“ငါးဖမ်းစခန်း” ကျေးရွာသည် မွန်ပြည်နယ်၊ ရေးမြို့နယ်အနီးရှိ အင်ဒင်ရွာအစွန် ပင်လယ်ကမ်းစပ်တွင် တည်ရှိပြီး ကျားပါးစပ်ငါးဖမ်းလုပ်ငန်း၊ ကြက်ဘဲ မွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် ကျေးရွာတရွာ ဖြစ်သည်။
တဖက်တချက်၌ တောင်တန်းကြီးများ ကာရံထားသည့် “ပစောက်” ပုံသဏ္ဍာန်ရှိ “ငါးဖမ်းစခန်း” ကျေးရွာသည် လင်းအရုဏ်ဦးတွင် နိုးထသက်ဝင်လာပြီး ဒေသခံ ရေလုပ်သားများသည် လုပ်ငန်းခွင်ဝင်ရန် အသီးသီး ပြင်ဆင်နေကြသည်။
ပင်လယ်ပြင်ကို အမှီပြု၍ လုပ်ကိုင်ကြသည့် ရေလုပ်ငန်းပုံစံ အမျိုးမျိုးရှိသည့်အနက် ကျားပါးစပ် ငါးဖမ်းလုပ်ငန်းလည်း အပါအဝင်ဖြစ်ပြီး လူသားတို့ အစားအစာအတွက် ငါး၊ ပုစွန်၊ ကင်းမွန်၊ ငါးနှံ့ (အာပဲ့)နှင့် အခြား ရေထွက်ပစ္စည်းများကို အထောက်အပံ့ ပေးနေသည့် အဓိက ပင်မအရင်းအမြစ်တခု ဖြစ်သည်။
ငါးဖမ်းစခန်း ကျေးရွာ၌ ဧရာဝတီတိုင်း ရန်ကုန်တိုင်းနှင့် အခြားဒေသများမှ ရွှေ့ပြောင်းလာကြသည့် ရေလုပ်သားများနှင့် ရွာနီးစပ်ရှိ ရေလုပ်သားများ လာရောက်၍ အခြေချ လုပ်ကိုင်ကြသည်ကို တွေ့ရသည်။ “ငါးဖမ်းစခန်း” ကျေးရွာတွင် လုပ်ငန်းရှင် ၁၀ ဦးခန့် ပိုင်ဆိုင်သည့် ကျားပါးစပ် ငါးဖမ်းလှေ ၅၀ ခန့် ရှိသည်။ တနေ့လျှင် ခြောက်နာရီ တကြိမ်ကျဖြင့် တရက်လျှင် ၄ ကြိမ်တိုင်တိုင် ပင်လယ်ပြင်သို့ထွက်၍ ကျားပါးစပ်ငါးဖမ်းပိုက် ဖော်ကြရသည်။
ကျားပါးစပ် ငါးဖမ်းလုပ်ငန်းသည် ကမ်းနီးပင်လယ်ပြင်၌ လုပ်ကိုင်ရသည့် ငါးဖမ်းလုပ်ငန်း တမျိုးဖြစ်သည်။ တနိုင်တပိုင် ငါးဖမ်းလုပ်ငန်းမှသည် လုပ်ငန်းကြီး အဆင့်သို့ပင် ချဲ့ထွင်နိုင်သည့် လုပ်ငန်းတမျိုးဖြစ်ပြီး မွန်ပြည်နယ်ထဲတွင် တနိုင်တပိုင် ငါးဖမ်းလုပ်ငန်းရှင်များ လုပ်ကိုင်ကြသည့် လုပ်ငန်းတမျိုးလည်း ဖြစ်သည်။
ကျားပါးစပ်ငါးဖမ်းလှေ၏ လှေဦးစီးလည်းဖြစ် ပဲ့နင်းဖြစ်သူ ကိုချမ်းအေးသည် ရန်ကုန်မြို့ အနောက်ဘက်ကမ်းမှ လာရောက်၍ ငါးဖမ်းစခန်းကျေးရွာတွင် ရေလုပ်ငန်း လုပ်ကိုင်နေသူတဦးဖြစ်သည်။ ယခုအလုပ်သည် သူငယ်စဉ်ကတည်းက ကျွမ်းကျင်ခဲ့သည့် လုပ်ငန်းဖြစ်သဖြင့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်းနှင့် အရင်အနှီး စုဆောင်းနိုင်ပါက ကုန်ရောင်းကုန်ဝယ်လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လိုကြောင်း ကိုချမ်းအေးက ဆိုသည်။
ကျားပါးစပ် ငါးဖမ်းလုပ်ငန်းတွင် ငါးဖမ်းသည့်ပိုက်မှာ ကျားပါးစပ်ပုံ အဝကျယ်၍ အနောက်ဘက်သို့ ကျဉ်းသွားသည့် တြိဂံပုံသဏ္ဍာန်ဖြစ်သည်။ ထိုတြိဂံပုံသဏ္ဍာန် ထောင့်ကျဉ်းနေရာတွင် ငါးများကို စုပုံဖမ်းမိစေသည့် နေရာဖြစ်ပြီး ၎င်းအပေါက်ကို ကြိုးအရှင်ဖြေ၍ ရစေရန် စီမံထားရှိသည်။ ဖမ်းဆီးရမိသည့် ငါးများကို ထိုအပေါက်မှတဆင့် ထုတ်ယူ ရကြောင်း ၎င်းက ပြောသည်။
ကျားပါးစပ်ပိုက်ကို များသောအားဖြင့် ကမ်းခြေမှ ရေမိုင် ၅ မိုင်ခန့်တွင် ထောင်ဖမ်းလေ့ရှိသည်ဟု ၎င်းကဆိုသည်။ ပထမဆုံး ရေအောက်အနက် အတောင် ၇၀ ခန့်တွင် ကျားပါးစပ်ပိုက်ထောင်နိုင်စေရေး အတွက် ဆွဲထားပေးနိုင်သည့် ရေအောက်ငုတ်တိုင် ရိုက်ရသည်။ ကျားပါးစပ် တပေါက်လျှင် ရေအောက်ငုတ်တိုင် နှစ်တိုင်ရိုက်၍ ထိုငုတ်တိုင် နှစ်တိုင်ပေါ်တွင် ကျားပါးစပ်ပိုက်ကို ထောင်ဖမ်းရသည်။
ပင်လယ်ရေစီးကြောင်းသည် မြောက်မှတောင်သို့ စီးဆင်းနေသောကြောင့် ကျားပါးစပ်ပိုက်ထောင်မည့် ရေအောက် ငုတ်တိုင်ကို အရှေ့ဘက်နှင့်အနောက်ဘက်၌ စိုက်ထူရပြီး ထိုငုတ်တိုင်ပေါ်တွင် ပင်လယ်ရေစီး အတက်အကျနှင့်အတူ ကျားပါးစပ်ပိုက်လည်းမျှောပါပြီး ငါးများကိုဖမ်းယူကြောင်း သိရသည်။ ငါးဖမ်းပိုက်ဖော်သည့် အချိန်၌ မြန်မြန်ဆန်ဆန်ဖြင့် ရှိသမျှအင်အားသုံး၍ ဒီရေ မီအောင် လုပ်ကိုင်ရသည်ဟု သိရသည်။
ထိုတချိန်ထဲ၌ ငါးဖမ်းပိုက်နှင့် လှေပန်ကာ ငြိတတ်လေ့ရှိရာ ထိုအခြေအနေတွင် ပိုက်ကြိုးကို လှီးဖြတ်ရလေ့ရှိကြောင်းနှင့် ပိုက်ကြိုးကို လှီးဖြတ်မရပါက လှေအင်ဂျင်အလုံးလိုက် ဖြုတ်၍ ပစ်ချမှသာ လှေမမြုပ်ဘဲ အသက်ချမ်းသာရာရကြောင်း ကိုချမ်းအေးက ပြောသည်။
“ကျားတဖုံ” ဟု ဒေသခံများက ခေါ်ကြသည့် ကျားပါးစပ် ငါးဖမ်းပိုက်ထောင်မည့် နေရာတခုတွင် ကျားပါးစပ်ပိုက် ၉ ခုမှ အများဆုံး ၁၁ ခု ထောင်ဖမ်းကြလေ့ရှိကြောင်း ၎င်းက ဆိုသည်။
ကျားပါးစပ်ပိုက်ကို ရေတက်ရေကျချိန်ကြားတွင် ဖော်ကြရသဖြင့် ရေတက်နှင့်ရေကျအကြား မိနစ် ၃၀ ခန့်သာ အချိန်ရသဖြင့် အလျင်အမြန်ဆွဲ၍ ပိုက်ဖော်ရသည်။ သို့မဟုတ်ပါက ရေတက်ချိန်တွင် ကျားပါးစပ်ပိုက်မှာ ရေအောက်သို့ ဆွဲချသဖြင့် လှေမြုပ်တတ်သဖြင့် ရှိသမျှအင်အားသုံး၍ ဒီရေအလျဉ်မီအောင် မြန်မြန်ဆန်ဆန် လုပ်ကိုင်ရကြောင်း ၎င်းက ပြောသည်။
“မိုးနံ့ ရလာရင် ငါးတွေပိုမြူးတယ်၊ သူတို့သဘာဝအတိုင်းပဲ၊ အဲဒီအချိန် ငါးအရများတယ်။ ဒါပေမယ့် အဲဒီအချိန်က လှိုင်းလေကြီးတယ်၊ အန္တရာယ်များတယ်” ဟု ကိုချမ်းအေးက ဆိုသည်။ ရေအီသည့် (ပင်လယ်ဒီရေ တက်ရက်နှင့် ကျရက်ကြား ကြားရက်များ) ရက်များ၌ ငါးပိဿာချိန် ရာချီဖမ်းဆီးမိတတ်ပြီး ငါးအရများသည့် ရက်များတွင် လှေဖြင့်မသယ်နိုင်သဖြင့် ဖမ်းမိထားသည့် ငါးများကို ပင်လယ်ထဲသို့ ပြန်သွန်ချခဲ့ရသည့် ရက်မျိုးလည်းရှိကြောင်း ၎င်းက ပြောသည်။
ကျားပါးစပ်ပိုက်ဖြင့် ငါးဖမ်းရာတွင် အဓိကအားဖြင့် ငါးနှံ့ (အာပဲ့)ခြောက်နှင့် ပုစွန်ခြောက်တို့ကို အဓိကထုတ်လုပ်ပြီး ဖမ်းဆီးရမိသည့် အချို့ငါးအစိုများကို ဒေသတွင်းရှိ ဈေးကွက်၌ ရောင်းချလေ့ရှိကြောင်း ကိုချမ်းအေးက ပြောသည်။
ငါးဖမ်းလှေ ကမ်းစပ်သို့ ဆိုက်ရောက်လာသည်နှင့် ငါးရွေးသမများက ငါးများကို ရွေးထုတ်ကြပြီး ငါးနှံ့ (အာပဲ့) များကို ကျောက်ပိအာပဲ့ခြောက် ပြုလုပ်ရန် သပ်သပ်ခွဲထားလေသည်။ ကျောက်ပိအာပဲ့ခြောက် ဆိုသည်မှာ ငါးနှံ့ (အာပဲ့) များကို ဆားလုံးဝ မပါစေဘဲ ပြားသွားစေရန် ကျောက်တုံးများဖြင့် သုံးလေးရက်ခန့် ဖိထားပြီးမှ ငါးခြောက်လှမ်းခြင်း ဖြစ်သည်။
အခြားရရှိလာသည့် ပုစွန်များကို ရေနွေးဖြင့်ပြုတ်၍ နေအပူရှိန်ဖြင့် အခြောက်လှမ်းသည်။ မိုးတွင်းကာလတွင် မီးဖိုကို အလယ်၌ထားလျက် ငါးပုစွန်များကို မီးမြှိုက်အခြောက်ခံလေ့ ရှိသည်။
ရရှိလာသည့် ပုစွန်ခြောက်များကို အကောင်အကြီးအသေးလိုက် ပြန်ခွဲ၍ ပုစွန်ခြောက်ကြီးများကို တပိသာလျှင် ကျပ် ၁ သောင်းခွဲ ၊ ပုစွန်ခြောက်အလတ် တပိသာလျှင် ကျပ် ၁ သောင်း၊ ပုစွန်ခြောက်သေး တပိသာလျှင် ကျပ် ၉ ထောင်၊ ၈ ထောင် စသည်ဖြင့် အစားစားပြန်ခွဲ၍ ရောင်းချသည်ကို တွေ့ရသည်။
ကျားပါးစပ်ပိုက်တွင် ဖမ်းမိလာပြီး အနံ့မကောင်းတော့သည့် ငါးများကိုရွေးထုတ်၍ တောင်းတလုံးထဲတွင် စုပုံထားပြီး ဘဲစာအဖြစ် ဘဲမွေးမြူသူများထံ ရောင်းချကြောင်း ကိုချမ်းအေးက ပြောသည်။
“ငါးဖမ်းစခန်း” ကျေးရွာ ဒေသခံ အမျိုးသားများသည် ပင်လယ်ပြင်၌ ငါးဖမ်းခြင်းအလုပ်ကို လုပ်ကိုင်ကြပြီး၊ ဒေသခံ အမျိုးသမီးများသည် ငါးရွေးခြင်း၊ ငါးခြောက်လှမ်းခြင်း လုပ်ငန်းများတွင် လုပ်ကိုင်ကြသည်ကို တွေ့မြင်ရသည်။
ထိုဒေသတွင် လုပ်ငန်းခွင် လုံခြုံရေးဥပဒေလည်း မရှိ၊ ကလေးသူငယ်ခိုင်းစေမှုကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေလည်း အသက်မဝင်၊ ခေါင်းပုံဖြတ် မတော်မတရားခိုင်းစေမှုများကို စောင့်ကြည့်ပေးမည့် အဖွဲ့အစည်းများ မရှိသော်လည်း တဦးကိုတဦး နားလည်ယုံကြည်မှု၊ ရင်းနှီးကျွမ်းဝင်စွာ မိသားစုအသွင်သဏ္ဍာန် လုပ်ကိုင်နေကြသည်ကို တွေ့မြင်ရသည်။
ငါးဖမ်းစခန်း ကျေးရွာလေးသည် ညနေ နေဝင်ချိန်၌ လှိုင်းပုတ်သံ၊ ငါးစင်ထက်မှ ငါးခြောက်များ သိမ်းဆည်းနေသည့် အလုပ်သမများ၏ အသံများဖြင့် သက်ဝင်စည်ကားနေသည်။ ထိုရွာလေးတွင် ဒေသခံများသည် ငါးဖမ်းလုပ်ငန်းဖြင့် မှီခိုရှင်သန် နေကြသော်လည်း မိမိတို့၏ သားသမီးများကို မိမိတို့ကဲ့သို့ တံငါးနားနီးတံငါ မဖြစ်စေလို၍ ဤလုပ်ငန်းခွင်ကို စွန့်ခွာရန် စိတ်ကူးနေသူများတွင် ကိုချမ်းအေးလည်း အပါအဝင်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။