စာရေးသူ- ကလောင်စုံ
ဘာသာပြန်- အောင်မိုး
စာအုပ်အမည်-စစ်ကကြိုး နိုင်ငံတကာဝတ္ထုတိုများ
အမျိုးအစား- ဝတ္ထုတို
ထုတ်ဝေသည့်တိုက်- မိုးလုံမှိုင်း
တန်ဖိုး- ၂၅၀၀ ကျပ်
ဘာသာပြန်နိုင်ငံတကာဝတ္ထုတွေကို အသစ်ဖတ်ရှုရဖို့နည်းနေချိန်မှာ နိုင်ငံတကာဝတ္ထုတွေကို တစုတစည်းတည်း စာအုပ်အဖြစ် ထွက်လာတော့ ရေငတ်တုန်းရေတွင်းထဲကျ ဆိုသလိုပါပဲ။
ယခင် သက်ကြီး စာပေပညာရှင်၊ စာရေးဆရာတွေ ပြန်ဆိုရေးသားခဲ့တဲ့စာအုပ်တွေကိုပဲ အကြိမ်ကြိမ်ထုတ်ဝေနေသော် လည်း အသစ်အသစ်သောစာအုပ်များကိုတော့ တအုပ်စနှစ်အုပ်စသာ တွေ့ရလို့ဖြစ်ပါတယ်။
ယခင်ခေတ်များက စာအုပ်အခက်အခဲ၊ အာဏာရှင်စနစ်တွေအောက် ကျရောက်ခဲ့ကြရတာတပိုင်း စသဖြင့် ဘာသာပြန် စာပေလက်ရာတွေအထွက်ကျဲတာ နားလည်ပေမယ့် ခုတော့ အင်တာနက်မှာ လိုချင်တာ ဒေါင်းရနေတဲ့ခေတ်ကြီး၊ ပြီးတော့ ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင်က ဘာသာပြန်စာရေးဆရာတဦးဖြစ်နေတော့ ပိုလို့ဖတ်ချင်တာဖြစ်ပါတယ်။
နိုင်ငံတကာစာပေလက်ရာတွေ ဘာတွေဖြစ်ထွန်းနေသလဲသိဖို့ဆိုတာ ပြန်ဆိုသူက ကမ္ဘာသုံးဘာသာစကား ကျွမ်းကျင် တတ်မြောက်ရုံမကဘဲ ကိုယ်တိုင်ဖန်တီးမှု စာပေလက်ရာတွေလည်းရှိမှဖြစ်ပါတယ်။ ဒါမှသာ ကောင်းမွန်တဲ့စာပေလက်ရာ တခုကို ရရှိမယ်လို့ထင်ပါတယ်။
ယခုစာအုပ်ကတော့ နိုင်ငံတကာက ကမ္ဘာကျော်စာရေးဆရာတွေရဲ့ဝတ္ထုတိုတွေကို အောင်မိုးက ဘာသာပြန်ထားတာ ဖြစ် ပါတယ်။ မြန်မာစကားမှာ ဆိုရိုးတခုရှိပါတယ်။ အစားကောင်းစားရရင် မိတ်ဆွေတွေကို သတိရတယ်ဆိုတဲ့စကားပါ။ စာ ကောင်းပေမွန်များကို ဖတ်ရှုရတဲ့အခါ မိတ်ဆွေများအတွက်လည်း ပြန်လည်မျှဝေချင်တဲ့သဘောဖြစ်ပါလိမ့်မယ်။ ဘာ ကြောင့်ဆို ဝတ္ထုများက နိုင်ငံစုံ၊ ကလောင်စုံ၊ လက်ရာစုံဖြစ်နေလို့ပါပဲ။
စာအုပ်မှာ ပါဝင်တဲ့စာရေးဆရာများကတော့ ဘာသာပြန်စာပေပရိသတ်နဲ့ရင်းနှီးတဲ့ စာရေးဆရာများပါဝင်သလို စိမ်းနေ သော်လည်း သူတို့စာပေလက်ရာ တခုနှစ်ခု အနည်းဆုံးပြန်ဆိုထားဖူးတဲ့ နိုင်ငံတကာ စာရေးဆရာတွေဖြစ်ပါတယ်။ ဂျွန် စတိန်းဘတ်၊ ဒေးဗစ်မင်း၊ ဂျနီဖာ စိန်နာ၊ ရောဘတ်ကူးပါး၊ ဗီအက် နိုက်ပေါ၊ ဒေါ်နယ်ဘာသန်၊ ကောက်ရှင်းကျန်၊ ဂျော့ လီးဝစ် ဘော့ဂဲ၊ မိုယံ၊ ဂျွန်အပ္ပဒိုက်၊ ရှားမင်းအလက်ဇီ၊ ဖြိုဒါ ဒေါ့စတိုယက်စကီး တို့ပဲ ဖြစ်ပါတယ်။
ဂျွန်စတိန်းဘက်၊ ဗီအက်နိုက်ပေါ၊ ကောက်ရှင်းကျန်၊ မိုယံ၊ ဂျွန်အပ္ပဒိုက်၊ ဒေါ့စတိုယက်စကီးတို့က ဘာသာပြန်စာပေဖတ် ရှုသူတွေ ချက်ခြင်းသိနိုင်ပါတယ်။ သူတို့စာပေလက်ရာတွေဟာ မြန်မာဘာသာနဲ့ ပြန်ဆိုထုတ်ဝေပြီးဖြစ်ပါတယ်။
နိုင်ငံတကာ စာရေးဆရာ၁၂ယောက်ရဲ့တပုဒ်ချင်းစီ၊ ဇာတ်လမ်းစုံ၊ လက်ရာစုံကို တအုပ်တည်းနဲ့ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ပါ ဝင်တဲ့ဝတ္ထုတိုတွေကတော့ ဂျွန်စတိန်းဘက်ရဲ့The Chrysanthemums(ဂန္ဓာမာပန်း)၊ဒေးဗစ်မင်းရဲ့The Knocking (ခေါက် သံ)၊ ဂျနီဖာ စိန်နာရဲ့အရွယ်တော် တဆိတ်မဟိုင်းခင်ပ၊ ရောဘတ်ကူးပါးရဲ့Going for Beer(ဘီယာတခွက် ရေပွက်ပမာ)၊ ဗီအက် နိုက်ပေါရဲ့My Aunt Gold Teeth(ဒေါ်ရွှေသွား)၊ ဒေါ်နယ်ဘာသန်ရဲ့School (ကျောင်း)၊ ကောက်ရှင်းကျန်ရဲ့ Soul Mountain (အကြွင်းမဲ့ခရီးသွား)၊ ဂျော့လီးဝစ် ဘော့ဂဲရဲ့The Circular Ruins (ကျောင်းတော်ရာဝယ်)၊ မိုယံရဲ့Soaring (ပျံ သန်းခြင်း)၊ ဂျွန်အပ္ပဒိုက်ရဲ့The Full Glass(ဖန်ခွက်ပြည်ပြည့်များ)၊ ဒေါ့စတိုယက်စကီးရဲ့The Christmas Tree and The Wedding(ခရစ္စမတ်သစ်ပင်)၊ စာအုပ်ရဲ့ခေါင်းစဉ်ပေးထားတဲ့ War Dances (စစ်ကကြိုးများ) ဆိုတဲ့ဝတ္ထုကို ရေးတဲ့ ရှားမင်း အလက်ဇီတို့ဖြစ်ပါတယ်။
စာအုပ်ရဲ့ခေါင်းစီးအပုဒ်ဖြစ်တဲ့ ရှားမင်းအလက်ဇီရေး War Dances (စစ်ကကြိုးများ)ကတော့ အရေးအသားနဲ့ ပုံသဏ္ဌာန် ကတော့ သာမန်ဇာတ်လမ်းဇာတ်ကွက်နဲ့ဖတ်ရှုသူတွေကို ရှော့အနည်းငယ်တော့ ရစေမှာပါ။ ဇာတ်ဆောင်ရဲ့ကောင်းမွန်တဲ့ အရည်အချင်းတွေကို တွေ့ရမှာမဟုတ်သလို ပုံမှန်လူ့အဖွဲ့အစည်းက လက်ခံထားတဲ့အချက်အလက်တွေလည်း ဖတ်ရမှာ မဟုတ်တာတော့ သေချာပါတယ်။
ဝမ်းနည်းကြေကွဲမှုထောင့်၊ အလင်းဖြူဖြူများ၊ တလွဲဆုံးဖြတ်ချက်များ၏သားကောင်၊ အမျိုးသားရက်သတ္တပတ်၊ ပျားထီးတို့ ၏ ခန်းမဆောင်၊ အနာကုသီချင်း၊ စသဖြင့် ကဗျာဆန်ဆန်စကားလုံးတွေလည်း ပါဝင်တဲ့ ဒီဝတ္ထုမှာ၃၃နှစ်ရှိ လူတယောက် ရဲ့တွေးတောပြောဆိုပြုမှုပုံတွေကို လူသားဆန်ဆန်(ဟန်လုပ်လောကွက်တွေမပါ) စိတ်ထဲရှိတာတွေကို အဆန်းတကြယ် ဖတ်ရပါတယ်။
ဇာတ်ကောင်ရဲ့နားထဲ ပိုးဟပ်တကောင် ရှိနေသလိုလိုနဲ့ ဇာတ်လမ်းအစ ဖွင့်ထားပြီး ဖတ်နေရင်းတန်းလန်းမှာပဲ အသက် ၆၇နှစ်အရွယ် ဖခင်ခြေထောက်ဖြတ်ရာ ဆေးရုံသို့ရောက်သွားပြီး ဖခင်နဲ့စကားပြောခန်းမှာလည်း သာမန်ဇာတ်လမ်းဇာတ် ကွက်လို မဟုတ်ဘဲ ဝတ္ထုရေးသားသူရဲ့ လွတ်လပ်မှုနဲ့ ဇာတ်ကောင်က ထူးဆန်းနေပါတယ်။
စစ်ကကြိုး၊ ကာဖကာ ခရီးဆောင်အိတ်၊ ရောဂါလက္ခဏာများ၊ ဆရာဝန်ရုံးခန်း၊ ရေဝင်ခေါင်းကြီးရောဂါ၊ စကားပြောကြခြင်း၊ ရေခြားမြေခြားနဲ့ဖုန်းစကားပြောခြင်း၊ နှုတ်ခွန်းဆက်စကား၊ မိဘမဲ့ကလေးများ၊ ကော်ဖီဆိုင်သတင်း၊ မနင်းဂျိမြှေးမြင်း၊ ကျနော့်အဖေအတွက် နိဂုံးချုပ်အင်တာဗျူး၊ အပြန်အလှန် အာမခံထားသော ပျက်စီးမှုစတဲ့ ခေါင်းစဉ်ငယ်များနဲ့ ဝတ္ထုကို တည်ဆောက်ထားသော်လည်း အကြောင်းအရာများကတော့ ခေါင်းစဉ်ငယ်များနဲ့ ပြန်တိုက်ဖတ်ရလောက်အောင် ဝတ္ထု ရေးသူဟာ လွတ်လပ်ထားတာ မြင်ရပါတယ်။
နိုဘယ်ဆုရှင် တရုတ်စာရေးဆရာနှစ်ယောက်ဖြစ်တဲ့ ကောက်ရှင်းကျန်၊ မိုယံတို့ရဲ့ Soul Mountain (အကြွင်းမဲ့ခရီးသွား)၊ Soaring (ပျံ သန်းခြင်း) ဝတ္ထုတိုနှစ်ပုဒ်ကလည်း တွေ့နေကျ ဂန္တဝင်ဆန်မနေဘဲ မျက်မှောက်ကမ္ဘာကို ကိုယ်စားပြုရေးဖွဲ့ ထားတာကို ဖတ်ရှုရပါတယ်။
မြန်မာဘာသာပြန် စာပေမက်မောသူတို့နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ ဂျွန်စတိန်းဘက်ရဲ့The Chrysanthemums (ဂန္ဓာမာပန်း)၊ ဗီအက်နိုက်ပေါရဲ့My Aunt Gold Teeth(ဒေါ်ရွှေသွား)၊ ဂျွန်အပ္ပဒိုက်ရဲ့The Full Glass (ဖန်ခွက်ပြည်ပြည့်များ)၊ ဒေါ့စတို ယက်စကီးရဲ့The Christmas Tree and The Wedding (ခရစ္စမတ်သစ်ပင်)အစရှိတဲ့ ဝတ္ထုတိုတွေကိုလည်း မြည်းစမ်းဖို့ အထူးတိုက်တွန်းလိုပါတယ်။
အိန္ဒိယနိုင်ငံသား နိုဗယ်ဆုရှင် ဗီအက်နိုက်ပေါရဲ့My Aunt Gold Teeth(ဒေါ်ရွှေသွား)ကတော့ အသက်၄၀အရွယ်၊ အရပ် ၅ ပေသာသာရှိ၊ ရွှေသား၁၆ချောင်း တပ်ထားပြီး ခပ်၀၀ ဟိန္ဒူအမျိုးသမီးတယောက် (အမည်ပြောင် ဒေါ်ရွှေသွား)ဆိုသူက ကိုးကွယ်တဲ့ဘုရားကို စွမ်းအားတခုလို့မြင်ပြီး ဘာသာရေးဓလေ့ထုံးစံများကို ယုံကြည်သက်ဝင်သူရဲ့အကြောင်းကို သရော် ဆန်ဆန်ရေးသားထားဖြစ်ပါတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ယောကျ်ားရသော်လည်း ကလေးမရ ဝမြဲဝနေတဲ့ ၎င်းခန္ဓာကိုယ်အတွက် ဘုရားကိုတွင်တွင် ဆုတောင်း တတ်တဲ့ အကျင့်စရိုက်ရှိတဲ့ ဒေါ်ရွှေသွားကို စာဖတ်သူတို့ဝန်းကျင်မှာလည်း မြင်တွေ့ဖူးကြောင်း စဉ်းစားမိလာတဲ့အထိ ဝတ္ထု ထဲကဇာတ်ကောင် ဒေါ်ရွှေသွားကို ပုံဖော်ထားပါတယ်။
အနှစ်ချုပ်ဆိုရရင် ကမ္ဘာ့စာပေနဲ့အကြောင်းအမျိုးမျိုးကြောင့် အလှမ်းဝေးခဲ့ကြတာမို့ ယခုလိုနိုင်ငံစုံ၊ လက်ရာစုံကို ဖတ်ရှု ရတာ ကြည်နူးအရသာရှိလှပါတယ်။ နိုင်ငံတကာ ဝတ္ထုဝါသနာရှင်တွေအတွက် ဝယ်ယူဖတ်ရှုသင့်ကြောင်းလည်း ညွှန်းဆို လိုက်ချင်ပါတယ်။