဗုံးဖောက်ခွဲခြင်းခံရမှု၊ ၁၉၈၈ လူထုအရေးတော်ပုံ၊ ဒီပဲယင်းလုပ်ကြံမှု၊ ရွှေဝါရောင်အရေးအခင်းစတဲ့ ကမ္ဘာသိ ဖြစ်ရပ်တွေမှာ ဆောရီး ဒါမှမဟုတ် နိုင်ငံတော်အဆင့် ပြည်သူကို တောင်းပန်မှုတခုမှမလုပ်ခဲ့ကြပါဘူး။

ခုလည်း ရန်ကုန်မြို့တော်မှာ ထင်သာမြင်သာတဲ့ စီမံကိန်း၂ခုကို ပြောပြချင်ပါတယ်။ ညဈေးတန်းနဲ့ YBS ယာဉ်လိုင်းစနစ်တို့ ပဲဖြစ်ပါတယ်။ လုပ်ကာစမှာ ရန်ကုန်နေပြည်သူလူထုက အင်နဲ့အားနဲ့ထောက်ခံပါဝင်ကူညီခဲ့ကြတာဖြစ်ပါတယ်။

ညဈေးတန်းစီမံကိန်းဆို ပြုလုပ်တာ လေးငါးခြောက်လရှိပြီဖြစ်ပြီး YBS ကတော့ ၃လ ကျော်ခဲ့ပြီဖြစ်ပါတယ်။ စီမံကိန်း တ ခုအောင်မြင်တယ်၊ အခြေကျတယ်ဆိုတာလည်း ပြည်သူလူထုအသံက အဆုံးအဖြတ်ဖြစ်ပါလိမ့်မယ်။ ကိုယ့်လုပ်ရပ် မှန်နိုး၊ အောင်မြင်နိုးနဲ့ စောင့်နေလို့ကတော့ အစမ်းသပ်ခံ လူထုကတော့ ဝေဖန်ပြောဆိုကြမှာဖြစ်ပါတယ်။

အနည်းငယ်မှားယွင်းတယ်လို့ ယူဆပြီး ဆောရီး တောင်းပန်ပါတယ်။ ကျနော်တို့ဘယ်လို ပြောင်းလုပ်ကြမယ်ဆိုတာမျိုး တာ ဝန်ယူမှု တာဝန်ခံမှုမျိုးနဲ့ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက စံပြအနေနဲ့ပြုလုပ်ခဲ့မယ်ဆိုရင် ပြည်သူလူထုအတွက်လည်း စံနမူနာ တွေဖြစ်ပါလိမ့်မယ်။

ဆောရီးလေးတလုံးဟာ ပိုမိုကောင်းမွန်တဲ့ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်း၊ ထိုမှ ယဉ်ကျေးပြီး တိုးတက်ကောင်းမွန်တဲ့ နိုင်ငံ တခုဆီ မောင်းနှင်နိုင်စွမ်းရှိပါလိမ့်မယ်။ လူဆိုတာ အမှားမကင်းပါ၊ အစိုးရတိုင်းလည်း အပြစ်ရှိနိုင်ပါတယ်။ ခဏခဏတော့ မမှားဖို့လည်း လိုပါလိမ့်မယ်။

မှားခဲ့ရင်လည်း ကိုယ့်အမှားကို ချက်ချင်းမြင်၊ ပြင်နိုင်ဖို့ တဖက်အပေါ်မှာ ဆောရီးလုပ်လိုက်ဖို့လည်း ရှက်စရာ၊ ရွံ့စရာ မဟုတ် ပါဘူး။ ကိုယ့်လုပ်ရပ်အမှားကို မသိကျိုးကျွန်ပြုတာကမှ ရှက်စရာ၊ အောက်တန်းကျတဲ့စိတ်ဓာတ်ဖြစ်ပါတယ်။

ရုပ်ဝတ္ထုတွေ တိုးတက်ဖြစ်ထွန်းနေတဲ့နိုင်ငံက လူ့အဖွဲ့အစည်းတိုင်းမှာ ဆောရီးပြောတဲ့ တာဝန်ခံမှုအပြည့်နဲ့ဖြစ်ပါတယ်။ စိတ် ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်း၊ နိုင်ငံတည်ဆောက်ဖို့ဆိုရင်လည်း အသေးအဖွဲလို့မယူဆဘဲ ဆောရီး ပြောတဲ့ တောင်းပန်တဲ့အကျင့်ပြုလုပ်ဖို့ တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရအပါအဝင် ပြည်သူလူထုဘက်ကလည်း လိုက်နာဖို့လိုအပ်ပါ တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading